← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) - ဝေဒနာခံစားနေရသော သတို့သား

အမျိုးသားဖြစ်သူ ကုတင်ပေါ်တက်သွားမှသာ သူမက ပန်းထိုးဖိနပ်လေးများကို ကပျာကယာချွတ်ကာ သူ၏ရှည်လျားသော ခြေတံများကို ကျော်ခွပြီး ကုတင်အတွင်းဘက်သို့ ဝင်လိုက်သည်။

ချမ်းသာသော အိမ်တော်ကြီးများတွင် ဇနီးမောင်နှံများသည် စောင်နှစ်ထည်ခွဲ၍ အိပ်လေ့ရှိကြ၏။

လင်မယားကိစ္စ ပြုလုပ်ပြီးလျှင်တောင်မှ သူတို့၏ကိုယ်ပိုင်စောင်များကိုသာ ခြုံ၍ အိပ်တတ်ကြသည်။

အရင်ဘဝက ရွှယ်နင်သည် စုကျန်းနှင့် နီးနီးကပ်ကပ်နေခဲ့ရသည့် အချိန်များ သိပ်မရှိခဲ့သော်လည်း ဤစည်းကမ်းများကိုတော့ နားလည်ထားဆဲပင်။

သူမက သူနှင့်သက်ဆိုင်သော စောင်ကို ကမ်းပေးလိုက်ရင်း နာခံမှုရှိစွာဖြင့် ပြောလိုက်သည်။

"ဖူကျွင်း... ဒီစောင်က ပိုထူတယ်။ ရှင်ခြုံလိုက်ပါ"

သနားစရာကောင်းလောက်အောင် လိမ္မာနာခံနေတဲ့ မိန်းကလေးကိုကြည့်ပြီး လီချန်ချဲ့၏ လည်ချောင်းများ တင်းကျပ်သွားရသည်။

"မင်းက ခန္ဓာကိုယ်အားနည်းတယ်။ ကိုယ်ပဲ ဒီဟာကို ခြုံပါ့မယ်။"

ရွှယ်နင်၏ ရင်ထဲတွင် ကျေးဇူးတင်စိတ်များ လျှံတက်လာသည်။ စောင်ကို ရင်ခွင်ထဲပိုက်ထားရင်း ဖယောင်းတိုင်အလင်းရောင်အောက်မှ လီချန်ချဲ့၏ ချောမောသော မျက်နှာကို သူမ လေ့လာကြည့်လိုက်သည်။

ဤမျက်နှာသည် လောကီအာရုံများတွင် ကင်းကွာနေသယောင် ထင်ရသည်။ သူ အေးစက်စက်နေသည့်အချိန်ဆိုလျှင် စုကျန်းထက်ပင် ပို၍ ကင်းကွာပြီး အထီးကျန်ဆန်နေပုံရသည်။

ထိုအချက်ကြောင့်ပင် သူက သူမအပေါ် အလွန်လေးစားမှုဖြင့် ဆက်ဆံခဲ့ခြင်းဖြစ်သည်။

ရွှယ်နင်၏ အကြည့်များ နွေးထွေးသွားပြီး ရိုးသားစွာပင် ပြောလိုက်၏။

"အားချဲ့... ကျေးဇူးပါပဲ"

လီချန်ချဲ့သည် ခေါင်းအုံးကို မှီလိုက်ပြီး သူ၏ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားသည်။

"တကယ်တော့ မင်းကို လက်ထပ်တာက ကိုယ့်ရဲ့ ကိုယ်ကျိုးရှာလိုစိတ်တွေလည်း ပါတယ်။"

ရွှယ်နင်က နားမလည်စွာဖြင့် မျက်လုံးအဝိုင်းသား ကြည့်လိုက်သည်။

"ဘာကို ဆိုလိုတာလဲဟင်။"

လီချန်ချဲ့က သူမကို သေချာစိုက်ကြည့်လိုက်သည်။

"ကိုယ်နဲ့ အမေ့ရဲ့ ဆက်ဆံရေးက တင်းမာနေတယ်။ မင်းသာ ကြားထဲကနေ ဝင်ပြီး ဖြန်ဖြေပေးနိုင်ရင် ကိုယ့်အတွက် အကြီးမားဆုံး ကျေးဇူးပြုတာပဲ။"

ဪ... ဒါကိုး။ ရွှယ်နင်၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားသည်။

"စိတ်မပူပါနဲ့။ ကျွန်မ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးပါ့မယ်။"

