အခန်း ၁
Vol. 1 Ch. 1
အခန်း(၁)-အရှင်လတ်လတ် မီးရှို့ခံရခြင်း
ယုံကျိုး၊စုမိသားစု၏ အိမ်ဟောင်း။
နှင်းများ ထူထဲစွာ ကျရောက်နေသော နေ့ရက်များက ခြံဝင်းတစ်ခုလုံးကို အဖြူရောင်များဖြင့် ဖုံးလွှမ်းသွားစေသည်။ည၏တိတ်ဆိတ်မှုတွင် အိမ်တော်တံခါးအပြင်ဘက်တွင် အလျင်အမြန် လျှောက်လာသော ခြေသံများ ပဲ့တင်ထပ်နေသည်။
မကြာခင်မှာပဲ၊မျက်နှာထားတင်းတင်း အစေခံမိန်းမကြီးများက စုမိသားစု၏ အနောက်ဘက်အိမ်တော်သို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။
ဘုတ်ခနဲ အသံနှင့်အတူ စာတွေအပုံလိုက်အထူကြီးကို ရွှယ်နင်၏ရှေ့သို့ ပစ်ချလိုက်သည်။
"သခင်မ မြို့တော်က စံအိမ်တော်ဆီကို ပို့တဲ့စာတွေအကုန်လုံး ဒီမှာရှိတယ်။သခင်က အစိုးရတာဝန်တွေနဲ့ အရမ်းအလုပ်များနေတာ။ဒီရှုပ်ထွေးနေတဲ့စာတွေကို ဖတ်ဖို့ အချိန်တစ်မိနစ်တောင် မအားဘူး။သူ့ရဲ့သတို့သမီးအသစ်ကို အိမ်တော်ထဲ ကြိုဆိုဖို့လည်း ပြင်ဆင်နေရသေးတယ်။သူက သူ့ကိုယ်စား သခင်မကို ဒီစာတွေ ပြန်ပေးဖို့နဲ့ ရှင်းပြဖို့ ကျွန်မတို့ကို အထူးတလည် လွှတ်လိုက်တာ"
အခန်းက မှိန်ဖျော့ဖျော့သာ လင်းနေသည်။
တဝက်တပျက် လောင်ကျွမ်းနေတဲ့ ဖယောင်းတိုင်က နှင်းသည်းထန်စွာကျနေတဲ့ ညအချိန်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
မြို့တော်မှ အဓိကအိမ်တော်က အစေခံမိန်းမကြီးများက အေးစက်ပြီး အမူအရာကင်းမဲ့တဲ့ မျက်နှာထားများဖြင့် ရှိနေသည်။သူတို့၏မျက်ဝန်းများက ဓားသွားများကဲ့သို့ စူးရှနေပြီး သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ဖယောင်းတိုင်အလင်းရောင်က နံရံများပေါ်တွင် အရိပ်များ ကျရောက်နေပြီး သူတို့အား ချောင်းမြောင်းနေသည့် သရဲများကဲ့သို့ ထင်ရစေသည်။
ရွှယ်နင်သည် အားနည်းပြီး နေမကောင်းဖြစ်ကာ၊ဟောင်းနွမ်းနေသည့်ကုတင်ပေါ်တွင် အင်အားချိနဲ့စွာ လှဲနေသည်။သူမက မျက်လုံးများကို မော့ကြည့်လိုက်ပြီး ရင်ဘတ်တစ်ခုလုံး နာကျင်မှုများဖြင့် ဆုတ်ဖြဲခံနေရသည်။
"သူ....သူ ဘာလို့ ကိုယ်တိုင်မလာတာလဲ?"
"သခင်က သခင်မကို ကွာရှင်းစာ ပို့ပေးပြီးပြီ။သခင်မက ဘယ်အချိန်အထိ အရှက်မရှိ ကပ်တွယ်နေဖို့ စဉ်းစားထားတာလဲ?"
