← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း(၁၂၈)

“သူက ခဲအိုရဲ့ချွေးမ ခေါ်လာခဲ့တဲ့ ခန်းဝင်ကိုယ်လုပ်တော်မတစ်ယောက်သာသာပါပဲ။ ရုပ်ရည်ကို အသုံးပြုပြီး တခြားသူတွေကို အလုပ်အကျွေးပြုရတာမို့လို့ မြေခွေးမတစ်ကောင်နဲ့ တူနေတာကလည်း သဘာဝကျပါတယ်။ ဒါပေမဲ့... တကယ်လို့ တွေ့သမျှ အမျိုးသားတိုင်းကို ဖြားယောင်းဖို့ ကြိုးစားနေမယ်ဆိုရင်တော့ သူက အကြိမ်ပေါင်းများစွာ သေဖို့ ထိုက်တန်ပါတယ်”

ကုဟွား ရုတ်တရက်ပင် ခေါင်းမော့ကြည့်လိုက်မိ၏။

“မယ်တော်ကြီးကို ပြန်ဖြေရရင် ကျွန်တော်မျိုးမက ခန်းဝင်ကိုယ်လုပ်တော် မဟုတ်ပါဘူး။ ကျွန်တော်မျိုးမက အစ်မရဲ့ အနောက်ကနေ လိုက်ပါပြီး အိမ်တော် စီမံခန့်ခွဲတဲ့ ကိစ္စရပ်တွေကို လေ့လာဖို့အတွက် မြို့စားအိမ်တော်ဆီကို ဝင်ရောက်လာခဲ့တာပါ။ ကျွန်တော်မျိုးမရဲ့ လက်ရေးက ကွယ်လွန်သူ သခင်မကြီးရဲ့ လက်ရေးနဲ့ တူညီနေခဲ့တာကြောင့်မို့လို့ ယုံမြို့စားကြီးက ကျွန်တော်မျိုးမကို အိမ်တော်မှာ သခင်မကြီးရဲ့ လက်ရေးမူတွေကို ကူးယူဖို့အတွက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်”

မယ်တော်ကြီး၏ မျက်နှာထက်မှ အပြုံးရိပ်များ ပျောက်ကွယ်သွားခဲ့ရ၏။

“ဒီမယ်တော်ကြီးက နင့်ကို စကားပြောဖို့ ခွင့်ပြုခဲ့လို့လား။ နင်က စည်းမျဉ်းစည်းကမ်းတွေကို လုံးဝ နားမလည်တာပဲ”

ကျန်းရော့ရှီး ခံရခက်သော မျက်နှာထားမျိုး ပြုလုပ်လိုက်၏။

“အဘွားတော်... သူက လူအများရှေ့မှာတောင် ရော့ရှီးကို စာမတတ်သလို ကျင့်ဝတ်နဲ့ သွန်သင်မှုတွေကို နားမလည်ဘူးလို့ ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ခဲ့တာပါ။ ရော့ရှီးက ငယ်ငယ်တည်းက အဘွားတော်ရဲ့ ကိုယ်တိုင်သွန်သင်မှုကို ခံခဲ့ရတာ မဟုတ်ဘူးလား။ ဒါက အဘွားတော်ကို ကျင့်ဝတ်နဲ့ သွန်သင်မှုတွေကို နားမလည်ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”

‘ဒါဆို ဒီမြေခွေးမက ငါစီစဉ်ပေးထားတဲ့ မုကျွင်းယန်ရဲ့ ထိမ်းမြားလက်ထပ်ပွဲကို နှောင့်ယှက်ရဲတဲ့ တစ်ယောက်ပေါ့လေ’

မယ်တော်ကြီး၏ မျက်နှာထက်တွင် ရက်စက်လှသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့၏။

“ရဲတင်းလှချည်လား။ လူတွေ လာကြစမ်း။ သူ့ကို အချက်ငါးဆယ် ပါးရိုက်လိုက်စမ်း”

ကျန်းရော့ရှီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျောပြင်ကို မတ်လိုက်၏။

