← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) - ကိုယ်လုပ်တော်အဖြစ် ယူခြင်း

ရွှယ်နင် ကုတင်ပေါ်တွင် ငါးရက်အပြည့် လှဲနေခဲ့ရပြီးမှသာ နောက်ဆုံးတွင် အသက်ရှူသံ ပြန်လည်မှန်ကန်လာတော့သည်။

သူမ ပြန်နိုးထလာချိန်တွင် ရင်ဘတ်တစ်ခုလုံး စူးအောင့်စွာ နာကျင်နေသည်။

ရင်ဘတ်ရော ကျောပြင်ပါ ကိုက်ခဲနေတာကြောင့် ထထိုင်ရန်ပင် မစွမ်းသာချေ။ လေးလံထိုင်းမှိုင်းနေသော မျက်ခွံများကို အားယူဖွင့်ကာ ရင်ဘတ်တွင် ပတ်တီးအထပ်ထပ် စည်းနှောင်ထားတာကိုပဲ ငေးကြည့်နေမိ၏။

အမှန်အတိုင်း ပြောရလျှင် ‌ယုန်နားရွက်လေးနှစ်ဖက်လိုမျိုး ချည်နှောင်ထားသည့် ပိတ်ကျဲစအဖြူရောင် ပတ်တီးပုံစံလေးက တကယ့်ကို ချစ်စရာကောင်းတယ်။

ဒါကို ပေါင်ချန် လုပ်ပေးထားတာ ဖြစ်မယ်လို့ သူမ တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ ပေါင်ချန်က အရမ်း အရည်အချင်းရှိတဲ့သူ မဟုတ်လား။

သူမ၏ အထက်မျက်နှာကြက်တွင် ခြင်ထောင်ဇာကုလားကာလေးက ညင်သာစွာ ဝှေ့ယမ်းနေပြီး ထူထဲသော ကုတင်လိုက်ကာကြီးများက သူမကို အိပ်ရာထက်တွင် ဝန်းရံအုပ်မိုးထားသည်။

အဝါနုရောင် အလင်းဖျော့ဖျော့လေးတစ်ခုသာ လိုက်ကာအကွဲကြောင်းများကြားမှ တိုးဝင်လာနေ၏။

သူမ ဝေဝေဝါးဝါး ဖြစ်နေပြီး သူမကိုယ်သူမ ဘယ်နေရာ ရောက်နေလဲဆိုတာကို ခဏလောက် ဝေခွဲမရဖြစ်နေမိသည်။

“ပေါင်... ပေါင်ချန်။”

သူမ၏ အသံမှာ အက်ရှရှဖြစ်နေပြီး လည်ချောင်းထဲတွင် မီးတောက်တစ်ခု ငြိမ်းသတ်မရအောင် တောက်လောင်နေသကဲ့သို့ ခြောက်သွေ့ကာ နာကျင်ယားယံနေသည်။

ချောင်းဆိုးလိုက်သည့်အခါ ရင်ဘတ်တစ်ခုလုံး ဓားဖြင့် မွှန်းနေသကဲ့သို့ စုတ်ပြတ်အောင် နာကျင်သွား၏။

မတတ်နိုင်သည့်အဆုံး သူမက ဒဏ်ရာပေါ် လက်ဖြင့် အသာဖိထားရင်း ဝေဒနာ သက်သာစေရန် ရင်ဘတ်ထဲမှ အသံတိုးတိုးဖြင့်သာ ချောင်းကို အောင့်အည်း၍ ဆိုးလိုက်ရသည်။

ကံကြမ္မာက ဒီလို လှည့်စားဖန်တီးလိမ့်မယ်လို့ သူမ တကယ်ကို မထင်မှတ်ထားဘူး။ မမျှော်လင့်ဘဲ ကြုံခဲ့ရတဲ့ အလှည့်အပြောင်းတစ်ခုကြောင့် သူမက စုကျန်းအတွက် ဓားချက်ကို ဝင်ခံပေးမိရက်သား ဖြစ်သွားတယ်။