"ငါ မကွာရှင်းချင်ဘူး.....ငါ သူနဲ့တွေ့ချင်တယ်"
"သခင်မ သဘောပေါက်သင့်တယ်။သခင် လက်ထပ်ချင်တဲ့လူက ဘယ်တုန်းကမှ ရှင် မဟုတ်ခဲ့ဘူး။သူ ရှင့်ကို လာတွေ့မှာ မဟုတ်ဘူး"
ရွှယ်နင်၏ နှလုံးသား ခုန်ပေါက်သွားသည်။သူမ လည်ချောင်းတစ်ခုလုံး တင်းကြပ်နေပြီး စကားမပြောနိုင်ပေ။
သတို့သမီးအသစ်က မြို့တော်က သူ့အိမ်တော်ဆီ ဝင်လာတော့မယ်-ဒါကြောင့် မြို့ပြင်မှာ စွန့်ပစ်ခံထားရတဲ့ ဇနီးသည်က အသုံးမဝင်တော့ဘူး။
မျက်ရည်တွေဝဲနေတဲ့ သူမရဲ့အကြည့်ဟာ အချိန်တော်ကြာအောင် ဗလာဖြစ်နေခဲ့ပြီး မှင်သက်မှုတွေကြားကနေ အတိတ်ကို ပြန်အမှတ်ရနေခဲ့မိသည်။
သူမက မိသားစုမရှိတဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ရွှမ်းယီအိမ်တော်က နယ်စားမင်းကနေ ခေါ်ယူစောင့်ရှောက်ခဲ့ပြီး သခင်မကျန်းက ပြုစုပျိုးထောင်ပေးခဲ့တယ်။
အသက်ဆယ့်ငါးနှစ်မှာ တိတ်တဆိတ် ဆေးခတ်ထားခဲ့တဲ့ နွေဦးဝိုင်တစ်ခွက်ကြောင့် သူမ စုကျန်းကို လက်ထပ်နိုင်ခဲ့ပြီး သူတို့ရဲ့ ရွှမ်းယီနယ်စားအိမ်တော်ထဲကို ဝင်သွားနိုင်ခဲ့တယ်။
အဲ့ဒီအချိန်ကနေစလို့ ဆယ်နှစ်ပြည့်သွားခဲ့ပြီ။
နောက်ပိုင်းမှာ စုကျန်းက တော်ဝင်ရုံးတော်ရဲ့ ကြောက်စရာကောင်းတဲ့ အမတ်ချုပ် ဖြစ်လာခဲ့ပြီး ဩဇာကြီးမားတဲ့သူတစ်ယောက် ဖြစ်လာခဲ့တယ်။
မိဘမဲ့မိန်းကလေးတစ်ယောက် ဒီလိုယောကျာ်းတစ်ယောက်နဲ့လက်ထပ်ရတာ ဘဝပေါင်းများစွာ ပေးဆပ်ခဲ့တဲ့ ကောင်းချီးတစ်ခုလို့ လူတိုင်းက ပြောခဲ့ကြသည်။
ဒါပေမဲ့ သူမ တစ်ယောက်တည်းပဲ အမှန်တရားကို သိတယ်။စုကျန်းရဲ့နှလုံးသားထဲမှာ အခြားတစ်ယောက်ရှိနေခဲ့တယ်၊သူ မရနိုင်တဲ့ လရောင်ဖြူလေးပေါ့။
သူ ဘယ်တုန်းကမှ သူမကို မချစ်ခဲ့ဘူး။သူမကိုယ်သူမ ပေးဆပ်ပြီးတော့ သူ့ရဲ့တရားဝင်ဇနီး ရသင့်တဲ့ နေရာကို ခိုးယူခဲ့တဲ့အတွက် သူမကို အထင်တောင်သေးခဲ့တယ်။
သူ သူမကို ကြည့်တဲ့အချိန်တိုင်း၊သူ့မျက်လုံးတွေက အမြဲတမ်းအေးစက်နေပြီး အထင်အမြင်သေးမှုတွေနဲ့ပဲ ပြည့်နှက်နေခဲ့သည်။
လက်ထပ်ပြီးတဲ့နောက်၊သူတို့ရဲ့အိမ်ထောင်ရေးက ရင်းနှီးမှု မရှိသလောက်ပင်။
သူက သူမကို နောက်ဖေးခြံဝင်းထဲမှာ တစ်ယောက်တည်း အထီးကျန်စေခဲ့ပြီး လျစ်လျှူရှုခံထားရတဲ့ ဇနီးသည်တစ်ယောက်လို နေထိုင်ခဲ့ရကာ သူမ ဘယ်တော့မှ ရရှိမှာ မဟုတ်တဲ့ အချစ်ကို တောင်းတနေခဲ့မိသည်။
