အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း(၁၂၇)
ကုဟွား နာကျင်မှုကြောင့် အိပ်ရာထက်၌ ကွေးကွေးလေး လဲလျောင်းနေခဲ့ရပြီး နဖူးပြင်တွင်လည်း ချွေးစေးများ စိုရွှဲနေခဲ့သည်။
ရှန်လီ သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။
“နင်ကတော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင် ဖျက်ဆီးနေတာပဲ။ တစ်ဖက်ကလည်း အရွယ်ရောက်မြန်တဲ့ ဆေးတွေကို သောက်ခဲ့တယ်။ နောက်တစ်ဖက်ကလည်း သားအိမ်ကို ပျက်စီးစေတဲ့ အလွန်အမင်း အေးစက်တဲ့ ဆေးဝါးတွေကို သောက်သုံးခဲ့တာ။ ဒါကြောင့်မို့လို့ နင့်ရဲ့ ရာသီသွေးက မမှန်မကန် ဖြစ်နေပြီး ရာသီလာတိုင်း သေလုမတတ် နာကျင်နေရတာပေါ့”
မကြာသေးမီက ရှန်လီ ကုဟွားခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးရန်အတွက် အစွမ်းရှိသမျှ ကြိုးစားပေးနေခဲ့သော်လည်း ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်မှာ ပြန်လည်ပြုပြင်ရန် ခက်ခဲလောက်အောင် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။
ကုဟွား စကားတစ်လုံးမျှ မဆိုနိုင်တော့ချေ။
‘ဒါတွေအားလုံးက ငါဖြစ်ချင်လို့မှ မဟုတ်ခဲ့တာ’
အတိတ်ဘဝတုန်းက မုအန်း၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရပြီးနောက် သူမ၌ ကိုယ်ဝန်ရှိလာခဲ့ရသဖြင့် သူမ အလွန်ပင် အံ့ဩခဲ့ရဖူးသည်။
တစ်ဖက်တွင် ကိုယ်လုပ်တော်ပိုင်က သူမကို အမျိုးသားများအား သွေးဆောင်နိုင်သော ခန္ဓာကိုယ်မျိုး ဖြစ်လာစေရန်အတွက် ပြုစုပျိုးထောင်ပေးခဲ့သဖြင့် သူမ၏ ရာသီစက်ဝန်းမှာ အလွန်စောစီးစွာ စတင်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် အခြားတစ်ဖက်တွင် သူမက အမည်မသိသော ပြင်းထန်လှသည့် ကိုယ်ဝန်တားဆေးရည်များကို သောက်ခဲ့မိပြန်သည်။
သူမခန္ဓာကိုယ်မှာ အပူအအေး မျှတမှုမရှိဘဲ တလှည့်စီ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် ကမောက်ကမ ဖြစ်နေသော ရာသီစက်ဝန်းဆီသို့ ဦးတည်သွားခဲ့ရ၏။
တစ်ခါတရံတွင် လပေါင်းများစွာ ရာသီမလာဘဲ နေတတ်သလို တစ်ခါတစ်ရံတွင် ရာသီလာခဲ့လျှင်လည်း လဝက်ခန့်အထိ မရပ်တန့်ဘဲ ရှိနေတတ်သည်။
ရာသီလာသည့် အကြိမ်တိုင်းတွင်လည်း သူမအသက်တစ်ဝက်ခန့်ကို နှုတ်ယူသွားသကဲ့သို့ ခံစားခဲ့ရသည်။
ရှန်လီက ဆေးဖျော်စပ်ရန်အတွက် ဆေးညွှန်းတစ်ခုကို အလျင်အမြန်ပင် ရေးသားလိုက်၏။