လီချန်ချဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး ပေါ်လာသည်။

"အမေက ကိစ္စတွေကို သိပ်မစီမံတော့ဘူး။ နောင်ကျရင် တုန်းကျင်းက ကျန်းကော်နယ်စားမင်းစံအိမ်ရဲ့ အတွင်းဆောင် ကိစ္စတွေကို စီမံခန့်ခွဲဖို့ မင်းကိုပဲ အားကိုးရတော့မယ်။"

ရွှယ်နင် အံ့ဩသွားသည်။

"ဒါပေမဲ့ ကျွန်မ... အိမ်ထောင်မှုကိစ္စတွေကို သိပ်မစီမံတတ်ဘူးလေ။"

အရင်ဘဝက သူမ စုကျန်းကို လက်ထပ်ခဲ့ချိန်တွင် သခင်မကျန်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ထိုနောက် အိမ်တော်ကို စီမံခန့်ခွဲခွင့်က သခင်မကြီးရှဲ့နှင့် သခင်မနျဲ့တို့ လက်ထဲတွင်သာ ရှိနေခဲ့သည်။

ချယ်လှယ်ခံရသည့်အပြင် သူမက ပြစ်ဒဏ်အဖြစ် မတ်တပ်ရပ်ခိုင်းခံရခြင်း သို့မဟုတ် ညစ်ပတ်ပြီး ခက်ခဲပင်ပန်းသော အလုပ်များကိုသာ လုပ်ဆောင်ခဲ့ရသည်။

ခင်ပွန်းသည်၏ ချစ်ခင်မှုကို မရရှိသော မိန်းမတစ်ယောက်အတွက် အတွင်းဆောင်၏ နက်ရှိုင်းသော ခြံဝင်းကြီးထဲတွင် မည်သည့် အထောက်အပံ့မှ မရှိခဲ့ပေ။

ထို့အပြင် ကိုယ်လုပ်တော်နျဲ့ပင်လျှင် သားတစ်ယောက် မွေးဖွားပေးနိုင်ခဲ့သော်လည်း သူမ၏ ဝမ်းဗိုက်ကတော့ အချိန်အကြာကြီး အသီးအပွင့် ကင်းမဲ့နေခဲ့သည်။

ရွှယ်နင်ကို သခင်မကြီးရှဲ့က အချိန်ကြာမြင့်စွာ အမြင်မကြည်ခဲ့ပေ။ နှစ်အတော်ကြာအောင် သူမက နေ့စဉ် ညသန်းခေါင်တိုင်သည်အထိ သခင်မကြီးရှဲ့ကို ပြုစုအလုပ်အကျွေးပြုပြီးမှသာ မင်ယွဲ့ဆောင်သို့ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန်လာခဲ့ရသည်။ ထိုအခါ သူမ မျှော်လင့်စောင့်စားခဲ့ရသော ခင်ပွန်းဖြစ်သူကလည်း သူမအပေါ် ကြင်နာမှု အနည်းငယ်မျှပင် ပြသခဲ့ခြင်းမရှိပေ။

သူမသည် ယုံကျိုးရှိ အိမ်ဟောင်းသို့ အပို့မခံရမီ အချိန်ထိ ငါးနှစ်တိုင်တိုင် ဆင်းရဲဒုက္ခခံခဲ့ရ၏။

အိမ်ဟောင်းရှိ ဘဝသည် အကျဉ်းချခံထားရသည့် အကျဉ်းသားတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့ရာ အိမ်ထောင်မှုစီမံခန့်ခွဲခြင်း အတတ်ပညာကို သင်ယူရန်ဆိုသည်မှာ ဝေလာဝေးပင်။

"စိတ်မပူပါနဲ့။"

လီချန်ချဲ့က မော့ကြည့်လာပြီး ကြောက်ရွံ့စိုးရိမ်နေသော မိန်းကလေး၏ မျက်လုံးများနှင့် ဆုံသွားသည်။

"ကိုယ် မင်းကို သင်ပေးပါ့မယ်။"

ရုတ်တရက် ဤမျှ ကြီးလေးသော တာဝန်ကို ပေးအပ်ခံလိုက်ရသဖြင့် ရွှယ်နင် နှုတ်ခမ်းကိုစေ့ကာ အကြည့်တို့ကို တင်းမာလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမက ရှီဇီ၏ ဇနီးအဖြစ် နှစ်အတော်ကြာ နေထိုင်ခဲ့ဖူးလို့ အတွေ့အကြုံအချို့တော့ ရှိတယ်။ လီချန်ချဲ့နှင့် သူ့မိခင်ကြား ဆက်ဆံရေးကို ဖြန်ဖြေပေးနိုင်ရန် သူမ ကြိုးစားမှာဖြစ်ပြီး၊ သူ ရုံးအလုပ်များကို စိတ်အေးချမ်းသာစွာ လုပ်ဆောင်နိုင်ရန်အတွက် အိမ်ထောင်မှုကိစ္စများကို သူမစွမ်းနိုင်သမျှ အကောင်းဆုံး စီမံခန့်ခွဲပေးမယ်။

