← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း (၂၄၇) မူလပိုင်ရှင်ထံ ပြန်လည်ရောက်ရှိခြင်း

ရွှယ်နင် အနည်းငယ် မှင်သက်သွားပြီး သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းများကို ပင့်မော့လိုက်ချိန်တွင် မျက်ရည်စများ ရစ်ဝဲလာတော့သည်။

လုစစ်လင်သည် မတ်တတ်ရပ်ကာ စာရေးစားပွဲဆီသို့ လျှောက်သွားလိုက်ပြီး သစ်မွှေးနီသေတ္တာယွန်းအိမ်လေးထဲမှ ရွှေကွပ်ထားသော ကျောက်စိမ်းသက်ရှည်သော့ခလောက်လေးကို ယူကာ ရွှယ်နင်ထံ ကမ်းပေးလိုက်သည်။

"ကဲ... အခုတော့ သူ့မူလပိုင်ရှင်ဆီ ပြန်ရောက်သွားပြီလို့ သတ်မှတ်လို့ရပြီ"

ရွှယ်နင်သည် စိမ်းသက်နေသော်လည်း ရင်းနှီးနေသည့် ထိုသက်ရှည်သော့ခလောက်လေးကို စိုက်ကြည့်နေရင်း သူမ၏ သူငယ်အိမ်များ ကျယ်လာခဲ့သည်။

သူမက အိပ်မက်မက်နေသကဲ့သို့ ခံစားနေရပြီး စိတ်အာရုံများလည်း ဝေဝါးနေသည်။

အကယ်၍ ထိုသက်ရှည်သော့ခလောက်က သူမအပိုင်ဆိုလျှင်၊ သူမရဲ့ အရင်ဘဝက ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဇနီးဆိုတာက ဘယ်သူလဲ။

ဒါမှမဟုတ် သူမ စုကျန်းနဲ့ လက်ထပ်ပြီးနောက် သူက တခြားမိန်းမတစ်ယောက်ကို ဖြစ်သလို လက်ထပ်လိုက်ပြီး အဲဒီမိန်းမက နှစ်အနည်းငယ်အတွင်းမှာပဲ ကွယ်လွန်သွားခဲ့တာများလား။

ဒါမှမဟုတ် သူ လုံးဝ အိမ်ထောင်မပြု၊ သားသမီး မယူခဲ့တာလား။ သူမ သေဆုံးပြီးနောက်မှာ သူမကိုပဲ ကွယ်လွန်သူဇနီးအဖြစ် သတ်မှတ်ပြီး တစ်သက်လုံး ချစ်သွားခဲ့တာလား။

ဒါပေမဲ့... ကွယ်လွန်သူဇနီးအပေါ်ထားတဲ့ သူ့ရဲ့ သစ္စာရှိမှု ဂုဏ်သတင်းက သူမ သက်ရှိထင်ရှား ရှိနေစဉ်မှာကတည်းက ပြန့်နှံ့နေခဲ့တာလေ...

ကြည့်ရတာ သူမ မှန်းဆတာ မှားသွားပုံရပါတယ်။

အားချဲ့က သူမကို တစ်ချိန်က သဘောကျခဲ့ဖူးကောင်း ကျခဲ့နိုင်ပေမဲ့ သူမ အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာတော့ သူ အရမ်းချစ်ရတဲ့ တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ ဖြစ်မယ်။

ဒါပေမဲ့ အခု... ဒီအချိန်မှာတော့... သူ သူမကို တကယ် သဘောကျနေတာ... မဟုတ်ဘူးလား။

သူမကို လက်ထပ်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး အတုအယောင် လက်ထပ်မယ်ဆိုတဲ့ သူမစကားကိုတောင် သဘောတူပေးခဲ့တာတွေ အားလုံးက သူမကို လက်ထပ်ပြီး အိမ်ခေါ်သွားဖို့ သက်သက်ပဲလေ။

