အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း(၁၂၉)
“ရော့ရှီးက မင်းရဲ့ စစ်မြေပြင်ထက်က ရဲရဲဝံ့ဝံ့နဲ့ ကျွမ်းကျင်လှတဲ့ စွမ်းဆောင်ရည်တွေကို ပြောပြနေခဲ့တာလေ။ ငါတို့တွေ ကြားရတာနဲ့တင် သွေးတွေ ဆူပွက်လာခဲ့ရတာပေါ့။ မင်း နန်းတော်ထဲ ဝင်လာတယ်လို့ ကြားတာနဲ့ အဲဒီအကြောင်းတွေ ပြောပြဖို့အတွက် ဒီမယ်တော်ကြီးက မင်းကို ဆင့်ခေါ်လိုက်တာပါ”
မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်၏။
“ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်နဲ့ ဆွေးနွေးတဲ့အရာတွေက တိုင်းပြည်ရဲ့ အကျပ်အတည်းတွေနဲ့ ကြီးမားလှတဲ့ စစ်ရေးစစ်ရာ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ မယ်တော်ကြီးရဲ့ ပျင်းရိမှုကို ဖြေဖျောက်ပေးဖို့အတွက် စကားစမြည် ပြောဆိုနေဖို့ ကျွန်တော်မျိုးမှာ အချိန်မရှိပါဘူး”
မယ်တော်ကြီး၏ မျက်နှာမှာ အရှက်ရမှုကြောင့် တောင့်တင်းသွား၏။
သို့သော် သူမအနေဖြင့် ဒေါသကို ထုတ်ဖော်ပြသ၍ မရနိုင်ချေ။
“မယ်တော်ကြီးအနေနဲ့ ကုဟွားကို ဘာကိစ္စအတွက်ကြောင့်နဲ့ နန်းတော်ထဲကို ဆင့်ခေါ်ခဲ့ရတာလဲဆိုတာ သိပါရစေ”
မယ်တော်ကြီး ပြုံးလိုက်၏။
“ရှီးအာက မြို့စားအိမ်တော်မှာ ခဏတာ တည်းခိုနေတဲ့ မင်းချွေးမရဲ့ ညီမငယ်လေးတစ်ယောက် ရှိပြီး ပန်းလေးတစ်ပွင့်လို လှပလွန်းတယ်လို့ ချီးမွမ်းနေခဲ့တာကြောင့်မို့လို့ပါ။ ဒီမယ်တော်ကြီးက တအား စူးစမ်းချင်စိတ် ဖြစ်သွားခဲ့ရလို့ သူ့ကို ကြည့်ရှုဖို့အတွက် နန်းတော်ထဲကို ဆင့်ခေါ်လိုက်တာ”
မုကျွင်းယန် သူမနှင့် စကားများများ မပြောချင်တော့ချေ။
“ကုဟွားက ဒီနေ့ အိမ်တော်မှာ သတိလစ်မေ့မြောသွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော်မျိုး ချွေးမရဲ့ ညီမအရင်း ဖြစ်တာမို့လို့ တကယ်လို့ တစ်ခုခု မှားယွင်းသွားခဲ့မယ်ဆိုရင် ကျွန်တော်မျိုးအနေနဲ့ ဝမ်ချန်မှူးမတ်အိမ်တော်ကို ရှင်းပြဖို့ ခက်ခဲပါလိမ့်မယ်။ ကျေးဇူးပြုပြီး မယ်တော်ကြီးအနေနဲ့ ကုဟွားကို ပြန်လည်ခေါ်ဆောင်သွားဖို့ ကျွန်တော်မျိုးကို ခွင့်ပြုပေးပါဦး”
မယ်တော်ကြီး၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သော်လည်း အလျင်အမြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။
“ဒီမယ်တော်ကြီးကလည်း မိန်းမပျိုလေးရဲ့ အခြေအနေ မကောင်းတာကို မြင်လို့ သူ့ကို ပြန်ပို့ပေးဖို့အတွက် လူတွေကို အမိန့်ပေးတော့မလို့ပါပဲ”
မုကျွင်းယန် ချက်ချင်းပင် ကုဟွားရှိရာဆီသို့ လျှောက်လာခဲ့၏။
ကုဟွား စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်ရန် အသည်းအသန် ကြိုးစားလိုက်သည်။
ရုတ်တရက်ပင် အော်ဟစ်သံ အချို့ ထွက်ပေါ်လာခဲ့ပြီးနောက် ဗွမ်းခနဲ ရေပွက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
