အခန်း ၂၄၈
Vol. 25 Ch. 248
အခန်း (၂၄၈) - သူ ကိုယ့်ဆီက ဘာမှ ယူသွားလို့ မရဘူး
"ပယင်းကျောက်ကျော၊ ချုံးယဲ့မုန့်၊ မက်မွန်ပန်း မုန့်ပေါင်း၊ ကြက်ကင်၊ ပျားရည်မုန့်ကြွပ်၊ သုန်းဖော် ဝက်သား၊ လုံကျင်းပုစွန်... သခင်မလေး၊ ဒီနေ့ ဘာမင်္ဂလာကိစ္စရှိလို့လဲ။ အရသာရှိတဲ့ ဟင်းတွေ အများကြီး ချက်ထားပါလား။"
ပေါင်ချန် မီးဖိုချောင်ထဲ ဝင်လာသည်နှင့် သင်းပျံ့လှိုင်ကြိုင်နေသော အနံ့ကို ရလိုက်သည်။ သေချာကြည့်လိုက်တော့ မီးဖိုပေါ်မှာ ပေါင်းနေသည့် ချုံးယဲ့မုန့်၊ ဆူပွက်နေသည့် သိုးသားစွပ်ပြုတ်၊ ဒယ်အိုးထဲတွင် ကြော်နေသည့် ပျားရည်မုန့်ကြွပ်တို့ကို တွေ့လိုက်ရကာ အလွန်ကို သွားရည်ကျစရာ ကောင်းနေတော့သည်။
ရွှယ်နင် အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။
"အားချဲ့ ပြန်လာပြီလား"
ပေါင်ချန်က ရယ်မောလိုက်ပြီး ချုံးယဲ့မုန့်တစ်တုံးကို ယူကာ ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။
"ဒုတိယတံခါးကို ကျော်လာပြီလို့ ပြောကြတယ်။ အဲဒါ ချက်ချင်း လာသတင်းပို့တာ။"
ရွှယ်နင်၏ လက်ချောင်းလေးများ အနည်းငယ် တင်းကျပ်သွားသည်။ မီးဖိုချောင်ထဲက အပူရှိန်ကြောင့်ပဲလား၊ သူမ မျက်နှာက အပူရှိန်ကြောင့်ပဲလား မသိ၊ သူမ စိတ်ထဲ ဂဏာမငြိမ် ဖြစ်နေသည်။ တော်သေးသည်က သူမ အလုပ်များနေဆဲဖြစ်ရာ အလုပ်များနေချိန်တွင် တွေးတောနေရန် အချိန်သိပ်မရှိပေ။
"ဟင်းတွေ အားလုံးကို အခန်းထဲ ယူသွားဖို့ ပြင်တော့။"
"ဟုတ်ကဲ့၊ အစ်မ ချွန်းချီတို့ကို အခုပဲ သွားခေါ်လိုက်ပါ့မယ်။"
ရွှယ်နင် ခေါင်းညိတ်လိုက်ပြီး သူမ ပါးပြင်ပေါ်ရှိ အပူရှိန်ကို ဖယ်ရှားရန် လက်တစ်ဖက်ကို မြှောက်ကာ ပြောလိုက်သည်။
"ဖြည်းဖြည်းသွား၊ မချော်လဲစေနဲ့ဦး"
ပြောနေရင်းပင် သူမ၏ အကြည့်က တံခါးဆီသို့ အလိုလို ရောက်သွား၏။
တကယ်ပင် ခန့်ညားသော အသွင်အပြင်နှင့် ထိုအမျိုးသားသည် ဖူရှန်းနှင့်အတူ စင်္ကြံလမ်းတစ်လျှောက် လျှောက်လာဝာာကို သူမ တွေ့လိုက်ရသည်။ သက်ရှည်သော့ခလောက်ကို ချိတ်ဆွဲလေ့ရှိသော သူ့ခါးတွင် သူမ ကိုယ်တိုင် ထိုးယက်ထားသော အိတ်လေးကို ချိတ်ဆွဲထားပြီး သူ လှုပ်ရှားလိုက်တိုင်း အပြာရောင် ဝတ်ရုံစနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေသည်။