ပြီးတော့ သူမကို ညီမလေးတစ်ယောက်လို သဘောထားတယ်ဆိုတဲ့ စကားတွေကလည်း သူမဘက်က သတိထားနေတာတွေကို လျှော့ချဖို့ သက်သက်ပဲ။

သူမက သူ့အတွက် ကိုယ်လုပ်တော် ရှာပေးချင်တယ်ဆိုတဲ့ စကားကြားတော့ သူ ဒေါသထွက်တာ၊ ပြီးတော့ သူ့ကို မကြိုက်ပါဘူးလို့ သူမ ကျိန်တွယ်ပြောဆိုတုန်းက သူ့မျက်နှာ မှုန်ကုပ်သွားတာတွေက မဆန်းတော့ပါဘူးလေ။

ဒီလိုမျိုး တွေးကြည့်လိုက်တော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ!

သူ့ရဲ့လရောင်ဖြူလေး၊ သူ့ရင်ထဲက မှဲ့နီလေးဆိုတာ တခြားတစ်ယောက်လို့ သူမ ထင်နေခဲ့တာ၊

တကယ်တမ်းကျတော့ သူမကိုယ်တိုင် ဖြစ်နေခဲ့တာကိုး...

ဒါပေမဲ့... တစ်ယောက်ယောက်ကများ သူမကို တကယ် သဘောကျပါ့မလား။

မေးခွန်းပေါင်းများစွာက သူမရင်ထဲတွင် ဝဲဂယက်ထနေသော်လည်း ရွှယ်နင်က ဘယ်လိုမေးရမလဲဆိုတာကို မသိခဲ့ပေ။

လုစစ်လင်လည်း အသေးစိတ်ကို သေချာပေါက် သိမည်မဟုတ်ပေ။ သူမ တစ်ယောက်တည်းသာ ပြန်လည်မွေးဖွားလာခဲ့သူ ဖြစ်၏။

သူမကိုယ်တိုင်တောင် ဒီမေးခွန်းတွေရဲ့ အဖြေကို မသိဘူးဆိုရင် ဘယ်သူကများ သူမကို အလင်းပြပေးနိုင်မှာလဲ။

သူမ၏ စိတ်အာရုံများ အချိန်အတော်ကြာ ဗလာကျင်းသွားပြီး ဘယ်လို ဖြေရှင်းရမှန်းမသိသော ရေတွက်မရနိုင်သည့် ခံစားချက်ပေါင်းများစွာဖြင့် သူမ၏ နှလုံးသားက ရှုပ်ထွေးနေတော့သည်။

သူမ၏ သွေးများ တိတ်တဆိတ် ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် ဆက်၍ပင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။

"အစ်ကိုလု... ညီမ အိမ်အရင် ပြန်တော့မယ်နော်"

"ဟေ့... နင့်အစ်ကိုရဲ့ အရေးကြီးကိစ္စကို မေ့မသွားနဲ့ဦးနော်"

"စိတ်မပူပါနဲ့"

ရွှယ်နင်က ပြုံးလျက် လက်ဝှေ့ယမ်းပြလိုက်ပြီး သူမ၏ ခြေလှမ်းများက ပေါ့ပါးသွက်လက်နေသည်။

"မမေ့ပါဘူး"

လုအိမ်တော်မှ ထွက်ခွာလာပြီးနောက် သူမက ရထားလုံးပေါ်သို့ အမြန်တက်လိုက်သည်။

ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ပြန်ရာလမ်းတစ်လျှောက်လုံး ရွှယ်နင်၏ ရင်ခုန်သံများက တဖြည်းဖြည်း ပို၍ မြန်ဆန်လာသည်။

သူမ အဲဒီလူကို မေးချင်တဲ့အရာတွေ အများကြီး ရှိနေတယ်၊ ဒါပေမဲ့ တွေ့တဲ့အခါ ဘာကို အရင်ပြောရမလဲ။ ဘာလို့ သူမကို လှည့်စားပြီး တိုက်ရိုက် မပြောပြခဲ့တာလဲလို့ သူ့ကို ဘယ်လိုမေးရမလဲ။