"ဖူကျွင်း... စိတ်မပူပါနဲ့။ ကျွန်မ နားမလည်တာရှိရင် ရှင့်ကို မေးပါ့မယ်။ ဒါပေမဲ့ ကျွန်မ သေချာ မစီမံနိုင်ခဲ့ရင်လည်း အပြစ်မတင်ပါနဲ့နော်။"

သူမက ဗာဒံစေ့ပုံစံ မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သနားစရာကောင်းအောင် ကြည့်လိုက်သည်။

"ဒါပေမဲ့ ကျွန်မ ကြိုးစားပြီး သင်ယူပါ့မယ်။ မှားသွားရင်လည်း ပြင်ပါ့မယ်။ ရှင် ဆူတာပဲဖြစ်ဖြစ်၊ အပြစ်ပေးတာပဲဖြစ်ဖြစ် ကျွန်မ ကြိုးကြိုးစားစား လုပ်ပါ့မယ်။"

"အင်း။"

စကားအနည်းငယ်မျှဖြင့် လီချန်ချဲ့သည် မိန်းကလေး၏ တိုက်ပွဲဝင်လိုစိတ်ကို ဆွပေးလိုက်နိုင်သည်။ သူ့မျက်လုံးထောင့်များ အနည်းငယ် မြင့်တက်သွားပြီး ဘေးရှိ လွတ်နေသောနေရာကို ပုတ်ပြလိုက်သည်။

"အိပ်တော့။"

လီချန်ချဲ့သည် အရာအားလုံးကို သေချာစွာ စီစဉ်ထားပြီး သူမကို ညီမငယ်တစ်ယောက်လိုသာ မြင်ကြောင်းနှင့် မည်သည့် အချစ်ရေးခံစားချက်မျှ ထားရှိမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးဖြစ်သည်။

ရွှယ်နင်သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလို ခံစားလိုက်ရ၏။ သူမကိုယ်ပိုင်စောင်ထဲသို့ တိုးဝင်ကာ မျက်လုံးများကို မှိတ်လိုက်သည်။

ကုတင်နှင့် စောင်သည် သူမထင်ထားသည့်အတိုင်း အမှန်တကယ် သက်တောင့်သက်သာရှိလှသဖြင့် အထူးပင် အိပ်ပျော်စေသည်။ မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့် အနှောင့်အယှက်အတွေးမှ မရှိဘဲ အိပ်မက်ကမ္ဘာထဲသို့ နစ်မျောသွားတော့သည်။

မင်္ဂလာအခန်းထဲတွင် အနီရောင်ဖယောင်းတိုင်များက တောက်ပစွာ လင်းလက်နေသော်လည်း လီချန်ချဲ့ကတော့ အချိန်အတော်ကြာသည့်တိုင် အိပ်မပျော်နိုင်ဘဲ နိုးကြားနေခဲ့သည်။

ငယ်ရွယ်စဉ်က ရွှယ်နင်လေးသည် သူ့ကုတင်ပေါ်သို့ တစ်ခါ တက်လာဖူးသည်။ သို့သော် ယခုအခါတွင် သူ၏စိတ်အခြေအနေမှာ လုံးဝကို ကွာခြားနေပြီ။

မိန်းမငယ်လေးက တစ်ဖက်သို့ လှည့်လိုက်ရာ ထူထဲသော ပိုးဖဲစောင်အောက်မှ သူမ၏ ကောက်ကြောင်းအလှများက ပေါ်လွင်နေဆဲဖြစ်သည်။

သူမ၏ ကိုယ်ခန္ဓာပုံစံက... အခြားသော မိန်းမပျိုလေးများထက်ပင် ပို၍ ကျော့ရှင်းလှပနေသည်။

သူမထံမှ သီးသန့်ထွက်ပေါ်နေသော နွေးထွေးမွှေးပျံ့သည့် ရနံ့လေးက သူ့နှာခေါင်းဝတွင် စွဲထင်နေပြီး မကြာသေးမီက သူ မတော်တဆ မြင်တွေ့လိုက်ရသည့် မြင်ကွင်းတစ်ခုကို ရှင်းပြမရအောင် ပြန်လည်သတိရမိနေသည်—