ကုဟွား ခေါင်းလှည့်ကြည့်လိုက်သောအခါ ကျန်းရော့ရှီးတစ်ယောက် ရေကန်ထဲ ပြုတ်ကျသွားခဲ့ပြီး အသည်းအသန် ရုန်းကန်နေသည်ကို မြင်လိုက်ရသည်။
ဘေးပတ်ပတ်လည်ရှိ နန်းတွင်းသူများ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး သူမကို ကယ်တင်ရန်အတွက် သစ်သားတုတ်များကို အရပ်မျက်နှာအနှံ့ လိုက်လံရှာဖွေနေကြ၏။
မယ်တော်ကြီး ထိတ်လန့်တုန်လှုပ်စွာ မတ်တတ်ရပ်လိုက်မိသည်။
“ကျွင်းယန်... မြန်မြန်လေး ရှီးအာကို ကူညီပေးပါဦး။ ဒီမှာရှိနေတဲ့ ငါ့ရဲ့ လူတွေထဲက ဘယ်သူမှ ရေမကူးတတ်ကြဘူး”
မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်၏။
ကုဟွား ရုတ်တရက်ပင် သူမစကတ်ကို ပင့်တင်လိုက်ပြီး ရှေ့သို့ ပြေးဝင်သွားခဲ့၏။
အောက်ခြေ မမြင်ရလောက်အောင် နက်ရှိုင်းလှသော ရေကန်ကို မြင်တွေ့လိုက်ရချိန်တွင် သူမ ရင်ထဲ၌ အေးစက်မှုတစ်မျိုး ထွက်ပေါ်လာခဲ့ရသည်။
ရေကို မြင်တွေ့ရသည့် အကြိမ်တိုင်းတွင် သူမ မသေဆုံးမီ ခံစားခဲ့ရသည့် မွန်းကျပ်လှသော ကြောက်ရွံ့မှုများကို အလိုအလျောက် ပြန်လည်တွေးတောမိတတ်သည်။
၎င်းက ဆောင်းဦးအစ ဖြစ်သဖြင့် ရာသီဥတုမှာ အေးစက်နေခဲ့ပြီဖြစ်ပြီး ရေကန်မှာလည်း ပိုမို၍ အေးစက်နေခဲ့သည်။
သို့သော် အကယ်၍ မုကျွင်းယန်သာ သူမကို ကူညီရန်အတွက် ရေထဲသို့ ဆင်းသွားခဲ့မည်ဆိုပါက သူ မယ်တော်ကြီး၏ ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ဖြစ်ပြီး ကျန်းရော့ရှီးကို သေချာပေါက် လက်ထပ်ရပေလိမ့်မည်။
သူမ ခန္ဓာကိုယ်မှာ အဖိုးမတန်ပါချေ။
အကယ်၍ သူမအနေဖြင့် ကျန်းရော့ရှီးကို ကူညီပေးနိုင်ခဲ့မည်ဆိုပါက မယ်တော်ကြီးအနေဖြင့် သူမကို ထပ်မံ၍ ခက်ခဲအောင် ပြုလုပ်ရန်အတွက် အလွန် အရှက်ရသွားခဲ့ရမည် ဖြစ်ပြီး သူမ မုကျွင်းယန်အား အကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီပေးနိုင်မည် ဖြစ်သည်။
နှစ်ဖက်လုံး၏ အပြစ်ရှိစိတ်များကို ရယူနိုင်ရန်အတွက် စွန့်စားမှုတစ်ခု ပြုလုပ်ရခြင်းမှာ ထိုက်တန်လှသည်။
လူတိုင်း မှင်တက်သွားခဲ့ကြရ၏။
သူတို့ မတုံ့ပြန်နိုင်သေးမီ၌ ဗွမ်းခနဲ မြည်သံနှင့်အတူ ကုဟွား ရေထဲသို့ တိုက်ရိုက် ခုန်ဆင်းလိုက်ပြီး ကျန်းရော့ရှီး၏ လက်ကို အမိအရ ဖမ်းဆုပ်လိုက်၏။
မုကျွင်းယန်၏ မျက်ဝန်းများ မှောင်မိုက်သွားခဲ့ရပြီး သူလည်း သူမအနောက်မှလိုက်၍ ချက်ချင်းပင် ရေထဲသို့ ခုန်ဆင်းလိုက်၏။
ကျန်းရော့ရှီး အောက်သို့ နစ်မြုပ်နေခဲ့ရသည်။
ထိတ်လန့်တုန်လှုပ်မှုများအကြား သူမက လက်တစ်ဖက်ကို အမိအရ ဖမ်းဆုပ်လိုက်မိပြီး ထိုလူ၏ ခန္ဓာကိုယ်ထက်သို့ အသည်းအသန် တွားတက်ရန် ကြိုးစားလိုက်၏။
ရေကန်ဘေးရှိ မယ်တော်ကြီးနှင့် လူအုပ်ကြီးမှာ မှင်တက်သွားခဲ့ကြရသည်။
“မြန်မြန်... တစ်ယောက်ယောက်... မြန်မြန်လေး သူတို့ကို ကူညီပေးလိုက်ကြပါဦး”
