အခန်း ၂၁၀
Vol. 21 Ch. 210
အခန်း (၂၁၀) - သူမကို သတ်လိုက်
"ထားလိုက်တော့၊ နင့်လို တုံးအတဲ့ မိန်းကလေးကို ပြောမပြတတ်တော့ဘူး။"
ချင်ဆုန့်ယင်က ရွှယ်ယန်ရန်ကို စိတ်ပျက်ဒေါသထွက်စွာ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ အေးစက်သော အကြည့်များကို ရွှယ်နင်ထံသို့ ရွှေ့ကာ ခပ်ဟဟ ရယ်မောလိုက်သည်။
"မင်းက ရွှယ်နင် ဆိုတာလား"
ရွှယ်နင်က နူးညံ့ညင်သာစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် မင်းသမီးကြီး၊ ကျွန်မပါ"
ချင်ဆုန့်ယင်က သူမကို ပေါ့ပေါ့ဆဆ အကဲခတ်လိုက်ရင်း ရင်ထဲတွင် ရွံရှာမှုတစ်ရပ် ဖြစ်ပေါ်လာသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ထျန်းယွမ်တောင်မှာ မင်း ချောက်ကမ်းပါးပေါ်က ခုန်ချသွားတယ်လို့ ကြားတယ်။ ဘာဒဏ်ရာမှ မရဘဲ လွတ်လာလိမ့်မယ်လို့ မထင်ထားဘူး။ တကယ်ပဲ ကံကောင်းတဲ့သူပဲ။"
မင်းသမီးကြီး၏ စကားထဲမှ ခနဲ့တဲ့တဲ့ လေသံကို ရွှယ်နင် ကြားနိုင်ပြီး သူမကို ဘာလို့ မုန်းတီးနေရတာလဲဆိုတာကိုလည်း နားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသမီးလေး တိုက်ခိုက်ခံရတဲ့ ညက သူမက ခြံဝင်းထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်လေ။ ထိုအချိန်တုန်းက သူမကိုယ်တိုင် ဒဏ်ရာရခဲ့ပေမယ့် မိခင်တစ်ယောက်အနေဖြင့် မင်းသမီးကြီးက သူမသမီးကို အန္တရာယ်ဖြစ်စေမည့် ဘယ်သူ့ကိုမဆို သဘာဝအရ နာကြည်းနေမည်သာ။
မင်းသမီးကြီးက သူမကို သဘောကျလာစေရန် မမျှော်လင့်ထားပေ။ အမှားအယွင်း တစ်ခုမျှ မဖြစ်ရန်သာ သူမ မျှော်လင့်မိ၏။
ရွှယ်နင်က တည်ငြိမ်ပြီး ရိုသေမှုအပြည့်ပါသော အပြုံးတစ်ခုဖြင့်-
"အရာအားလုံးက မင်းသမီးလေးနဲ့ အရှင်မင်းသမီးကြီးတို့ရဲ့ ကောင်းချီးတွေကြောင့်ပါ"
ချင်ဆုန့်ယင်က မဲ့ပြုံးပြုံးလိုက်သည်။ ရွှယ်နင်၏ မျက်နှာကို စိုက်ကြည့်နေစဉ် သူမ၏ ချွန်ထက်သော လက်သည်းများက လက်ပွေ့အိတ်အတွင်းရှိ လက်ဖဝါးထဲသို့ စိုက်ဝင်သွား၏။
"ယန်ရန်က မင်းကို သဘောကျနေမှတော့ ညစာစားပြီးမှ ပြန်ပါလား"
"မင်းသမီး၊ ကျွန်မ..."