သူမက သူ့ကို လုပ်ကြံခံရမယ့်အန္တရာယ်ကနေ ရှောင်ရှားနိုင်ရန် ကူညီပေးချင်ရုံပဲဖြစ်ပြီး စုကျန်းအတွက် အသက်ကို စွန့်လွှတ်ရန်အထိ တစ်ခါမှ မရည်ရွယ်ခဲ့ဘူး။

ထိုစဉ် တံခါးအပြင်ဘက်မှ လေးလံသောအရာတစ်ခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့် "ဒုန်း" ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ပေါင်ချန်သည် ဆံပင်ရှုပ်ပွစွာဖြင့် အခန်းထဲသို့ အပြေးအလွှား ဝင်လာခဲ့ရာ အခန်းတွင်းရှိ ဖယောင်းတိုင်မီးတောက်လေးပင် ဝုန်းခနဲ လှုပ်ခါသွားသည်။

ရွှယ်နင်က မတတ်သာသည့်အဆုံး ပြုံးလိုက်မိ၏။ ပေါင်ချန်က ပန်းထိုးခုံတန်းလျားပေါ်တွင် ငိုက်မြည်းနေရင်း သူမ၏အသံကို ကြားရတဲ့အခါ လန့်နိုးပြီး ကြမ်းပြင်ပေါ် မှောက်ရက်လဲကျသွားတာ ဖြစ်ရမယ်ဆိုတာကို သူမ သိလိုက်သည်။

“သခင်မလေး... နောက်ဆုံးတော့ နိုးလာပြီပဲ! ဒီရက်ပိုင်းတွေမှာ ကျွန်မ ဘယ်လောက်တောင် စိတ်ပူနေခဲ့ရလဲ သိရဲ့လား။ သခင်မလေး တစ်ခုခု ဖြစ်သွားမှာစိုးလို့ မျက်စိတောင် ကောင်းကောင်းမမှိတ်ရဲဘူး…”

ပေါင်ချန်သည် နိမိတ်မရှိတဲ့ စကားကို ဆက်မပြောရဲတော့ဘဲ မျက်ရည်များသာ တရဟော စီးကျလာတော့သည်။

“ကျွန်မ အခန်းထဲမှာ နေ့တိုင်း စောင့်နေခဲ့တာပါ…”

ရွှယ်နင်က အားယူကာ ပြုံးပြလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ငါ့ကို... ငါ့ကို တွဲထူပေးပါဦး။”

ပေါင်ချန်၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာပြီး ကုတင်ဘေးသို့ အလောတကြီး တိုးကပ်လာသည်။ သခင်မလေးဆီက နွေးထွေးမှုကို ခံစားလိုက်ရမှသာ သူမ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့၏။

"သခင်မလေး နိုးလာရင်ပဲ တော်ပါပြီ။သမားတော်က ပြောတယ်... အစိုးရိမ်ရဆုံးက အဖျားကြီးမှာတဲ့။ အဖျားမကျရင် အသက်တစ်ဝက် ပြတ်သွားနိုင်သလို ဉာဏ်ရည်ပါ ထိခိုက်သွားနိုင်တယ်လို့ ပြောတာ။ ကျွန်မမှာ ရက်အတော်ကြာ စိုးရိမ်တကြီး စောင့်နေခဲ့ရတာ။ တော်သေးတာပေါ့... သခင်မလေးက တစ်ညပဲ ဖျားပြီး နောက်နေ့မှာ အဖျားကျသွားလို့။ အဲဒီနောက်ပိုင်း အဖျား သိပ်မတက်တော့ဘူး။"

သူမ ထုတ်မပြောရဲတဲ့ အကြောင်းအရာက— ဒီရက်ပိုင်းအတွင်း သခင်မလေးရဲ့ ကုတင်ဘေးမှာ သခင်လေးလီ သို့မဟုတ် ရှီဇီ နှစ်ယောက်ထဲက တစ်ယောက်ယောက် အမြဲရှိနေတတ်သဖြင့် သူမက အပြင်ခန်းတွင်သာ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။ အစေခံမလေးတစ်ဦးအနေဖြင့် သူမ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိခဲ့ချေ။