တုန့်ဟွားလည်း ဆေးကျိုရန်အတွက် အပြေးအလွှား သွားတော့သည်။
အပ်စိုက်ကုသမှု နှစ်ကြိမ် ခံယူပြီးနောက် ပူပြင်းလှသော ဆေးရည်တစ်ခွက်ကို သောက်သုံးကာ ရေနွေးအိတ်တစ်လုံးကို ပွေ့ပိုက်ထားမှသာ ကုဟွားအနေဖြင့် နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။
သူမ ဘေးနားတွင် အလုပ်ရှုပ်နေကြသော မိန်းကလေးများကို ကြည့်ရှုပြီး ကုဟွား၏ မျက်ဝန်းများ နီမြန်းလာခဲ့ရသည်။
တုန့်ချင်းက အရှေ့ခြံဝင်းမှ အစေခံမလေးတစ်ဦး ခြံဝင်းတံခါးအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် လိုက်ကာကို ပင့်တင်လျက် အပြင်သို့ ထွက်ခွာသွားခဲ့၏။
သူတို့နှစ်ယောက် တိုးညှင်းစွာ စကားပြောဆိုနေခဲ့ကြပြီးနောက် တုန့်ချင်းက မျက်နှာပျက်လျက် အတွင်းသို့ ပြန်ဝင်လာခဲ့သည်။
“ဘာဖြစ်လို့လဲ”
ကုဟွားရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ထွက်ပေါ်လာခဲ့ရ၏။
“နန်းတော်ထဲက လူတစ်ယောက် ရောက်နေပါတယ်။ မမလေးကို နန်းတော်ထဲ ဝင်ဖို့အတွက် ဆင့်ခေါ်လိုက်တာပါ”
ကုဟွား မှင်တက်သွားခဲ့ရသည်။
“ငါ့ကို နန်းတော်ထဲဝင်ဖို့ ဆင့်ခေါ်တာ ဟုတ်လား”
ဘဝနှစ်ခုစလုံးတွင် သူမအနေဖြင့် နန်းတော်ထဲ ဝင်ရောက်ခွင့် ရရှိလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှပင် မတွေးတောခဲ့ဖူးချေ။
“သူက အခုအချိန်မှာ အိပ်ရာကနေ ထဖို့တောင် ခက်ခဲနေတာကို ဘယ်လိုလုပ် နန်းတော်ထဲ ဝင်လို့ရမှာလဲ”
ရှန်လီ မကျေမနပ် ဖြစ်သွားခဲ့ရသည်။
တုန့်ချင်း သက်ပြင်းချရင်း ပြောလိုက်၏။
“အဲဒါက မယ်တော်ကြီးရဲ့ အနီးကပ်အစေခံက လာရောက် ဆင့်ခေါ်တာမို့လို့ပါ။ နန်းတော်ထဲ ဝင်မဲ့ မြင်းလှည်းကလည်း တံခါးဝမှာ စောင့်ဆိုင်းနေပါပြီ။ အခုချက်ချင်းပဲ ထွက်ခွာရပါမယ်။ နောက်ကျလို့ မဖြစ်ပါဘူး။မိန်းကလေးရှန်... မမလေးရဲ့ နာကျင်မှုကို အမြန်ဆုံး ရပ်တန့်ပေးနိုင်မယ့် နည်းလမ်းမျိုး ရှိမလားဆိုတာ စဥ်းစားကြည့်ပေးပါဦး။ တုန့်ဟွား... ငါတို့ မမလေးကို မြန်မြန်အဝတ်အစားလဲပြီး ပြင်ဆင်ပေးကြရအောင်”
ရှန်လီ မျက်မှောင်ကြုတ်လိုက်ပြီး ခြေဆောင့်ကာ ဆေးဝါးများ ပြင်ဆင်ရန်အတွက် အပြေးအလွှား ထွက်သွားခဲ့၏။
ကုဟွား နာကျင်မှုကို အောင့်အည်းသည်းခံပြီး အိပ်ရာပေါ်မှ ထလိုက်ကာ တုန့်ချင်းတို့နှင့်အတူ ပူးပေါင်းလျက် အဝတ်အစားများ လဲလိုက်ပြီး ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။
