← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း (၁၉၁) မျောက်ကို ခြိမ်းခြောက်ရန် ကြက်ကို သတ်ခြင်း

ရွှယ်နင်က ဝေဝါးနေတဲ့ မျက်ဝန်းများဖြင့် မော့ကြည့်ကာ မေးလိုက်သည်။

"ရှင်... ဒေါသမထွက်ဘူးလား။"

လီချန်ချဲ့က ခပ်ဖွဖွ ရယ်မောလိုက်သော်လည်း သူ၏ မျက်ဝန်းများထဲတွင် နွေးထွေးမှု အရိပ်အယောင်မျှ မရှိချေ။

"ဒေါသထွက်တာပေါ့။"

ထိုသို့ ပြောလိုက်သော်လည်း သူ့လက်ကြီးက ရွှယ်နင်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

"အိမ်ပြန်ဖို့ မလောပါနဲ့ဦး။ ကိုယ် ဒီကိစ္စကို အရင်ရှင်းပါရစေဦး။"

ရွှယ်နင် ကြောင်အမ်းအမ်းဖြင့် ကြည့်နေစဉ် သူက သူမကို သူ့အနောက်သို့ ဆွဲခေါ်ကာ တောင်တစ်လုံးကဲ့သို့ ထည်ဝါမြင့်မားသော ကိုယ်လုံးဖြင့် ကွယ်ပေးလိုက်သည်။

သူ ဝတ်ဆင်ထားသော မင်ရည်ကဲ့သို့ နက်မှောင်သည့် ခြုံစောင်ကြောင့် ပြတ်သားသော မေးရိုးမှာ ပိုမိုထင်ရှားနေပြီး တည်ကြည်မြင့်မြတ်ကာ မည်သူမျှ မပြိုင်ဝံ့သည့် အရှိန်အဝါကို ပေးစွမ်းနေသည်။

"ရှီဇီစုက မိန်းကလေးငယ်တစ်ယောက်ကို ဒီမှာ လာပြီး အနိုင်ကျင့်ရလောက်အောင်အထိ အချိန်တွေ သိပ်အားနေပုံရတယ်နော်။"

"ရှီဇီလီက နောက်နေပြန်ပြီ။ ငါ သူ(မ)ကို အနိုင်ကျင့်နေတာ မဟုတ်ပါဘူး— အမှန်တရားကို ပြောပြနေရုံတင်ပါ"

စုကျန်းက ပြန်ဖြေလိုက်သည်။ ခန့်ညားပြီး ထင်ရှားပြတ်သားသော သူ့မျက်နှာထက်တွင် ဖတ်ရခက်သော အေးစက်မှုတစ်ခု ရှိနေသည်။

"ပြီးတော့ လူတိုင်း မြင်တဲ့အတိုင်းပဲ၊ သူ(မ) လက်မောင်းက ရှိုကုန်းရှား(အပျိုစင်အမှတ်အသား)က ရှိနေတုန်းပဲလေ။"

လီချန်ချဲ့က အံ့ဩစရာကောင်းစွာပင် ထိုအချက်ကို လက်ခံသည့်အတိုင်း ခပ်တိုးတိုး"အင်း" ဟု ပြောလိုက်သည်။

အမှန်တော့ ဘယ်သူမှ အိပ်ခန်းထဲက ကိစ္စများကို အပြင်မှာ ချပြပြောဆိုခြင်းကို မနှစ်သက်ကြချေ။ အထူးသဖြင့် သူတို့လို ဂုဏ်သရေရှိ အိမ်တော်များမှ သခင်လေးများဆိုလျှင် ပို၍ပင် မနှစ်သက်ကြပေ။

လီချန်ချဲ့ကဲ့သို့ ဂုဏ်သိက္ခာကြီးမားသူပင် စုကျန်း၏ အောက်တန်းကျသော အပြုအမူကြောင့် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။

အများစုကတော့ မိန်းမတစ်ယောက်ပဲလေဟု တွေးမိကြမှာ အမှန်ပင်။ ဘယ်လို ထင်ရှားကျော်ကြားတဲ့ မိသားစုမှာမဆို မပြောကောင်းမဆိုကောင်း အရှုပ်တော်ပုံများ ရှိတတ်ကြတယ်မဟုတ်လား။ အရှက်ရသင့်သူမှာ ကျန်းကော်နယ်စားမင်းအိမ်တော် မဟုတ်ဘဲ ရွှယ်နင်သာ။