ရှီဇီက သခင်မလေးကို ဆေးတိုက်ပေးပြီး သခင်လေးလီကတော့ ဒဏ်ရာကို ပတ်တီးလဲပေးခဲ့သည်။

ထိုအမျိုးသားနှစ်ယောက်က တစ်‌ယောက်ကိုတစ်ယောက် အသေအလဲ မုန်းတီးနေကြပုံရသည်။

အထူးသဖြင့် ရှီဇီ ဖြစ်၏— သခင်လေးလီ အနားတိုးလာတာကို မြင်တိုင်း သူ့မျက်ဝန်းများထဲတွင် ဒေါသမီးတောက်များ ကူးစက်လောင်ကျွမ်းနေတတ်သည်။

သူတို့နှစ်ယောက်က ရေနှင့်မီးကဲ့သို့ မသင့်မြတ်ကြသော်လည်း သခင်မလေး၏ အခန်းထဲတွင်တော့ တစ်ခါမှ လက်ပါ ရန်ဖြစ်ခြင်း မရှိခဲ့ကြချေ။

သို့သော် သခင်မလေးက ဒီအကြောင်းကို တစ်နေ့နေ့မှာ သိရှိသွားမည်သာ ဖြစ်သည်။ သခင်မလေး၏ ဂုဏ်သိက္ခာအတွက် အိမ်တော်တစ်ခုလုံးလည်း ပွက်လောရိုက်နေသည်။

ခေါင်းအုံးကြီးကို မှီထားလိုက်ရသဖြင့် ရွှယ်နင်သည် သူမ၏ ခန္ဓာကိုယ်ထဲမှ လေးလံထိုင်းမှိုင်းမှုများ အနည်းငယ် သက်သာရာရသွားသလို ခံစားလိုက်ရသည်။

ရေနွေးအနည်းငယ် သောက်လိုက်ပြီးနောက် လည်ချောင်းထဲမှ ခြောက်သွေ့အက်ရှမှုများလည်း အတန်ငယ် ပြေလျော့သွားသည်။

“ငါ့ဒဏ်ရာက…”

ရွှယ်နင်က စိတ်မအေးနိုင်သေးဘဲ ရှိနေတဲ့ ပေါင်ချန်၏ မျက်ဝန်းမှ မျက်ရည်များကို သုတ်ပေးရင်း မေးလိုက်သည်။

“ငါ သတိမေ့နေတာ ဘယ်နှရက်ရှိသွားပြီလဲ။”

ပေါင်ချန်က ရှိုက်ကြီးတငင်ဖြင့်-

“ငါးရက်ရှိပါပြီ သခင်မလေးရဲ့။ သခင်မလေး ပြန်နိုးမလာတော့မှာကို တကယ်ကြောက်နေခဲ့တာ။ သမားတော်ကြီးစွန်းကလည်း သခင်မလေးသာ အမြန်ဆုံး သတိမလည်လာရင် တကယ်ကို အသက်အန္တရာယ်ရှိတယ်လို့ ပြောလို့... ဒါကြောင့်မို့လို့ ကျွန်မ တံခါးဝမှာပဲ အမြဲစောင့်နေခဲ့တာ”

ရွှယ်နင်သည် သေခြင်းတရားကို အထူးတလည် ကြောက်ရွံ့နေသူတော့မဟုတ်— အဆုံးစွန်ပြောရလျှင် သူမက တစ်ကြိမ် သေလူဖြစ်ခဲ့ပြီးသားမလို့ နောက်တစ်ကြိမ် ထပ်သေရလျှင်လည်း ဘာမှ အရေးမကြီးပေ။