မယ်တော်ကြီး သူမကို ဆင့်ခေါ်ရခြင်းမှာ သဘာဝကျစွာပင် ကျန်းရော့ရှီးကြောင့် ဖြစ်လိမ့်မည်ကို သူမ သေသေချာချာ သိရှိနေခဲ့သည်။
“ဒီအစေခံက သခင်ကြီး ရှိမလားလို့ သွားကြည့်လိုက်ပါဦးမယ်”
တုန့်ဟွား မထိန်းနိုင်တော့ဘဲ အပြင်သို့ ပြေးထွက်သွားခဲ့၏။
ကုဟွားအနေဖြင့် ၎င်းက အချည်းနှီးသာ ဖြစ်လိမ့်မည်ဟု ခံစားမိနေခဲ့သည်။
မုကျွင်းယန်ပင် ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို ဆန့်ကျင်နိုင်လိမ့်မည် မဟုတ်ချေ။
ကျန်းရော့ယွင်နှင့် ထိမ်းမြားခြင်းက ကြိုတင်စီစဉ်ထားသော အိမ်ထောင်ရေးတစ်ခု ဖြစ်ခဲ့သည်။ မုကျွင်းယန်အနေဖြင့် မလိုလားခဲ့လျှင်ပင် သူမကို လက်ထပ်ခဲ့ရသည်။
အတိတ်ဘဝတုန်းက မုကျွင်းယန် ကျန်းရော့ရှီးကို လက်မထပ်ခဲ့ရခြင်းမှာ သေချာပေါက် သူ စစ်မြေပြင်ဆီသို့ အလျင်အမြန် ပြန်လည်ထွက်ခွာသွားခဲ့ရပြီး သုံးလအကြာတွင် စစ်ပွဲအတွင်း၌ သေဆုံးသွားခဲ့ရသောကြောင့် ဖြစ်လိမ့်မည်။
သူ့၌ အချိန်မရှိခဲ့ရုံမျှသာ ဖြစ်သည်။
သို့သော် ယခုဘဝတွင် သူမ မမျှော်လင့်ဘဲ တည်ရှိနေမှုကြောင့် ကိစ္စရပ်များ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
ကျန်းရော့ရှီးအနေဖြင့် ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့ချေ။
မုကျွင်းယန် သူမကို သူ မလိုလားသော အချစ်ရေးကိစ္စများမှ ကာကွယ်ရန်အတွက် ဒိုင်းကာအဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း သူမ သေသေချာချာ သိရှိနေခဲ့သဖြင့် သူမကလည်း ထိုဒိုင်းကာအဖြစ် အစွမ်းကုန် ပြုမူနေထိုင်သွားမည်သာ ဖြစ်သည်။
သူမ ဒဏ်ရာအနာတရများ ရရှိသွားခဲ့လျှင် သူက သူမ၏ ကောင်းကွက်လေးများကို မှတ်မိနေဦးမည် ဖြစ်သည်။
ယခုကဲ့သို့ အနှစ်သာရရှိလှသော အပြန်အလှန် ကူညီပေးမှုက အမျိုးသားနှင့် အမျိုးသမီးကြားရှိ ခဏတာ အချစ်ရေးရာများနှင့် နှိုင်းယှဉ်လျှင် ပို၍ စစ်မှန်သည်။
အမှန်ပင် ဖြစ်သည်။ တုန့်ဟွား အလျင်အမြန်ပင် ပြန်လည်ပြေးဝင်လာခဲ့၏။
“သခင်ကြီးကလည်း ဧကရာဇ်မင်းမြတ်ရဲ့ ဆင့်ခေါ်ခြင်းကို ခံထားရလို့ နန်းတော်ထဲ ဝင်သွားခဲ့ပါပြီ”
ကုဟွား ရင်ထဲ၌ နားလည်သွား၏။
မယ်တော်ကြီး သူမကို ဆင့်ခေါ်ရခြင်းမှာ သေချာပေါက် ကျန်းရော့ရှီး၏ ထိမ်းမြားခြင်းကိစ္စကြောင့် ဖြစ်လိမ့်မည်။
