← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉ - မောင်နှမသံယောဇဉ်

ထူထဲသည့် ရှဉ့်ပြာရောင် သားရေမွေးများ ဝန်းရံထားသည့် ဘဲဥပုံ မျက်နှာဝင်းဝင်းလေးထက်တွင် ဖြူဖွေးတဲ့ မေးစေ့လေးက ပေါ်လွင်နေသည်။

နူးညံ့သိမ်မွေ့ပြီး ကျော့ရှင်းလှပကြတဲ့ မြင့်မြတ်သည့် သခင်မလေးများကြားတွင် သူမက အေးစက်ပြီး သီးသန့်ဆန်တဲ့ ထူးခြားသည့် အရှိန်အဝါတစ်ခုဖြင့် ထင်ပေါ်နေ၏။

"ငါ အဲဒီလူတွေကို စိတ်မဝင်စားဘူး။"

"ဒါဆိုရင် ဝမ်းကွဲက ဘာကို တကယ်စိတ်ဝင်စားတာလဲ။ တကယ်ပဲ အိမ်ထောင်မပြုဘဲ နေတော့မလို့လား။"

ကျန်းကျစ်ယွီသည် သူမ၏ မောက်မာတဲ့ မျက်ဝန်းများကို နှိမ့်ချလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ကာ ဘေးနားတွင် တတွတ်တွတ် ပြောနေသည့် ဝမ်းကွဲညီမ၏ စကားများကို ပြန်လည်တုံ့ပြန်ခြင်း မပြုတော့ပေ။

သူမက သာ့ယုံမင်းဆက်ခေတ်က ရှေးဟောင်းလူသားတစ်ယောက် မဟုတ်ဘူး။ မူလခန္ဓာကိုယ်ပိုင်ရှင်က အအေးမိပြီး ရုတ်တရက် ဖျားနာကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သူမ နိုးလာတဲ့အချိန်မှာတော့ ဝိညာဉ်က အစားထိုးခံလိုက်ရပြီး... ၂၁ ရာစုမှ ကုမ္ပဏီဝန်ထမ်း ဘဝအမောများကြား ရုန်းကန်ခဲ့ရတဲ့ သူမက ဒီခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာ ဖြစ်သည်။

မကောင်းတဲ့အချက်က ဒီဘဝကို ကူးပြောင်းလာပြီးနောက် သူမမှာ အားကိုးစရာ နေရာလွတ်၊ ဝိညာဉ်စမ်းရေတွင်း သို့မဟုတ် စနစ် ဘာတစ်ခုမှ ပါမလာပေ။

ကောင်းတဲ့အချက်က သူမကို မျိုးရိုးစဉ်ဆက် စာပေတတ်မြောက်ပြီး အရာရှိကြီးများ ဖြစ်ခဲ့ကြတဲ့ ဂုဏ်သရေရှိ စာပေပညာရှင်မိသားစုမှာ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူမရဲ့ အဒေါ်ကတောင်ရွှမ်းယီနယ်စားမင်းအိမ်တော်ကို လက်ထပ်ဝင်ရောက်ပြီး အိမ်တော်ရဲ့ အဓိကသခင်မ ဖြစ်နေခဲ့ပြီ။

သူမက ချမ်းသာကြွယ်ဝတဲ့ မိသားစုထဲ ကူးပြောင်းရောက်ရှိလာခဲ့တာကြောင့် စားဝတ်နေရေးအတွက် ပူပန်စရာမလိုသလို၊ ဝမ်းစာရှာရန်လည်း ပင်ပန်းခံရုန်းကန်နေစရာ မလိုတော့ချေ။

နဂိုကတော့ သူမက ဒီဘဝမှာ ဘာအပူအပင်မှ မရှိဘဲ အေးအေးလူလူ ဖြတ်သန်းသွားဖို့ပဲ ရည်ရွယ်ထားခဲ့ပြီး၊ ဒီဘဝကုန်ဆုံးသွားပါက ၂၁ ရာစုကို ပြန်ရောက်သွားနိုင်မယ်လို့ တွေးခဲ့တာ။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ... သူမ အသက်၁၆နှစ် ပြည့်သည်နှင့်တစ်ပြိုင်နက် မိသားစုက လက်ထပ်ရန် အတင်းအကျပ် ဖိအားပေးလာခဲ့ကြခြင်းပင်။