ရွှယ်နင်၏ ရင်ထဲ လှုပ်ရှားသွားသည်။
သူမ နှုတ်ခမ်းကို ဖိကိုက်ကာ ပြုံးလိုက်ပြီး အကြည့်ကို အမြန်လွှဲလိုက်သော်လည်း နှလုံးခုန်သံများကတော့ ကစဉ့်ကလျား မြန်ဆန်နေဆဲပင်။
"ပေါင်ချန်၊ မြန်မြန်သွားတော့။"
ပေါင်ချန်က တခစ်ခစ် ရယ်မောလိုက်သည်။
"အခုပဲ သွားပါပြီ"
ညစာကို စားပွဲပေါ် တည်ခင်းပြီးနောက် ရွှယ်နင်သည် မှင်သက်စွာဖြင့် အခန်းထဲသို့ ဝင်လာခဲ့ပြီး သူမ စိတ်ထဲ ရှုပ်ထွေးပွေလီနေ၏။
သူမ ဘာလုပ်ရမလဲ။ အခု ဘာပြောရမလဲ။ အရင်လိုပဲ နေရမလား။ ဒါမှမဟုတ် ဘာမှ မပြောဘဲ နေရမလား။
"နင်နင်"
လီချန်ချဲ့က စကားစလိုက်သည်။
"တံခါးဝမှာ ရပ်ပြီး ဘာလုပ်နေတာလဲ။"
ရွှယ်နင် ကသိကအောက် ဖြစ်သွားပြီး ရင်တွေ တဒိန်းဒိန်း ခုန်နေသည်။ နှလုံးခုန်မြန်လေလေ၊ ဘာမှ စဉ်းစားလို့ မရလေလေပင်။
သူမ မျက်လုံးများက ထိုအမျိုးသား၏ အလွန်ချောမောသော မျက်နှာပေါ်တွင် စွဲကပ်နေပြီး မှင်သက်စွာဖြင့် လျှောက်သွားကာ သူ့ဘေးတွင် ထိုင်ချလိုက်သည်။
"ဒီဟာတွေအကုန်လုံး မင်းလုပ်ထားတာလား။"
"အင်း..."
ရွှယ်နင် အချိုသာဆုံး ပြုံးပြလိုက်သည်။
"ကြိုက်လားဆိုတာ မြည်းကြည့်ပါဦး။"
လီချန်ချဲ့က စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကို တစ်ချက်ကြည့်လိုက်ပြီး မျက်လွှာချထားသော မိန်းကလေးထံသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
"မင်းလုပ်သမျှ အရာအားလုံးကို ကိုယ်ကြိုက်တယ်"
အရင်ကဆိုလျှင် ထိုစကားမျိုး ကြားရတိုင်း သူက သူမကို ညီမလေးတစ်ယောက်လို သဘောထားတယ်လို့ အမြဲ ထင်ခဲ့မိတယ်။
သို့သော် အခုတော့ မတူတော့ပေ။ သူ သူမကို သဘောကျနေမှန်း ရွှယ်နင် သိသွားပြီ။
သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားတော့သည်။
"ဘာလို့ မျက်နှာနီနေတာလဲ။"
"ဟင်"
ရွှယ်နင် ပြာပြာသလဲဖြင့် သူမ မျက်နှာကို စမ်းလိုက်သည်။
"နီနေလို့လား။"
သူမ သူ့ကို မကြည့်ရဲဘဲ မျက်လုံးလေး ပင့်ကြည့်ပြီး ချက်ချင်း ပြန်ချလိုက်သည်။
"ကျွန်မ ဘာမှ မခံစားရပါဘူး..."