အဘွားအိုကြီး၏ မွေးနေ့ပွဲ၌ ကျန်းရော့ရှီးက ကြီးမားသော မတရားမှုများကို ခံစားခဲ့ရသည်။
မယ်တော်ကြီးအနေဖြင့် သူမအတွက် မျက်နှာပန်းလှအောင် ပြန်လည်ပြုလုပ်ပေးရန် ကြိုးစားနေခြင်းလား သို့မဟုတ် မုကျွင်းယန်အား ထိုစီမံထားသော အိမ်ထောင်ရေးကို လက်ခံလာအောင် ဖိအားပေးရန် ကြိုးစားနေခြင်းလား ဆိုသည်ကို သူမ မသိရှိသော်လည်း အနည်းဆုံး ယနေ့က သူမအတွက် လွယ်ကူလိမ့်မည် မဟုတ်ချေ။
ကုဟွား မထွက်ခွာမီ ရှန်လီက သူမသောက်သုံးရန်အတွက် ဆေးရည်တစ်ခွက် ယူလာခဲ့ပြီး ဆေးလုံးတစ်လုံးကိုလည်း သူမလက်ထဲသို့ ထည့်ပေးလိုက်၏။
“ဒါကို တအားနာလာတဲ့အခါကျရင် သောက်လိုက်... ဒါပေမဲ့ ဒါက နင့်ကို မူးဝေပြီး အိပ်ငိုက်စေတတ်တာမို့လို့ မသောက်ဘဲ နေနိုင်ရင်တော့ အကောင်းဆုံးပဲ။ ပြီးတော့ အေးစက်တာ ဒါမှမဟုတ် မချက်ရသေးတဲ့ အစိမ်းလိုက်တွေ မစားမိစေနဲ့... ရေအေးနဲ့လည်း မထိတွေ့မိစေနဲ့”
“ကောင်းပါပြီ”
ကုဟွား လိမ်လိမ်မာမာဖြင့် ခေါင်းညိတ်လိုက်၏။
မယ်တော်ကြီး၏ အနီးကပ်အစေခံမှတစ်ဆင့် ဆင့်ခေါ်ခြင်း ဖြစ်သောကြောင့် သူမအနေဖြင့် အစေခံတစ်ဦးမျှ ခေါ်ဆောင်သွားခွင့် လုံးဝမရှိချေ။
ကုဟွား မြင်းလှည်းပေါ်သို့ တစ်ဦးတည်းသာ တက်ရောက်နိုင်ခဲ့သည်။
ထိုမြင်းလှည်းကို ပုံမှန်အားဖြင့် မည်သည်အတွက် အသုံးပြုတတ်သည်ကို သူမ မသိရှိသော်လည်း အထဲ၌ စူးရှသော အနံ့အသက်တစ်ခု ရှိနေခဲ့သည်။
ထိုင်ခုံမှာလည်း ဗလာကျင်းနေသော သစ်သားပြားတစ်ခုမျှသာ ဖြစ်ပြီး လေပြင်းများကလည်း အရပ်မျက်နှာ အသီးသီးမှ တိုက်ခတ်နေခဲ့သည်။
ကံကောင်းထောက်မစွာ တုန့်ဟွားက သူမခန္ဓာကိုယ်ထက်တွင် ထူထဲလှသော ဝတ်ရုံကြီးတစ်ခုကို ခြုံလွှမ်းပေးထားခဲ့သည်။
ကုဟွား ထိုဝတ်ရုံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိ၏။
မြင်းလှည်းမှာ အလွန်အမင်း လျင်မြန်စွာ မောင်းနှင်နေခဲ့ပြီး လှုပ်ခါမှုများကြောင့် သူမခန္ဓာကိုယ်မှာ ကြေမွလုနီးပါး ခံစားနေရသည်။
သူမခန္ဓာကိုယ်က အခြေအနေ မကောင်းသည့်အပြင် ဆေးရည်ပန်းကန်ကြီး နှစ်ခွက်ကိုလည်း ဆက်တိုက် သောက်သုံးထားခဲ့ရသည်။
သူမရင်ထဲ၌ မအီမသာ ဖြစ်လာခဲ့ရပြီး ပြင်းထန်သော အန်ချင်စိတ်များ ထွက်ပေါ်လာခဲ့ရ၏။
နောက်ဆုံးတွင် မြင်းလှည်း ရပ်တန့်သွားခဲ့ချိန်၌ ကုဟွား ဆက်လက်၍ မအောင့်အည်းနိုင်တော့ချေ။
သူမ၏ ပါးစပ်ကို ဝတ်ရုံဖြင့် အလျင်အမြန် ပိတ်လိုက်ပြီး ခေါင်းမူးဝေသွားသည်အထိ အန်ချလိုက်မိ၏။