အကယ်၍ လီချန်ချဲ့က လူအများရှေ့မှာ ရွှယ်နင်အတွက် ပြဿနာရှာပြီး စုကျန်းနှင့် ဆက်ဆံရေး ပျက်ပြားအောင် လုပ်မည်ဆိုပါက သူ့ဂုဏ်သိက္ခာ ညှိုးနွမ်းသွားတယ်လို့ ထင်ကြလိမ့်မယ်။

ဒါပေမဲ့ လောလောဆယ်မှာတော့ သူ့အနောက်မှာ ရပ်နေတဲ့ မိန်းကလေးငယ်က အသေးအဖွဲကိစ္စတစ်ခုအတွက် လူအများရဲ့ လက်ညှိုးထိုး ကဲ့ရဲ့တာကို ခံနေရရုံမက၊ စုမိသားစု၏ လင်မယားရေးရာ စကားများဖြင့်ပါ အရှက်ခွဲတာကို ခံနေရတယ်။

သူမ မငိုခဲ့သော်လည်း နူးညံ့တဲ့ မျက်ဝန်းများတွင်မူ မျက်ရည်များ ဝဲနေခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စကားတစ်ခွန်းတောင် မပြောနိုင်ဘဲ ငြိမ်ခံနေတဲ့ သူမရဲ့ ပုံစံက အလွန်ပင် သနားစရာ ကောင်း၏။

သူ၏ အေးစက်စက် မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားလိုက်သည်။

သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး မေးလိုက်သည်။

"အဲဒါ ဘာဖြစ်လဲ။"

စုကျန်း ထိုမေးခွန်းကြောင့် ဆွံ့အသွားသည်။

လီချန်ချဲ့က ဆက်ပြောလိုက်သည်။

"မင်္ဂလာဦးညမှာ ငါ နင်နင်နဲ့ လင်မယားအရာ မမြောက်ခဲ့ဘူး။ သူ(မ)ရဲ့ ယောကျ်ားဖြစ်တဲ့ ငါ ကိုယ်တိုင်ကတောင် ဘာမှမပြောတာကို... ရှီဇီစုနဲ့ ဘာဆိုင်လို့လဲ။"

စုကျန်း နောက်တစ်ကြိမ် မှင်သက်သွားပြန်သည်။

လီချန်ချဲ့က အခြားသူ၏ အမြင်များကို ဂရုစိုက်တတ်သူ မဟုတ်ပေ။

သူ မနှစ်သက်တဲ့သူ၊ သူ့ကို ရွံရှာစေတဲ့သူများကို သူက တိုက်ရိုက်သာ ရှင်းလင်းပစ်လေ့ရှိ၏။

သို့သော် ရွှယ်နင်၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လာလျှင်တော့ သူ စိတ်ရှည်သည်းခံရန်မှတစ်ပါး အခြားမရှိချေ။

"နင်နင်နဲ့ ငါက အပြန်အလှန် ခံစားချက်ရှိလို့ လက်ထပ်ခဲ့ကြတာ။ မင်္ဂလာဦးညတုန်းက ညဉ့်နက်တဲ့အထိ သူ(မ)ရဲ့ ခန်းဝင်ပစ္စည်းတွေဖြစ်တဲ့ ဆိုင်တွေ၊ လယ်ကွင်းတွေနဲ့ ပိုင်ဆိုင်မှု စာချုပ်တွေကို အတူတူ ထိုင်ရေတွက်နေခဲ့ကြလို့ ညဉ့်နက်မှပဲ အတူတူ နားခဲ့ကြတာ။ အဲဒါကြောင့်လည်း လင်မယားအရာ မြောက်ဖို့ နောက်ကျသွားရတာပဲ။"

စကားပြောနေစဉ် သူ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများက အပေါ်သို့ အနည်းငယ် ကွေးတက်သွားသည်။

"စကားမစပ်... အဲဒီညက ငါတို့ ရေတွက်ခဲ့တဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေထဲမှာ ရွှမ်းယီနယ်စားမင်းအိမ်တော်ကနေ 'ငှား' ထားတဲ့ သေတ္တာ ဒါဇင်ပေါင်းများစွာတော့ မပါဘူး။"

"ငှား" ဟူသော စကားလုံးကြောင့် စုကျန်း၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားသည်။