"အရမ်းကောင်းတာပဲ"
ရွှယ်ယန်ရန်က အခွင့်အရေးကို ဆုပ်ကိုင်ကာ ရွှယ်နင်၏ လက်မောင်းကို အမြန်ချိတ်လိုက်သည်။
"အစ်မ ရွှယ်နင်၊ ခဏလောက် နေပါဦးနော်။ အစ်ကို အားချဲ့ကိုပါ လာခဲ့ဖို့ လူလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်"
ရွှယ်နင်က စကားပြောချင်သော်လည်း တုံ့ဆိုင်းကာ မြိုသိပ်ထားလိုက်သည်။
သို့သော် ရွှယ်ယန်ရန်က ငြင်းဆန်မှုကို လက်မခံပေ။
သူမက ရွှယ်နင်ကို မင်းသမီးကြီးစံအိမ်၏ ဧည့်ခန်းမဆောင်ဆီသို့ ဆွဲခေါ်သွား၏။
"အစ်မ မသိလို့ပါ၊ ညီမအမေက တစ်ယောက်ယောက်ကို ထမင်းစားဖို့ ဖိတ်ခေါ်တာ ရှားတယ်။ အစ်မက ပထမဆုံးပဲ၊ ဆိုလိုတာက မယ်တော်က အစ်မကို တကယ် သဘောကျနေတာ"
သဘောကျတာလား။ မဖြစ်နိုင်ပါ။
အနည်းဆုံးတော့ မင်းသမီးထံမှ မည်သည့် စေတနာကိုမျှ သူမ မခံစားရချေ။
သခင်မကြီးရှဲ့တို့နှင့် မတူဘဲ သူမအပေါ်ထားရှိသော မင်းသမီး၏ အကြည့်များက သိသာထင်ရှားသော ရန်လိုမှုများဖြင့်သာ ပြည့်နှက်နေသည်။
ရွှယ်ယန်ရန်က သူမကို ခန်းမထဲရှိ ထိုင်ခုံတစ်ခုပေါ် တွန်းထိုင်ခိုင်းလိုက်စဉ် ရွှယ်နင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။
"ဒီနေ့ မီးဖိုချောင်က ဘာချက်လဲ သွားကြည့်လိုက်ဦးမယ်။ အစ်မ ဘာစားချင်လဲ။ အစ်မအတွက် သီးသန့် ချက်ခိုင်းလိုက်မယ်။ အို... အစ်ကို အားချဲ့ တစ်ခါပြောဖူးတာကို သတိရသွားပြီ။ ဒီမှာ ခဏစောင့်နေနော်၊ အစ်မအတွက် အရက်ချိုနဲ့လုပ်ထားတဲ့ ကောက်ညှင်းလုံးလေးတွေ သွားလုပ်ခိုင်းလိုက်ဦးမယ်"
ရွှယ်နင်က မလိုပါဘူးဟု ပြောရန် ပါးစပ်ဟလိုက်သော်လည်း ရွှယ်ယန်ရန်မှာ ယုန်တစ်ကောင်ထက်ပင် မြန်ဆန်စွာ ပြေးထွက်သွားလေပြီ။
သူမ ခပ်ဟဟသာ ပြုံးလိုက်မိ၏။ သတိထားမိချိန်တွင်တော့ ကျယ်ဝန်းသော ခန်းမကြီးထဲ၌ သူမတစ်ယောက်တည်းသာ ကျန်ရှိနေတော့သည်။
တံခါးအပြင်ဘက် စင်္ကြံတစ်လျှောက်တွင်မူ အစေခံများနှင့် အလုပ်သမားများက မျက်စိတစ်ဆုံး ရပ်နေကြပြီး သူတို့၏ မျက်နှာထားများက တင်းမာကာ ချဉ်းကပ်ရခက်သည်။ သူတို့က အလွယ်တကူ ကိုင်တွယ်၍ရမည့်သူများ မဟုတ်ကြောင်း သိသာထင်ရှားနေ၏။
ကံကောင်းထောက်မစွာဖြင့် သူမက ပေါင်ချန်ကို အားချဲ့ဆီ သွားခေါ်ခိုင်းထားပြီးဖြစ်သလို၊ မင်းသမီးယန်ရန်ကလည်း အားချဲ့ကို ဖိတ်ခေါ်မည်ဟု ပြောခဲ့သည်။