သူမ နန်းတော်မှ မြင်းလှည်းကို ညစ်ပတ်အောင် မပြုလုပ်ရဲချေ။
သို့သော် ထိုဝတ်ရုံကို ထပ်မံ၍ အသုံးပြု၍ ရနိုင်တော့မည် မဟုတ်ပေ။
မိန်းမစိုးက သူမ ဝတ်ရုံကို ကိုင်ဆောင်လျက် ဖြူစုတ်နေသော မျက်နှာထားဖြင့် မြင်းလှည်းပေါ်မှ တုန်တုန်ယင်ယင် ဆင်းလာသည်ကို မြင်တွေ့လိုက်ရချိန်တွင် ရွံရှာနေသော မျက်နှာထားဖြင့် ကြည့်ရှုလိုက်၏။
“မမလေး ဘာများဖြစ်လို့လဲ”
ကုဟွား တောင်းပန်တိုးလျှိုးသည့် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ကျွန်မ နေမကောင်းဖြစ်ပြီးတော့ အန်မိသွားလို့ပါ”
မိန်းမစိုးက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ နှာခေါင်းကို ပိတ်လိုက်ကာ မြင်းလှည်းမောင်းသမားအား သူမလက်ထဲမှ ဝတ်ရုံကို ယူဆောင်သွားရန်အတွက် အချက်ပြလိုက်၏။
ကံကောင်းသည်မှာ ဝတ်ရုံက အလွန် ထူထဲလှသဖြင့် သူမ ခန္ဓာကိုယ်ထက်တွင် ညစ်ပေမှုတစ်စုံတစ်ရာမျှ စွန်းထင်မသွားခဲ့ချေ။
“သွားကြစို့”
သူမ မော့ကြည့်လိုက်သောအခါ ဆိုင်းဘုတ်ထက်ရှိ စာလုံးများကို မြင်တွေ့လိုက်ရသည်။
‘ယိုယဲ့တံခါး (လက်ယာဘက်ဘေးတံခါး)’
ကုဟွား မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
သူမအနေဖြင့် နန်းတော်အတွင်းသို့ တစ်ကြိမ်မျှ မရောက်ဖူးသော်လည်း ဈေးထဲ၌ ရောင်းချနေသော နန်းတော်၏ တည်ဆောက်ပုံ မြေပုံများကို မြင်တွေ့ဖူးသည်။
ယိုယဲ့တံခါးသည် နန်းတော်၏ အရှေ့ဘက်အကျဆုံးနေရာရှိ ရွှမ်သဲ့တံခါး၏ ဘေးဘက်မှ တံခါးငယ်တစ်ခု ဖြစ်ကြောင်း သူမ သဘာဝကျစွာပင် သိရှိနေခဲ့သည်။
သို့သော် မယ်တော်ကြီးက နန်းတော်၏ အနောက်ဘက် အကျဆုံးနေရာရှိ ပေါင်စစ် နန်းဆောင်၌ နေထိုင်ခြင်း ဖြစ်သည်။
အကယ်၍ နန်းတော်သုံး ဝေါယာဉ်တစ်စီးမျှ မရှိပါက သူမခြေထောက်များ လမ်းလျှောက်ရလွန်းသဖြင့် ကျိုးသွားနိုင်သည်။
မယ်တော်ကြီးက သူမကို တိတ်တဆိတ် နှိပ်စက်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်း ဖြစ်မည်။
ယခုအချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ သူမကို လာရောက်ကူညီပေးလိမ့်မည် မဟုတ်ချေ။
သူမ အံတင်းတင်းကြိတ်ပြီးသာ ရင်ဆိုင်ရမည် ဖြစ်သည်။
မိန်းမစိုးက သူ့လည်ချောင်းကို ညှစ်လိုက်ပြီး စကားဆိုလိုက်၏။
“မမလေး... မြန်မြန်လျှောက်ပေးပါ။ တကယ်လို့ မယ်တော်ကြီး သတ်မှတ်ထားတဲ့ အချိန်ကို နောက်ကျသွားမယ်ဆိုရင်တော့ နန်းတော်ထဲကနေ ပြန်ထွက်သွားနိုင်မှာ မဟုတ်တော့ဘူးနော်”