သူမ၏ နာမကျန်းဖြစ်နေသော ပုံစံကို ကြည့်ရုံဖြင့် သူမအနေဖြင့် ရိုက်နှက်ခြင်း အနည်းငယ်ကိုပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

သတိလစ်မေ့မြောသွားခဲ့သည်နှင့် သူတို့က သူမကို ဝေးလံလှသော ရေတွင်းနက်ကြီးတစ်ခုအတွင်းသို့ ပစ်ချလိုက်ရုံမျှသာ ဖြစ်သည်။

သူမ နန်းတော်မှ ထွက်ခွာစဉ်အတွင်း ခြေချော်ပြီး ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုလိုက်ပါက အရာအားလုံးကို သန့်သန့်ရှင်းရှင်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

ကုဟွား၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့ရ၏။

သူမက စိတ်ကို ဒုန်းဒုန်းချလိုက်ပြီး အလွန်လျင်မြန်လှသော အရှိန်နှုန်းဖြင့် စကားများကို ခပ်မြန်မြန် ပြောလိုက်သည်။

“ကျွန်တော်မျိုးမက မယ်တော်ကြီးအပေါ် ပြည်သူတွေရဲ့ ချီးမွမ်းထောပနာပြုသံတွေကို မကြာခဏ ကြားဖူးပြီး အရမ်း လေးစားခဲ့ရတာပါ။ ဒါပေမဲ့ ဒီနေ့ နတ်ဘုရားမလိုမျိုး တင့်တယ်လှပတဲ့ မျက်နှာတော်ကို မြင်တွေ့ခွင့်ရချိန်မှာတော့ လမ်းမတွေပေါ်က ကောလာဟလတွေနဲ့ လုံးဝ ကွဲပြားခြားနားနေခဲ့ပါတယ်”

“မယ်တော်ကြီးက အမှားအမှန်ကို သေချာမခွဲခြားဘဲ ဒါက ကျွန်တော်မျိုးမရဲ့ အပြစ်လို့ တိုက်ရိုက် ကောက်ချက်ချလိုက်တာပါပဲ။ မတရား ရိုက်နှက်ခံရတာက အသေးအမွှားကိစ္စလေးပေမဲ့ မယ်တော်ကြီးအနေနဲ့ ကျွန်တော်မျိုးမရဲ့ ဖခင်မျက်နှာ၊ ယုံမြို့စားကြီးရဲ့ မျက်နှာနဲ့ လောကကြီးရဲ့ တရားမျှတမှုတွေကိုရော လုံးဝ ထည့်မတွက်တော့ဘူးလားရှင့်”

သူမ ငယ်ရွယ်စဉ်က မယ်တော်ကြီးသည် သူမသားအရင်း မဟုတ်သော ဧကရာဇ်မင်းမြတ်ကို ထီးနန်းတက်နိုင်ရန်အတွက် ပံ့ပိုးကူညီပေးခဲ့ဖူးသည်။

သူမက တော်ဝင်နန်းတွင်းကို ချုပ်ကိုင်ထားခဲ့ပြီး ပလ္လင်နောက်ကွယ်မှနေ၍ အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်မင်းမြတ် အရွယ်ရောက်ရှိပြီး လွတ်လပ်စွာ အုပ်ချုပ်နိုင်ခဲ့သည်အထိ ထိုလူနှစ်ဦးမှာ အာဏာအစစ်အမှန်ကို လုယူရန်အတွက် တိတ်တဆိတ် ပြိုင်ဆိုင်နေခဲ့ကြဆဲ ဖြစ်သည်။

ဤသည်က မြို့တော်အတွင်းရှိ လူတိုင်း သိရှိကြသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

ဝမ်ချန်မှူးမတ်အိမ်တော်မှာ ဆုတ်ယုတ်နေခဲ့ပြီ ဖြစ်သော်လည်း တစ်ချိန်တုန်းက အရပ်ဘက် အရာရှိကြီးများ၏ ခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်။