ထို့ကြောင့် သူမ၏ တင်းမာနေသော စိတ်အာရုံများ အနည်းငယ် ပြေလျော့သွားသည်။ သူမက နှင်းဆီသစ်သား ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး ရွှယ်ယန်ရန်၏ အဆိုပြုချက်ကို စတင်စဉ်းစားတော့သည်။
မင်းသမီးလေးကို မယားငယ်အဖြစ် ထားရှိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပင်။
သို့သော် သူမနှင့် ထိုအမျိုးသားတို့မှာ အိမ်ထောင်သက်တမ်း နုနယ်သေးသော ကြင်စဦးကာလတွင်သာ ရှိနေသေးသဖြင့် ဇနီးကြီးနေရာကို ဖယ်ပေးရန်အတွက် အားချဲ့ထံမှ ကွာရှင်းခွင့် တောင်းဆိုရန်မှာ ယခုအချိန်၌ မသင့်တော်ပေ။
ဒီကိစ္စက အလွန်အရေးကြီးတယ်။ စံအိမ်သို့ ပြန်ရောက်သည့်အထိ စောင့်ဆိုင်းပြီး လီချန်ချဲ့နှင့် တိုင်ပင်ကာ သူ ဘာလုပ်ချင်သလဲဆိုတာကို ကြည့်ရုံပဲ တတ်နိုင်တော့တယ်။
အကယ်၍ သူက သူမ ဖယ်ပေးမယ့်အချိန်ကို မစောင့်နိုင်ဘူးဆိုလျှင်... သူမ သဘောတူလိုက်ဖို့များပါတယ်။
ဒါပေမဲ့ သူမက ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ပြန်သွားနိုင်တော့မှာ မဟုတ်ဘူး။ မထွက်ခွာမီ သူမ၏ မိခင်ချန်ရစ်ခဲ့တဲ့ ဆိုင်ခန်းများကို ရောင်းချပြီး ပေါင်ချန်ကို ယုံးကျိုးသို့ ခေါ်သွားသင့်တယ်။ သူမ စိတ်အေးချမ်းမှု ရရှိနိုင်ရန်အတွက် ပေါင်ချန်အတွက် အချို့ ရန်ကြွေးများကို အရင် ရှင်းလင်းရမယ်။
ထို့နောက် သူမက စီးပွားရေးအသေးစားလေးတစ်ခု လုပ်ကိုင်ရန် သင်ယူနိုင်ပြီး၊ ယောကျ်ားလေးတစ်ယောက်လို ရုပ်ဖျက်ကာ ခရီးလှည့်လည်သွားလာနိုင်တယ်။ သူမ နာမည်တစ်ခု ရလာသည်နှင့် သူမရဲ့ မိဘများနှင့် အစ်ကိုကြီးတို့၏ ကမ္ပည်းပြားများကို ပြန်ယူရန် တုန်းကျင်းမြို့သို့ ပြန်လာမယ်။
ဤအချိန်တိုလေးအတွင်းမှာပင် ရွှယ်နင်၏ စိတ်အာရုံသည် ရေတွက်မရနိုင်သော အတွေးများစွာဆီသို့ လွင့်မျောသွားခဲ့သည်။
သူမကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု စီစဉ်ပြီးနောက် လီချန်ချဲ့က ရွှယ်ယန်ရန်ကို တစ်သက်လုံး ချစ်မြတ်နိုးခဲ့သည့် သူမ၏ အရင်ဘဝအကြောင်းကို တစ်နည်းနည်းဖြင့် တွေးမိသွားသည်။