ကုဟွား အနောက်မှ လိုက်ပါသွားခဲ့ရုံမျှသာ တတ်နိုင်၏။
ဤလမ်းလျှောက်မှုမှာ တစ်နာရီအပြည့် ကြာမြင့်သွားခဲ့ရသည်။
ကုဟွား၏ ခြေထောက်များ တောင့်တင်းနေခဲ့ပြီး စိတ်ဓာတ်ခွန်အားတစ်ခုတည်းဖြင့်သာ သူမကိုယ်သူမ အတင်းအဓမ္မ ဆွဲခေါ်နေခဲ့ရခြင်း ဖြစ်သည်။
သူမ သောက်သုံးခဲ့သော ဆေးရည်နှစ်ခွက်လုံးကိုလည်း အန်ထုတ်ပစ်ခဲ့ရပြီ ဖြစ်သည်။
သူမရင်ထဲ၌ ဗလာကျင်းနေခဲ့ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ စူးရှလှသော နာကျင်မှုမှာ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။
ကုဟွားအနေဖြင့် ယနေ့တွင် ဤမြင့်မားလှသော တံတိုင်းလေးခုအတွင်းမှ ပြန်လည်ထွက်ခွာနိုင်တော့မည် မဟုတ်ကြောင်း ခံစားနေမိ၏။
မိန်းမစိုးက သူမအား ပေါင်စစ်နန်းဆောင်အတွင်းသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး ကြီးမားလှသော နန်းဆောင်နှစ်ခုကို ဖြတ်ကျော်ကာ အနောက်ဘက်ရှိ ပန်းရှုစားရာ ရေကန်ဘေးရှိ ကျောက်ဆောင်ငယ်များ တည်ရှိရာနေရာဆီသို့ ရောက်ရှိလာခဲ့၏။
ရေကန်ဘေးရှိ နန်းဆောင်ငယ်လေး၏ ဘေးပတ်ပတ်လည်တွင် အဝါရောင် လိုက်ကာများ လွင့်နေခဲ့သည်။
အမျိုးသမီး သုံးလေးဦးခန့်က အတွင်း၌ ထိုင်နေခဲ့ကြပြီး ရယ်မောသံများနှင့် စကားပြောဆိုသံများ ထွက်ပေါ်နေခဲ့သည်။
ထိုအသံများထဲမှ အသံတစ်ခုမှာ ကျန်းရော့ရှီးဖြစ်ကြောင်း ကုဟွား မှတ်မိလိုက်သည်။
“ဒီမှာပဲ စောင့်နေပါ... ကျွန်တော်မျိုး သွားရောက်ပြီး သတင်းပို့လိုက်ပါဦးမယ်”
ကုဟွား သူမခန္ဓာကိုယ်ကို ကျောက်ဆောင်များနောက်တွင် ကွယ်ထားလိုက်ပြီး ရိုသေလေးစားစွာ ဦးညွှတ်ထားလိုက်မိ၏။
မိန်းမစိုးမှာ နာရီဝက်ခန့် ပျောက်ကွယ်သွားခဲ့ပြီး သူမအား လာရောက်ဆင့်ခေါ်ခြင်း မရှိသေးချေ။
ကုဟွား ဝမ်းဗိုက်ကို အုပ်ကိုင်ထားလိုက်မိပြီး အမှန်တကယ်ပင် ထိုင်ချပစ်ချင်စိတ်များ ပေါက်နေခဲ့ရသည်။
သူမဝမ်းဗိုက်အောက်ပိုင်းမှာ အလွန်အမင်း နာကျင်နေခဲ့သဖြင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့ရပြီး နဖူးပြင်တွင်လည်း ချွေးစေးများ ထွက်လာခဲ့၏။
နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်ထားလိုက်မိပြီး သတိလစ်မသွားစေရန်အတွက် သူမ အတင်းအကြပ် ကြိုးစားနေခဲ့ရသည်။