ထိုကိစ္စက ရွှမ်းယီနယ်စားမင်းအိမ်တော် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး ဟာသကြီးတစ်ခုပင်။

လီချန်ချဲ့က ထိုကိစ္စကို ထပ်ပြောလိုက်ခြင်းက စုကျန်းကို တမင်သက်သက် အရှက်ခွဲလိုက်တာ ဖြစ်၏။

စုကျန်း အမှန်တကယ်ပင် ဒေါသထွက်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။

"ရှီဇီလီ... အခု ငါတို့ ပြောနေတာက မင်္ဂလာခန်းဝင်ပစ္စည်း ကိစ္စ မဟုတ်ဘူး။"

"ဘာလဲ... စုမိသားစုက မင်္ဂလာခန်းဝင်ပစ္စည်းကို ငှားထားခဲ့တာပဲလေ၊ အခု လူတွေက အဲဒီအကြောင်း မပြောရတော့ဘူးလား။"

လီချန်ချဲ့က မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ပြီး သူ့လေသံမှာ အလောတကြီး မရှိသော်လည်း တည်ငြိမ်မှု အနည်းငယ် ပါဝင်နေသည်။

"အပျိုစင်အမှတ်အသား ကိစ္စကို ပြန်ဆက်ရရင်... နင်နင်က နောက်နေ့မှာတင် ဓမ္မတာလာနေတာမို့ ဒီတစ်ခေါက်တော့ အချိန်ရွှေ့လိုက်ရတယ်။ မကြာခင် နေ့ကောင်းရက်သာမှာ ငါတို့ လင်မယားအရာ မြောက်ကြမှာပါ။ ဒါမှမဟုတ် ရှီဇီစုက လာကြည့်ဖို့ ရည်ရွယ်ထားတာလား။ ဘယ်လိုအစ်ကိုမျိုးကများ ကိုယ့်ညီမရဲ့ လင်မယားရေးရာကိစ္စကို ဒီလောက်တောင် စိတ်ဝင်တစား ရှိနေရတာလဲ။ ဒီကိစ္စက ရှီဇီစုများ ငါ့ရဲ့ နင်နင်အပေါ်မှာ မရိုးသားတဲ့ စိတ်ကူးတွေ ရှိနေသလားဆိုပြီး ငါ့ကို သံသယဝင်စေတယ်။"

"မင်း—"

"တော်ပါပြီ။ နင်နင်က ပန်းလေးတစ်ပွင့်၊ လမင်းကြီးတစ်စင်းလို လှပနေမှတော့ မင်း သူ(မ)အပေါ်မှာ မရိုးသားတဲ့ စိတ်ကူးတွေ ရှိနေတာကလည်း သဘာဝကျပါတယ်။"

လီချန်ချဲ့က သူ့စကားကို ဖြတ်ပြောလိုက်ပြီး လက်များကို အင်္ကျီလက်စထဲသို့ ထည့်လိုက်သည်။

ဒီနေ့တွင် သူက ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားသော ထန်ဟွာ ပိုးဖဲဝတ်ရုံကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးပျူငှာသော ပုံပေါက်နေသည်။

သို့သော် ပညာတတ်တစ်ဦး၏ ဝတ်စားဆင်ယင်မှုက သူ့ကို အနိုင်ကျင့်ရလွယ်ကူမည့် ပုံပေါက်မနေစေပေ။

ထိုနက်ရှိုင်းပြီး အေးစက်သော မျက်ဝန်းများက ဝေ့ဝဲကြည့်လိုက်သောအခါ ဖန့်လိုစားသောက်ဆိုင်တစ်ခုလုံးတွင် ကျောချမ်းဖွယ် လူသတ်ငွေ့များ ဖြည်းညင်းစွာ ပျံ့နှံ့သွားလေသည်။

"နင်နင်နဲ့ ငါ ကလေးရလာတဲ့အခါ လပြည့်ပွဲကို မင်းကို သဘာဝကျကျ ဖိတ်ကြားမှာပါ။ ငါတောင် အလောတကြီး မဖြစ်တာမို့ မင်းလည်း လောဖို့ မလိုပါဘူး။"

ဤစကားများက စုမိသားစုကို တိုက်ရိုက် စော်ကားလိုက်ခြင်းပင်။ ဧကရာဇ်မင်းမြတ်က ဂရုမစိုက်ဘဲနေချိန်တွင် မိန်းမစိုးများက ဝင်ရောက်စွက်ဖက်နေသည်ဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