မယ်တော်ကြီး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ကုဟွား အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့ရပြီး ချက်ချင်းပင် ရေနစ်နေသော လူ၏ ရေဘဝဲတစ်ကောင်အလား ဖက်တွယ်ခြင်းကို ခံလိုက်ရ၏။
သူမ၏ ခါးမှာ ကျန်းရော့ရှီး၏ ရုန်းကန်နေသော ခြေထောက်များ၏ ပြင်းထန်စွာ ကန်ကျောက်ခြင်းကို ခံလိုက်ရသဖြင့် နာကျင်မှုကြောင့် သတိလစ်မေ့မြောလုနီးပါး ဖြစ်သွားခဲ့ရ၏။
ဆက်လက်၍ တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် သူမ ရေအောက်သို့ နစ်မြုပ်သွားခဲ့ရသည်။
သို့သော် နောက်ဆုံးအချိန်တွင် သူမက ကျန်းရော့ရှီး၏ ခြေထောက်ကို ပင့်တင်ပေးလိုက်ပြီး အပေါ်သို့ရောက်အောင် သူမအင်အားရှိသမျှဖြင့် တွန်းတင်ပေးလိုက်၏။
သို့သော် ဤတွန်းတင်မှုကြောင့် သူမကိုယ်တိုင်က ရေကန်၏ အောက်ခြေဆီသို့ ပိုမိုနက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့ရသည်။
ရေကူးတတ်သော လူများ အပြေးအလွှား ရောက်ရှိလာခဲ့ကြပြီး ရေကန်ဘေးသို့ တွန်းတင်ခြင်း ခံလိုက်ရသော ကျန်းရော့ရှီးကို အလျင်အမြန်ပင် ဆွဲတင်လိုက်ကြ၏။
ငြိမ်သက်လှသော ရေကန်မျက်နှာပြင်မှာ ဆူပွက်နေသော အိုးတစ်လုံးအလား ဖြစ်နေခဲ့သည်။
အေးစက်နေသော ကန်ရေများက ကုဟွားကို အရပ်မျက်နှာအနှံ့ ဝန်းရံထားခဲ့သည်။
အရိုးထဲအထိ စိမ့်ဝင်နေသော အအေးဒဏ်က သူမတစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။
သူမ လက်များနှင့် ခြေထောက်များ တောင့်တင်းနေခဲ့ပြီး မလှုပ်ရှားနိုင်တော့ချေ။
သူမ၏ နားများနှင့် ပါးစပ်အတွင်းသို့ ကန်ရေများ ဝင်လာခဲ့သဖြင့် သူမ အသက်လည်း မရှူနိုင်တော့ချေ။
သူမခန္ဓာကိုယ်နှင့် အာရုံခံစားမှုများ အားလုံး သေလုမတတ် ခံစားခဲ့ရဖူးသော အတိတ်ဘဝ၏ အမှတ်တရများကို ပြန်အမှတ်ရလာခဲ့ပြီး သူမကိုယ်သူမ ပံ့ပိုးနိုင်စွမ်း အင်အားများကို ပျောက်ကွယ်သွားစေခဲ့သည်။
သူမ ခြေလက်များမှာ ပျော့ခွေသွားခဲ့ရပြီး ဖြည်းညင်းစွာ အောက်သို့ နစ်မြုပ်သွားခဲ့ရ၏။
မုကျွင်းယန် ကျွမ်းကျင်လှသော ရေကူးသမားတစ်ဦး ဖြစ်သည်။
သူ ရေအောက်သို့ ငုပ်လျှိုးကြည့်လိုက်သော်လည်း ကုဟွားကို လုံးဝ ရှာမတွေ့ခဲ့ချေ။
သူ့ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး စိုးရိမ်တုန်လှုပ်မှုများနှင့် ဒေါသစိတ်များက သူ့ရင်ဘတ်ထဲ၌ ပြည့်နှက်လာ၏။
ရုတ်တရက်ပင် သူ အဝေးမှ ကန်ရေပြင်ထက်၌ ရေလှိုင်းငယ်လေးများ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ထိုနေရာဆီသို့ သူ့အင်အားရှိသမျှဖြင့် အလျင်အမြန် ကူးခတ်သွားခဲ့၏။
တစ်ချက်ကြည့်ရုံမျှဖြင့် လက်များကို အသည်းအသန် လှုပ်ရှားနေသော လူတစ်ဦးကို မြင်တွေ့လိုက်ရသည်။
သတိလစ်မေ့မြောမသွားမီ နောက်ဆုံးအချိန်တွင် ဘဝနှစ်ခုလုံး၌ အသက်ရှင်သန်နိုင်ရန်အတွက် သနားစဖွယ် အသည်းအသန် ကြိုးစားခဲ့ရသော ခါးသီးမှုများက ကုဟွား၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာခဲ့၏။