မိန်းကလေး ကိုယ်ကိုကိုင်းညွှတ်လိုက်စဉ် အတွင်းခံဝတ်ရုံလေး အနည်းငယ် ဟသွားပြီး လပြည့်ဝန်းကဲ့သို့ ဖြူဝင်းပြည့်ဖြိုးနေသည့် အရာ... လုံးဝကို ဆွဲဆောင်မှုအပြည့်ရှိတယ်

သူ့လည်စေ့ လှုပ်ရှားသွားပြီး မငြိမ်မသက်ဖြစ်မှုနှင့်အတူ အပူငွေ့များက ရင်ထဲတွင် လှိုက်တက်လာသည်။

ဟိုဘက်ဒီဘက် လှိမ့်ရင်း အိပ်မပျော်နိုင်ဖြစ်နေရာမှ အိပ်မောကျနေသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ထကာ ရေချိုးခန်းဆီသို့ သွားလိုက်ရသည်။

ရေအေးဖြင့် ချိုးပြီး ကုတင်ပေါ်သို့ ပြန်လာကာ လှဲချလိုက်ရုံရှိသေး အိပ်ပျော်နေသူလေးက ထပ်လှုပ်ရှားလာပြန်သည်။ သူမ၏ ခေါင်းလုံးလုံးလေးက သူ့အနားသို့ တိုးကပ်လာပြီး နီရဲနေသော ပါးပြင်လေးက သူ၏ လက်မောင်းထဲသို့ မှီကျလာသည်။ ဖြူဝင်းသွယ်လျသော ခြေတံတစ်ဖက်ကလည်း စောင်အောက်မှ ထွက်လာကာ တောက်ပသော အနီရောင်ပိုးဖဲစောင်ပေါ်တွင် တင်နေရာ ဖြူဖွေးလွန်းလှသဖြင့် မျက်စိကျိန်းမတတ်ပင်။

ဝေဒနာခံစားနေရသော လီချန်ချဲ့- "..."

...

ရွှယ်နင်သည် ညတစ်ညလုံး အိပ်မက်များ၏ အနှောင့်အယှက်ကင်းစွာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ပြန်လည်မွေးဖွားလာပြီးကတည်းက သူမသည် စိုးရိမ်ပူပန်မှုများနှင့် မကြာခဏဆိုသလို နပန်းလုံးနေခဲ့ရပြီး၊ အေးအေးချမ်းချမ်း အိပ်ပျော်ခဲ့ရသည့် အကြိမ်အနည်းငယ်မှာ လီချန်ချဲ့၏ ဘေးနားတွင်သာ ဖြစ်ပုံရသည်။

သူမ တစ်ကိုယ်လုံး နွေးထွေးနေပြီး ခေါင်းအုံးထားသည့် နေရာကလည်း အထူးပင် သက်တောင့်သက်သာ ရှိ၏။

အနီရောင် ကုတင်ကန့်လန့်ကာများအတွင်း နံနက်ခင်းအလင်းရောင်က မှိန်ပျပျသာ ရှိသေးသည်။ သူမက ပါးပြင်ကို သက်တောင့်သက်သာရှိအောင် ရွှေ့လိုက်ရင်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ အမျိုးသားဖြစ်သူ၏ နက်ရှိုင်းပြီး အမှောင်ကျနေသော အကြည့်များနှင့် ဆုံသွားလေသည်။ ထိုအခါမှသာ သူမ၏ခေါင်းက သူ့လက်မောင်းပေါ်တွင် အမှီပြုနေကြောင်း သတိထားမိလိုက်သည်။

ရွှယ်နင်၏ မျက်လုံးများက အေးခဲသွားပြီး သူမ၏ အကြည့်များက အောက်ဘက်သို့ ရွေ့လျားသွားသည်။

အမျိုးသား၏ အနီရင့်ရောင် အတွင်းခံဝတ်ရုံမှာ သူမ ဆုပ်ကိုင်ထားမှုကြောင့် ဖရိုဖရဲ ဖြစ်နေသည်။ဟိုက်နေသော ကော်လာစအောက်တွင် ကျစ်လစ်သန်မာပြီး ပုံကျနေသော ကြွက်သားပြင်ကျယ်ကြီးက ပေါ်လွင်နေ၏။

သူမ၏ အငြိမ်မနေသော လက်သေးသေးလေးက သူ၏ သွယ်လျသော ခါးပေါ်တွင် တင်နေဆဲပင်...