စုကျန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး သူ့မျက်ဝန်းများထဲတွင် မည်းမှောင်သော ခံစားချက်များ လည်ပတ်နေသည်။

ရွှယ်နင်က လီချန်ချဲ့ရဲ့ ကလေးကို လုံးဝ မမွေးဖွားပေးနိုင်မှန်း သူသိနေပေမယ့် ရှင်းမပြတတ်အောင် ဒေါသထွက်နေမိတယ်။

သူ့ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ လီချန်ချဲ့က သူ့အနားသို့ လျှောက်သွားကာ ခပ်ဖွဖွ အကဲခတ်ကြည့်လိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်သည်။

"ရှီဇီစု... မနက်ဖြန်ကျရင် ငါ ဟန်လင်အကယ်ဒမီကို ဝင်တော့မယ်။ နောင်လာမယ့် ညီလာခံတွေမှာ ရှီဇီစုက ပိုပြီး လမ်းညွှန်ပြသပေးဖို့ မျှော်လင့်ပါတယ်။"

စုကျန်း၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

လီချန်ချဲ့က လက်ကိုမြှောက်ကာ တည်ငြိမ်အေးဆေးစွာဖြင့် သူ၏ ပခုံးကို ပုတ်လိုက်သည်။

"ပြီးတော့လေ... ငါ့အိမ်တွင်းရေးကိစ္စတွေကို လူတွေက ပေါ့ပေါ့ဆဆ ပြောဆိုနေကြတာကို ငါ မနှစ်သက်ဘူး။"

သူ့အကြည့်များက ဖန့်လိုစားသောက်ဆိုင် ပင်မခန်းမအတွင်းရှိ လူအုပ်ကြီးအပေါ်သို့ ဝေ့ဝဲသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"နောက်တစ်ခါ နင်နင်ရဲ့ ကွယ်ရာမှာ အတင်းအဖျင်း ပြောရဲတဲ့သူ ရှိရင် ငါ ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့။"

ထိုသို့ပြောပြီးနောက် သူက ဖူရှန်းကို အကြည့်တစ်ချက် ပေးလိုက်သည်။

သူ့သခင်လေးကို နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုလာခဲ့သော ဖူရှန်းမှာ အဓိပ္ပါယ်ကို သဘာဝကျကျ နားလည်၏။

ချက်ချင်းပင် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး လူတစ်ယောက်၏ လက်ချောင်းငါးချောင်းကို သပ်ရပ်ပြတ်သားစွာ ခုတ်ဖြတ်ပစ်လိုက်သည်။

သူ ရောက်လာကတည်းက ဒီလူရဲ့ စကားများက အစော်ကားဆုံးဖြစ်ကြောင်း သတိထားမိခဲ့တယ်။

လိပ်မျက်လုံးကဲ့သို့ သေးငယ်တဲ့ သူ့မျက်လုံးများက သခင်မလေးအပေါ် အချိန်တိုင်း စူးစိုက်ကြည့်နေပြီး မကောင်းတဲ့ ရည်ရွယ်ချက်များ ရှိနေကြောင်း ထင်ရှားသည်။

ဖူရှန်းက သူ၏ ဓားရှည်ကို သန့်စင်အောင် သုတ်လိုက်ပြီး ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်သည်။

ထိုလူက သူ့လက်ကို ဆုပ်ကိုင်ကာ စူးရှစွာ အော်ဟစ်ငိုယိုတော့သည်။

သွေးများ ပန်းထွက်သွားပြီး ဘေးပတ်လည်ရှိ လူအုပ်ကြီးမှာ လီချန်ချဲ့၏ တည်ငြိမ်သော်လည်း သေစေနိုင်လောက်သည့် အရှိန်အဝါကြောင့် မှင်သက်သွားကြသည်။

လူသတ်နတ်ဘုရား လီလင်းဖုန်းရဲ့ သားပီသပါပေတယ်။ ဖခင်ဖြစ်သူထက်ပင် ပိုရက်စက်ကြမ်းကြုတ်သေးတယ်။

ထိုအချိန်မှစ၍ မည်သူမျှ ရွှယ်နင်အကြောင်းကို စကားတစ်ခွန်းမျှ မဟဝံ့ကြတော့ပေ။ သူမ၏ နာမည်ကိုပင် မခေါ်ရဲကြချေ။