သို့သော် သူမက စုကျန်းအတွက်နှင့်တော့ အသေမခံနိုင်ပါ။

မဟုတ်လျှင် သူမကိုယ်သူမ ဒေါသထွက်ပြီး သေရလိမ့်မယ်။

ဒါပေမဲ့ အခု သူမ အသက်ရှင်နေသေးတာဖြစ်တဲ့အတွက် ကောင်းကောင်းမွန်မွန် ဆက်ပြီးအသက်ရှင်နေထိုင်ရမယ်။

“ဒီလောက်တောင် ကြာသွားတာလား…”

ရွှယ်နင် ခဏလောက် တိတ်ဆိတ်သွားပြီးမှ အားမရှိစွာဖြင့် ဆက်မေးလိုက်သည်။

“ရှီဇီရော… ဘယ်လိုနေသေးလဲ။”

ဤစကားကို ကြားလိုက်ရတဲ့အခါ ပေါင်ချန်၏ရင်ထဲ နာကျင်သွားရသည်။

ရှီဇီ၏ ဒဏ်ရာများက သိပ်မပြင်းထန်ချေ။ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမျိုးမရှိဘဲ ရက်အနည်းငယ်မျှ အနားယူလိုက်လျှင်ပင် လုံးဝနီးပါး ပြန်လည်သက်သာလာမည့် အနေအထားဖြစ်၏။ မော့ပိုင်လည်း ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှီဇီ လုပ်ကြံခံရသည့် ကိစ္စက မြို့တော်တစ်ခုလုံးကို သိသွားစေခဲ့ပြီး ဧကရာဇ်မင်းမြတ်ကိုယ်တိုင်ပင် သူ့အခြေအနေကို လူကိုယ်တိုင် လာရောက်မေးမြန်းသည်။

ထို့အပြင် သခင်မလေးက ရှီဇီကို ကယ်တင်ရင်း ဓားချက်ထိမှန်ခဲ့တာဖြစ်တဲ့အတွက် အသက်ကယ်တင်ရှင်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ရှီဇီက သခင်မလေးကို ကိုယ်လုပ်တော်အဖြစ် ယူခွင့်ပြုရန် သခင်မကျန်းဆီ တောင်းဆိုခဲ့သည်။

သခင်မကြီးကတော့ လုံးဝ သဘောတူမည်မဟုတ်ချေ။ အထူးသဖြင့် ထိုညက သခင်မလေးကို သခင်လေးလီက တွေ့ရှိသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ သူမ၏အမြင်တွင် သခင်မလေးက ဒဏ်ရာအပြင်းအထန်ရထားပြီး သခင်လေးလီနှင့် ဘယ်လိုမှ မပတ်သက်နိုင်ကြောင်းကို အသေအချာသိနေသော်လည်း သခင်မလေး၏ အပျိုစင်ဘဝ ဂုဏ်သိက္ခာ ညိုးနွမ်းသွားပြီဟု ယူဆနေခဲ့သည်။

လော်အိမ်တော်ဘက်ကမူ နဂိုက သခင်မလေးနှင့် အောင်သွယ်တော်ဆင့်ကာ လက်ထပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

သခင်မလေး ဒဏ်ရာရသွားကြောင်း သိတဲ့အခါ သခင်လေးလော်က တန်ဖိုးကြီး အဖိုးတန်လက်ဆောင်ပစ္စည်းများကို လူကိုယ်တိုင် သယ်ဆောင်၍ လာရောက်လူမမာမေးခဲ့သည်။

သို့သော်လည်း ရှီဇီက သူ့ကို အိမ်တော်အပြင်ဘက်မှာတင် တားဆီးထားခဲ့ပြီး ရှီဇီက သူ့အား ဘာတွေပြောလိုက်လဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပေ။

ထို့နောက်တွင်တော့ သခင်လေးလော်သည် စိတ်ပျက်အားလျော့စွာဖြင့် သူ့လက်ဆောင်များကို ပြန်လည်သယ်ဆောင်ကာ နယ်စားမင်းအိမ်တော်မှ ထွက်ခွာသွားခဲ့ပြီး လုံးဝ ပြန်ရောက်မလာတော့ပေ။

“ဘာလဲ...”