လီချန်ချဲ့က သူ့လက်ကြီးဖြင့် လှမ်းကာ သူမ ပါးပြင်ရှိ အသားနုနုလေးကို ဆွဲညှစ်လိုက်ပြီး သူမ၏ ဆံထုံးထဲသို့ ကျောက်စိမ်းဆံထိုးတစ်ချောင်းကို ရုတ်တရက် ထိုးစိုက်ပေးလိုက်သည်။
ရွှယ်နင်၏ လှပသော မျက်လုံးလေးများ ပြူးကျယ်သွားသည်။
"ဒါက—"
အမျိုးသား၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး ဒီနေ့ သူ စိတ်အခြေအနေကောင်းနေတာ သိသာသည်။
"မင်းအတွက် လက်ဆောင်လေးပါ။"
"ရှင့်ဆီက လက်ဆောင်လေးတွေ ရထားတာ မနည်းတော့ပါဘူး။"
နောက်ထပ် လက်ဆောင်လေးတစ်ခုကတော့ ထိုအချိန်တွင် သူမ ခြေရင်းမှာပင် ရှိနေသည်။ သူမ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး အမွေးပွပွ သတ္တဝါလေးကို နင်းမိမည်စိုး၍ လုံးဝ မလှုပ်ရဲတော့ပေ။
လီချန်ချဲ့က သူမကို ခဏမျှ အကဲခတ်ကြည့်ပြီး ချီးကျူးလိုက်၏။
"ဒီကျောက်စိမ်းဆံထိုးက မင်းနဲ့ သိပ်လိုက်တာပဲ။ လှတယ်"
ရွှယ်နင် မျက်နှာပူထူသွားပြီး ဆံထိုးကို လှမ်းကိုင်လိုက်သည်။
လီချန်ချဲ့က သူမ၏ နီရဲနေသော မျက်နှာလေးကို အေးအေးလူလူ ကြည့်ကာ စနောက်လိုက်သည်။
"နင်နင်၊ မင်းက အလွယ်တကူ ရှက်တတ်တာလား"
"မီးဖိုချောင်မှာ အလုပ်ရှုပ်နေတုန်း မီးက အရမ်းပြင်းလို့နေမှာပါ၊ အခုလည်း ရာသီဥတုက ပူနေတော့..."
ရွှယ်နင်က ဗလုံးဗထွေး ရှင်းပြရင်း စကားလုံးတိုင်းမှာ အသံက တဖြည်းဖြည်း တိုးဝင်သွားသည်။
သူမက မက်မွန်ပန်းရောင် ရူချွင် (ရင်စေ့ဝတ်စုံ) ကို ဝတ်ဆင်ထားပြီးသားဖြစ်ကာ ယခု သူမ၏ နှင်းပွင့်ပမာ ဖြူဆွတ်သော အသားအရေမှာ စိုးရိမ်တုန်လှုပ်မှုကြောင့် နီသွေးဖြာနေသဖြင့် ပို၍ပင် အသည်းယားစရာ ကောင်းနေတော့သည်။
"ရပါတယ်၊ စားကြရအောင်။"
လီချန်ချဲ့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူမ အရှက်သည်းနေတာကို မဖော်ပြတော့ပေ။
သတင်းတစ်ခုကို ရုတ်တရက် သိလိုက်ရတာကြောင့် တစ်စုံတစ်ယောက်အနေဖြင့် အပြည့်အဝ လက်ခံနိုင်ခြင်း မရှိသေးတာ သေချာတယ်။
သူမ နေသားကျဖို့ အချိန်နည်းနည်း ပေးဖို့ လိုသေးတယ်။ သူမ စကားပြောဖို့ ဆန္ဒရှိလာတဲ့အခါ သူတို့က ဇနီးမောင်နှံအစစ်အမှန် ဖြစ်လာနိုင်လိမ့်မယ်။
ရွှယ်နင်က စိတ်ပျက်လက်ပျက်ဖြင့် ပခုံးတွဲကျသွားပြီး တူကို ယူကာ ပန်းကန်ထဲမှ ထမင်းကို ဆွနေရင်း နှုတ်ခမ်းလေး စူကျနေသည်။
သူမကိုယ်သူမ ကြွက်တစ်ကောင်လို ကြောက်တတ်ပြီး ဘာမှ မမေးရဲဘူးဟု ခံစားနေရ၏။
သူ သူမကို ဘယ်အချိန်ကတည်းက စပြီး သဘောကျနေတာလဲဟု မေးလိုက်ရုံနှင့်တင် အဆင်ပြေနေပြီကို။