လွန်ခဲ့တဲ့ငါးနှစ်၊နွေဦးပွဲတော်အခမ်းအနားမှာ သူမက သူ ချစ်ရတဲ့ မင်းသမီးရှို့နင်းကို မတော်တဆ ကိုယ်ဝန်ပျက်ကျစေခဲ့တယ်။
စုကျန်းက ဒေါသအကြီးအကျယ် ထွက်သွားခဲ့ပြီး- အရင်ဆုံး သူမကို မိသားစုစည်းကမ်းများဖြင့် အပြစ်ပေးခဲ့သည်။အဲ့ဒီနောက် ညလယ်ခေါင်ကြီးမှာ သူမကို မြို့တော်ကနေ မောင်းထုတ်လိုက်၏။
အချိန်ကို ရေတွက်ကြည့်မယ်ဆိုရင် သူမ ယုံကျိုးက စုမိသားစု အိမ်တော်ဟောင်းမှာ စွန့်ပစ်ခံထားရတာ လေးနှစ် ဒါမှမဟုတ် ငါးနှစ်လောက် ရှိပြီ။
သူမကို စောင့်ရှောက်ပေးဖို့အတွက် သူမရဲ့ သနားစရာ အစေခံမလေး ပေါင်ချန် လိုက်လာခဲ့ပေမယ့် အိမ်တော်ဟောင်းက ဘဝက အလွန်အမင်း ကြမ်းတမ်းသည်။
အိမ်တော်က ပြိုကျနေပြီဖြစ်ပေမဲ့ စုမိသားစုက အဲ့ဒါကို ပြန်ပြုပြင်ဖို့ ငြင်းပယ်ခဲ့တယ်။
အစေခံတွေက အမတ်ချုပ်ရဲ့ဇနီးကို ပေါ့လျော့စွာ လျစ်လျှူရှုပြီး ဆက်ဆံကြတယ်။
မျိုးနွယ်စုအကြီးအကဲတွေက သူမမှာ ထောက်ပံ့မှုမရှိတာကို မြင်တဲ့အခါ ဒီဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသမှာ သူမကို အနိုင်ကျင့်ပြီး အဆုံးမရှိ နှိပ်စက်ခဲ့ကြ၏။
ပေါင်ချန်သည် နှစ်သစ်ကူးတွင် သူမအတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးချင်ခဲ့တာကြောင့် အိမ်စောင့်တွေဆီကနေ သေလုနီးပါး အရိုက်ခံခဲ့ရသည်။
အစားအသောက်နဲ့အဝတ်အစားတွေက အမြဲတမ်း ရှားပါးခဲ့ပြီး ထင်းရှားပါးမှုကတော့ ပုံမှန်ပင်။ဒါပေမဲ့ သူမ ဖျားနာတဲ့အခါ အိမ်တော်က သမားတော်ခေါ်ခြင်း ဒါမှမဟုတ် ဆေးဝယ်ပေးခြင်းများ မလုပ်ပေးခဲ့ပေ။
နည်းနည်းလောက် အအေးမိတာကနေ စတင်ခဲ့ပေမယ့် သွေးချောင်းဆိုးခြင်းနှင့်အတူ အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုဖြစ်လာတဲ့အချိန်အထိ ကြာရှည်ခဲ့ရ၏။
သေစေနိုင်တဲ့ရောဂါ-ရွှယ်နင် အမှန်တရားကို သိတယ်။
ဒါက ဖျားနာမှု မဟုတ်ဘူး။
စုကျန်းပဲ။သူမ ရှိနေတာကို သူ သည်းမခံနိုင်တာကြောင့် တစ်ယောက်ယောက်ကို အဆိပ်ခတ်သတ်ဖို့ အမိန့်ပေးထားခဲ့တာ။ဒါမှ သူမ တိတ်တိတ်လေး သေသွားမှာ။
ဒါပေမဲ့ သူမက ခေါင်းမာမာနဲ့ ဘဝကို ကပ်တွယ်ထားပြီး သေဖို့ ငြင်းဆန်ခဲ့တယ်၊သူမရဲ့တည်ရှိမှုက သူ့မျက်လုံးတွေကို ထိခိုက်စေခဲ့တယ်။
အဲ့ဒါကြောင့် အခု သူ စောင့်နေတာ ပြီးဆုံးသွားခဲ့ပြီ။
သူက လူတွေလွှတ်ပြီး သူမကို သတ်ခိုင်းလိုက်ပြီ။