အခု ဒီလက်ထပ်ဖို့အတွက် တိုက်တွန်းမှုက သူမအတွက် အကြီးမားဆုံး ခေါင်းကိုက်စရာ ပြဿနာတစ်ခု ဖြစ်လာပြီ။

ဒီနေ့ ရွှယ်မိသားစုက သခင်မလေး၏ အသိအမှတ်ပြုပွဲသို့ တက်ရောက်ရန် သဘောတူခဲ့တာလည်း... သူမ မျက်စိကျလောက်မယ့်သူတစ်ဦးဦးကို အလွယ်တကူ ရွေးချယ်ပြီး အိမ်ထောင်ရေး သဘောတူညီချက်တစ်ခု ရယူနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ကြောင့်သာ ဖြစ်သည်။ လက်ထပ်ပြီးပါက တစ်ယောက်တစ်လမ်းစီ ကိုယ့်ဘဝနှင့်ကိုယ် နေထိုင်ကြမှာဖြစ်ပြီး ဘယ်ဘက်ကမှ ကန့်သတ်ချုပ်ချယ်မှု မရှိစေရချေ။

မကြာမီပင် ခန်းမဆောင်ကြီးအတွင်း၌ သခင်မကြီးများနှင့် သခင်မလေးများအားလုံးနီးပါး စုံလင်စွာ ရောက်ရှိလာကြသည်။

စာကြည့်ခန်းထဲတွင် နယ်စားမင်းစုနှင့်အတူ တိုင်းပြည်ရေးရာများကို ဆွေးနွေးနေခဲ့ကြတဲ့ သခင်လေးများလည်း အနောက်ဘက်ခြံဝင်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်လာခဲ့ကြသည်။

စုချင်းမှလွဲ၍ မြို့စားအိမ်တော်၏ တခြား သခင်မလေးများအားလုံး ခန်းမထဲ ဝင်ရောက်လာခဲ့ကြပြီး ဖြစ်ရာ... ယခုအခါ ရွှယ်နင်တစ်ယောက်သာ လိုအပ်တော့သည်။

ကျန်းကျစ်ယွီသည် လူငယ်သခင်လေးတစ်ဦးချင်းစီကို သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်၏။

အချို့မှာ ချောမောခန့်ညားပြီး ယဉ်ကျေးသိမ်မွေ့ကြသလို၊ အချို့မှာလည်း စာပေတတ်မြောက်သည့် ပညာတတ်ရုပ်ရည် ရှိကြသည်။

ထို့အပြင် ဆယ်ကျော်သက်အရွယ် လူငယ်သဘာဝအတိုင်း မျက်ဝန်းများ တောက်ပကာ တက်ကြွဖျတ်လတ်နေသူများလည်း ရှိကြ၏။

ဒါပေမဲ့ နှမြောစရာကောင်းတာက သူတို့ထဲက ဘယ်သူကမှ သူမရဲ့ မျက်စိထဲမှာ။သဘောမကျမိခြင်း ဖြစ်သည်။

သူမ၏ အကြည့်ကို အရှေ့သို့ လွှဲပြောင်းလိုက်ရင်း... စုမန် မြှောက်ပင့်ပြောဆိုနေခဲ့တဲ့ ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် ရွှယ်နင် ဆိုသည့် မိန်းကလေးကိုသာ စိတ်ဝင်တစား မျှော်လင့်စောင့်စားနေမိတော့သည်။

...

