← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) - ဒါက "အားဆေး" ပဲ

သူမက စိတ်အားထက်သန်စွာဖြင့် အားဟွမ်လေးအတွက် အိပ်စရာနေရာကို အမြန်စီစဉ်ပေးလိုက်သည်။

သတ္တဝါလေးက မရင်းနှီးတဲ့နေရာသို့ စတင်ရောက်ကာစဖြစ်၍ သနားစရာကောင်းလောက်အောင် ကြောက်ရွံ့နေရှာသည်။ ပထမဆုံး အမွေးများကိုထောင်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေပြီး မကြာခင်မှာပင် စားပွဲတစ်လုံးအောက်သို့ ဝင်ပုန်းသွား၏။

အပြင်သို့ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် ရွှယ်နင်က တံခါးနှင့် ပြတင်းပေါက်များကို အမြန်ပိတ်ခိုင်းလိုက်သည်။

သူမ၊ ပေါင်ချန်၊ ချွန်းချီနှင့် အခြားလူအချို့ပေါင်းကာ ထိုအကောင်လေးကို ချော့မော့ခေါ်ထုတ်ရန် အတော်ကြာ အချိန်ယူလိုက်ရသည်။

"အို... ဒီကြောင်လေးက ပိန်ပိန်သေးသေးလေးဆိုပေမယ့် တော်တော်အားသန်တာပဲ"

ကြောင်လေးကိုဖမ်းမိပြီး ရွှယ်နင်ထံ ကမ်းပေးရင်း ပေါင်ချန်က မောပန်းစွာဖြင့် ပြောလိုက်သည်။

"သခင်မလေး၊ အကုတ်မခံရအောင် သတိထားပါဦး။"

စကားမဆုံးမီမှာပင် ကြောင်လေးက လန့်သွားသကဲ့သို့ ရွှယ်နင်၏ လက်ခုံကို ၎င်း၏လက်သည်းများဖြင့် ကုတ်ခြစ်လိုက်ရာ သေးသွယ်သော ကုတ်ရာလေးတစ်ခု ကျန်ရစ်ခဲ့သည်။

"အို ဘုရားရေ-"

ရှလန်က ရွှယ်နင်၏လက်ကို အမြန်ဆွဲကိုင်လိုက်သည်။

"သခင်မလေး၊ ကြောင်လေးကို ကျွန်မကို ပေးလိုက်ပါ။"

ချွန်းချီက မျက်မှောင်ကြုတ်လျက် ပြောသည်။

"ကျွန်မ အခုချက်ချင်း ဆေးသွားယူလိုက်ပါ့မယ်"

ရွှယ်နင်က ထိုဒဏ်ရာသေးသေးလေးကို ဂရုမစိုက်ပေ။

ပင်ပန်း၍ ချွေးသံတရွဲရွဲဖြစ်နေသော်လည်း သူမက အကောင်လေး၏ ဂုတ်မှဆွဲမကာ သေးသွယ်ဖြူဝင်းသော လက်ချောင်းလေးဖြင့် အမွေးပွပွနားရွက်လေးကို ဖွဖွလေး ထိုးလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေး ပေါ်လာ၏။

"ငါ ဘာမှမဖြစ်ပါဘူး။ ဒီကုတ်ရာလေးက ဆေးနည်းနည်းလူးလိုက်ရင် ပျောက်သွားမှာပါ။ နင်ကများ မေမေ့ကို ကုတ်ရဲတယ်ပေါ့လေ၊ သတိထား၊ နင့်ဖင်လေးကို ရိုက်ပစ်လိုက်မယ်။"

ထိုအခါမှသာ သူမ၏ နူးညံ့သောအသံအောက်တွင် ကြောင်လေးက ငြိမ်ကျသွားပြီး သူမ၏ရင်ခွင်ထဲတွင် ကွေးကွေးလေးနေကာ ရှလန်နှင့် အခြားသူများကို သတိထား၍ 'ရှူး' ဟု အသံပြုနေသည်။

