ရွှယ်နင်ရဲ့ မိသားစုဝင်အားလုံးဟာ စစ်မြေပြင်မှာ ကျဆုံးခဲ့ကြရသည်။ သူမက ရွှမ်းယီနယ်စားမင်းရဲ့ အိမ်တော်မှာ ကြီးပြင်းလာရင်း နယ်စားမင်းရဲ့သား... သူမရဲ့ ငယ်သူငယ်ချင်းဖြစ်သူ စုကျန်းကို အသည်းအသန် ချစ်မြတ်နိုးခဲ့မိသည်။ တစ်ကြိမ်မှာတော့ နွေဦးဝိုင်ထဲမှာ ဆေးခတ်ပြီး သူမရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းခဲ့ရာကနေ သူ့ရဲ့ ဇနီးသည် ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ စုကျန်းက အာဏာစက်ပြင်းထန်တဲ့ အမတ်ချုပ် ဖြစ်လာခဲ့သည်။ သူတို့ဇနီးမောင်နှံက သူစိမ်းတွေလိုပဲ တစ်ယောက်ကိုတစ်ယောက် ရိုသေလေးစားကြတာကြောင့် ဒါကိုပဲ တုန်းကျင်းမြို့တော်ကလူတွေက လှပတဲ့အချစ်ပုံပြင်တစ်ပုဒ်လို့ ထင်မှတ်ခဲ့ကြ၏။ မိဘမဲ့မိန်းကလေးတစ်ယောက်အနေနဲ့ အမတ်ချုပ်ကြီးလို လူမျိုးနဲ့ လက်ထပ်ရတာက အမြင့်မြတ်ဆုံး ဂုဏ်ကျက်သရေတစ်ခုလို့ လူတိုင်းက ပြောကြပေမယ့်... အေးစက်တဲ့ ညပေါင်းများစွာကို သူမ ဘယ်လိုအထီးကျန်စွာ ဖြတ်သန်းခဲ့ရသလဲဆိုတာကိုတော့ သူမကိုယ်တိုင်ပဲ သိတယ်။ စုကျန်းရဲ့ နှလုံးသားထဲမှာတော့ ဘယ်တော့မှ မေ့ဖျောက်လို့မရတဲ့ လရောင်ဖြူလေး ရှိနေခဲ့တယ်။ သူက ရွှယ်နင်ကို တစ်ခါမှ မချစ်ခဲ့ရုံတင်မကဘဲ... သူမကိုယ်တိုင် သူ့အနားရောက်အောင် ကြံစည်ခဲ့တဲ့ နည်းလမ်းတွေကြောင့် ရွှယ်နင်ကို အမြဲတမ်း အထင်အမြင်သေး မုန်းတီးနေခဲ့တာပင်။ နောက်ဆုံးမှာတော့ သူက ရွှယ်နင်ကို တောရွာက အိမ်ဟောင်းလေးမှာ (၅) နှစ်တိုင်တိုင် ပစ်ထားခဲ့သည်။သူမ မြို့တော်ကအိမ်တော်ဆီ စာတွေ တစ်စောင်ပြီးတစ်စောင် ပို့ခဲ့ပေမယ့် ဘယ်တော့မှ အကြောင်းပြန်စာ မရရှိခဲ့ပေ။ အထီးကျန်စွာနဲ့ အကူအညီမဲ့နေတဲ့ ရွှယ်နင်ဟာ မီးလောင်မှုတစ်ခုအတွင်းမှာ နာကျည်းမှု၊ခံရခက်မှုတွေနဲ့အတူ သေဆုံးသွားခဲ့သည်။ ကံကြမ္မာအလှည့်အပြောင်းကြောင့် နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာတဲ့အခါမှာတော့... ရွှယ်နင် ပထမဆုံးလုပ်ခဲ့တဲ့အလုပ်က စုကျန်းအတွက် ပြင်ဆင်ထားတဲ့ နွေဦးဝိုင်ခွက်ကို ရိုက်ခွဲပစ်လိုက်တာပင်။ ပြီးနောက် သူမက သူမအတွက် အလိုက်ဖက်ဆုံးဖြစ်မယ့် စေ့စပ်ထားသူတစ်ယောက်ကို ဂရုတစိုက် ရွေးချယ်ခဲ့သည်။ ဆွေမျိုးတွေစုံလင်တဲ့ မိသားစုစားပွဲတစ်ခုမှာ ရွှယ်နင်က သူမရဲ့ စေ့စပ်ထားသူရဲ့ လက်မောင်းကို ချိတ်ပြီး စုကျန်းရှေ့ကို လျှောက်သွားခဲ့၏။ "အမတ်ချုပ်ကြီး... ဒါက ကျွန်မရဲ့ စေ့စပ်ထားသူပါ။ သူ့ကို ရာထူးတိုးပေးဖို့ မမေ့ပါနဲ့ဦး..." အမြဲတမ်း အေးစက်တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အမတ်ချုပ်ကြီးက ဒီစကားကို ကြားလိုက်ရတဲ့အခါမှာတော့... ရုတ်တရက် နောင်တတရားတွေနဲ့အတူ ရင်ထဲမှာ မီးဟုန်းဟုန်းတောက်သွားသလို ခံစားလိုက်ရသည်။ သူ့ရဲ့မျက်ဝန်းများက နီမြန်းလာပြီး ငိုရှိုက်သံနဲ့အတူ ဝမ်းနည်းကြေကဲစွာ ပြောလိုက်သည်။ "ရွှယ်နင်... ကိုယ်ပါ... မင်းနဲ့ အရင်ဆုံး ဆုံတွေ့ခဲ့တာက ကိုယ်ပါ!"

