← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) အကုန်သေပြီ

သူမက စိတ်တိုသွားကာ သူ့ပေါင်ကြားကို အားကုန်ကန်ချလိုက်၏။

ထိုလူသည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားပြီးနောက် ဒေါသတကြီးဖြင့် သူမ၏ကော်လာကို လှမ်းဆွဲရန် ရှေ့သို့တိုးလာခဲ့သည်။

သူမလည်း ထိတ်လန့်တကြား ခေါင်းငုံ့ကာ ရှေ့သို့ပြေးထွက်သွားရာ ထင်းရှူးရနံ့သင်းနေသော နွေးထွေးသည့် ရင်ခွင်တစ်ခုထဲသို့ ဝင်တိုက်မိမှသာ ရပ်တန့်သွားတော့သည်။

သူမက လက်ဝါးအရွယ်အစားသာရှိသည့် သွယ်လျသောမျက်နှာလေးကို မော့ကာ အမောတကောဖြင့် သူမရှေ့မှ အမျိုးသားကို မော့ကြည့်လိုက်သည်။

"လီချန်ချဲ့၊ ရှင်လား..."

ထိုအမျိုးသား ခေါင်းမညိတ်ရသေးခင်မှာပင် တစ်စုံတစ်ယောက်က သူမကို အားနှင့် ဆွဲခေါ်သွားသလို ခံစားလိုက်ရသည်။

သူမ ရုတ်တရက် လန့်နိုးလာပြီး ဗာဒံစေ့ပုံစံ မျက်လုံးများ ပွင့်လာသည်။

သစ်ကိုင်းပေါ်တွင် နားနေသော ငှက်ကျားများ ပန်းထိုးထားသည့် ထူထဲသော ကုတင်ဇာခြင်ထောင်ကို မြင်လိုက်ရ၏

သူမ မျက်လုံးကို ခဏမှိတ်ပြီး ပြန်ဖွင့်ကြည့်လိုက်မှ ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

ကုတင်ဘေးတွင်တော့ သွယ်လျလှပသော အမျိုးသမီးတစ်ဦး ထိုင်နေ၏။

သူမ လှုပ်ရှားလိုက်သည်နှင့် ထိုအမျိုးသမီး၏ မျက်လုံးများက ဝမ်းသာအားရ အရောင်လဲ့သွားသည်။

"အစ်မ ရွှယ်နင်၊ အခုမှပဲ သတိရလာတော့တယ်။ ဒီရက်ပိုင်း ညီမ ဘယ်လောက်တောင် စိတ်ပူနေရလဲ အစ်မသိရဲ့လား"

ရွှယ်နင်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

သူမ ချီယွင်ဆောင်ရှိ သူမ၏ ကိုယ်ပိုင်အိပ်ဆောင်သို့ ပြန်ရောက်နေပြီပဲ။

"မင်းသမီးက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ..."

"အစ်မကို စိတ်ပူလို့ နေ့တိုင်း လာကြည့်နေတာလေ။"

ရွှယ်ယန်ရန်၏ မျက်လုံးများမှာ နီရဲနေသည်။ ရွှယ်နင်ကို ကယ်တင်ခဲ့တဲ့နေ့က သူမက မင်းသမီးကြီးအိမ်တော်မှ နယ်စားအိမ်တော်သို့ လာရောက်ကြည့်ရှုခဲ့သည်။ ရွှယ်နင်၏ကိုယ်ပေါ်ရှိ ဒဏ်ရာများကို မြင်တွေ့ရတဲ့အခါ သူမ၏နှလုံးသားမှာ ပြင်းပြင်းထန်ထန် နာကျင်ခဲ့ရ၏။ သူမက ရွှယ်နင်ရဲ့ ကုတင်ဘေးတွင် ညတစ်ဝက်နီးပါး ငိုကြွေးနေခဲ့သည်။ ယခုတော့ ကံကောင်းထောက်မစွာဖြင့် ရွှယ်နင် သတိရလာလေပြီ။

သူမက ရွှယ်နင် ထိုင်နိုင်ရန် ဂရုတစိုက် တွဲကူပေးလိုက်သည်။

"နန်းတော်က သမားတော်ကြီး လာကြည့်သွားပြီးပြီ။ အစ်မရဲ့ ဒဏ်ရာတွေကိုလည်း ဆေးထည့်ပေးထားတယ်။ အခုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ အိမ်တော်မှာပဲ အေးအေးဆေးဆေး နားပြီး ကျန်းမာရေးပြန်ကောင်းအောင် နေလိုက်ပါ။"