ရွှယ်နင်၏ အနီးမှာပဲ ရှိချင်ပုံရသည်။

ရှလန်က တုန်လှုပ်နေဆဲဖြစ်၏။

"သခင်မလေး၊ ကျွန်မကို ပေးထားပါ။"

"သတိထား၊ တော်ကြာ နင့်ကို ကုတ်လိုက်ဦးမယ်။ ငါပဲ ကိုင်ထားလိုက်မယ်"

ရွှယ်နင်က ပြုံးလျက်ပြောပြီးနောက် ထပ်ပြောလိုက်သည်။

"ပေါင်ချန်၊ ဟိုအထိုင်ဖုံးလေး ယူခဲ့ပေး"

ပေါင်ချန်က အထိုင်ဖုံးအိအိလေးကို ကိုင်ထားရင်း-

"သခင်မလေး၊ အားဟွမ်ကို ဘယ်မှာထားမလို့လဲ။"

ရွှယ်နင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

သတ္တဝါလေးက အခုမှရောက်လာပြီး လုံခြုံမှုမရှိသလိုခံစားရကာ အခြားသူများအနား မကပ်ချင်ဘဲ သူမနှင့်သာ နေချင်နေသည်။ ညဘက် စောင့်ရှောက်ရလွယ်ကူစေရန် ကုတင်ခြေရင်းတွင် အထိုင်ဖုံး(ကူရှင်)ကိုထားရန် သူမ ဆုံးဖြတ်လိုက်၏။

အစေခံများထဲတွင် အသက်အကြီးဆုံးဖြစ်သော ချွန်းချီက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ခဏနေ ရှီဇီ ထွက်လာရင် ဒါကိုတွေ့သွားတဲ့အခါ သဘောမကျဖြစ်မှာလား"

ရွှယ်နင် နားမလည်နိုင်ဖြစ်သွားတယ်။

"အားချဲ့က ကြောင်တွေကို တော်တော်ချစ်တာ မဟုတ်ဘူးလား။"

"ဒါပေမယ့်-"

ချွန်းချီက ပြန်ပြောသည်။

"ရှီဇီက သန့်ရှင်းရေးကို အရမ်းဂရုစိုက်တာပါ။ သူ အရင်က ကြောင်တစ်ကောင် မွေးဖူးပေမယ့် အပြင်ခန်းမှာပဲထားပြီး အတွင်းကို ဘယ်တော့မှ ပေးမဝင်ပါဘူး။"

ရွှယ်နင့် ရင်ထဲ တစ်ချက် လေးလံသွားသည်။

အကောင်လေးကို နေရာရွှေ့ရန် ပြင်လိုက်စဉ်မှာပင် အတွင်းဆောင်ထဲမှ အေးအေးလူလူ လမ်းလျှောက်ထွက်လာသော အမျိုးသားကို သူမ မြင်လိုက်ရသည်။

ကျောက်စိမ်းရောင် ဝတ်ရုံတစ်ထည်တည်းသာ ဝတ်ဆင်ထားသော သခင်ဖြစ်သူကို မြင်လိုက်ရသဖြင့် ချွန်းချီနှင့် အခြားအစေခံများက ခေါင်းငုံ့ကာ အမြန်ဆုတ်ခွာသွားကြတော့သည်။

လီချန်ချဲ့သည် ရွှယ်နင်အနီးသို့ လျှောက်လာပြီး သူမ၏ လက်ခုံပေါ်မှ အရာကို ချက်ချင်း သတိထားမိသွား၏။

သူက သူမ၏ နူးညံ့သွယ်လျသော လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ရှည်လျားသေးသွယ်သော ကုတ်ရာကို မြင်လိုက်ရချိန်တွင် သူ့မျက်ဝန်းများ၌ အေးစက်မှုတို့ ချက်ချင်း ဖုံးလွှမ်းသွားသည်။

"ဘာဖြစ်တာလဲ။"

ရွှယ်နင်က နှုတ်ခမ်းကိုစူကာ ကလေးဆန်ဆန် ပြုံးပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ စောစောက အားဟွမ်ကို ဖမ်းရင်း အကုတ်ခံလိုက်ရတာ။ ရပါတယ် အားချဲ့ရယ်။ နည်းနည်းလေးမှ မနာပါဘူး။"