ယုံမြို့စားကြီးက စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၏ အကြီးအကဲ ဖြစ်သည်။

မယ်တော်ကြီးအနေဖြင့် ကျန်းရော့ရှီးအတွက်နှင့် အာဏာမဲ့သော မိန်းမပျိုလေးတစ်ဦးကို အပြစ်ပေးနိုင်သော်လည်း နန်းတွင်းအရာရှိကြီးများအပေါ် သက်ရောက်မှုရှိလာမည့် အရေးကို လုံးဝ လျစ်လျူရှုနိုင်လိမ့်မည် မဟုတ်ချေ။

မယ်တော်ကြီး မျက်ခုံးတစ်ဖက် ပင့်လိုက်မိပြီး ကျန်းရော့ရှီးကို လှည့်ကြည့်လိုက်၏။

“သူ့မှာ တော်တော်လေး စကားတတ်ပြီး လျှာရှည်တဲ့ ပါးစပ်မျိုး ရှိနေတာပဲ။ မင်း သူ့ကို မချေပနိုင်တာ မဆန်းပါဘူး”

ကျန်းရော့ရှီး ခံရခက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

“ရော့ရှီးက တော်ဝင်မျိုးနွယ်ရဲ့ မျက်နှာကို ထည့်တွက်နေခဲ့လို့ပါ။ လမ်းမပေါ်က သာမန်ကုန်သည်မျိုးရိုးတစ်ယောက်နဲ့ ဘယ်လိုမျိုး နှုတ်လှန်ထိုးပြီး ငြင်းခုံနေနိုင်မှာလဲရှင်”

ကုဟွား ကျောက်ပြားကြမ်းပြင်ထက်သို့ ပြင်းထန်စွာ ဦးတိုက်လိုက်၏။

သူမ ခေါင်းမော့လိုက်ချိန်တွင် နဖူးပြင်ထက်၌ ကြီးမားသော နီမြန်းရောင်ရမ်းနေသည့် အဖုကြီးတစ်ခု ထွက်နေခဲ့ပြီ ဖြစ်သည်။

သူမအနေဖြင့် အခြားအရာများကို ဂရုမစိုက်နိုင်တော့ချေ။

ပါးရိုက်ချက်ငါးဆယ်ဆိုလျှင် သူမကို ချက်ချင်းပင် သတိလစ်မေ့မြောသွားစေနိုင်သည်။

အကယ်၍ သူမတို့အနေဖြင့် ဆင်ခြေတစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးလိုက်မည်ဆိုပါက သူမ နောက်တစ်ကြိမ် ထပ်မံ၍ သေဆုံးသွားရပေလိမ့်မည်။

“မယ်တော်ကြီးရှင့်... အဲဒီနေ့က ကျွန်တော်မျိုးမနဲ့ ခရိုင်မင်းသမီးတို့ကြားက အငြင်းပွားမှုမှာ အကြောင်းရင်း ရှိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို ရှင်းပြခွင့်လေးပေးပါဦး။

မဟုတ်ရင်တော့... ကျွန်တော်မျိုးမ မတရား ရိုက်နှက်ခံရပြီး သေဆုံးသွားတာက ကိစ္စအသေးအမွှားလေး ဖြစ်ပေမဲ့ မယ်တော်ကြီးရဲ့ သီလသမာဓိနဲ့ သဘောထားကြီးမှု ဂုဏ်သတင်းကို ညိုးနွမ်းစေတာကတော့ ကိစ္စကြီးမားလှပါတယ်”

မယ်တော်ကြီး သူမကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်များ ရှောင်လွဲနေသော ကျန်းရော့ရှီးကိုလည်း တစ်ချက် လှည့်ကြည့်လိုက်၏။

“မဟုတ်ဘူး... အဲဒီနေ့က ရှီးအာက မတော်တဆ တိုက်မိလို့ သူ့ကျောက်စိမ်းဆံထိုးလေး တစ်ချောင်း ကျိုးသွားခဲ့ရုံတင်ပါ”