ဝမ်းနည်းကြေကွဲမှုတစ်ရပ်က ရွှယ်နင်၏ နှလုံးသားကို ရိုက်ခတ်သွားပြီး သူမ၏ အသက်ရှူသံများ သဲ့သဲ့သာ ရှိတော့သည်။
နီရဲနေသော မျက်လုံးများနှင့်အတူ သူမက နာကြည်းစွာ ပြုံးလိုက်၏။ ထိုနှစ်က သူမနဲ့ ပေါင်ချန်တို့ ဆာလောင်မှုကို မခံစားနိုင်တော့ဘဲ စွေ့ယဲ့မြစ်ထဲမှာ ငါးဖမ်းရန် အိမ်တော်ဟောင်း၏ ခွေးတိုးပေါက်မှ ခိုးထွက်ခဲ့ပုံကို ပြန်လည်သတိရမိသည်။ ရေခဲပြင်ပေါ်တွင် လူများစွာ ငါးဖမ်းနေကြသော်လည်း သူမတစ်ယောက်တည်း ကံအဆိုးဆုံးဖြစ်ကာ ပါးလွှာသော ရေခဲပြင်ကို နင်းမိပြီး ရေခဲအပေါက်ထဲသို့ တန်းတန်းမတ်မတ် ကျွံကျသွားခဲ့သည်။
ပေါင်ချန်က ရေမကူးတတ်သလို၊ အလွန်အေးခဲနေသော ရာသီဥတုတွင် ဘေးပတ်လည်မှ လူများက အလျင်အမြန် စုရုံးလာကြသည်။ ထိုနေ့က စွေ့ယဲ့မြစ်ထဲမှာ သူမ သေချာပေါက် သေရတော့မယ်လို့ ထင်ခဲ့တာ။ ရေထဲကျသွားပြီးနောက် သူမ သိပ်မရုန်းကန်နိုင်ခဲ့ဘူး။
ဒါပေမဲ့ မထင်မှတ်ဘဲ တစ်စုံတစ်ယောက်က ကောင်းကင်ဘုံကနေ နတ်တစ်ပါးလို ဆင်းသက်လာခဲ့ပြီး ရေခဲအပေါက်ထဲကနေ သူမကို ဆွဲတင်ပေးခဲ့သည်။ သူက သူမကို တည်းခိုခန်းတစ်ခုသို့ ခေါ်သွားပြီး ရေနွေးနှင့် အစားအသောက်များ စီစဉ်ပေးခဲ့၏။
သူမ အငမ်းမရ စားသောက်နေတာကို ကြည့်ရင်း သူက လက်လှမ်းကာ သူမ၏ ခေါင်းကိုပင် ပွတ်သပ်ပေးခဲ့သည်။
ထိုအခိုက်အတန့်တွင် သူမ၏ မျက်လုံးများ၌ မျက်ရည်များ ဝဲတက်လာပြီး ထိုအမျိုးသား၏ ချောမော၍ အေးစက်စက်နိုင်သော မျက်နှာကို စိုက်ကြည့်နေမိသည်။ သူမ ထွက်ပြေးဖို့ပဲ စဉ်းစားခဲ့တယ်—အဲဒီ ဖိနှိပ်ချုပ်ချယ်လွန်းတဲ့ အိမ်တော်ဟောင်းဆီကို ဘာလို့ ပြန်ရမှာလဲ။
သို့သော် စုမိသားစုက ပေါင်ချန်ကို ဖမ်းဆီးထားခဲ့သည်။
သူမမှာ မျက်ရည်များကို သုတ်ကာ ဝံပုလွေတွင်းဆီသို့ ပြန်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။ ထိုအချိန်မှစ၍ သူမ၏ အသက်သခင်ကျေးဇူးရှင်ကို နောက်ထပ် မတွေ့ရတော့ပေ။
သူတို့ရဲ့ ရေစက်က နည်းလွန်း၍လား သို့မဟုတ် ကံကြမ္မာကပဲ လှည့်စားတတ်လွန်း၍လားတော့ မဆိုနိုင်ပေ။ မည်သို့ပင်ဖြစ်စေ နောက်ပိုင်း အချိန်အတော်ကြာသည်အထိ သူမက သူ့ကို ထပ်မံဆုံတွေ့ရရန် အိပ်မက်မက်ခဲ့ဖူးသည်။ သို့သော် အိမ်တော်ဟောင်းက အကျဉ်းထောင်တစ်ခုလို သူမကို တင်းကျပ်စွာ ချုပ်နှောင်ထားခဲ့သည်။ ခွေးတိုးပေါက်မှဖြစ်စေ၊ ပင်မတံခါးကြီးမှဖြစ်စေ အပြင်သို့ထွက်ရန် သူမအတွက် အခွင့်အရေး လုံးဝမရှိခဲ့တော့ပေ။