ရွှယ်နင်သည် ချီယွင်ဆောင်မှ ထွက်လာခဲ့ပြီး အမိုးအကာပါတဲ့ စင်္ကြံရှည်ကြီးအတိုင်း လျှောက်လှမ်းလာခဲ့သည်။

သူမက ယီဟယ်ခန်းမဆောင်ဆီသို့ ဦးတည်လျှောက်လှမ်းရန် ပြင်လိုက်စဉ်မှာပင်၊ ရေခဲရိုက်ထားတဲ့ လမ်းကျဉ်းလေးပေါ်၌ ခြေချော်သွားခဲ့သည်။ ဟန်ချက်ပျက်သွားပြီး ဆီးနှင်းပုံထဲသို့ ဇောက်ထိုးလဲကျတော့မည့်ဆဲဆဲ ဖြစ်သွား၏။

ကံကောင်းထောက်မစွာဖြင့် သန်မာထွားကျိုင်းတဲ့ လက်မောင်းတစ်ဖက်က သူမရဲ့ခါးလေးကို လှမ်းဖက်၍ ဆွဲထူပေးလိုက်သည်။

ထိုအမျိုးသား၏ ခွန်အားက ပြင်းထန်လွန်းပြီး သူမရဲ့ခန္ဓာကိုယ်ကတော့ ပေါ့ပါးလွန်းသည်။ သူဆွဲထူလိုက်တဲ့အရှိန်ကြောင့် သူမရဲ့ပုခုံးက သူ့ရင်ဘတ်နှင့် ပြင်းပြင်းထန်ထန် ဆောင့်မိသွားပြီး စူးစူးရှရှ နာကျင်သွားသည်။

ထိုအမျိုးသား စကားမပြောခင်မှာပင်၊ သူမက နာကျင်မှုကြောင့် နှုတ်ခမ်းကို တင်းတင်းကိုက်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။

"သခင်မလေး... အဆင်ပြေ... ပြေရဲ့လား။"

ပေါင်ယွီသည် ပေါင်ချန်ကဲ့သို့ အတွေ့အကြုံမရှိတာကြောင့် တစ်ကိုယ်လုံး ပျာယာခတ်သွားပြီး မျက်နှာလေးပါ နီမြန်းလာခဲ့သည်။ သူမရဲ့သခင်မလေးက မသိကျွမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲ ရော‌က်နေတာကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

"ငါ အဆင်ပြေပါတယ်။"

ရွှယ်နင်သည် ဟန်ချက်ကို ချက်ချင်းပြန်ထိန်းလိုက်ပြီး ထိုအမျိုးသား၏ ရင်ခွင်ထဲမှ အလျင်အမြန် နောက်သို့ ဆုတ်ခွာလိုက်သည်။

ကံကောင်းတာက ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘဲ၊ သူမရဲ့နောက်မှာ အပြစ်ကင်းစင်တဲ့ ပေါင်ယွီလေးတစ်ယောက်သာ ရှိနေခြင်း ဖြစ်သည်။

ဒါပေမဲ့ သူမ မော့ကြည့်လိုက်ချိန်တွင်.. နူးညံ့သိမ်မွေ့ပြီး အေးချမ်းတည်ငြိမ်သည့် မျက်ဝန်းအစုံနှင့် ဆုံတွေ့သွားသည်။

ရွှယ်နင်သည် ဒီလိုမျိုး ဆီးနှင်းထူထပ်တဲ့နေ့မှာ ချောမောခန့်ညားတဲ့ အမျိုးကောင်းသားသခင်လေးတစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့မိချေ။

သူမ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး မျက်လုံးများကို နှိမ့်ချလိုက်ရင်း ပြောလိုက်သည်။

"ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး—"

"ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါက သာမန်ကူညီပေးရုံသက်သက်ပါပဲ။ သခင်မလေးရွှယ်... တစ်ခုခု ဖြစ်သွားသေးလား"

ဝေ့ကျန့်လန်သည် အပြာရောင် ပိုးထည်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး၊ သူ့ဆံပင်များကို ကျောက်စိမ်းသရဖူတစ်ခုဖြင့် သေသပ်စွာ တုပ်နှောင်ထားသည်။