သူမ မုကျွင်းယန်အတွက် မျက်နှာပျက်စရာ မဖြစ်စေရပေ။
သူမ သေချာပေါက် တောင့်ခံထားရမည် ဖြစ်သည်။
မိန်းမစိုးက နောက်ဆုံးတွင် လျှောက်လာခဲ့ပြီး သူမအား ဘေးတိုက် ကြည့်ရှုလိုက်၏။
“မမလေး စည်းမျဉ်းစည်းကမ်းတွေကို နားလည်ရဲ့လား”
ကုဟွား ပြုံးနိုင်ရန်အတွက် အသည်းအသန် ကြိုးစားလိုက်ရ၏။
“နားလည်ပါတယ်”
“တကယ်လို့ မယ်တော်ကြီးရဲ့ ရှေ့မှောက်မှာ အမူအရာ ပျက်ယွင်းသွားခဲ့မယ်ဆိုရင် ကြိမ်ဒဏ်ဆယ်ချက် အရိုက်ခံရလိမ့်မယ်”
သူမအခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် မိန်းမစိုးက ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်မိ၏။
“စည်းမျဉ်းစည်းကမ်းတွေနဲ့ ကျင့်ဝတ်တွေကို သေချာပေါက် တိတိကျကျ လိုက်နာပါ့မယ်”
ကုဟွားခန္ဓာကိုယ်ကို မတ်နေအောင် အသည်းအသန် ကြိုးစားလိုက်၏။
ပန်းရှုစားရာ ရေကန်ဘေးရှိ နန်းဆောင်ငယ်လေးအတွင်းသို့ လှမ်းဝင်လိုက်ချိန်တွင် ကုဟွားက ခေါင်းကို နှိမ့်ချလိုက်ပြီး စနစ်တကျ ဒူးထောက်လိုက်ကာ အခမ်းအနားအပြည့်အစုံဖြင့် ဂါရဝပြုလိုက်၏။
“ကျွန်တော်မျိုးမ မယ်တော်ကြီးကို ဂါရဝပြုပါတယ်”
အချိန်အတော်ကြာသွားခဲ့သော်လည်း ထရန်အတွက် အမိန့်တော် တစ်စုံတစ်ရာမျှ ထွက်မလာခဲ့သဖြင့် သူမ ကျောက်ပြားကြမ်းပြင်ထက်၌ ဆက်လက်၍ မှောက်လျက်သာ နေခဲ့ရ၏။
သူမက မယ်တော်ကြီးနှင့် ကျန်းရော့ရှီးတို့၏ ရယ်မောစကားဆိုသံများကို နားထောင်နေခဲ့ရပြီး ဤနေရာ၌ သူမ တည်ရှိမနေသကဲ့သို့ ဖြစ်နေခဲ့ရသည်။
ကုဟွားခေါင်းတစ်ခုလုံး မူးဝေနေခဲ့ရပြီး ခြေထောက်များလည်း ထုံကျင်လုနီးပါး ဖြစ်နေခဲ့ရသည်။
ထိုအချိန်မှသာ အသံတစ်ခု ထွက်လာခဲ့၏။
“ခေါင်းမော့လိုက်စမ်း”
ကုဟွား လိမ္မာစွာ ခေါင်းမော့လိုက်သော်လည်း အကြည့်များကို အောက်သို့သာ နှိမ့်ထားလိုက်ပြီး မြင့်မြတ်လှသော မယ်တော်ကြီးကို တည့်တည့်မတ်မတ် ကြည့်ရှုခြင်း မပြုခဲ့ချေ။
“အမှန်ပဲ... သူ့မှာ မြေခွေးမတစ်ကောင်ရဲ့ မျက်နှာထားမျိုး ရှိနေတာပဲ။
ဝမ်ချန်အမတ်မင်းက ဒီလို သမီးတစ်ယောက်ကို ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့ပါလိမ့်”
မယ်တော်ကြီး၏ လေသံမှာ အလွန်ပင် ရန်လိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျန်းရော့ရှီးက ကုဟွားကို ရက်စက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သော်လည်း သူမမျက်နှာထက်တွင်မူ ပြုံးရယ်နေခဲ့သည်။