နာကျည်းမှုများက သူမကို လွှမ်းခြုံလာသည်။သူမရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျလာသည်အထိ သူမ ချောင်းဆိုးသွားသည်။
သူမ ငိုချင်ပေမယ့် မျက်ရည်မကျလာခဲ့ဘူး။
"အဟွတ်.....အဟွတ်...သူ ဘာလို့ ငါ့ကို....ဒီလို.....ဆက်ဆံရတာလဲ......."
အမှန်တရားကို လက်ခံဖို့ သူမ ငြင်းပယ်တာကို မြင်ရတော့ အစေခံမိန်းမကြီးက ညင်သာစွာ သက်ပြင်းချလိုက်သည်။
"သခင်မ၊ဒုက္ခပင်လယ်က အဆုံးမရှိပါဘူး၊နောက်ပြန်လှည့်ရင် ကမ်းကိုတွေ့လိမ့်မယ်"
"သခင်က အခု တော်ဝင်အစိုးရရုံးရဲ့အမတ်ချုပ်ဖြစ်နေပြီ။သူက ရှင့်လို မိဘမဲ့မိန်းမတစ်ယောက်က သူ့ဂုဏ်သိက္ခာကို စွန်းထင်းစေမှာမျိုး အဖြစ်ခံမှာ မဟုတ်ဘူး"
ရွှယ်နင်သည် ဖြည်းဖြည်းချင်း အသိပြန်ဝင်လာပြီး ခါးသက်သက်အပြုံးတစ်ခုကို ပြုံးလိုက်သည်။သူမျက်ဝန်းထဲမှ အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အစေခံခေါင်းဆောင်က ခေါင်းရမ်းလိုက်၏။ရွှယ်နင်က ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ ဆန္ဒမရှိသေးတာကို မြင်ရတော့ သူမက အခြားလူတွေကို အကြည့်တစ်ချက်ဖြင့် အချက်ပြလိုက်သည်။
သန်မာတဲ့အစေခံအမျိူးသမီးနှစ်ဦးက ရှေ့တိုးလာကြပြီး ရွှယ်နင်ကို ကြိုးများဖြင့် တင်းတင်းကြပ်ကြပ် စည်းနှောင်လိုက်သည်။
သူမမှာ ရုန်းကန်ဖို့ ခွန်အား ဒါမှမဟုတ် ဆန္ဒမရှိတော့ပေ။
အရာအားလုံး အဆင်ပြေသွားသည်နှင့် ခေါင်းဆောင်အမျိုးသမီးက အေးစက်စက် အမိန့်ပေးလိုက်သည်။
"သခင်မက သူ(မ)ရဲ့ကံကြမ္မာကို လက်မခံမှတော့ သခင့်ကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့တော့"
သူတို့၏ပုံရိပ်များက လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
ခဏအကြာမှာတော့ ကျယ်လောင်တဲ့မီးက ပေါက်ကွဲထွက်လာပြီး ပျက်စီးယိုယွင်းနေသော ခြံဝင်းကို လောင်ကျွမ်းသွားသည်။
ရွှယ်နင်သည် သူမရဲ့နှလုံးသား သေဆုံးသွားပြီး ဗလာဖြစ်သွားတာကို ခံစားမိသည်။သူမ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။
သူမ ရေးခဲ့တဲ့ စာများ ပတ်ပတ်လည်တွင်း မီးတောက်များ ကွေးညွှတ်နေကြသည်။အဖြူရောင်စက္ကူနှင့်မှင်မည်းများက ပြာများအဖြစ် ပြောင်းလဲသွားသည်။
လေတစ်ချက် တိုက်ခတ်သွားပြီးနောက် ပြာများက မည်းနက်နေတဲ့နှင်းများကဲ့သို့ ကျဆင်းလာကြသည်။ကောင်းကင်ဘုံက သူမရဲ့ မှားယွင်းတဲ့သစ္စာစောင့်သိမှုဘဝကို ဝမ်းနည်းသလိုပင်။
................
