← Chapters

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း (၂၈၅) - ပြောင်းလဲသွားသော လူတစ်ယောက်

လီချန်ချဲ့က ရွှယ်နင်ကို မယုံကြည်ခြင်း မဟုတ်ပေ။ စုကျန်း၊ရှဲ့နင်းထန်တို့နှင့် သူမ ပြောဆိုခဲ့သော စကားအကြောင်းအရာနှင့် လေသံကိုသာ သိချင်ရုံသက်သက်ဖြစ်၏။

ဒီနေ့ ရွှယ်နင်နှင့် ထိုဇနီးမောင်နှံတို့အကြား အပြန်အလှန်ပြောဆိုခဲ့မှု အသေးစိတ်ကို နားထောင်ပြီးနောက်၊ သူ့ရဲ့မိန်းမငယ်လေးက အမှန်တကယ် ဒေါသထွက်နေပြီး စုကျန်းနှင့် ပြန်လည်သင့်မြတ်ရန် ရည်ရွယ်ချက် လုံးဝမရှိတော့ကြောင်း သူ နောက်ဆုံးတွင် ခံစားသိရှိသွားသည်။

သူ၏ နှလုံးသားကို ဆုပ်ကိုင်ထားသော တင်းမာမှုများမှာ နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားတော့၏။

သူက ချွန်းချီနှင့် ရှလန်ကို ထွက်သွားစေပြီး ပေါင်ချန် တစ်ယောက်တည်းကိုသာ ချန်ထားခဲ့သည်။

လီချန်ချဲ့သည် ပေါင်ချန်ရှေ့သို့ လျှောက်သွားကာ ရပ်လိုက်သည်။

သူ၏ မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများက နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော်လည်း၊ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေမည့် အေးစက်မှုအရိပ်အယောင်များ ကိန်းအောင်းနေသည်။

ပေါင်ချန်၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများ ဆောင့်တက်နေ၏။

ဒါဟာ သခင်လေးနှင့် သူမ နှစ်ယောက်တည်း မျက်နှာချင်းဆိုင်ရခြင်းဖြစ်ရာ မစိုးရိမ်ဘဲနေရန် မဖြစ်နိုင်ပေ။

"သခင်လေး... တခြား မေးစရာ ရှိသေးလို့လား"

"ပြောစမ်း... နင်နင်က ဘယ်အချိန်တည်းက စုကျန်းနဲ့ စပြီး ဝေးဝေးနေခဲ့တာလဲ"

နှစ်သစ်ကူးလွန်သွားပြီဖြစ်ရာ အတော်ကြာခဲ့ပြီဟု ခံစားရသည်။ ပေါင်ချန်သည် ခဏလောက် သတိထား၍ ပြန်လည်စဉ်းစားလိုက်သည်။

"မနှစ်က သခင်မကျန်းရဲ့ မွေးနေ့ပွဲအပြီးလောက်က ထင်ပါတယ်။ သခင်မလေးက တခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ်။ အရင်တုန်းက ရှီဇီစုကို အရမ်းသဘောကျခဲ့ပေမဲ့ ရုတ်တရက်ကြီး သဘောမကျတော့ဘူး။ အဲဒီနေ့က ရှီဇီစုအတွက် နဂိုက ပြင်ဆင်ထားတဲ့ နွေဦးဝိုင်ကိုတောင် သူ(မ) မှောက်ချပစ်ခဲ့တယ်—"

သူမ ဘာပြောမိသွားသလဲဆိုတာကို သတိထားမိသွားပြီး ပေါင်ချန်သည် သူမ၏ ပါးစပ်ကို ကမန်းကတမ်း ပြန်အုပ်လိုက်၏။

လီချန်ချဲ့က အန္တရာယ်ရှိစွာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ၊ မူလကတည်းက တင်းမာပြီး အရှိန်အဝါရှိသော သူ၏ မျက်နှာက ပို၍ပင် ခက်ထန်အေးစက်လာသည်။