ပြီးခဲ့တဲ့ရက်တွေတုန်းက သူမ ဘယ်လောက်တောင် လူးလှိမ့်ခံစားခဲ့ရလဲ၊ သူမရဲ့ နှလုံးသားတွေ ဘယ်လောက်တောင် နာကျင်ခဲ့ရလဲဆိုတာကိုရော သူ သိရဲ့လား။

ရထားလုံးက နယ်စားမင်းအိမ်တော်၏ ဘေးပေါက်တွင် ရပ်တန့်သွားသော်လည်း အတွင်းမှလူက အချိန်အတော်ကြာသည်အထိ ဆင်းမလာခဲ့ချေ။

ပေါင်ချန်၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုတစ်ခု ဖြတ်ပြေးသွားသည်။

"သခင်မလေး... အိမ်ရောက်ပြီလေ။ ဘာလို့ မဆင်းသေးတာလဲ"

ရွှယ်နင်သည် ရထားလုံးထဲတွင် စိုးရိမ်တကြီး ထိုင်နေပြီး သူမလက်ထဲရှိ သက်ရှည်သော့ခလောက်လေးကို ပွတ်သပ်နေမိကာ လက်ဝါးများပင် ပူနွေးလာသလို ခံစားနေရသည်။

"ပေါင်ချန်... တံခါးစောင့်ကို သွားမေးကြည့်ပါဦး၊ အားချဲ့ ပြန်ရောက်ပြီလားလို့"

ပေါင်ချန်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"သခင်မလေး... ဒီအချိန်ဆို သူ ပြန်ရောက်လောက်ဦးမှာ မဟုတ်ဘူး"

ဖော်ပြ၍မရနိုင်သော တင်းမာမှုတစ်ခုက ရွှယ်နင်၏ နှလုံးသားကို ဆုပ်ကိုင်ထားသည်။

သူမအစ်ကို၏ စကားအရဆိုလျှင် သူမက အားချဲ့ နှစ်ပေါင်းများစွာ သဘောကျခဲ့ရသူ၊ သူ့ရင်ထဲကလူ ဖြစ်နေသည်။

ဒါဆို ဘာလို့ သူမက စိတ်လှုပ်ရှားနေရတာလဲ။ စိတ်လှုပ်ရှားရမှာက အားချဲ့ ဖြစ်သင့်တာပေါ့။

ဟုတ်တယ်၊ ဒီလိုပဲ ဖြစ်သင့်တယ်။ သူမ တည်တည်ငြိမ်ငြိမ် နေပြီး ဘာမှမသိသလို ဟန်ဆောင်နေဖို့ လိုတယ်။

သူ ပြန်လာတဲ့အခါ... သူမက အခြေအနေအရ တုံ့ပြန်လိုက်ရုံပဲ။

လီချန်ချဲ့ အိမ်တော်သို့ ပြန်မရောက်သေးကြောင်း ကြားသောအခါ ရွှယ်နင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပေါင်ချန်၏ လက်ကိုကိုင်ကာ ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။

ပေါင်ချန်က သူမရဲ့ သခင်မလေး တစ်နေ့လုံး ထူးဆန်းနေတယ်လို့ ခံစားနေရသည်။ မင်းသမီးယန်ရန်၏ အိမ်တော်မှ ထွက်လာကတည်းက ဂနာမငြိမ်ဖြစ်နေခဲ့ပြီး လုမိသားစုထံ သွားရောက်ပြီးနောက်တွင်တော့ ပို၍ပင် စိတ်လွင့်နေပုံရသည်။ တကယ်တော့ ဘာတွေများ ဖြစ်ခဲ့တာလဲ။

သူတို့က နယ်စားမင်းအိမ်တော်၏ ပင်မတံခါးမှတစ်ဆင့် ဝင်ရောက်လာကြပြီး စင်္ကြံလမ်းများနှင့် ပန်းခြံများကို ဖြတ်သန်းလာခဲ့ကြသည်။

"သခင်မလေး... ခြေလှမ်းကို သတိထားပါဦး"

ရွှယ်နင်က သူမ ဘာကြောင့် ဒီလောက် စိတ်လှုပ်ရှားနေရမှန်း မသိသော်လည်း ညီညာသော မြေပြင်ပေါ်တွင်ပင် ခလုတ်တိုက်မိသွား၏။

"အာ့..."