"သခင်မလေး ထပါတော့!"
ရွှယ်နင် လျင်မြန်စွာ ထိတ်လန့်သွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
သူမ ရှေ့မှာ အိပ်မက်ထဲက မြင်ကွင်းတစ်ခုလို ပန်းတွေနဲ့နှင်းတွေ ဝန်းရံထားသည့် ရေကန်ဘေးအဆောင်တစ်ခု ရှိနေသည်။
ဒါပေမဲ့.....သူမက မီးထဲမှာ သေသွားပြီ မဟုတ်ဘူးလား?
စုကျန်းက သူမကို ကွာရှင်းပြီး အခြားမိန်းမတစ်ယောက်နဲ့လက်ထပ်ဖို့ ရည်ရွယ်ထားတယ်လို့ စုမိသားစုက အကြာကြီးကတည်းက သူမဆီ စာပို့လာခဲ့တယ်။ဘယ်လိုပဲဖြစ်ဖြစ် သူမက ငြင်းဆန်ခဲ့တယ်။
နောက်ဆုံးတော့ စွန့်ပစ်ထားတဲ့ဇနီးသည်ကို နှစ်သစ်ကူးအထိ အသက်ရှင်ခွင့် မပေးချင်တာကြောင့် သူမကို အိမ်တော်ဟောင်းထဲမှာ မီးရှို့ပစ်ဖို့ အမိန့်ပေးခဲ့တယ်။
သူမ ဆက်ပြီးအသက်ရှင်ချင်တဲ့ဆန္ဒမရှိတာကြောင့် မခုခံခဲ့ဘူး။
ဒါပေမဲ့ မီးလျှံတွေက သူမအရေပြားကို လောင်ကျွမ်းစေတဲ့အခါ၊သူမရဲ့အသားတွေ လောင်ကျွမ်းနေတဲ့အသံကို ကြားရတဲ့အခါ၊နာကျင်မှုတွေက မခံမရပ်နိုင်အောင်ပင်။
မီးတောက်တွေက သူမရဲ့နောက်ကျောနဲ့ခန္ဓာကိုယ်ကို ဝါးမြိုလာတဲ့အချိန် သူမ ရှေ့ကို တွားသွားမိပြီး သူမစိတ်ထဲမှာ အမုန်းတရားတွေအပြည့်နဲ့ ငိုကြွေးနေခဲ့မိသည်။
စုကျန်းအတွက် အမုန်း။
ကံကြမ္မာအတွက် အမုန်း။
ပြီးတော့ သူမကိုယ်သူမ ပိုပြီးတော့တောင် မုန်းမိတယ်။
ကံကောင်းစွာဖြင့် သူမ လျင်မြန်စွာပဲ သတိလစ်သွားခဲ့၏။
အဲ့နောက်တော့ သူမ သေသွားခဲ့တယ်။
"သခင်မလေး အိပ်မက်ဆိုး မက်နေတာလား?"