ရွှယ်နင်သည် ပါးစပ်ထဲရှိ ရေနွေးများကိုတောင် ပြန်အန်ထွက်မတတ် လန့်ဖျန့်သွားကာ လွန်စွာတုန်လှုပ်အံ့ဩသွားသည်။

“စုကျန်းက ငါ့ကို ကိုယ်လုပ်တော်အဖြစ် ယူမယ်လို့ ပြောတယ် ဟုတ်လား…”

သူမ လှုပ်ရှားလိုက်မိတာ‌ကြောင့် ရင်ဘတ်ရှိ ဒဏ်ရာက စူးခနဲ နာကျင်သွားကာ ဒဏ်ရာကွဲထွက်မတတ် ဝေဒနာကြောင့် မျက်နှာလေး ရှုံ့မဲ့သွားပြီး နဖူးပြင်ထက်တွင်လည်း ချွေးစေးများ ချက်ချင်း ပျံတက်လာတော့သည်။

ပေါင်ချန်က သူမအား ခေါင်းအုံးပေါ်သို့ အမြန်ပြန်လှဲချပေးသည်။

“သခင်မလေး... စိတ်မလှုပ်ရှားပါနဲ့ဦး”

ရွှယ်နင်သည် မျက်စိမှိတ်ကာ ဝေဒနာကို အောင့်အည်းသည်းခံရင်း အသက်ကို ဝဝရှူလိုက်ပြီးနောက် နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။

“ငါ စိတ်လှုပ်ရှားနေတာ မဟုတ်ဘူး၊ စကားလုံးတောင် ပျောက်သွားတာ။ သူက ဘယ်လိုစိတ်နဲ့ အဲဒီလိုစကားမျိုး ပြောထွက်ရတာလဲ... ငါ့ကို ကိုယ်လုပ်တော်အဖြစ် ထားမယ် ဟုတ်လား။ သူ... သူ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်။”

ပေါင်ချန်ကိုယ်တိုင်လည်း ဒီသတင်းကို အပြင်မှာ ကိုယ်တိုင်ကြားခဲ့ရတာ မဟုတ်ပေ။ သူမက ဒီရက်ပိုင်းအတွင်း ချီယွင်ဆောင်တွင်သာ နေ့ညမပြတ် စောင့်ကြပ်နေခဲ့ရသဖြင့် အပြင်ကသတင်းများကို စုံစမ်းရန် အချိန်မရခဲ့ချေ။

“ဒီအစေခံလည်း ရှီဇီ ဘာတွေတွေးနေလဲဆိုတာ မသိပါဘူး။ ဒီသတင်းကို ပေါင်ယွီက အပြင်ကနေ သတင်းပြန်သယ်လာတာပါ။ ရှီဇီက မင်းသမီး ရှို့နင်းနဲ့ လက်ထပ်တော့မယ့် အခြေအနေမှာ... ဘာဖြစ်လို့ ရုတ်တရက်ကြီး သခင်မလေးကို ကိုယ်လုပ်တော်အဖြစ် ယူဖို့ တွေးရတာလဲ မသိဘူး… သခင်မလေးက ဘာပဲပြောပြော စစ်သူကြီးအိမ်တော်ရဲ့ တရားဝင် သမီးအရင်းပဲဟာ။ ဘာဖြစ်လို့ အခြားသူရဲ့ နှိမ်ချဆက်ဆံတာကိုခံပြီး ကိုယ်လုပ်တော် လုပ်ရမှာလဲ။ ရှီဇီက တကယ်ပဲ ကျေးဇူးဆပ်ချင်တယ်ဆိုရင် သခင်မလေးကို သူ့တရားဝင်ဇနီးအဖြစ် လက်ထပ်ယူသင့်တာပေါ့။”

ရွှယ်နင်သည် ဤအဓိပ္ပာယ်မရှိသော ကိစ္စကြောင့် ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားပြီး ဖြူဖျော့နေသော မျက်နှာထက်တွင် ပြတ်သားသည့် အရိပ်အယောင်များ ယှက်သန်းလျက် ကုတင်ပေါ်မှ ဆင်းရန် အားတင်းလိုက်သည်။