သူ၏နက်မှောင်သော မျက်ခုံးနှင့် မျက်ဝန်းများက ပန်းချီဆရာတစ်ယောက်ရဲ့ လက်ရာအတိုင်းပင် ထင်ရှားလွန်းလှပြီး၊ နှာတံမှာ ပေါ်လွင်ကာ နှုတ်ခမ်းအစုံကလည်း ယဉ်ကျေးသိမ်မွေ့သည်။

သူ့ဆီကနေ ပညာတတ်အရာရှိအသိုင်းအဝိုင်းမှ သားကောင်းတစ်ယောက်၏ ခန့်ညားထည်ဝါသည့် အရှိန်အဝါတို့ ထွက်ပေါ်နေသော်လည်း၊ တစ်ဖက်တွင်လည်း နူးညံ့ပျော့ပျောင်းတဲ့ ယဉ်ကျေးမှုဂုဏ်ပုဒ်များ ကိန်းအောင်းနေသည်။

သူက စုကျန်းနှင့် လုံးဝ ကွဲပြားခြားနားပြီး၊ သူ့အကြည့်များထဲတွင် ထက်မြက်အေးစက်တဲ့ အလင်းတန်းများ လုံးဝမရှိချေ။

ရွှယ်နင်သည် သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ပြီး၊ သူ့မျက်နှာကို ရဲရဲဝံဝံ လှမ်းကြည့်ရင်း မေးလိုက်သည်။

"ကျွန်မရဲ့ မျိုးရိုးက ရွှယ် ဆိုတာ သခင်လေးက ဘယ်လိုလုပ် သိနေတာလဲ။"

မိန်းကလေးငယ်၏ မျက်နှာထက်တွင် အပြစ်ကင်းစင်တဲ့ ဇဝေဇဝါအမူအရာလေး ပေါ်လွင်နေပြီး၊ ထိုအမူအရာကပင် သူမ၏မျက်နှာကို ကျောက်စိမ်းပမာ တောက်ပစေကာ... တကယ်ကို တိုင်းပြည်တစ်ခုလုံးကို ညှို့ယူနိုင်လောက်တဲ့ အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။

ဝေ့ကျန့်လန်က ညင်သာစွာ ပြုံးလိုက်ပြီး၊ စနစ်တကျ ရိုသေစွာ ဂါရဝပြုနှုတ်ဆက်လိုက်သည်။

"ကျွန်တော်က ဝေ့ကျန့်လန် ပါ"

ရွှယ်နင် အံ့ဩသွားပြီး ထိုအမျိုးသား၏ နူးညံ့တဲ့ မျက်ဝန်းများကို စိုက်ကြည့်ရင်း အာမေဍိတ်သံ ထွက်သွားသည်။

"ရှင်က—"

ဝေ့ကျန့်လန်က ပြုံးလိုက်၏။

"ကျွန်တော်ပါပဲ... ကျွန်တော့်ကို မှတ်မိသေးရဲ့လား။"

ရွှယ်နင်၏ မျက်ခုံးနှင့် မျက်ဝန်းများက ချက်ချင်းဆိုသလို လင်းလက်တောက်ပသွားပြီး၊ ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"ဒီတော့ ရှင်က အစ်ကိုဝေ့ပေါ့လေ။ အစ်ကိုက တကယ်ကို အများကြီး ကြီးထွားလာခဲ့တာပဲ။"

သူမ မှတ်မိသွားခဲ့ပြီ... ဝေ့ကျန့်လန်က သခင်မလင် သားဖြစ်သည်။

သခင်မလင် အိမ်ထောင်မပြုမီအချိန်တုန်းက၊ သူမက ရွှယ်နင်၏ မိခင်ဖြစ်သူ လုရော့နှင့် အလွန်ရင်းနှီးတဲ့ သူငယ်ချင်းအရင်းကြီးများ ဖြစ်ခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် ရွှယ်မိသားစု ပျက်စီးသွားခဲ့ရပြီး၊ သူမက ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ သူမရဲ့တစ်ကိုယ်တည်းဆိတ်ငြိမ်တတ်တဲ့ စရိုက်နှင့် အပြင်လူများကို တွေ့ဆုံရန် ကြောက်ရွံ့တတ်မှုတို့ကြောင့် လင်မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်လုနီးပါး ဖြစ်ခဲ့သည်။