"နွေဦး ဘာဖြစ်တယ်"

အမျိုးသား၏ အသံက မကျယ်လောင်ဘဲ လေသံက ပေါ့ပါးနေသော်လည်း၊ သူ ဒီလိုမျိုး ပြောလေလေ ပို၍ ကြောက်စရာကောင်းလေလေပင်။

ပေါင်ချန် နောက်သို့ တွန့်ဆုတ်သွားပြီး သူမ၏ ကျောပြင်တွင် ကြက်သီးများ ထလာသည်။

"ကျွန်မ စကားမှားသွားတာပါ—"

"ငါ့ကို လှည့်စားတဲ့သူတွေအတွက် အဆုံးသတ်က တစ်ခုပဲရှိတယ်။ သေချာစဉ်းစား"

ပေါင်ချန်မှာ ငိုချင်နေသော်လည်း မျက်ရည်များ ထွက်မလာပေ။ 'ဒုန်း' ခနဲအသံနှင့်အတူ သူမသည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ငိုကြွေးကာ ပြောလိုက်သည်။

"အဲဒါက ကာမဆေး ခတ်ထားတဲ့ အရက်ပါ..."

လီချန်ချဲ့၏ နှုတ်ခမ်းများ တင်းမာသွားပြီး ပြောပြ၍မရနိုင်သော စိတ်အနှောင့်အယှက်ဖြစ်မှုက သူ့ရင်ထဲတွင် မြင့်တက်လာသည်။

"ပြီးတော့ရော"

ပေါင်ချန်က ကမန်းကတမ်း ပြန်ဖြေလိုက်သည်။

"ပြီးတော့ သခင်မလေးက ရုတ်တရက် စိတ်ပြောင်းသွားခဲ့တာပါ။ အဲဒါကို ရှီဇီစုကို မသောက်ခိုင်းတော့ဘဲ လူအားလုံးရှေ့မှာပဲ နွေဦးဝိုင်ကို မှောက်ချပစ်ခဲ့ပါတယ်။ ဒါကို ကျွန်မ အသက်နဲ့လောင်းပြီး ကျိန်ဆိုရဲပါတယ်။ သခင်လေး ကျွန်မကို မယုံဘူးဆိုရင်၊ အဲဒီနေ့က သခင်မကျန်းရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ တခြား သခင်မတွေနဲ့ သခင်မလေးတွေကိုလည်း မေးကြည့်လို့ရပါတယ်။ သူတို့အားလုံး မြင်ခဲ့ကြတာပါ။ အဲဒီအချိန်ကစပြီး သခင်မလေးက ရှီဇီစုနဲ့ စပြီး ခပ်ကင်းကင်း နေခဲ့တာပါ။"

လီချန်ချဲ့၏ အကြည့်များက ပို၍ မှောင်မိုက်လာသည်။

"ဘာလို့လဲ"

"ကျွန်မ မသိပါဘူး။"

ပေါင်ချန်က ခေါင်းခါလိုက်သည်။

"ကျွန်မ မှတ်မိသလောက်ကတော့၊ အဲဒီအချိန်က ရှီဇီစုရဲ့ အရက်အိုးထဲကို ဆေးကို ကျွန်မ ခိုးထည့်ခဲ့တာပါ။ သခင်မလေးက မဏ္ဍပ်ထဲမှာ တစ်ယောက်တည်း တစ်ရေးအိပ်နေခဲ့တယ်။ သူ(မ)ကို ကျွန်မ သွားနှိုးတဲ့အချိန်မှာပဲ အရင်ကနဲ့ မတူတော့တာပါပဲ။ ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်မ တကယ် မသိပါဘူး... ဒါပေမဲ့ သခင်မလေးက သခင်မလေးပါပဲ... အဲဒါကိုတော့ ကျွန်မ သေချာပေါက် ပြောရဲပါတယ်။"

လီချန်ချဲ့က တိုးညှင်းသော အသံဖြင့် ထပ်မံရွတ်ဆိုလိုက်သည်။

"ရုတ်တရက်ကြီး တခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ်ပေါ့"