သို့သော် ထိုအမျိုးသား၏ ထည်ဝါသော အသွင်အပြင်ကို မြင်လိုက်ရတိုင်း သူမ ပါးစပ်က စကားပြောရန် အခက်တွေ့နေသည်။
"ဒီနေ့ မင်း အကြံပေးတဲ့အတိုင်း ရှန်းယဲ့ရပ်ကွက်က ရေတွင်းဟောင်းနားကို ကိုယ် ဖြတ်သွားခဲ့တယ်။"
ရွှယ်နင် တိတ်ဆိတ်နေသောကြောင့် လီချန်ချဲ့က ဦးဆောင်ကာ စကားစလိုက်သည်။
ရွှယ်နင် ချက်ချင်း ခေါင်းမော့လာပြီး စိတ်ဝင်စားစွာဖြင့် မေးလိုက်၏။
"ဘာတွေ တွေ့ခဲ့ရလဲ"
"အရင်ခေတ်က ဝှက်ထားတဲ့ ရတနာတွေကိုတော့ မတွေ့ခဲ့ရပါဘူး၊ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ ရုပ်အလောင်းဟောင်း အတော်များများကို တွေ့ခဲ့တယ်။"
ရွှယ်နင် မျက်တောင်ခတ်လိုက်ပြီး အံ့ဩသွားသည့် မျက်နှာထားကို အမြန်ဖန်တီးလိုက်ကာ-
"တကယ်လား"
တကယ်တော့ အဲဒီလောက်လေးတင် မကပါဘူး။
သေသေချာချာ စုံစမ်းစစ်ဆေးမည်ဆိုလျှင် ထိုရေတွင်းဟောင်း၏ အောက်ခြေတွင် နောက်ထပ် ရုပ်အလောင်း ငါးလောင်းထက်မနည်း မြှုပ်နှံထားတာကို မကြာမီ သူ တွေ့ရှိရပေမည်။
ဤအမှု၏ တရားခံသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး ရူးသွပ်စွာ သတ်ဖြတ်တတ်ကာ ၎င်းတို့၏ လုပ်ရပ်များသည် အလွန် ကျွမ်းကျင်သဖြင့် ရုပ်အလောင်းများကို မည်သူမျှ သတိမထားမိဘဲ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။
ဒီသတင်း ပထမဆုံး ထွက်ပေါ်လာချိန်က တုန်းကျင်းမြို့တစ်မြို့လုံး တုန်လှုပ်သွားခဲ့သည်။
သူမ၏ အရင်ဘဝက စုကျန်းသည် ဒီအမှုကို ဖြေရှင်းဖို့ တစ်လကျော် အချိန်ယူခဲ့ရ၏။
ရွှယ်နင်ထံတွင် ကြောက်ရွံ့သည့် အရိပ်အယောင် မတွေ့ရသဖြင့် လီချန်ချဲ့၏ အကြည့်က အနည်းငယ် ပြောင်းလဲသွားသည်။
"အင်း၊ မင်းကို ကိုယ် မလိမ်ပါဘူး။"
ရွှယ်နင်က စိုးရိမ်ပူပန်ဟန်ဆောင်လိုက်သည်။
"ဒီအမှုက ဘာဆက်ဖြစ်မှာလဲ။ သူတို့ကို ဘယ်သူ သတ်သွားတာလဲ။ လူသတ်သမားကို မြန်မြန် ရှာတွေ့မှဖြစ်မယ်၊ မဟုတ်ရင် နောက်ထပ် လူသတ်မှုတွေ ဖြစ်လာနိုင်တယ် မဟုတ်လား"
"တုန်းကျင်းမြို့တော်က လူသတ်မှုတွေကို တုန်းကျင်းခရိုင်ရုံးကပဲ ကိုင်တွယ်ရမှာပါ။ ဒါပေမဲ့ ဒီအမှုကို အရှင်မင်းကြီး သိသွားပြီး အရမ်း ဒေါသထွက်သွားတဲ့အတွက် တရားရေးဝန်ကြီးဌာနက သခင်စုနဲ့ ကိုယ့်ကို ပူးတွဲတာဝန်ယူဖို့ တိုက်ရိုက် အမိန့်ပေးလိုက်တယ်။ မနက်ဖြန်မနက်ကျရင် စုကျန်းနဲ့ ကိုယ် တရားရေးဝန်ကြီးဌာနမှာ တွေ့ပြီး အတူတူ စုံစမ်းစစ်ဆေးတော့မှာ။"
ရွှယ်နင်၏ မျက်မှောင်ကြုတ်သွားသည်။
ဘာလို့များ စုကျန်းလက်ထဲ ရောက်သွားရပြန်တာလဲ။
"နင်နင်?"