လီချန်ချဲ့က သူ၏ အေးစက်သော မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး အားဟွမ်လေးကို အပြင်သို့ လွှင့်ပစ်ချင်စိတ် ခဏမျှ ဖြစ်ပေါ်သွားသည်။

သို့သော် ရွှယ်နင်က တင်းကျပ်စွာ ပိုက်ထွေးထားသည်ကို မြင်တဲ့အခါ ထိုဒေါသကို မြိုသိပ်လိုက်သည်။

"ဒီလာခဲ့။ ကိုယ် ဆေးထည့်ပေးမယ်။"

"တကယ် ဘာမှမဖြစ်ပါဘူးဆို။ ဒီလို အစင်းရာလေးက မနက်ဖြန်ဆို ပျောက်သွားမှာပါ။"

လီချန်ချဲ့က သူမကို ခပ်စူးစူး တစ်ချက်စောင်းကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် မငြင်းဆန်နိုင်သော ပြင်းပြမှုတို့ ပြည့်နှက်နေသည်။

ရွှယ်နင်မှာ ဘာမှမတတ်နိုင်ဘဲ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြောင်လေးကို ကုတင်ခြေရင်းတွင် အရင်ချထားခဲ့ပြီးနောက် သူ့နောက်သို့ လိမ္မာစွာ လိုက်သွားရတော့သည်။

"အားချဲ့၊ အားဟွမ်ကို ကျွန်မတို့ ကုတင်အောက်မှာ ထားလို့ရမလား။"

"မရဘူး။"

သူ့လေသံ အရမ်းမာသွားတာကို သတိထားမိဟန်ဖြင့် သူက ဆက်ပြောသည်။

"အခုက ညစ်ပတ်နေပြီး ရေချိုးပေးလို့လည်း မရသေးဘူးလေ။ နည်းနည်း ကြီးလာမှ ထပ်ပြောကြတာပေါ့။"

"ဒါဆို... အသားကျသွားအောင်လို့ ဒီညတော့ အတွင်းခန်းမှာပဲ ထားပါရစေလား။"

"အင်း။"

သူက ရေချိုးထားကာစဖြစ်ပြီး ခါးစည်းကို ခပ်လျော့လျော့စည်းထားသော ပေါ့ပါးသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ အသွင်အပြင်မှာ ကြည်လင်သန့်စင်နေပြီး ကိုယ်သင်းနံ့သင်းသင်းလေးက အနှံ့အပြား သင်းပျံ့နေ၏။

ရွှယ်နင် သက်ပြင်းချလိုက်ပြီး သူဆွဲခေါ်ရာ ရေချိုးခန်းထဲသို့ နောက်မှ လိုက်ပါသွားသည်။

အခန်းထဲတွင် ရေနွေးငွေ့များ ပြည့်နှက်နေကာ အပူရှိန်ကြောင့် မျက်နှာကို နီရဲလာစေသည်။

သူ၏ ကျယ်ပြန့်နွေးထွေးသော လက်ဖဝါးထဲတွင် အုပ်ကိုင်ခံထားရသဖြင့် ရွှယ်နင် အနည်းငယ် မသက်မသာဖြစ်ကာ ရုန်းကန်လိုက်သည်။

"အားချဲ့၊ ကျွန်မ... ကျွန်မဘာသာ လုပ်နိုင်ပါတယ်။"

လီချန်ချဲ့က သူမ၏လက်ကို ငွေဇလုံထဲသို့ ဖိနှစ်လိုက်ပြီး သူ၏ နက်ရှိုင်းသော မျက်ဝန်းများက အေးစက်လျက်ရှိသည်။

"မလှုပ်နဲ့။"

သို့သော် သူမအတွက် အင်္ကျီလက်ကို ခေါက်တင်ပေးရန် လက်လှမ်းလိုက်စဉ်မှာပင် ကျောက်စိမ်းပုလင်းငယ်တစ်ခုက သူမ၏ အင်္ကျီလက်ထဲမှ ရုတ်တရက် ပြုတ်ကျလာသည်။