ပေါင်ချန်က ပြောလိုက်သည်။

"ဟုတ်ပါတယ်။ သခင်မလေးရဲ့ စိတ်နေသဘောထားက အရင်ကနဲ့ နည်းနည်းတော့ ကွာခြားသွားတယ်။ အရင်ကဆို သတ္တိနည်းပေမဲ့ အခုတော့ သူ(မ) ပြန်ပြီး ခုခံဆန့်ကျင်တတ်နေပြီ"

လီချန်ချဲ့က လှောင်ပြောင်သရော်စွာ ပြုံးလိုက်သည်။

" အကြောင်းပြချက်အစစ်အမှန်က ဘာလဲ"

ပေါင်ချန် ခေါင်းခါလိုက်သည်။

"ကျွန်မ တကယ်မသိပါဘူး။ သခင်မလေးက အရာရာကို ရှင်းရှင်းလင်းလင်း သိမြင်သွားပြီဖြစ်လို့ ထပ်ပြီး အလျှော့မပေးချင်တော့ဘူးလို့ တစ်ခါတလေ ပြောတာကိုပဲ ကျွန်မ ကြားဖူးပါတယ်။"

လီချန်ချဲ့ ခဏရပ်တန့်သွားပြီး သူ့အသံက တိုးညှင်းကာ ဩရှရှဖြစ်နေသည်။

"နင်နင်က ကာမဆေးကို ဘယ်လိုရခဲ့တာလဲ။"

"သခင်မလေးက သူ(မ)ရဲ့ ကိုယ်ပိုင်စုဆောင်းငွေတွေကို သုံးပြီး အပြင်ကနေ ရနိုင်မယ့်နည်းလမ်းကို ကျွန်မကို ရှာခိုင်းခဲ့တာပါ..."

ပေါင်ချန် မပြောချင်ခဲ့သော်လည်း၊ အမျိုးသား၏ အရှိန်အဝါက လွှမ်းမိုးထားပြီး ငြင်းဆန်၍မရသော ဖိအားများဖြင့် ပြည့်နှက်နေသည်။

ထို့ပြင် အားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့ပြီဖြစ်ပြီး သခင်မလေးနှင့် ရှီဇီစုတို့ကြားတွင် ဘာမှမဖြစ်ခဲ့ဘူးဟု သူမ တွေးလိုက်၏။

သခင်လေးကလည်း စိတ်ထဲထားမည် မဟုတ်ပေ။

ပေါင်ချန်၏ စကားများကို နားထောင်ပြီးနောက် လီချန်ချဲ့ အတန်ကြာ တိတ်ဆိတ်သွားသည်။

ပြတင်းပေါက်အပြင်ဘက်တွင် မိုးများ ဆက်လက်ရွာသွန်းနေပြီး ပြတင်းပေါက်ဘောင်မှတစ်ဆင့် အအေးဓာတ်များ စိမ့်ဝင်လာသည်။

ညဘက်တွင် ကျဆင်းလာသော အေးစက်သည့် မြူခိုးများက သူ့ကို ရစ်ပတ်လွှမ်းခြုံလာသကဲ့သို့ ဂနာမငြိမ်ဖြစ်ရသော ထိုခံစားချက်ကို သူ နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။

သူ့ရင်ဘတ်က လေးလံနေပြီး၊ ရေအေးစိမ်ထားသော စက္ကူတစ်ရွက်ဖြင့် ဖုံးအုပ်ခံထားရသကဲ့သို့ ခဏလောက် အသက်ရှူရခက်ခဲသွားစေသည်။

သူ့နှုတ်ခမ်းပါးများကို စေ့ထားလိုက်ပြီး လည်ချောင်းများ ခြောက်ကပ်နေသည်။

"မင်း သွားလို့ရပြီ။"