"ဟင်"
ရွှယ်နင် အသိစိတ် ပြန်ဝင်လာသည်။
"ဘာတွေ တွေးနေတာလဲ။"
"ကျွန်မ..."
ရွှယ်နင် အမြန်ပင် ဟန်လုပ်ပြီး ပြုံးလိုက်သည်။
"ဘာမှ မတွေးပါဘူး။ လူသတ်သမားက ကြောက်ဖို့ကောင်းလွန်းလို့ပါ။ အားချဲ့၊ ရှင် တရားခံကို မြန်မြန် ဖမ်းပေးမှ ဖြစ်မှာ။"
ကံဆိုးစွာပင် အရင်ဘဝက သူမသည် နယ်စားမင်းအိမ်တော်တွင် အလုပ်ကိစ္စများဖြင့် တစ်နေ့တာလုံး အလုပ်ရှုပ်နေရသဖြင့် အပြင်ဘက်က ကိစ္စရပ်များကို အာရုံမစိုက်မိခဲ့ပေ။
သူမ ကြားလိုက်ရသည်မှာ အမှုပြီးဆုံးသည့်နေ့တွင် မြို့တော်တစ်ခုလုံး ဆူညံသွားသည်ဟူသော သတင်းသာ ဖြစ်သည်။ လူအများစုမှာ တရားစီရင်ချက်ကို ကြည့်ရှုရန် တုန်းကျင်းခရိုင်ရုံးသို့ သွားရောက်ခဲ့ကြသည်။
သို့သော် လူသတ်သမားကို ပြစ်ဒဏ်ချမှတ်သည့်နေ့တွင် သူမက မင်းသမီး ရှို့နင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမိသဖြင့် ဘိုးဘွားခန်းမတွင် သုံးရက်သုံးည အပြင်မထွက်ရဘဲ ဒူးထောက်ပြစ်ဒဏ် ခံနေရ၏။
သူမ ပြစ်ဒဏ်မှ လွတ်လာသည့်အချိန်တွင် သခင်မနျဲ့၏ အမျိုးမျိုးသော နှိပ်စက်မှုကို ခံရပြန်သဖြင့် လူသတ်မှုအကြောင်းကို ဂရုစိုက်ရန် စိတ်ပင်မရှိတော့ပေ။
လီချန်ချဲ့၏ မျက်နှာထားမှာ တည်ငြိမ်နေသည်။
"စုကျန်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က ရုတ်တရက် မေ့လဲသွားတယ်လို့ ကြားတယ်။ မနေ့က နန်းတွင်းသမားတော် သူ့အိမ်ကို သွားကုပေးရပြီး ဒီနေ့မှပဲ သတိပြန်ရတယ်တဲ့။ သူက မင်းရဲ့ မွေးစားအစ်ကိုပဲလေ။ မနက်ဖြန် သူ့ကို တွေ့ရင် မင်းဘက်က မှာစရာ တစ်ခုခု ရှိသေးလား"
ထိုအမျိုးသား၏ အမူအရာမှာ ပုံမှန်အတိုင်းပင် တစ်စုံတစ်ရာ ထူးခြားသည့် ခံစားချက် မရှိသော်လည်း သူ၏ မျက်ခုံးတန်းများမှာ မင်ရည်ကဲ့သို့ နက်မှောင်နေသည်။
စုကျန်းအကြောင်း ပြောလာသောအခါ ရွှယ်နင်သည် ချက်ချင်းပင် မေးစေ့ကို ပင့်လိုက်ပြီး ပြုံးပြလာသည်။
"ဘာမှ မှာစရာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ကျွန်မယောက်ျားရဲ့ အောင်မြင်မှုကို လုယူဖို့ မကြိုးစားပါနဲ့လို့ပဲ သူ့ကို ပြောပေးလိုက်ပါ။"
လီချန်ချဲ့၏ မျက်ခုံး အနည်းငယ် တွန့်သွားပြီးနောက် အဓိပ္ပာယ်ပါသော အပြုံးဖြင့် နှုတ်ခမ်းကို ကွေးလိုက်သည်။
"စိတ်မပူပါနဲ့ နင်နင်၊ သူ ဘာတစ်ခုမှ ယူသွားနိုင်မှာ မဟုတ်ပါဘူး"