လီချန်ချဲ့က အိပ်ချင်မူးတူးဖြစ်နေသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး နံနက်စောစောအချိန်ဖြစ်၍ အနည်းငယ် အက်ရှနေသော အသံဖြင့် မေးလိုက်သည်။

"နိုးပြီလား"

ရွှယ်နင် လန့်ဖျပ်သွားပြီး ရုတ်တရက် ထထိုင်လိုက်မိသည်။ သူမ၏ နဂိုကတည်းက နီမြန်းနေသော မျက်နှာလေးက သွေးထွက်မတတ် ချက်ချင်း ရဲတက်သွားသည်။

"အားချဲ့... တောင်းပန်ပါတယ်။ ကျွန်မ တမင်လုပ်တာ မဟုတ်..."

သူမ ဘယ်လိုလုပ်ပြီး လီချန်ချဲ့ရဲ့ စောင်ထဲ ရောက်သွားမှန်း လုံးဝကို မသိဘူး...

သူမ၏ ကိုယ်ပိုင်စောင်မှာ ဘေးတစ်ဖက်သို့ လွင့်စင်နေတာ ကြာပြီဖြစ်သည်။

ရွှယ်နင်က နှုတ်ခမ်းကိုကိုက်လိုက်ပြီး သူ့စောင်ကို အနေခက်စွာ မတင်ကာ ကိုယ်ကို နောက်သို့ တဖြည်းဖြည်း ဆုတ်လိုက်ရင်း နောက်ဆုံးတွင် သူမ၏ ကိုယ်ပိုင်စောင်ထဲသို့ ပြန်ဝင်သွားလေသည်။

မျက်နှာရဲရဲဖြင့် သူမက ပြောလိုက်၏။

"ကျွန်မ အိပ်ရာထဲမှာ အနေအထား မမှန်တာ ဖြစ်ရမယ်... ဒီညတော့ ခုံပုလေးပေါ်မှာပဲ အိပ်တာ ကောင်းပါမယ်"

ဘာမှ မဟုတ်တာကို ပြာယာခတ်နေသော သူမကို ကြည့်ပြီး လီချန်ချဲ့က တိုးတိုးလေး ရယ်မောလိုက်သည်။

"ရပါတယ်။ ရာသီဥတုအေးလို့ မင်း ကိုယ့်ဘက်ကို တိုးလာတာ နေမှာပါ။ ဘာမှမဖြစ်ပါဘူး—ကိုယ်တို့ စောင်တစ်ထည်တည်း အတူခြုံလိုက်ရုံပါပဲ၊ တခြား ဘာမှမဖြစ်ခဲ့ဘူး။"

ရွှယ်နင်က ခေါင်းကို ကုတ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် နောင်တရမှုနှင့် ရှက်ရွံ့မှုတို့ ရောယှက်နေသည်။

"ကျွန်မ... ရှင့်ကို အနှောင့်အယှက် မပေးခဲ့ဘူးမလားဟင်။"

မနေ့ညက သူမ ရုတ်တရက် အနားသို့ တိုးကပ်လာချိန်တွင် သူမ၏ ချယ်ရီရောင် နှုတ်ခမ်းလေးများကို သူ မနေနိုင်ဘဲ နမ်းရှိုက်မိခဲ့ပုံကို လီချန်ချဲ့ ပြန်သတိရလိုက်သည်။

ထိုနူးညံ့သော ခံစားမှုက ညတစ်ဝက်ခန့်အထိ သူ့စိတ်ထဲတွင် စွဲထင်နေခဲ့သည်။

ထို့နောက် သူမ၏ နှာခေါင်းထိပ်လေးကို သူ နမ်းရှိုက်ခဲ့ပြီး သူမ၏ ပါးပြင်မှ ချိုမြိန်နူးညံ့သော ရနံ့လေးကို ရှူရှိုက်ခဲ့သော်လည်း သူမက အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိခဲ့ပေ။

လီချန်ချဲ့၏ ရင်ထဲတွင် မီးတစ်စ ပွင့်အန်လာပြီး သူ့အကြည့်များက ပို၍ နက်ရှိုင်းသွားသည်။ သို့သော် မိန်းကလေး၏ မေးခွန်းထုတ်နေသော မျက်ဝန်းများနှင့် ဆုံလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာက အေးစက်တည်ငြိမ်နေဆဲဖြစ်ပြီး လုံးဝကို အလေးအနက်ထားဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"မပေးခဲ့ဘူး"

All Chapters