နောက်ဆုံးတွင် သူမ ပြန်လည်မွေးဖွားခွင့် ရရှိခဲ့သဖြင့် ယခုလိုမျိုး အလွယ်တကူ လက်မလျှော့ချင်ချေ။
သူမ နှုတ်ခမ်းများကို ပြင်းထန်စွာ ကိုက်ထားလိုက်မိ၏။
ထိုနာကျင်မှုကြောင့် သူမ အနည်းငယ် သတိပြန်လည်လာခဲ့ပြီး သူမလက်ကို ရေမျက်နှာပြင်ထက်သို့ အင်အားရှိသမျှဖြင့် ဆန့်တန်းလိုက်၏။
ရုတ်တရက်ပင် သူမခါးထက်တွင် သန်မာလှသော လက်မောင်းတစ်ဖက်၏ တင်းကျပ်စွာ သိုင်းဖက်ခြင်းကို ခံလိုက်ရသည်။
မကြာမီ၌ သူမ ဦးခေါင်းမှာ ရေမျက်နှာပြင်ထက်သို့ ပေါ်ထွက်လာခဲ့ရ၏။
မွန်းကျပ်လှသော ခံစားချက်များကို ဂရုမစိုက်နိုင်တော့ဘဲ သူမ ပါးစပ်ကို အသည်းအသန် ဖွင့်လိုက်ပြီး အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်၏။
သူမ၏ အေးစက်လှသော ခန္ဓာကိုယ်လေးမှာ ပူနွေးလှသော ရင်ခွင်တစ်ခုအတွင်း၌ တင်းကျပ်စွာ ပွေ့ဖက်ခြင်း ခံထားရသည်။
သူမ မျက်ဝန်းများကို ဝေဝါးစွာဖြင့် ဖွင့်ကြည့်လိုက်မိ၏။
‘မုကျွင်းယန်’
‘သူ ဖြစ်နေခဲ့တာပဲ...’
မုကျွင်းယန် သူမကို ရေကန်ဘေးသို့ ပွေ့ချီလာခဲ့၏။
နန်းတွင်းသူတစ်ဦးက စောင်တစ်ထည်ကို လှမ်းပေးလိုက်ပြီး သူ့ရင်ခွင်ထဲမှ လူကို လှမ်းယူရန် ကြိုးစားလိုက်သည်။
သူက ထိုစောင်ကို လုယူလိုက်ပြီး သူမခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ကာ သူမအား မှောက်လျက်ဖြစ်စေပြီးနောက် ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ပါးစပ်အပြည့် ရေများကို အန်ထုတ်ပစ်လိုက်ပြီးနောက် ကုဟွား နောက်ဆုံးတွင် ဘဝသစ်တစ်ခု ပြန်လည်ရရှိလာသကဲ့သို့ ခံစားလိုက်ရ၏။
“နောက်ထပ် စောင်သစ်တစ်ထည် ယူလာခဲ့စမ်း”
မုကျွင်းယန် တည်ငြိမ်လှသော လေသံဖြင့် အမိန့်ပေးလိုက်၏။
ယခုအချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိစ္စရပ်များကို ခက်ခဲအောင် မပြုလုပ်ရဲကြချေ။
မကြာမီ၌ နန်းတွင်းသူတစ်ဦးက ခြောက်သွေ့သော စောင်တစ်ထည်ကို ယူလာခဲ့၏။
မုကျွင်းယန်က စိုစွတ်နေသော စောင်ကို အလျင်အမြန်ပင် ဖယ်ရှားပစ်လိုက်ပြီး ခြောက်သွေ့နေသော စောင်ကို ယူလိုက်ကာ သူမခန္ဓာကိုယ်ကို ဖက်ထုပ်တစ်ထုပ်အလား တင်းကျပ်စွာ ထုပ်ပိုးလိုက်၏။
သူ မယ်တော်ကြီး၏ မျက်နှာထားကို လုံးဝ ဂရုမစိုက်သည့်အပြင် ကယ်တင်ခြင်း ခံလိုက်ရသော ကျန်းရော့ရှီးကိုလည်း တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ကုဟွားကိုသာ ပွေ့ချီလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထိုနေရာမှ တိုက်ရိုက် လှည့်ထွက်သွားခဲ့၏။
မယ်တော်ကြီး ခဏတာမျှ မှင်တက်သွားသည်။
ငိုယိုနေသော ကျန်းရော့ရှီးကို ကြည့်လိုက်ပြီး သူမ သက်ပြင်းအရှည်ကြီးတစ်ချက်ကိုသာ ချလိုက်မိ၏။
“အသုံးမကျတဲ့ဟာမပဲ”
‘နောက်ဆုံးအခြေအနေနဲ့တောင် အောင်မြင်အောင် မလုပ်လိုက်နိုင်ဘူး’