ကုဟွား ချက်ချင်းပင် သူမ၏ စကားကို ဖြတ်ပြောလိုက်၏။

“ခရိုင်မင်းသမီး ပြောတာက အမှန်မဟုတ်ပါဘူး။ အဲဒီဆံထိုးက အစတုန်းက ကျွန်တော်မျိုးမရဲ့ ဝမ်းကွဲယောင်းမကို ကျွန်တော်မျိုးမက လက်ဆောင်ပေးထားခဲ့တာပါ။ ခရိုင်မင်းသမီးက ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ အဲဒါကို လုယူပြီး ရိုက်ခွဲပစ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ကျွန်တော်မျိုးမက ခရိုင်မင်းသမီးကို မူလတန်ဖိုးအတိုင်း လျော်ကြေးပေးဖို့ပဲ တောင်းဆိုခဲ့တာပါ။ ခရိုင်မင်းသမီးက ငြင်းဆန်ခဲ့ပြီး အခုထိ ဘာလျော်ကြေးမှ မပေးရသေးပါဘူး။ အဲဒီအချိန်တုန်းက ဘေးမှာ ရှိနေခဲ့ကြတဲ့ လူတိုင်းလည်း သက်သေပြနိုင်ပါတယ်”

“နင်က လူတွေကို အရှက်မရှိ စွပ်စွဲနေတာပဲ။ ဒီမိန်းမပျက်မကတော့... ဒီခရိုင်မင်းသမီးကို အသရေဖျက်ဖို့အတွက် ဘာအထောက်အထားမှမရှိဘဲနဲ့ လျှောက်ပြောနေတာပဲ”

ကျန်းရော့ရှီး ဒေါသတကြီးဖြင့် ဝုန်းခနဲ ထရပ်လိုက်ပြီး ကုဟွား၏ နှာခေါင်းတည့်တည့်ကို လက်ညှိုးထိုးလျက် ဆဲရေးတိုင်းထွာလိုက်၏။

ကုဟွား ဝမ်းဗိုက်အောက်ပိုင်းရှိ နာကျင်မှုမှာ အမှန်တကယ်ပင် ခံနိုင်ရည်မရှိလောက်အောင် ပြင်းထန်လှသည်။

သူမ ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်မိပြီး အခြားလက်တစ်ဖက်ဖြင့် မြေပြင်ကို အားပြုကာ အင်အားရှိသမျှဖြင့် ဆက်လက်၍ ချေပလိုက်၏။

“ခရိုင်မင်းသမီးတစ်ယောက်အနေနဲ့ တော်ဝင်ကရုဏာတော်နဲ့ သွန်သင်မှုတွေကို ခံယူထားခဲ့ရပါလျက်နဲ့ အခုလိုမျိုး ရိုင်းစိုင်းတဲ့ စကားလုံးတွေကို ပြောဆိုပြီး မယ်တော်ကြီးရဲ့ ဂုဏ်သတင်းကို အပြင်မှာ ဖျက်ဆီးနေတာပဲ။

ဒါက မယ်တော်ကြီးရဲ့ ရှင့်အပေါ်မှာ စနစ်တကျ သွန်သင်ပေးခဲ့မှုတွေကို စော်ကားရာ မရောက်လွန်းဘူးလား”

“နင်...”

ကျန်းရော့ရှီး၏ မျက်နှာမှာ ဒေါသစိတ်များကြောင့် အလွန်အမင်း နီမြန်းသွားခဲ့ရ၏။

‘အာဏာကို အချိန်ကြာမြင့်စွာ ချုပ်ကိုင်ထားခဲ့ဖူးတဲ့ မယ်တော်ကြီးအနေနဲ့ ကိစ္စရဲ့ ကြီးမားတဲ့ သက်ရောက်မှုကို ဘယ်လိုလုပ်ပြီး မသိဘဲ နေပါ့မလဲ’