သူမရဲ့အရင်ဘဝတုန်းက... သူမ စုကျန်းနှင့် လက်ထပ်ခဲ့စဉ်ကလည်း ဝေ့ကျန့်လန်သည် တန်ဖိုးကြီးမားတဲ့ မင်္ဂလာလက်ဆောင်များကို ပေးပို့ခဲ့၏။

နောက်ပိုင်းတွင် သူမ တုန်းကျင်းမှ ထွက်ခွာသွားခဲ့ရချိန်တွင်လည်း ဝေ့ကျန့်လန်ကိုယ်တိုင် လာရောက်နှုတ်ဆက်ပြီး လိုက်ပို့ပေးခဲ့သေးသည်။

ထိုအချိန်နောက်ပိုင်းတွင် သူမ သူ့သတင်းကို လုံးဝမကြားရတော့သလို၊ သူ ဘာတွေဆက်လုပ်နေလဲဆိုတာကိုလည်း မသိခဲ့ရတော့ချေ။

ရွှယ်နင်သည် နှင်းပွင့်များ သူမ၏ဦးခေါင်းထက်သို့ တဖွဲဖွဲ ကျဆင်းနေတာကိုပင် သတိမထားမိဘဲ... ထိုနေရာ၌ပင် ငေးမောစွာ ရပ်တန့်နေမိသည်။

ဝေ့ကျန့်လန်သည် သူ၏သွယ်လျထင်ရှားတဲ့ လက်ချောင်းကြီးများကို ဆန့်ထုတ်လိုက်ပြီး၊ သူမ၏ဆံပင်ထက်မှ ဆီးနှင်းပွင့်များကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။

"ဒီနေ့က မင်းရဲ့ အသိအမှတ်ပြုပွဲ နေ့ထူးနေ့မြတ်ပဲလေ... အမြန်မသွားဘူးလား။"

ထိုအမျိုးသား၏ အသံမှာ ရေပြင်အတိုင်း နူးညံ့အေးချမ်းလှသဖြင့် ရွှယ်နင်လည်း ငေးမောနေရာမှ သတိပြန်ဝင်လာခဲ့ပြီး မျက်နှာလေး နီမြန်းလျက် အလောတကြီး ပြောလိုက်သည်။

"ဒါဆိုရင် ကျွန်မ အရင်သွားနှင့်တော့မယ်နော် အစ်ကိုဝေ့... အေးအေးဆေးဆေး လျှောက်လာခဲ့ပါဦး။"

ဝေ့ကျန့်လန်၏လက်မှာ လေထဲတွင် ခဏတာ ရပ်တန့်သွားခဲ့သော်လည်း၊ သူ့ရှေ့မှ မိန်းကလေးငယ်၏ ပုံရိပ်သည် ငွေနီရောင် အရိပ်အယောင်တစ်ခုသာ ချန်ရစ်ခဲ့ရင်း ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။

သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ပင့်တက်သွားပြီး၊ စိတ်မောပေမယ့် အလိုလိုက်ချစ်ခင်ရတဲ့ အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။

"ဂရုစိုက်သွားပါ။"

နှမြောစရာကောင်းတာ လေနှင့်နှင်းများက ပြင်းထန်လွန်းလှသဖြင့်၊ သူ၏ကြည်လင်ပြတ်သားတဲ့ အသံ ဆီးနှင်းထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားသည်။

ထို့ပြင် သူ့ရဲ့ငေးမောကာ ကြည့်ကျန်ရစ်ခဲ့တဲ့ အကြည့်တို့မှာလည်း... ပိုမို၍ ဝေဝါးမှုန်ရီသွားသည်။

...