ထိုပုလင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ ရွှယ်နင် ပြာယာခတ်သွားပြီး ကောက်ယူရန် အမြန်ငုံ့လိုက်၏။

ကံမကောင်းစွာဖြင့် သူက ပိုမြန်နေခဲ့တယ်။ လီချန်ချဲ့၏ သွယ်လျသော လက်ချောင်းများက ကျောက်စိမ်းပုလင်းငယ်ကို ညှပ်ကိုင်လိုက်ပြီး သူ၏ အေးစက်သော အကြည့်ကို အနည်းငယ် ပင့်မော့လိုက်သည်။

"ဒါ ဘာလဲ။"

"ဒါက—"

ရွှယ်နင် စကားထစ်သွားပြီး သူမ၏ မျက်နှာလေး နီရဲသွားကာ လှမ်းယူရန် လက်ဆန့်ထုတ်လိုက်သည်။

"ဒါက အမေပေးလိုက်တဲ့ ဆေးပါ။"

လီချန်ချဲ့က ပြန်မပေးပေ။ မိန်းကလေး၏ ပုံမှန်မဟုတ်ဘဲ ပြာယာခတ်နေသည့် မျက်နှာထားကို မြင်တဲ့အခါ သူ့အကြည့်များ ပို၍ နက်ရှိုင်းသွားသည်။

"ဘာဆေးလဲ။"

ရွှယ်နင်က သဘာဝကျကျပင် အမှန်ကို မပြောနိုင်ဘဲ ဒီလိုပဲ ပြောလိုက်သည်။

"ခန္ဓာကိုယ် အားဖြည့်ဖို့သောက်တဲ့ အားဆေးပါ။ အားချဲ့၊ ကျွန်မကို မြန်မြန်ပေးပါ။ ခဏနေ သောက်ရတော့မှာမလို့။"

လီချန်ချဲ့က ကျောက်စိမ်းပုလင်းငယ်ကို မြှောက်ကာ သေချာစစ်ဆေးကြည့်လိုက်သည်။

"သခင်မကျန်းက မင်းကို ပေးလိုက်တာလား။"

"ဟုတ်ပါတယ်..."

ရွှယ်နင်က အမြန်လုယူလိုက်ပြီး ရင်ဘတ်ထဲ ထည့်ထားလိုက်သည်။ သူမ၏ မျက်နှာလေးမှာ ပူထူနေသည်။

"စိတ်မပူပါနဲ့။ ရွှမ်းယီနယ်စားမင်းအိမ်တော်က လူတွေ ကျွန်မအပေါ် မကောင်းရင်တောင် သခင်မကျန်းက ကျွန်မကို ဘယ်တော့မှ အန္တရာယ်မပေးပါဘူး။ သူ(မ)က ကျွန်မကို သမီးအရင်းတစ်ယောက်လို ပြုစုပျိုးထောင်ခဲ့တာမလို့ ကျွန်မအတွက် အကောင်းဆုံးပဲ ဖြစ်စေချင်တာပါ။"

လီချန်ချဲ့က သူမကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး သူမ၏လက်ကို ပြန်ဆွဲယူကာ ဆေးကြောသုတ်သင်ပြီးနောက် ဆေးလူးပေးလိုက်သည်။

"အဲဒီလိုဆိုရင်လည်း ခဏနေ မင်းသောက်တာကို ကိုယ် စောင့်ကြည့်ပေးမယ်လေ။"

ရွှယ်နင် အလွန်တုန်လှုပ်သွားတယ်။

"ဟင်?"