အိပ်ရာပေါ်တွင် ဖျားနာလဲကျနေစဉ်၌ပင်၊ ကောင်းကင်ဘုံက သူမအပေါ် တစ်ကြိမ်တစ်ခါလောက် သနားညှာတာမှု ပြသခဲ့လျှင် သူမ၏ အသက်သခင်ကျေးဇူးရှင်ရဲ့ နာမည်ကို သိခွင့်ရရန်သာ ဆန္ဒရှိခဲ့မိ၏။
သို့သော် လောကကြီးက ကျယ်ဝန်းလွန်းပြီး၊ အိမ်ခန်းတွင်း၌သာ ပိတ်လှောင်ခံထားရသော အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ သူမက ဘယ်လိုလုပ် သိနိုင်မှာလဲ။
အိမ်တော်ဟောင်းရှိ အစေခံများ၏ အတင်းအဖျင်း စကားများမှတစ်ဆင့်သာ သူမ ကြားခဲ့ရသည်။ လက်ရှိ စစ်ဆေးရေးမှူး 'လီ' သည် စုကျန်းနှင့် ယှဉ်နိုင်စွမ်းရှိပြီး ရှားပါးသော သီလသမာဓိနှင့် ပြည့်စုံသည့် အမတ်ကောင်းတစ်ဦးဖြစ်ကြောင်း သူတို့ ပြောဆိုကြသည်။ သူ၏ စွမ်းဆောင်ချက်များ၊ သူ ကယ်တင်ခဲ့သော လူများ၊ သူ ရောက်ရှိခဲ့သော နေရာများနှင့် နယ်စပ်သို့ တပ်များဦးဆောင်ကာ ပေ့တိ(မြောက်ပိုင်း) လူရမ်းကားများကို ချေမှုန်းပြီး ဖရိုဖရဲ ထွက်ပြေးစေခဲ့ပုံများကို သူတို့ ပြောဆိုကြသည်။
အချီးမွမ်းခံရဆုံးကတော့ သူနှင့် ကွယ်လွန်သူ သူ့ဇနီးတို့၏ အချစ်ဇာတ်လမ်းပင်။
တစ်သက်တာလုံးမှာ မိန်းမတစ်ယောက်ကိုပဲ လက်ထပ်ခဲ့တဲ့ ယောကျ်ားတစ်ယောက်။
သူမက စောစီးစွာ ကွယ်လွန်သွားခဲ့သည့်တိုင်အောင်။
သူက နောက်အိမ်ထောင် မပြုခဲ့ပေ။
သူတို့မှာ ကလေးတစ်ယောက်တောင် မရှိခဲ့ကြဘူး။
ထိုစဉ်ကတော့၊ ဤအရာသည် ကောင်းကင်ဘုံက သူမကို ပေးအပ်သော လက်ဆောင်ဖြစ်ကြောင်း သူမ မသိခဲ့ပေ။
မသိလိုက်စွာနှင့်ပင် သူမရဲ့ အသက်သခင်ကျေးဇူးရှင်၏ နာမည်ကို သူမ သိရှိနေခဲ့ပြီ။
သူမကို ကယ်တင်ခဲ့တဲ့ အမျိုးသားမှာ သူဖြစ်ကြောင်း သူမ မသိခဲ့ခြင်းသာ။
အခု ပြန်လည်မွေးဖွားလာချိန်မှာတော့ သူမက သူ့ကျေးဇူးကို ဆပ်ပြီး သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံချင်ခဲ့တယ်။
တစ်ခုတည်းသော နည်းလမ်းက မင်းသမီးယန်ရန်၏ အသက်ကို ကာကွယ်ပေးပြီး သင့်တော်တဲ့ အချိန်ရောက်ပါက လီချန်ချဲ့၏ တရားဝင်ဇနီးနေရာကို သူမအား ပြန်လည်လွှဲပြောင်းပေးရန်ပင်။
...