ရွှယ်နင်က မေးလိုက်သည်။

"သမားတော်ကြီးကို မင်းသမီး ခေါ်ပေးခဲ့တာလား"

ရွှယ်ယန်ရန် ပြုံးလိုက်သည်။

"ဟုတ်တယ်၊ မယ်တော့်ဆီက ခွင့်ပြုချက်တောင်းခဲ့တာ။ မယ်တော်က အစ်မကို ဆုချဖို့တောင် သဘောတူလိုက်သေးတယ်။ ဟိုမှာကြည့်၊ အဲဒါတွေအကုန်လုံးက အစ်မ အရင်က ညီမကို ကူညီခဲ့တဲ့အတွက် မယ်တော်က ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်တွေလေ။"

ရွှယ်နင်က ရိုးသားစွာ ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် မင်းသမီး"

ရွှယ်ယန်ရန်က အားနာတဲ့အပြုံးဖြင့် ပြုံးလိုက်ရင်း မျက်တောင်များတွင် မျက်ရည်များ တွဲခိုနေသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး။ ဒီတစ်ခေါက် အစ်မကသာ ညီမကို ကူညီခဲ့တာလေ။ မဟုတ်ရင် ညီမ အသက်ရှင်နိုင်ပါ့မလား မသိဘူး—"

ရွှယ်နင်က ညင်သာစွာ ပြုံးပြကာ နှစ်သိမ့်ပေးလိုက်၏။

"ရပါတယ် မင်းသမီးရယ်၊ မငိုပါနဲ့။ အခု ကျွန်မ အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာပြီပဲ မဟုတ်လား။"

ပေါင်ချန်လည်း အခန်းထဲမှ အသံများကြားသဖြင့် အခန်းကန့်လန့်ကာနောက်ကွယ်မှ ထွက်လာရာ သူမ၏ မျက်လုံးများက သစ်ကြားသီးများကဲ့သို့ ဖောင်းအစ်နေသည်။

သူမက ဘေးတွင် တိတ်တဆိတ် ရပ်နေရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျနေသော်လည်း ဘာလုပ်ရမှန်း မသိဖြစ်နေသည်။

မိန်းကလေး အပြစ်ရှိသလို ခံစားနေရမှန်း ရွှယ်နင် သိတာကြောင့် အားနည်းစွာဖြင့် လှမ်းခေါ်လိုက်သည်။

"ပေါင်ချန်... ဒီကိုလာခဲ့။"

ထိုအခါမှသာ ပေါင်ချန်သည် မျက်လုံးများ နီရဲလျက် ကုတင်ဘေးသို့ ရှိုက်ငိုကာ လျှောက်လာသည်။

"သခင်မလေး... အားလုံးက ကျွန်မအမှားတွေပါ။"

ရွှယ်နင်က အားကိုးရာမဲ့စွာ ပြုံးလိုက်ပြီး ကောင်မလေး၏ ပြည့်ဖောင်းနေတဲ့ ပါးပြင်ကို ဆွဲလိမ်လိုက်သည်။

"နင့်အမှားက ဘာဆိုင်လို့လဲ။ ငါ့ဘာသာ လုပ်ခဲ့တာပါ။ ကံကောင်းလို့ နင့်သခင်မလေးက အသက်ရှင်ချင်စိတ် ပြင်းပြနေတာ။ ဘေးအန္တရာယ်ကြီးကနေ လွတ်မြောက်လာတယ်ဆိုတာ ရှေ့ဆက်ပြီး ကံကောင်းမှုတွေ ရောက်လာတော့မယ်လို့ ဆိုလိုတာပဲ။ နင့်သခင်မလေးအတွက် အကြီးမားဆုံး ကောင်းချီးတွေ ရောက်လာတော့မှာပါ။"

ထိုနေ့က ထျန်းယွမ်တောင် ချောက်ကမ်းပါးပေါ်တွင် ရှီဇီက သူမရဲ့သခင်မလေးကို ကယ်တင်ဖို့ လက်လျှော့ခဲ့ကြောင်း၊ ထို့ကြောင့်သာ သခင်မလေးက ချောက်ထဲခုန်ချခဲ့ရခြင်းဖြစ်ကြောင်း ပေါင်ချန် နောက်မှသာ သိခွင့်ရခဲ့သည်။

ထိုအချိန်မှစပြီး သူမက ရှီဇီ၏နာမည်ကို တစ်ခွန်းမှပင် ပြန်မဟတော့ပေ။

သူမက နိမ့်ကျတဲ့ အစေခံတစ်ဦးသာ ဖြစ်ပေမယ့် မြင့်မြတ်တဲ့ စုကျန်းကို အရမ်းရွံရှာမုန်းတီးမိတယ်။ သခင်မလေးရဲ့အသက်ထက် ထိုသက်သေအထောက်အထားကို ပိုတန်ဖိုးထားခဲ့သည့်အတွက် သူ့ကို အကြီးအကျယ် နာကျည်းတယ်။