ဒီဘဝမှာ သူမ သူ့ကို လက်ထပ်ဖို့ နည်းနည်းလေးတောင် စိတ်ကူးမရှိဘူး။

ထိုကယ်တင်ခဲ့သည့် ဖြစ်ရပ်တစ်ခုလုံးဟာလည်း နားလည်မှုလွဲမှားခြင်းပင်။

သူ့အတွက် ဓားချက်ဝင်ခံရန် သူမ တစ်ခါမှ မရည်ရွယ်ခဲ့ဘူး။ လုပ်ကြံသူက လူမှားပြီး လွှဲရိုက်မိရာကနေ မတော်တဆ ဓားချက်ထိမှန်သွားခြင်း သက်သက်သာ ဖြစ်သည်။

ထို့အပြင် သူမက ဒီလိုမျိုး “အသက်ကယ်တင်ရှင်” ဆိုသည့် ကျေးဇူးတရားကို အသုံးချပြီး သူ့ကို လက်ထပ်ရန် သို့မဟုတ် ကိုယ်လုပ်တော်အဖြစ် ယူရန် တောင်းဆိုမှာလည်း လုံးဝမဟုတ်ပေ။

ဒဏ်ရာကွဲထွက်သွားမှာကို စိုးရိမ်သဖြင့် ပေါင်ချန်က အသနားခံလိုက်သည်။

“သခင်မလေး... အရင်ဆုံး ပြန်လှဲနေပါဦး။ ဒီညလည်း တော်တော်မိုးချုပ်နေပြီပဲဟာ... ဝမ်ရှိုဆောင်က သခင်မကြီးလည်း အိပ်ပျော်နေလောက်ပြီ၊ ရှီဇီလည်း အခု အိမ်တော်မှာ မရှိပါဘူး။ သခင်မကျန်းလည်း နားနေလောက်ပြီမလို့ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျမှ ပြောလို့မရဘူးလား”

ရွှယ်နင်က ငြင်းဆန်ချင်သော်လည်း ရက်အတော်ကြာ အစာမဝင်ခဲ့သဖြင့် သူမ၏ ခန္ဓာကိုယ်က တကယ်ကို အားမရှိ ဖြစ်နေသည်။ ခြေဖဝါးနှစ်ဖက် ကြမ်းပြင်ပေါ်သို့ ထိမိရုံရှိသေး... ခြေထောက်များက ပျော့ခွေသွားကာ လဲကျလုမတတ် ဖြစ်သွားတော့သည်။

ပေါင်ချန် ထိတ်လန့်တကြားဖြစ်သွားပြီး သူမကို ဝင်တွဲရန် ကြိုးစားစဉ် ဒဏ်ရာကို မတော်တဆ ဆွဲမိသွားသည်။ ထို့အပြင် ပေါင်ချန်ကိုယ်တိုင်လည်း ရက်ပေါင်းများစွာ အိပ်ရေးပျက်၊ အစားပျက်ထားရသဖြင့် အားအင် သိပ်မရှိချေ။ ထို့ကြောင့် နှစ်ယောက်သား ကြမ်းပြင်ပေါ်သို့ တူတူလဲကျတော့မည့် အခြေအနေသို့ ရောက်သွားသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုအရေးကြီးသည့် အခိုက်အတန့်တွင် လက်တစ်ဖက်က သူမ၏ ခါးလေးကို လှမ်း၍ ထိန်းကိုင်ပေးလိုက်သည်။

ထိုလက်က နွေးထွေးကျယ်ပြန့်ပြီး ရှည်လျားသော လက်ချောင်းများ ရှိသည်။

ထိုလက်နှင့်အတူ ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံကလည်း ကပ်လျက် ထွက်ပေါ်လာခဲ့၏။

“ညသန်းခေါင်ကြီး ဘယ်သွားမလို့လဲ…”

All Chapters