ပေါင်ချန် ကမန်းကတမ်း မတ်တပ်ရပ်လိုက်ပြီး နောက်သို့ ဆုတ်သွား၏။

"ဟုတ်ကဲ့ပါ။"

သူမ ထွက်သွားပြီးနောက် ကျယ်ဝန်းသော စာကြည့်ဆောင်ထဲတွင် လီချန်ချဲ့ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

သူ့ရင်ထဲတွင် ဆူပွက်နေသော သဝန်တိုမှုက ကြီးထွားလာသော နွယ်ပင်တစ်ပင်ကဲ့သို့ဖြစ်နေပြီး သူ့ကို လုံးဝ စိတ်အေးချမ်းမှု မရနိုင်အောင် တားဆီးနေသည်။

ဒါပေမဲ့ သူမက သူ့ကို လက်ထပ်ရန် သဘောတူခဲ့ခြင်းမှာ ဘဝဆက်တိုင်း စုဆောင်းခဲ့သော ကောင်းချီးတစ်ခုဖြစ်ကြောင်း သူကိုယ်သူ ပြန်သတိပေးလိုက်သည်။

သူ ဘာကိုများ ထပ်ပြီး လိုချင်နေရဦးမှာလဲ။

လီချန်ချဲ့ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ပြုံးလိုက်ရာ၊ သူ့ရင်ထဲမှ ဒေါသများ အနည်းငယ် ပြေပျောက်သွားသည်။

သို့သော် ပေါင်ချန်၏ စကားများကို သူ ပြန်သတိရလိုက်၏— အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သိသိသာသာ ပြောင်းလဲသွားနိုင်မှာလဲ။

ဒီလိုမျိုး အသွင်ပြောင်းသွားစေဖို့ အရေးကြီးတဲ့ ကိစ္စတစ်ခုခုတော့ သေချာပေါက် ဖြစ်ခဲ့ရမယ်။

သူမကို အနီးကပ်အစေခံရတဲ့ ပေါင်ချန်ပင်လျှင် ထိုအကြောင်းကို မသိခဲ့ပေ...

နင်နင်က လျှို့ဝှက်ချက်တစ်ခုခုကို ဖုံးကွယ်ထားတာများလား။

လီချန်ချဲ့ စိတ်အိုက်စွာဖြင့် သူ့နှာတံကို ညှစ်လိုက်သည်။

ထားလိုက်တော့။ အခွင့်အရေးရတဲ့အခါ သူ ဆက်ပြီး စုံစမ်းရမယ်။

လောလောဆယ်အတွက် အရေးအကြီးဆုံးက သူမ သူ့အနားမှာ အပြီးတိုင် ခိုင်ခိုင်မာမာ ဆက်ရှိနေစေဖို့ နည်းလမ်းရှာရန်သာ။

...

မကြာသေးမီက သူမ၏ ခင်ပွန်းဖြစ်သူမှာ ပို၍ ထူးဆန်းလာတာကို ရွှယ်နင် သတိထားမိလာသည်။

သူမအပေါ် အလွန်အမင်း ကပ်တွယ်နေရုံသာမက၊ သူမကိုလည်း အထူးဂရုစိုက်လာ၏။

တာဝန်ဝတ္တရားများ မရှိသည့်အချိန်တိုင်း၊ သူက သူမနှင့်အတူ စားသောက်ရန်၊ ဆော့ကစားရန်၊ စာဖတ်ရန်နှင့် လက်ဖက်ရည်ဖျော်ရန် အချိန်ပေးလေ့ရှိသည်။

သူတို့၏ အားလပ်ချိန်များတွင် လက်ချင်းချိတ်ကာ လမ်းလျှောက်ရင်း ပြင်ပအလှအပများကို ခံစားကြပြီး၊ ထိုအချိန်တွင် သူက သူမကို စာလုံးအလှရေးနည်းနှင့် ဓားရေးကို သင်ကြားပေးတတ်သည်။