"သခင်မလေး!"

"သခင်မလေး!"

အစေခံမိန်းကလေး အတော်များများက ချက်ချင်း ဝိုင်းအုံလာကြပြီး လဲကျသွားသော ရွှယ်နင်ကို တွဲထူပေးလိုက်ကြသည်။

ရွှယ်နင်သည် ပြာယာခတ်ကာ ရှက်သွေးဖြာနေပြီး သူမ၏ ပါးပြင်များလည်း နီရဲနေသည်။

"ငါ အဆင်ပြေပါတယ်... တကယ် အဆင်ပြေပါတယ်။ အားလုံး စိတ်ပူနေစရာ မလိုပါဘူး"

"သခင်မလေး... ဒီနေ့ လမ်းလျှောက်တာ ဘာလို့ သတိမထားရတာလဲ"

ပေါင်ချန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ရွှယ်နင်၏ အင်္ကျီလက်ကို ညင်သာစွာ သပ်ပေးလိုက်သည်။

"မင်းသမီးယန်ရန်က သခင်မလေး စိတ်အနှောင့်အယှက်ဖြစ်အောင် တစ်ခုခုများ ပြောလိုက်လို့လား"

ဘာပဲဖြစ်ဖြစ် မင်းသမီးယန်ရန်က သခင်လေးရဲ့ ပထမဆုံး အချစ်လေ။ သခင်မလေး စိတ်မသက်မသာ ဖြစ်ရတာက နားလည်ပေးလို့ ရပါတယ်။

"ပေါက်ကရတွေ မပြောနဲ့။ မင်းသမီးယန်ရန်နဲ့ ငါက အဆင်ပြေပါတယ်"

ရွှယ်နင်သည် သူမ၏ စကတ်ကို ခါလိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုပင် ကျိုယင်းဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။

"ပေါင်ချန်... ရှေ့တံခါးမှာ စောင့်ဖို့ လူတစ်ယောက် လွှတ်လိုက်။ အားချဲ့ ပြန်လာရင် ငါ့ကို ချက်ချင်း လာပြောဖို့ သေချာမှာထား။ ခဏနေရင် သူ့အတွက် အရသာရှိတာတစ်ခုခု ငါကိုယ်တိုင် ချက်ပေးမယ်။ ရှလန်... အားချဲ့ ပြန်လာရင် ရေချိုးလို့ရအောင် ရေနွေး သွားပြင်ထား။ ပြီးတော့ အစ်မချွန်းချီ... မနေ့က ဖယ်ထားတဲ့ စာရင်းစာအုပ်တွေကို ယူခဲ့ပါ၊ ဒီည ကျွန်မ စစ်ကြည့်မလို့"

သူမ၏ လေသံက ပေါ့ပါး၊ နူးညံ့ပြီး ချိုသာနေကာ သူမ၏ စီစဉ်ညွှန်ကြားမှုများကလည်း စနစ်တကျ ရှိလှသည်။ သေချာပေါက် သခင်မလေးက စိတ်ကြည်နူးနေခြင်းပင်။

ပေါင်ချန် အံ့သြသွားသည်။

"သခင်မလေး... ဒီနေ့ ဘာလို့ အရမ်း စိတ်ရွှင်လန်းနေရတာလဲ"

ရွှယ်နင်က နူးညံ့စွာ ပြုံးလိုက်၏။

"သက်ရှည်သော့ခလောက်ကို ရှာတွေ့သွားပြီလေ။ ဘယ်လိုလုပ် မပျော်ဘဲ နေမှာလဲ"

"သခင်မလေး... သက်ရှည်သော့ခလောက် ရှာတွေ့သွားပြီတဲ့လား!"