"မင်းသမီး—"
ချင်ဆုန့်ယင်သည် သူမရှေ့တွင် ချထားသော သေတ္တာကို ဖွင့်လိုက်၏။
အစေခံမကြီးသည် ဘေးတွင် ရပ်နေပြီး သူမ၏ မျက်နှာထားမှာ ရှုပ်ထွေးနေသည်။
"ဒီပစ္စည်းကို အပြင်မထုတ်တာ နှစ်အတော်ကြာပြီနော်..."
ချင်ဆုန့်ယင်က သေတ္တာထဲရှိ အနီရောင်နှင့် အဖြူရောင် ကြွေပုလင်းများကို ကြည့်လိုက်သည်။ သူမ၏ စိတ်အာရုံများ ခဏလောက် လွင့်မျောသွားပြီးနောက် သူမကိုယ်သူမ လှောင်ပြောင်သလို ပြုံးလိုက်၏။
"ဟုတ်တယ်၊ နှစ်တွေ အများကြီး ကြာသွားခဲ့ပြီ။ ရွှယ်နင်တောင် အရွယ်ရောက်လာပြီပဲ။"
"မင်းသမီးက သူ(မ)ကို တကယ်ပဲ သတ်ပစ်ဖို့ ရည်ရွယ်ထားတာလား"
"သူ(မ)က ယန်ရန်ကို ဒုက္ခရောက်အောင် လုပ်မလို့ပဲ၊ အခုလည်း လီချန်ချဲ့ရဲ့ တရားဝင်ဇနီးနေရာကို ယူထားသေးတယ်။ သူ(မ)က ငါ့ဆီကို ကံဆိုးမှုတွေ ယူမလာရင် ဘယ်သူက ယူလာမှာလဲ"
ချင်ဆုန့်ယင်သည် ဖြူဖွေးနေသော ကျောက်စိမ်းပုလင်းကို ကောက်ကိုင်လိုက်ပြီး သူမ၏ အကြည့်များမှာ အေးစက်သွားသည်။
"ငါသာ စောစောက ကြိုသိခဲ့ရင်၊ နောက်နောင် ပြဿနာတွေ ရှင်းသွားအောင် သူ(မ) ငယ်ငယ်လေးကတည်းက သတ်ပစ်ဖို့ နည်းလမ်းရှာခဲ့သင့်တာ။"
အစေခံမကြီးသည် ရွှယ်စုန့်နျန်၏ တင်းမာခက်ထန်ပြီး ခန့်ညားသော မျက်နှာကို ပြန်လည်သတိရမိကာ အသံများ အနည်းငယ် တုန်ယင်လျက် ပြောလိုက်သည်။
"မင်းသမီး၊ ပြန်စဉ်းစားပါဦး..."
ချင်ဆုန့်ယင်သည် ကြွေပုလင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။
ဘယ်သူမှ သံသယမဝင်စေဘဲ ရွှယ်နင်ကို "ဖျားနာပြီး သေဆုံးသွားတယ်" ဟု ဖြစ်စေရန် သူမ ဆုံးဖြတ်ထားသည်။
"ငါ့ကို ထပ်ပြီး မတားနဲ့တော့။ လီချန်ချဲ့က သူ(မ)ကို အရမ်းကာကွယ်လွန်းတယ်၊ အခုဟာက အကောင်းဆုံး အခွင့်အရေးပဲ။”