ရွှယ်နင် ယီဟယ်ခန်းမဆောင်သို့ ရောက်ရှိလာချိန်တွင်၊ ခန်းမတစ်ခုလုံး၌ ပျော်ရွှင်စွာ ရယ်မောပြောဆိုသံများနှင့် စည်ကားသိုက်မြိုက်နေသည်။

အစေခံမလေးများနှင့် အထိန်းတော်ကြီးများက စင်္ကြံအောက်တွင် တည်ငြိမ်ရိုသေစွာ မတ်တပ်ရပ်နေကြပြီး အမိန့်ကို စောင့်ဆိုင်းနေကြသည်။

သူမ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်၊ မော့မော့ယဲ့က သူမနှင့် ပေါင်ယွီတို့ကို တံခါးအပြင်ဘက်၌ တည်တင်းတဲ့အသံဖြင့် အရင်ဆုံး တားမြစ်လိုက်ပြီးနောက်၊ ကိုယ်တိုင် အတွင်းခန်းမဆောင်ထဲ ဝင်ရောက်သတင်းပို့လိုက်သည်။

ရွှယ်နင်သည် တံခါးဝတွင် ရပ်နေပြီး ပြင်းထန်တဲ့ လေတိုးဝှေ့မှုကြောင့် လိုက်ကာ၏ ထောင့်စလေးတစ်ခု လွင့်ပျံတက်သွားသည်။

ထိုဟသွားတဲ့အပေါက်လေးမှတစ်ဆင့်... သူမသည် ခန်းမအတွင်းရှိ အထက်တန်းလွှာ သခင်မကြီးများ၊ သခင်မလေးများနှင့် သခင်လေးမျိုးစုံကို လှမ်းမြင်လိုက်ရသည်။

တကယ်ကို ခန့်ညားထည်ဝါပြီး စည်းစိမ်ချမ်းသာ အပြည့်ရှိတဲ့ မြင်ကွင်းတစ်ခုပင်။

ဒီပွဲကို စုကျန်း တက်ရောက်လာခြင်းမရှိသော်လည်း၊ လူတိုင်းက သူ ဘယ်မှာလဲဟူ၍သာ ဆက်တိုက် မေးနေကြသည်။

"ဒီလိုမျိုး အရေးကြီးတဲ့ နေ့ထူးနေ့မြတ်မှာ... ရှီဇီက ဘာဖြစ်လို့ ရောက်မလာရတာလဲ။"

"ဟုတ်ပ.. အရင်ကတည်းက ကြားဖူးတာတော့ သခင်မလေးရွှယ် အချစ်ဆုံးက ဒီအစ်ကိုကြီး ရှီဇီပါဆို။ ဒီနေ့က သူ(မ)ရဲ့ အသိအမှတ်ပြုပွဲ အခမ်းအနားကြီးလေ... ဘာလို့ သူ(မ)ရဲ့ အစ်ကိုကြီးက ရှိမနေရတာလဲ။"

သခင်မကျန်းက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

"ကျန်းအာက ရုံးတော်မှာ အစိုးရ တာဝန်တွေနဲ့ အလုပ်ရှုပ်နေလို့ပါ။ မဟုတ်ရင်တော့ သူ သေချာပေါက် ဒီအခမ်းအနားကို လာကြည့်မှာ။"

ဤစကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို လူတိုင်းနီးပါး ရိပ်မိနားလည်သွားကြသည်

အမှန်ပဲ... စုကျန်းရဲ့ ရွှယ်နင်အပေါ် ထားရှိတဲ့ သံယောဇဉ် ခံစားချက်က တကယ်ကို သာမန်ပဲ ရှိသည်။

ကောလဟာလများအရ ရွှယ်နင်က စုကျန်းအပေါ် နှစ်ပေါင်းများစွာကတည်းက ရူးရူးမူးမူး စွဲလမ်းပြီး၊ အထက်တန်းလွှာအသိုင်းအဝိုင်းထဲ တိုးဝင်နိုင်ရန် အသည်းအသန် ကြိုးစားခဲ့ပေမယ့် စုကျန်းက တုန်လှုပ်ခြင်းမရှိဘဲ အေးစက်နေခဲ့တယ်လို့ ပြောကြသည်။