တစ်ခဏအတွင်း ခြံဝင်းထဲရှိ အစေခံအားလုံး စိတ်လှုပ်ရှား ဝမ်းမြောက်စွာဖြင့် ဆူညံသွားကြသည်။

ရှီဇီသည် အေးစက်ပြီး ဩဇာအရှိန်အဝါကြီးမားသော စိတ်နေသဘောထားရှိရာ အိမ်တော်ရှိ လူတိုင်းက သူ့ကိုရော နယ်စားမင်းကိုပါ ကြောက်ရွံ့ကြ၏။

ရွှယ်နင် ဒီမိသားစုထဲ လက်ထပ်ဝင်ရောက်လာမှသာ တိတ်ဆိတ်၊ လေးနက်ပြီး သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေသော ကျန်းကော်နယ်စားမင်းအိမ်တော်သည် အသက်ဝင်မှုအနည်းငယ် ရရှိလာခဲ့ခြင်းဖြစ်သည်။

"ဟုတ်တယ်..."

ရွှယ်နင်သည် စင်္ကြံအောက်တွင် မတ်တတ်ရပ်ကာ နူးညံ့သိမ်မွေ့ပြီး လှပစွာ ပြုံးလျက် လူတိုင်းမြင်နိုင်ရန် သူမလက်ထဲရှိ သက်ရှည်သော့ခလောက်လေးကို မြှောက်ပြလိုက်သည်။

"ရှာတွေ့သွားပြီဆိုတော့ စိုးရိမ်စရာမလိုတော့ပါဘူး။ အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတော့နော်"

ရွှယ်နင် အိမ်ထောင်ကျပြီးကတည်းက ဟင်းမချက်ဖြစ်သည်မှာ အတော်ကြာခဲ့ပြီ။ စုကျန်းက သူမချက်သော ဟင်းလျာများကို မနှစ်သက်ခဲ့ချေ။

ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် သူမက သူ့အတွက် စိတ်ရောကိုယ်ပါ ပုံအောကာ စိတ်အားထက်သန်စွာ ချက်ပြုတ်ပေးခဲ့သော်လည်း အရာအားလုံးက အလဟဿသာ ဖြစ်ခဲ့ရ၏။ သူမ၏ လက်ရာက သေသပ်မှုမရှိဘဲ တရားဝင်ပွဲလမ်းသဘင်များနှင့် မထိုက်တန်ကြောင်း သူက မကြာခဏ ပြောလေ့ရှိသည်။

နောက်ဆုံးတွင်တော့ သူမက သနားစရာကောင်းလှသည့် ကံကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရပြီး သူမ၏ ရုပ်အလောင်းပင် အစအနရှာမရဘဲ ပျောက်ဆုံးခဲ့ရသည်။

သူတစ်ပါးကို စိတ်ကျေနပ်အောင် ထားရာတွင် အတိုင်းအတာတစ်ခု ရှိသင့်တာကို သူမ သိရှိသွားခဲ့ပြီ—လွန်ကြူးခြင်း သို့မဟုတ် လိုအပ်ခြင်း ဟူ၍ မည်သည့်အရာမျှ မကောင်းပေ။ အလွန်အကျွံ ဖြစ်သွားပါက လူတို့ကို ဖိစီးမှုဖြစ်စေပြီး တန်ဖိုးထားခြင်း ခံရမည်မဟုတ်ပေ။

သို့သော် ယနေ့တွင်မူ သူမ အမှန်တကယ် ပျော်ရွှင်နေမိသည်။ သူမကို အချိန်အတော်ကြာ နှိပ်စက်နေခဲ့တဲ့ သံသယများက နောက်ဆုံးတွင် ပြေလည်သွားခဲ့ပြီဖြစ်သည်။ သူမက ပျော်ရွှင်ရန် ထိုက်တန်ပေသည်။