ယိုင်နဲ့နေသော်လည်း အသည်းအသန် ကြိုးစား၍ တောင့်ခံနေသော မိန်းမပျိုလေးကို ကြည့်ပြီး မယ်တော်ကြီး၏ လေသံမှာ နူးညံ့သွားခဲ့ရ၏။

“ဒီမယ်တော်ကြီးက မင်းအပေါ်မှာ မှားယွင်းပြီး အပြစ်တင်မိသွားခဲ့တာပဲ။ မြန်မြန်လေး ဒုတိယမမလေးကုကို ထူပေးလိုက်ကြပြီးတော့ ကုလားထိုင်တစ်လုံး ပေးလိုက်ကြစမ်း”

ကုဟွား ခန္ဓာကိုယ်မှ သွေးများနှင့် အင်အားများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရပြီး သူမ မြေပြင်ထက်သို့ တိုက်ရိုက် လဲကျလုနီးပါး ဖြစ်သွားခဲ့ရ၏။

နန်းတွင်းသူတစ်ဦးက ရှေ့သို့ လှမ်းလာခဲ့ပြီး သူမကို ထူမပေးလိုက်သည်။

သူမ၏ ခြေထောက်များမှာ တုန်ယင်နေခဲ့ပြီး ခေါင်းကလည်း မူးဝေနေခဲ့၏။

သူမ နန်းတွင်းသူ ကမ်းပေးသော ပန်းထိုးကုလားထိုင်လေးပေါ်သို့ အမြန် ထိုင်ချလိုက်သည်။

“အဘွားတော်...”

မယ်တော်ကြီး ကုဟွားကို ယခုကဲ့သို့ အလွယ်တကူ လွှတ်ပေးလိုက်သည်ကို မြင်တွေ့ရချိန်တွင် ကျန်းရော့ရှီး စိုးရိမ်တကြီးဖြင့် ခြေဆောင့်လိုက်မိ၏။

မယ်တော်ကြီးက သူမကို စိုက်ကြည့်လိုက်သည်။

“စိတ်ရှည်စမ်း”

“ယုံမြို့စားကြီး ရောက်ရှိလာပါတယ်”

မိန်းမစိုးတစ်ဦးက အကြောင်းကြားလာခဲ့၏။

ကျန်းရော့ရှီး အလွန်ပင် ဝမ်းမြောက်သွားခဲ့ရသည်။

“ဒါဆို အဘွားတော်က ကြိုတင်ပြီးတော့...”

မယ်တော်ကြီး၏ အကြည့်တစ်ချက်ကြောင့် သူမစကားလုံးများ ပြတ်တောက်သွားခဲ့ရ၏။

‘အတော်လေးကို စိတ်မရှည်တဲ့ ကလေးမပဲ’

နူးညံ့သိမ်မွေ့ပုံရသော ထိုမိန်းမပျိုလေးကို ထပ်မံ၍ ကြည့်ရှုမိပြန်သည်။

သူမက အလွန် ပါးနပ်ပြီး သတ္တိပြည့်ဝလှသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူမကိုယ်တိုင် စနစ်တကျ သွန်သင်ပေးခဲ့သော ကျန်းရော့ရှီးကို လုံးဝ လွှမ်းမိုးထားနိုင်ခဲ့သည်။

သူမအနေဖြင့် ကျန်းရော့ရှီးတစ်ယောက် မုကျွင်းယန်ကို ထိန်းချုပ်နိုင်ပါ့မလား ဆိုသည်ကို အနည်းငယ် စိုးရိမ်မိသွားခဲ့ရ၏။

ကုဟွား မော့ကြည့်လိုက်သောအခါ မျက်နှာချင်းဆိုင်မှ စင်္ကြံလမ်းအတိုင်း လျှောက်လာသော မြင့်မားပြီး ရင်းနှီးလှသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

အကြောင်းပြချက်မရှိဘဲ သူမနှလုံးသားလေး တည်ငြိမ်သွားခဲ့ရ၏။

‘သူ ဒီနေရာမှာ ရှိနေသရွေ့ ငါသေချာပေါက် အသက်ရှင်နိုင်လိမ့်မယ်’

သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း သူတို့၏ မျက်ဝန်းများအတွင်းမှ စကားလုံးများကို မဖော်ပြနိုင်သေးမီ၌ ကျန်းရော့ရှီးက ပျော်ရွှင်စွာ ခုန်ပေါက်လျက် ရှေ့သို့ ပြေးဝင်လာခဲ့၏။

“ခဲအို... ရှင် ရောက်လာပြီပဲ”

မုကျွင်းယန်က သူမလက်ကို တိတ်တဆိတ် ရှောင်ဖယ်လိုက်ပြီး ကုဟွားကို အလျင်အမြန် တစ်ချက် လှမ်းကြည့်လိုက်၏။

သူမမျက်နှာထက်၌ သွေးရောင်များ အားလုံး ပျောက်ကွယ်နေခဲ့ပြီး သူမကော်လာတွင်လည်း ချွေးစေးများဖြင့် စိုရွှဲနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

ချီယန်က သူမ မြင်းလှည်းအတွင်း၌ သတိလစ်မေ့မြောသွားခဲ့ကြောင်း သတင်းပို့ခဲ့သည်။

သူ သူမကို သွားရောက်ကြည့်ရှုရန် ပြင်ဆင်နေစဉ် ဧကရာဇ်မင်းမြတ်၏ နန်းတော်အတွင်းသို့ ဆင့်ခေါ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

သူတို့ စကားပြောဆိုပြီး နာရီဝက်ခန့်အကြာတွင် မယ်တော်ကြီးက ဆွေးနွေးစရာ အရေးကြီးကိစ္စရပ်တစ်ခု ရှိသည်ဟုဆိုကာ လူလွှတ်၍ သူ့အား ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်မင်းမြတ်အနေဖြင့်လည်း သဘာဝကျစွာပင် သူ့ကို မတားဆီးဘဲ ဤနေရာသို့ လာရောက်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

သူမပါ နန်းတော်ထဲသို့ ဆင့်ခေါ်ခြင်း ခံရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

သူမကို ကြည့်ရသည်မှာ ဆက်လက်၍ တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံ ပေါ်နေသည်။

မုကျွင်းယန် အကြည့်များကို ရုပ်သိမ်းလိုက်ပြီး မယ်တော်ကြီးကို ဂါရဝပြုလိုက်၏။

“ကျွန်တော်မျိုး မယ်တော်ကြီးကို ဂါရဝပြုပါတယ်”

“ငါတို့တွေက မိသားစုတွေပဲလေ...ယဉ်ယဉ်ကျေးကျေးတွေ လုပ်မနေပါနဲ့တော့။ မြန်မြန်လေး ထိုင်ပါဦး”

မယ်တော်ကြီး၏ မျက်နှာထက်တွင် ကြင်နာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

မုကျွင်းယန် မတ်တတ်ရပ်လျက်သာ ရှိနေခဲ့ပြီး မာနထောင်လွှားခြင်းလည်းမရှိ၊ နှိမ့်ချခြင်းလည်းမရှိဘဲ ဆိုလိုက်၏။

“ကျွန်တော်မျိုးမှာ ဧကရာဇ်မင်းမြတ်ဆီ တင်ပြစရာ အရေးကြီးတဲ့ ကိစ္စရပ်တွေ ရှိနေသေးတာမို့လို့ပါ။ မယ်တော်ကြီးအနေနဲ့ ကျွန်တော်မျိုးကို ဆင့်ခေါ်ရခြင်းက ဘာညွှန်ကြားစရာ ကိစ္စရပ်များ ရှိနေလို့လဲဆိုတာ မေးမြန်းပါရစေ”

မယ်တော်ကြီးက သူ့အမူအကျင့်များကို ကျင့်သားရနေခဲ့ပြီး ဖြစ်သဖြင့် စိတ်မဆိုးခဲ့ချေ။

သူမ ပြုံးကာ ပြောလိုက်၏။

All Chapters