မဟုတ်ရင်လည်း... အိမ်တော်တစ်ခုတည်းမှာ အတူတူ နေထိုင်ကြပြီး အကယ်၍ သူတို့နှစ်ယောက်ကြားမှာ အပြန်အလှန် ခံစားချက် တကယ်ရှိခဲ့မယ်ဆိုပါက အရင်ကတည်းက စေ့စပ်ကြောင်းလမ်းပြီးလောက်ပြီ မဟုတ်လား။

အခုတော့ ရွှယ်နင်က ဒီလိုကြီးကျယ်ခမ်းနားတဲ့ အသိအမှတ်ပြုပွဲကို ကျင်းပနေပေမယ့် စုကျန်းက သူမရဲ့ဧည့်ခံပွဲသို့ တက်ရောက်ရန်ပင် စိတ်မဝင်စားခဲ့ချေ။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် စုကျန်းက ရွှယ်နင်အပေါ် လုံးဝ ခံစားချက်မရှိဘူးဆိုတာ ထင်ရှားသည်။

ထို့ကြောင့် စုနယ်စားမင်းအိမ်တော်နှင့် ခမည်းခမက် တော်စပ်ရန် စိတ်ဝင်စားနေကြတဲ့ မိသားစုများက မျှော်လင့်ချက်ရောင်ခြည်များ သန်းလာခဲ့ကြသည်။

စုကျန်း ရောက်မလာတာက ရွှယ်နင်အတွက် အနည်းငယ် အရှက်စရာ ဖြစ်ပေမယ့် ထိုအရာထက် သူမရဲ့စိတ်ထဲမှာ ပိုပြီးသက်သာရာရမှုကို ခံစားလိုက်ရသည်။

သူ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ဘာများအရေးပါလို့လဲ။

ဒီဘဝမှာ သူမနှင့် သူ့ကြားထဲ ဘယ်လို ဖူးစာဆုံဖက်မှု နှောင်ကြိုးမှ မရှိတော့ချေ။

မောင်နှမဆိုတဲ့ ဆက်ဆံရေး သံယောဇဉ်တစ်ခုပဲ ရှိတော့တယ်။

အသိအမှတ်ပြုပွဲ အခမ်းအနား စတင်ပြီဖြစ်တာကြောင့် မော့မော့ယဲ့က အတွင်းခန်းမဆောင်ထဲမှနေ၍ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

သခင်မကြီးရှဲ့သည် အဓိက သဘာပတိထိုင်ခုံတွင် ထိုင်နေပြီး၊ သူမ၏ အောက်ဘက်တွင် သခင်မကျန်းနှင့် နယ်စားမင်းစုတို့က အသီးသီး ဝင်ထိုင်လိုက်ကြသည်။

အစေခံမလေးတစ်ဦးက လိုက်ကာကို မြှင့်တင်ပေးလိုက်ရာ၊ ရွှယ်နင်သည် ခန်းမအတွင်းရှိ လူတိုင်း၏ စူးစိုက်ကြည့်နေကြတဲ့ အကြည့်များကြားမှ အတွင်းခန်းမဆောင်ထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်း ဝင်ရောက်လာခဲ့သည်။

ထိုခဏ၌ လူတိုင်း၏ မျက်ဝန်းများက သူမ၏အလှကို အကဲခတ်ရန်အတွက် တစ်ပြိုင်နက်တည်း လှည့်သွားကြသည်။

မိသားစု ပျက်စီးသွားခဲ့ရပြီးနောက် ရွှေနန်းတော်ဆောင်တွင် ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေခဲ့ဖူးတဲ့ ထိုမိန်းကလေးငယ်လေးက... အခုတော့ တကယ်ကို ကျော့ရှင်းလှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သခင်မလေးတစ်ဦးအဖြစ် ကြီးပြင်းလာလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပုံပေ။

All Chapters