ထို့ပြင် အားချဲ့ သူမအပေါ် ဆက်ဆံပုံက စုကျန်းနှင့် လုံးဝ ကွဲပြားခြားနား၏။ အကယ်၍ သူက သူမကို တကယ် သဘောကျနေတာဆိုလျှင်... သူမဘက်ကလည်း စိတ်ရင်းမှန်ဖြင့် ပြန်လည်တုံ့ပြန်သင့်တယ်။

သို့သော် သူမကို သဘောကျသောသူတစ်ဦးအား ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို သူမတွင် အတွေ့အကြုံ လုံးဝမရှိခဲ့ချေ။ လူသားဆိုတာ အမြဲတမ်း စားသောက်ရန် လိုအပ်သည်ဟုပဲ သူမ တွေးမိသဖြင့် သူ့အတွက် ဟင်းချက်ပေးခြင်းက ဘယ်လိုမှ မမှားနိုင်ဟု ယူဆလိုက်သည်။

လီချန်ချဲ့၏ အကြိုက်များကို သူမ မေးမြန်းထားခဲ့တာ ကြာပြီ။ သူက အကြိုက်ဆုံးဟင်းလျာဟူ၍ သိပ်မရှိသလို အစားလည်း သိပ်မရွေးချေ။

ဖူရှန်းက ပြောခဲ့သည်။

"ကျွန်တော်တို့ ရှီဇီက ငယ်ငယ်ကတည်းက နယ်စားမင်းကြီးနဲ့အတူ စစ်တပ်ထဲမှာ လေ့ကျင့်ခဲ့ရတာပါ။ အခက်ခဲဆုံးအချိန်တုန်းကဆိုရင် မြက်မြစ်တွေကိုတောင် စားခဲ့ရတာမို့ အစားမရွေးပါဘူး။ သခင်မလေးက ရှီဇီအတွက် ဟင်းချက်ပေးချင်ရင် ဘာမဆို ချက်လို့ရပါတယ်၊ သူ အကုန်စားမှာပါ။ ဒါ့အပြင် သခင်မဝမ်ကလည်း ရှီဇီအတွက် ဘယ်တုန်းကမှ ဟင်းမချက်ပေးဖူးပါဘူး။ သခင်မလေးကသာ သူ့အတွက် စိတ်နှစ်ပြီး လုပ်ပေးမယ်ဆိုရင် ရှီဇီ သေချာပေါက် ပျော်နေမှာပါ"

ဖူရှန်း၏ စကားများကို ပြန်လည်တွေးမိရင်း ရွှယ်နင်ရင်ထဲတွင် တနင့်နင့် ခစားလိုက်ရသည်။

ဖြစ်နိုင်တာ ဒါကပဲ လူတစ်ယောက်ကို သဘောကျခြင်း၏ အဓိပ္ပာယ် ဖြစ်လိမ့်မယ်—သူတို့က ပို၍ကောင်းမွန်တဲ့အရာများနှင့် ထိုက်တန်တယ်လို့ အမြဲတွေးမိနေပြီး အနည်းငယ်မျှပင် မကျေမချမ်း ဖြစ်ရတာကို မလိုလားခြင်းမျိုး ဖြစ်သည်။

အရင်ဘဝတုန်းက သူမ စုကျန်းကို သဘောကျခဲ့စဉ်က သူ စိတ်မကောင်းဖြစ်တိုင်း သူမပါ လိုက်၍ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။

ယခုမူ လီချန်ချဲ့အတွက် သူမ၏ နှလုံးသားက ပို၍ပင် နာကျင်ရ၏။

ဤအတွေးများဖြင့် ရွှယ်နင်သည် မီးဖိုချောင်လေးထဲသို့ ဝင်ကာ စတင် အလုပ်ရှုပ်တော့သည်။

All Chapters