စုချင်း၏ နှုတ်ခမ်းများ ခဏမျှ တုန်ယင်သွားပြီးနောက် တင်းတင်းစေ့ထားလိုက်သည်။

ရှဲ့နင်းထန်က ဒေါသထွက်နေသော်လည်း နှုတ်ဆိတ်နေခဲ့သည်။

စုကျန်း တစ်ယောက်သာ စကားပြောလာသည်။

"ရှီဇီလီက လူ့အသက်ကို တန်ဖိုးမရှိတဲ့ မြက်ပင်တွေလို သဘောထားနေတာပဲ။ တုန်းကျင်းမှာ မင်းကို ထိန်းချုပ်မယ့် ဥပဒေဆိုတာ မရှိတော့ဘူးလား။"

လီချန်ချဲ့၏ မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေဆဲပင်။

"ဖူရှန်း... မနက်ဖြန် မင်းကိုယ်တိုင် တုန်းကျင်း မြို့ဝန်ရုံးကို သွားလိုက်။"

ဖူရှန်းက မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ၊ သခင်လေး"

စုကျန်း ချက်ချင်းပင် ဆွံ့အသွားတယ်။ အရာရှိအသိုင်းအဝိုင်းများကြားမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း လီချန်ချဲ့ကဲ့သို့သော လူမျိုးကို သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ — ဥပဒေများနှင့် စည်းကမ်းများကို ဂရုမစိုက်ဘဲ အင်အားသုံး၍ သိမ်းပိုက်တတ်ကာ လောကီစည်းမျဉ်းများကို အလေးမထားတဲ့ သူ့ဖခင်နှင့် တစ်ထေရာတည်းပင်။

ဒီလိုလူမျိုးက ရွှယ်နင်ကို ကာကွယ်ဖို့ ဘာကြောင့် ဒီလောက်အထိ အားထုတ်ရတာလဲ။

သူ တကယ်ပဲ ရွှယ်နင်ကို သဘောကျနေတာလား။

ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ထိုအတွေးကို သူ မြန်မြန်ဆန်ဆန်ပင် ဖယ်ရှားပစ်လိုက်၏။

ဒီ လီမိသားစုရဲ့ သခင်လေးဟာ မိန်းမတွေကို ဘယ်တုန်းကမှ စိတ်ဝင်စားမှု မပြခဲ့ဘူးဆိုတာ လူတိုင်းသိကြတယ်။

ငယ်ငယ်ကတည်းက မိခင်ဖြစ်သူနှင့် ဆက်ဆံရေး တင်းမာခဲ့တာကြောင့် သူက မိန်းမများအပေါ် နက်ရှိုင်းတဲ့ မုန်းတီးမှုကိုသာ သိမ်းဆည်းထားတတ်သည်။

သူ့ဘေးရှိ လုစစ်လင်ကို အကဲခတ်ကြည့်လိုက်ရာ သူ့ရင်ထဲတွင် အဖြေကို ချက်ချင်း ရှာတွေ့သွားသည်။

ဪ... ရွှယ်နင်အပေါ် အခုလို အထူးတလည် ဂရုစိုက်ပြနေတာက လုစစ်လင်အတွက်ကြောင့်ကိုး။

စုကျန်း၏ ရင်ထဲတွင် အထင်သေး ရွံရှာမှုတို့ ပေါ်ထွက်လာပြီး ရွှယ်နင်ကို ကြည့်သော သူ့အကြည့်များက ပို၍ မည်းမှောင်နက်ရှိုင်းလာသည်။

ဒီနေ့အတွက်တော့ လီချန်ချဲ့က အသာစီးရသွားခဲ့ပြီ— ကိစ္စမရှိပါဘူး။ ဆက်ဖြစ်လာမယ့် ပြဇာတ်ကို သူ စောင့်ကြည့်နေလိုက်မယ်။

ရှုပ်ထွေးတဲ့ ကိစ္စရပ်များကို နောက်ဆုံးတွင် ဖြေရှင်းပြီးသွားသောအခါ လီချန်ချဲ့က လှည့်လိုက်ပြီး ကြောင်အမ်းအမ်းဖြင့် ရပ်နေဆဲဖြစ်သော ရွှယ်နင်ထံသို့ လျှောက်သွားလိုက်သည်။

All Chapters