အရင်က သခင်မလေးက သူ့အပေါ် မေတ္တာရှိခဲ့ဖူး၍သာ သူမလည်း သူ့အပေါ် မျှော်လင့်ချက်အချို့ ထားခဲ့မိတာ။

အခုတော့ သခင်မလေး နယ်စားမင်းအိမ်တော်ကနေ အမြန်ဆုံးထွက်ခွာပြီး ကျန်ရှိတဲ့ဘဝတစ်လျှောက် စုကျန်းနှင့် ဘာဆိုဘာမှ မပတ်သက်ရုံဖြင့်ပင် တော်လှပြီ!!!

ရွှယ်နင် နိုးလာသည့်သတင်းက ရွှမ်းယီနယ်စားမင်းအိမ်တော်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

နေမကောင်းဖြစ်နေဆဲဖြစ်သော သခင်မကျန်းပင်လျှင် သူမကိုတွေ့ရန် ချီယွင်ဆောင်သို့ အားတင်း၍ ရောက်ရှိလာခဲ့သည်။

ကုတင်ဘေးသို့ ရောက်၍ ရက်ပိုင်းအတွင်း မှတ်မိရခက်လောက်အောင် ပိန်ချောင်သွားတဲ့ ရွှယ်နင်၏ မျက်နှာလေးကို မြင်လိုက်ရသည်နှင့် သခင်မကျန်း၏ မျက်ရည်များ တဖြောက်ဖြောက် ကျလာတော့သည်။ ရင်ထဲတွင် ရှုပ်ထွေးဆို့နင့်ဖွယ် ခံစားချက်တို့ ပြည့်နှက်နေရင်း ရွှယ်နင်၏ ဖြူဖျော့နေသော မျက်နှာလေးကို ထိတွေ့ရန် တုန်တုန်ရင်ရင်ဖြင့် လက်လှမ်းလိုက်မိသည်။

ရွှယ်နင်က သူမ၏ အေးစက်နေတဲ့ လက်တစ်ဖက်ကို ဖမ်းဆုပ်ကာ ပါးပြင်ပေါ်သို့ အသာအယာ တင်ပေးလိုက်သည်။

"အမေ... မကြောက်ပါနဲ့တော့။ သမီး အသက်ရှင်နေသေးတယ်လေ။"

ထိုစကားတစ်ခွန်းတည်းနှင့်ပင် သခင်မကျန်း၏ နှလုံးသားတစ်ခုလုံး ကြေကွဲပျက်စီးသွားသည်။

"စုကျန်းက သမီးအပေါ်ကို အကြီးအကျယ် မှားခဲ့တာပါ နင်နင်ရယ်။ သမီး ဘာပဲလိုချင်လိုချင် အမေ့ကိုသာ ပြောပါ။"

ရွှယ်နင်၏ အသံမှာ ဆောင်းရာသီမှ နှင်းမြူမှုန်လေးတစ်ခုကဲ့သို့ တိုးညှင်းအေးစက်နေ၏။

"အမေ... သမီး ဒီကနေ စောစောထွက်သွားချင်ပါတယ်"

သခင်မကျန်းက သည်းထန်စွာ ငိုကြွေးသည်။

"ကောင်းပြီ... အမေ ကတိပေးပါတယ်"

ရွှယ်နင်က မျက်ရည်များကြားမှ ပြုံးလိုက်၏။

"ကျေးဇူးတင်ပါတယ် အမေ"

သခင်မကျန်းက မျက်ရည်စက်လက်ဖြင့် ထပ်ခါတလဲလဲ ပြောသည်။

"နင်နင်... သမီး အသက်ရှင်နေတာနဲ့တင် တော်ပါပြီ။ မဟုတ်ရင် အမေ သေရင်တောင် သမီးရဲ့ အမေအရင်းကို ဘယ်လိုမျက်နှာနဲ့ သွားတွေ့ရပါ့မလဲ။"

သခင်မကျန်း၏ မျက်ရည်များကို မြင်ရတဲ့အခါ ရွှယ်နင် ရင်ထဲ စို့နင့်သွားရသည်။

သူမ ချောက်ထဲခုန်ချခဲ့စဉ်က သူမကိုယ်သူမအတွက် ထွက်ပေါက်တစ်ခု ရှာခဲ့ခြင်းသာဖြစ်ပြီး ဘယ်သူ့ကိုမှ စိတ်ဆင်းရဲစေရန် ရည်ရွယ်ခဲ့တာ မဟုတ်ပေ။