အထူးသဖြင့် ဆန်းကြယ်သော လူသတ်မှုတွဲများကို ဖြေရှင်းပြီးနောက် သူ၏ဂုဏ်သတင်းမှာ ပိုမိုကြီးမားလာပြီး ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုကိုပါ ရရှိခဲ့သည်။

သို့တိုင်အောင် သူက မပြောင်းမလဲ တည်ကြည်လျက်ပင်၊ သူမနှင့်အတူ စာဖတ်ရန်နှင့် ညစာစားရန် နေ့စဉ်ရက်ဆက် မပျက်မကွက် အိမ်ပြန်လာတတ်၏။

သူမနှင့်အတူ ဈေးထဲမှ အချစ်ဝတ္ထုများကိုပင် စိတ်ရှည်လက်ရှည် ဖတ်ရှုပေးသေးတယ်။

တစ်ခါတစ်ရံတွင် သူမနှင့်အတူ ဆိုင်များသို့ လိုက်ပါသွားပေးပြီး စီးပွားရေး အကြံဉာဏ်များနှင့် အဆက်အသွယ်များကို ပံ့ပိုးပေးတတ်သည်။

သူကိုယ်တိုင် အိမ်ထောင်စုကိစ္စရပ်များကို ကြီးကြပ်ပေးနေသဖြင့် အိမ်တော်ရှိ မည်သည့်အစေခံကမျှ သခင်မလေးဖြစ်သူ သူမအပေါ် အထင်အမြင်သေးဝံ့ခြင်း မရှိကြပေ။

အိပ်ရာပေါ်ကကိစ္စများတွင်ပင် သူမ သာယာမှုအပြည့်အဝရရှိစေရန် သူ အစွမ်းကုန် ကြိုးစားအားထုတ်တတ်သည်။

ဒီနေ့ ကုတင်ပေါ်မှာဆိုရင်၊ မနက်ဖြန် ကုလားထိုင်ရှည်ပေါ်မှာ၊ သန်ဘက်ခါကျတော့ စာကြည့်ဆောင်ထဲမှာ စသဖြင့်ပေါ့။

သူက စိတ်လှုပ်ရှားစရာကောင်းအောင် နည်းလမ်းသစ်များကို အမြဲရှာဖွေတတ်တယ်။

သူမ ငိုလုမတတ် ဖြစ်နေချိန်မှသာလျှင် သူက သူမကို စူးစိုက်ကြည့်ကာ၊ သူမချစ်တာ သူပဲလားဟု မမောနိုင်မပန်းနိုင် မေးမြန်းတတ်တယ်။

သူမဟုတ်ဘဲ ဘယ်သူဖြစ်နိုင်မှာလဲ။

သူပဲ၊ သူပဲ၊ သူပဲ—သူတစ်ယောက်တည်းပဲ။

သူမ ဖြေကြားပြီးမှသာ ကျေနပ်သွားကာ သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားတတ်သည်။

ရမ္မက်ဆန္ဒကို မြည်းစမ်းပြီးသော ယောက်ျားတစ်ယောက်က တကယ်ကို ကြောက်မခန်းလိလိပင်။

ရွှယ်နင်က သူတို့တွေ အရမ်း အလိုလိုက် အကြိုက်ဆောင်လွန်းနေပြီဟု မကြာခဏ ခံစားရသော်လည်း၊ သူပေးစွမ်းသော ကြင်နာယုယမှုနှင့် ကာမဂုဏ်တို့၏ ဖမ်းစားမှုကိုတော့ အပြည့်အဝ ခံလိုက်ရသည်။

ထို့ကြောင့် သူ့ရင်ခွင်ထဲတွင် သူမ နူးညံ့ပျော့ပျောင်းသွားကာ၊ သူ့ဆန္ဒများကို လိုက်လျောပေးရင်း သူ့သဘောအတိုင်းသာ အလိုလိုက်ထားလိုက်တော့သည်။