လီချန်ချဲ့က သူ့လက်ကိုပါ ဆေးကြောလိုက်ပြီး ရေချိုးခန်းထဲမှ အေးအေးလူလူ လျှောက်ထွက်သွားသည်။

ရွှယ်နင်၏ ရင်တွေ တဒိန်းဒိန်းခုန်နေတော့သည်။ သူမင ကြောင်တစ်ကောင်လို သူ့နောက်သို့ ကပ်ပါသွားပြီး ရင်ခွင်ထဲမှ ကျောက်စိမ်းပုလင်းလေး နွေးတက်လာတာကို ခံစားလိုက်ရသည်။

"တကယ်တော့ ကျွန်မ ကျန်းမာရေးက အဲ့လောက်လည်း မဆိုးပါဘူး။ ဒီည သောက်စရာ မလိုသေးပါဘူး။"

လီချန်ချဲ့က ပြောလိုက်သည်။

"မင်း မသောက်ဘူးဆိုရင် ဆေးပုလင်းကို ကိုယ့်ကိုပေး။ ခဏနေ သမားတော်ကို စစ်ဆေးခိုင်းလိုက်မယ်"

ရွှယ်နင် မပေးရဲပေ။ သမားတော်သာ ဒီဆေးက ဘာဆေးလဲဆိုတာ သိသွားရင် သူမ ရှက်လွန်းလို့ သေရမှာပေါ့?

"မလုပ်ပါနဲ့။ ဒီဆေးကို ကျွန်မဘာသာ သောက်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက အမေ ပေးလိုက်တာပဲဟာကို။"

ရွှယ်နင်က သူ့အလိုကို လိုက်လျောရန်ကြိုးစားရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။

"ဖူကျွင်း... ညစာစားရမယ့်အချိန် ရောက်ပြီမလား။ ပေါင်ချန်တို့ ညစာယူလာပြီလား သွားကြည့်ပေးလို့ ရမလားဟင်။"

ပြောပြောဆိုဆိုနှင့် သူမက တိတ်တဆိတ် လှည့်ထွက်သွားပြီး ပုလင်းကို သေတ္တာတစ်လုံးထဲ ပစ်ထည့်ရန် ရည်ရွယ်လိုက်သည်။

သို့သော် လီချန်ချဲ့က မျက်စိလျင်ပြီး လက်သွက်လှသည်။ သူက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး စနောက်လိုက်၏။

"ဒါ မင်းအမေ ပေးလိုက်တဲ့ အားဆေး မဟုတ်ဘူးလား။ ဘာလို့ လွှင့်ပစ်မလို့လဲ"

ရွှယ်နင် ပို၍ပင် ပြာယာခတ်သွားပြီး မျက်နှာလေးမှာ နီရဲနေပြီ။

"ကျွန်မ... အိပ်ရာမဝင်ခင် သောက်မလို့ စဉ်းစားနေတာပါ။"

ဆင်ခြေပေးနေဆဲဖြစ်တဲ့ သူမဆီကနေ လီချန်ချဲ့က ဆေးပုလင်းကို ဆွဲယူလိုက်သည်။

"ကိုယ် သိမ်းထားပေးမယ်။"

"အို!"

ရွှယ်နင် ထိန်းမနိုင်သိမ်းမရ ပြာယာခတ်သွားသော်လည်း ထိုအမျိုးသားက အရပ်ရှည်ပြီး တောင့်တင်းခိုင်မာလှသည်။ သူမက ခြေဖျားထောက်ကာ သူ့ရင်ဘတ်ကို ဖိကပ်လုနီးပါး ဖြစ်နေလျှင်တောင် ပြန်လုမယူနိုင်ခဲ့ပေ။

"ဟင့်အင်း၊ ကျွန်မ အခု သောက်ရမှာ!"

လှုပ်ရှားနေမှုကြောင့် မိန်းမငယ်လေး၏ ကျောက်စိမ်းကဲ့သို့သော အသားအရေနှင့် သွယ်လျလှပသော ကိုယ်လုံးလေးမှာ အနည်းငယ် တုန်ခါနေသည်။

လီချန်ချဲ့၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် မီးတောက်ငယ်လေးတစ်ခု ရေးရေးမျှ တောက်လောင်သွားပြီး သူမ၏ အနှောင့်အယှက်ပေးခြင်းကို ခွင့်ပြုထားရင်း သူ၏ လည်စေ့က အထက်အောက် လှုပ်ရှားသွားတော့သည်။

All Chapters