သခင်မကျန်းက သူမအပေါ် အမြဲတမ်း စိတ်ရင်းဖြင့် ကောင်းမွန်စွာ စောင့်ရှောက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် စုကျန်းက သူမကို စွန့်ပစ်ခဲ့သည်ဆိုရုံနှင့် သခင်မကျန်းအပေါ် နာကျည်းရန် သို့မဟုတ် စိမ်းကားသွားရန် အကြောင်းမရှိပေ။

ထို့ကြောင့် သူမက ဘယ်လောက်ပဲ ဝေးကွာသွားပါစေ ရွှယ်နင်က သခင်မကျန်း၏ သမီးအဖြစ် အမြဲတမ်း တည်ရှိနေမည် ဖြစ်ကြောင်း နှစ်သိမ့်လိုက်သည်။

သခင်မကျန်း၏ ရင်ဘတ်ထဲ ပို၍ပင် ဆို့နင့်လာရသည်။ အတန်ကြာ ငိုကြွေးပြီးနောက် သူမက လေးနက်စွာ ဆုံးဖြတ်လိုက်၏။

"နွေဦး တော်ဝင်စာမေးပွဲကြီး ပြီးတာနဲ့ အမေ သမီးကို လက်ထပ်ဖို့ စီစဉ်ပေးမယ်"

ရွှယ်ယန်ရန်ကလည်း ရိုးသားဖြူစင်တဲ့ မျက်လုံးဝိုင်းလေးများဖြင့် မေးလာသည်။

"အစ်မ ရွှယ်နင်က လက်ထပ်တော့မှာလားဟင်"

ရွှယ်နင်က ပြုံး၍ ခေါင်းညိတ်လိုက်စဉ်မှာပင် သူမ၏ ဗိုက်ထဲမှ တဂွီဂွီဖြင့် ဆာလောင်သံ ထွက်ပေါ်လာတော့သည်။

သခင်မကျန်းသည် မျက်ရည်ကြားမှ ရယ်မောမိသွားပြီး မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ကာ အစာကြေလွယ်မည့် အစားအစာများ ပြင်ဆင်ပေးရန် အစေခံများကို ချက်ချင်း အမိန့်ပေးလိုက်သည်။

နှစ်သစ်ကူးအကြိုညမှသည် ယနေ့ဆိုလျှင် နှစ်သစ်၏ ဆယ်ရက်မြောက်နေ့သို့ပင် ရောက်ရှိနေပြီ။

အရာအားလုံး ဆန်းသစ်ပြောင်းလဲကာ အစပျိုးခြင်းအသစ်သို့ ကူးပြောင်းနေပြီ ဖြစ်၏။

သို့သော် ရွှမ်းယီနယ်စားမင်းအိမ်တော်၏ နှစ်သစ်ကူးကာလကမူ အေးချမ်းခြင်း မရှိခဲ့ပေ။

ရွှယ်နင်နှင့် မင်းသမီးယန်ရန်တို့ အတူတကွ ပြန်ပေးဆွဲခံရသည့် သတင်းက တစ်ပြည်လုံးသို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။

ရွှယ်နင်သည် ထိုကိစ္စအတွက် အသက်နှင့်ရင်း၍ ကြီးလေးစွာ ပေးဆပ်ခဲ့ရပြီး ကုတင်ပေါ်တွင် ရက်အတော်ကြာ အိပ်ရာထဲလဲနေပြီးမှသာ တဖြည်းဖြည်း အားပြန်ပြည့်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် မင်းသမီးကြီး၏ ဩဇာအာဏာက ကြီးမားသလို မင်းသမီးလေးဟာလည်း စုကျန်း၏ အချိန်မီကယ်တင်မှုကို ခံခဲ့ရသည်။ ရွှယ်နင်ကိုယ်တိုင်လည်း ချောက်ထဲသို့ ခုန်ချခဲ့ခြင်းကြောင့် ဘယ်သူမှ ကွယ်ရာ၌ အတင်းအဖျင်း မပြောရဲကြပေ။

ထို့အပြင် ရွှယ်နင်သည် မင်းသမီးကို ကာကွယ်ပေးခဲ့တဲ့ သူရဲကောင်းဆန်သော လုပ်ရပ်ကြောင့် ဧကရာဇ်မင်းမြတ်၏ ချီးကျူးမြှောက်စားခြင်းကိုပင် ခံခဲ့ရသေး၏။