လီချန်ချဲ့နှင့် ကြင်နာယုယစွာ နီးနီးကပ်ကပ် အချိန်ဖြုန်းရင်းဖြင့်၊ သူမ စုကျန်းအကြောင်းကို တွေးမိတာ ပိုပိုပြီး နည်းပါးလာခဲ့သည်။

မင်းသမီး ရှို့နင်း ပြင်းထန်စွာ ဒဏ်ရာရသွားသည့်အချိန်မှသာ ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ သူမ သွားရောက်ခဲ့သည်။

လမ်းတစ်ဝက်အရောက်တွင် သူမ၏ခင်ပွန်းဖြစ်သူက မြင်းစီး၍ လိုက်မီလာခဲ့ပြီး၊ သူမကို အနိုင်ကျင့်ခံရမည်စိုးသဖြင့် လိုက်ပါစောင့်ရှောက်မည်ဟု အတင်းအကြပ် ပြောလာခဲ့သည်။

ဒီလောကမှာ အကောင်းဆုံးခင်ပွန်းဆိုတာ သေချာပေါက် လီချန်ချဲ့ပဲဖြစ်မယ်လို့ ရွှယ်နင် မကြာခဏ တွေးမိတတ်တယ်။

ဒီလို ခင်ပွန်းမျိုးနှင့်မို့ သူမ၏ဘဝက တကယ်ကို ပြည့်စုံနေပြီဟု ခံစားရ၏။

တစ်နေ့ပြီးတစ်နေ့ သူ၏ အလိုလိုက် အကြိုက်ဆောင်မှုကို ခံရသဖြင့် သူမ၏ စိတ်နေသဘောထားမှာ ပို၍ ဆိုးနွဲ့တတ်လာသည်။

မနက်တိုင်း သူ့ရင်ခွင်ထဲတွင် တိုးဝှေ့ကာ ချွဲနွဲ့ပြီးမှသာ ကုတင်ပေါ်မှ ဆင်းလေ့ရှိသည်။

တစ်နေ့တွင်တော့ မိုးမလင်းခင်မှာပင် အမျိုးသားဖြစ်သူက လှုပ်လှုပ်ရွရွဖြင့် ထလာခဲ့သည်။

အထပ်ထပ်ချထားသော ကုတင်ကန့်လန့်ကာများကြားတွင် သူတို့၏ နီးကပ်ခဲ့မှုအငွေ့အသက်များက ကျန်ရစ်နေဆဲပင်။

ရွှယ်နင်က သူမ၏ခေါင်းကို သူ၏ နွေးထွေးသော ရင်ဘတ်ထဲသို့ အတင်းတိုးဝှေ့ကာ တိုးဖျော့သောအသံဖြင့် မေးလိုက်သည်။

"ဖူကျွင်း... ဒီနေ့ ဘာလို့ ဒီလောက်စောစော ထနေတာလဲ"

"မနေ့က ကိုယ် မင်းကို အရမ်းပင်ပန်းစေခဲ့လို့လား။ နောက်ထပ် နည်းနည်းလောက် ထပ်အိပ်ပါဦးလား"

လီချန်ချဲ့က ငုံ့ကိုင်းကာ မိန်းမငယ်လေး၏ နူးညံ့သော ခါးလေးကို ရစ်ပတ်ဖက်တွယ်လိုက်ပြီး သူမ၏ ခေါင်းလေးကို နမ်းရှိုက်လိုက်သည်။

"အခု ကိုယ်က စစ်ရေးဝန်ကြီးဌာနရဲ့ ကိစ္စရပ်တွေကို စတင်လေ့လာနေပြီဆိုတော့ ရုံးမှာ တော်တော်လေး အလုပ်များနေတယ်လေ၊ အဲဒါကြောင့် စောစောထရတာ။ ဒါပေမဲ့ စိတ်မပူပါနဲ့ အချစ်လေး... ကိုယ် ညနေကျရင် မင်းနဲ့အတူ ကောက်ညှင်းဆန်ချိုလုံးလေးတွေ အတူစားဖို့ ပြန်လာခဲ့ပါ့မယ်။”

All Chapters