ဝိုင်းစက်တဲ့မျက်နှာဖောင်းဖောင်းလေးတစ်ခုက အနားတိုးလာသည်။
ရွှယ်နင်၏နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်နေသည်။သူမ ဗလာဖြစ်စွာ စိုက်ကြည့်နေမိပြီး မတုံ့ပြန်နိုင်ချေ။
အသက်ရှင်နေသေးတဲ့ ပေါင်ချန်က သူမခေါင်းကို စောင်း၍ အသံတိုးကာ သတိပေးလာသည်။
"ဒီနေ့က သခင်မကျန်းရဲ့မွေးနေ့လေ။သခင်မလေး ဘာလို့ ဒီနေရာ လာပြီးတော့ တစ်ရေးအိပ်နေရတာလဲ။ဧည့်သည်တွေက ရှေ့ခန်းမမှာပဲ ရှိကြသေးတယ်။ပြီးတော့ သခင်လေး.....သူ အခုလေးတင် ပြန်ရောက်လာပြီ။ပြဇာတ်စင်နားမှာ ရောက်နေပြီ"
ရွှယ်နင် တောင့်တင်းသွားသည်။ပေါင်ချန်ကို ကြည့်လိုက်တယ်၊ဆယ်နှစ်ငယ်တယ်၊သူမ မတတ်နိုင်ဘဲ ပါးနုနုလေးကို ဆိတ်ဆွဲလိုက်သည်။
ပေါင်ချန်က နာကျင်စွာ အော်လိုက်၏။
ထိုအသံက ရွှယ်နင်ကို လက်တွေ့အခြေအနေဆီ သတိပြန်ဝင်လာစေသည်။
"သခင်မကျန်းရဲ့မွေးနေ့လား?"
"ဟုတ်ကဲ့"
"အမွေဆက်ခံသူ.....စံအိမ်ကို ပြန်လာပြီပေါ့?"
"ဒါပေါ့"
ပေါင်ချန်က သူမကို ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြလိုက်သည်။
"သခင်မလေး ကျွန်မကို ပြင်ဆင်ဖို့ ပြောထားတဲ့ကိစ္စတွေ အကုန်လုံး အဆင်သင့်ဖြစ်ပြီ"
ရွှယ်နင်ရဲ့အမူအရာ အလျင်အမြန်ပဲ ပြောင်းလဲသွားသည်။သူမ ထိုင်ခုံပေါ်ကနေ ထရပ်လိုက်၏။
"အိုး....မဟုတ်ဘူး!"
သူမ ပြန်မွေးဖွားလာခဲ့ပြီ- လွန်ခဲ့တဲ့ဆယ်နှစ်.......စုကျန်းကို သူမ ဆေးခတ်မယ့် အချိန်ပဲ။
သူမက အဲ့ဒီဆေးကို အပျော်အိမ်ကနေ ဝယ်ယူဖို့ ငွေအမြောက်အမြား အသုံးပြုခဲ့ရတယ်။
ယောကျာ်းတစ်ယောက်က အဲ့ဒီဆေးကို တစ်ခါသောက်မိသွားရင် နွားဆယ်ကောင်တောင် သူ့ကို မထိန်းထားနိုင်ဘူးဆိုတဲ့ ကောလဟာလများ ရှိသည်။
မိန်းမတစ်ယောက်နဲ့အိပ်တာကပဲ အဆိပ်ကို ဖြေဖျောက်ပေးနိုင်တယ်။
ဆေးခတ်ထားတဲ့ဝိုင်ကို ဆက်သလိုက်သည်နှင့် နတ်ဘုရားများတောင် အကျိုးဆက်များကို ပြင်နိုင်မည် မဟုတ်ပေ။
ဒီဘဝမှာတော့ သူမရဲ့အမှားတွေကို ထပ်မလုပ်တော့ဘူး။သူမ စုကျန်းနဲ့ လုံးဝ ပြန်ပြီးလက်ထပ်မှာ မဟုတ်ဘူး။
ပေါင်ချန်ရဲ့သတိပေးချက်ကို ကြားလိုက်ရတဲ့အခါ သူမစိတ်ထဲ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။သူမရဲ့စကတ်ကိုမ၍ ချောင်ဟွားအဆောင်သို့ ပြေးတော့သည်။