ယန်ရှီက လုစစ်လင်ကို ခေါ်ဆောင်ကာ လာရောက်ကြည့်ရှုခဲ့သလို ဝေ့မိသားစုကလည်း ရောက်ရှိလာခဲ့ကြသည်။ လူအများအပြားက ရွှယ်နင်အပေါ် စိတ်ပူပန်ပေးကြသော်လည်း စုကျန်းတစ်ယောက်သာလျှင် ချီယွင်ဆောင်သို့ ခြေတစ်လှမ်းမျှပင် လာရောက်ခြင်း မရှိခဲ့ပေ။

ထိုဓားပြများနှင့် ပတ်သက်၍မူ သခင်မကျန်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ လေးနက်စွာ ပြောပြလာသည်။

"သူတို့ကို ရှာတော့တွေ့ပါပြီ။ ဒါပေမဲ့ တွေ့တဲ့အချိန်မှာ အကုန်လုံး သေနေကြပြီ။ ဓားပြဗိုလ်က ခေါင်းဖြတ်ခံထားရပြီး ကျန်တဲ့လူတွေလည်း လက်ခြေတွေ အဖြတ်ခံထားရတယ်။ စစ်ဆေးမေးမြန်းဖို့တောင် အချိန်မရလိုက်ဘူး။ ဒါပေမဲ့ အခုတော့ အဲဒီအမှုကို မင်းသမီးကြီးရဲ့ လူတွေက လွှဲပြောင်းယူသွားပြီဆိုတော့ မကြာခင် အမှန်တရား ပေါ်လာမှာပါ။ အတိတ်ကကိစ္စတွေကို စိတ်ထဲမထားပါနဲ့တော့ နင်နင်ရယ်၊ ဒဏ်ရာတွေ သက်သာအောင်ပဲ အနားယူပါ။"

ရွှယ်နင် ဆွံ့အသွားတယ်။

"အကုန်လုံး... သေကုန်ပြီလားဟင်"

သခင်မကျန်းက ခေါင်းညိတ်ပြသည်။

"တစ်ယောက်မှ မကျန်ဘူး။ သေတာတောင်မှ အတော်လေးကို ရက်ရက်စက်စက် သေကြတာ... အငြိုးအတေးနဲ့ လက်စားချေခံရသလိုမျိုးပဲ။ သမီး သတိမရခင်က အပြင်မှာ လူတွေ တော်တော်လေး ထိတ်လန့်ကုန်ကြတယ်။ သမီးမိန်းကလေးရှိတဲ့ အိမ်တွေဆိုရင် အခု ပိုပြီးတော့တောင် ဂရုစိုက်နေကြရတယ်"

ရွှယ်ယန်ရန်က ရိုးသားဖြူစင်သော မျက်နှာလေးဖြင့် ပြောလိုက်သည်။

"သူတို့က သေထိုက်တဲ့ လူယုတ်မာကြီးတွေပဲဟာ။ တစ်စုံတစ်ယောက်က သတ်ပေးလိုက်ပြီဆိုတော့ ကျွန်မတို့လည်း လက်စားချေဖို့ လိုက်ရှာမနေရတော့ဘူးပေါ့"

ရွှယ်နင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ အသက်ရှူသံများပင် မြန်ဆန်လာသည်။

ဘယ်သူ့လက်ချက်ဖြစ်မယ်ဆိုတာကို သူမ ခပ်ရေးရေး ခန့်မှန်းမိလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ထိုဓားပြများက မင်းသမီးယန်ရန်ကို လုံးဝ မထိပါးခဲ့သင့်ဘူး။

သို့သော် သူက ဤမျှအထိ ရက်စက်ကြမ်းကြုတ်သည့် လူစားမျိုး ဖြစ်လိမ့်မည်ဟု သူမ လုံးဝ မတွေးမိခဲ့ဖူးချေ။

တွေးကြည့်လျှင်လည်း ဟုတ်ပါတယ်။ နောင်တစ်ချိန်မှာ တစ်တိုင်းပြည်လုံး၏ အမြင့်ဆုံးအာဏာပိုင် စစ်ဆေးရေးမှူးချုပ် ဖြစ်လာမယ့်သူက ဘယ်လိုလုပ် နူးညံ့သိမ်မွေ့တဲ့ သာမန်လူတစ်ယောက် ဖြစ်နိုင်မှာလဲ။

သူမ တစ်ကိုယ်လုံး တုန်ရီသွားကာ လည်ပင်းနောက်ကျောဆီမှ စိမ့်ခနဲ အေးမြမှုကို ခံစားလိုက်ရတော့သည်။

All Chapters