← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း (၂၅၃) - သူတို့... လင်မယားအရာ မြောက်သွားကြပြီလား

လီချန်ချဲ့သည် အရပ်မောင်းကောင်းကောင်းဖြင့် ခန့်ညားထည်ဝါစွာ ရပ်နေ၏။ သူ၏ မျက်ခုံးထူထူနှင့် မျက်လုံးတောက်တောက်များက တင်းမာအေးစက်သော အသွင်ကို ဆောင်နေသည်။ သားရေခါးပတ် စည်းထားသည့် အစိမ်းရောင် အရာရှိဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ကိုယ်ဟန်က မားမားမတ်မတ်နှင့် ကြောက်မက်ဖွယ်ကောင်းနေ၏။

ရိုးရှင်းသော အရာရှိဝတ်စုံနှင့်ပင် သူ့ဆီကနေ မြင့်မြတ်သော ဂုဏ်သရေနှင့် အာဏာစက်တို့ ယိုဖိတ်နေ၏။ ထိုနေရာ၌ ရပ်နေရုံမျှဖြင့် သူ၏တည်ရှိမှုက အခြားသူများကို နောက်ဆုတ်သွားစေလောက်အောင် ဖိအားပေးနိုင်စွမ်း ရှိသည်။

စုကျန်းသည် လီချန်ချဲ့နှင့် မျက်နှာချင်းဆိုင် ရပ်နေပြီး သူတို့နှစ်ဦးကြားတွင် တင်းမာမှုများ ကြီးစိုးနေသည်။

လေထုက ရုတ်တရက် အေးခဲသွားပြီး ပြောမပြတတ်သော တင်းမာမှုများဖြင့် ပြည့်နှက်သွား၏။

"ရှီဇီလီ ရှင်းပြချင်တာများ ရှိမလား"

"ဒီမနက်က ငါ့ရဲ့ချစ်ဇနီးလေး အရမ်းဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းနေတာနဲ့ စကားနည်းနည်း ပိုပြောဖြစ်သွားလို့ အိပ်ရာထနောက်ကျသွားတာလေ။ ဘာများ ရှင်းပြစရာရှိလို့လဲ"

စုကျန်း ခဏလောက် ဆွံ့အသွားသည်။

လီချန်ချဲ့က လူအများကြီးရှေ့မှာ ဒီလို မဖွယ်မရာစကားမျိုး ပြောထွက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပုံရ၏။

သူ အမှန်တိုင်း ပြောနေတာလား၊ မဟုတ်ဘူးလား။

ဒီနေ့ သူနောက်ကျတာက တကယ်ပဲ ရွှယ်နင်နဲ့ သက်ဆိုင်နေတာလား။

ဆွဲဆောင်မှုမရှိဘဲ သစ်တုံးလိုတောင့်တောင့်ကြီးဖြစ်နေတဲ့ ရွှယ်နင်လိုလူမျိုးအတွက်နဲ့ ဘယ်သူကများ အိပ်ရာထဲမှာ အချိန်ဖြုန်းနေမှာလဲ။

ဒါမှမဟုတ်... သူတို့နှစ်ယောက်က တကယ်ပဲ လင်မယားအရာ မြောက်သွားကြပြီလား။

မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်ဘူး...

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရွှယ်နင် ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ပြန်လာပြီး သူ့အမေနဲ့ စကားပြောတုန်းက အပျိုစင်ဖြစ်နေသေးတယ်လို့ ပြောခဲ့သေးတာပဲ။ သူတို့ ဒီလောက်မြန်မြန် ရင်းနှီးသွားကြဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

နောက်ဆုံးအနေဖြင့်ပြောရလျှင် လီချန်ချဲ့က ရွှယ်နင်ကို တကယ်သဘောကျသည်ဟု စုကျန်း ဘယ်သောအခါမှ မယုံကြည်ခဲ့ပေ။

ကြောက်တတ်ပြီး အညံ့ခံတတ်တဲ့ ရွှယ်နင်လို မိန်းကလေးမျိုးအတွက်နဲ့ ဘယ်သူကများ ကိုယ့်ရဲ့ အနာဂတ်တက်လမ်းကို အနစ်နာခံမှာလဲ။

သို့သော်လည်း လီချန်ချဲ့၏ ပွင့်လင်းရဲတင်းလွန်းသော စကားများကို ကြားလိုက်ရရုံဖြင့် စုကျန်းကို ဂနာမငြိမ်ဖြစ်စေပြီး ရှင်းပြမရသော ဒေါသတစ်ခုကို ဆူပွက်လာစေသည်။

"ဒီအမှုက အရမ်းအရေးကြီးတယ်။ ရှီဇီလီက ဘယ်လိုလုပ်ပြီး ဒီလောက် ပေါ့ပေါ့ဆဆ သဘောထားနိုင်ရတာလဲ"

လီချန်ချဲ့သည် စုကျန်းကို စူးစိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်သည်။

ထိုအပြုံးရေးရေးလေးက သူ့မျက်လုံးထဲမှ အေးစက်တင်းမာမှုများကို ဖြိုခွင်းလိုက်ပြီး နူးညံ့သောနွေးထွေးမှုဖြင့် အစားထိုးသွားစေသည်။

တရားရေးဝန်ကြီးဌာနရှိ လူတိုင်းမှာ အံ့အားသင့်သွားကြ၏။

ပုံမှန်အားဖြင့် အေးစက်စိမ်းကားတတ်သည့် ရှီဇီလီက ဘာဖြစ်လို့ ရုတ်တရက် သဘောထားပြောင်းလဲကာ ဒီလိုမျိုး ဖော်ရွေလာရတာလဲဆိုတာကို မည်သူမျှ နားမလည်နိုင်ကြပေ။

"စိတ်ချပါ၊ တစ်နာရီလောက်ပဲ ရှိပါသေးတယ်။ ဘာမှ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရပါဘူး"

လီချန်ချဲ့၏စကားများတွင် အဓိပ္ပာယ်တစ်ခွန်း ကိန်းအောင်းနေသည်။

စုကျန်းမှာ ဒေါသထွက်ပြီး ဂနာမငြိမ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့ တရားရေးဝန်ကြီးဌာနရဲ့ ပင်မခန်းမဆောင်မှာ စောင့်နေရတာ နှစ်နာရီတိတိ ရှိနေပြီ!"

"အိုး... အဲဒီလောက်တောင် ကြာသွားပြီလား"

လီချန်ချဲ့သည် ဂရုမစိုက်သည့်ပုံစံဖြင့် နှုတ်ခမ်းထောင့်ကို ကွေးလိုက်သည်။

"ဒီရှီဇီက နည်းနည်းနောက်ကျရုံတင်ပါ။ စုံစမ်းစစ်ဆေးမှုကို ဘာမှမထိခိုက်ပါဘူး။ သခင်စုက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"

"မင်း!"

စုကျန်းသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး သူ့အသံတွင် အေးစက်သော သရော်လှောင်ပြောင်မှုများ ပါဝင်နေသည်။

"အရှင်မင်းကြီးက ဒီအမှုကို ငါတို့နှစ်ယောက်ဆီ အပ်ထားတာ။ ရှီဇီလီအနေနဲ့ မိန်းမတစ်ယောက်ကို စွဲလမ်းနေတာကြောင့် ဒီစုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်တွေ နှောင့်နှေးသွားတာမျိုး ငါမဖြစ်စေချင်ဘူး!"

"မနှောင့်နှေးစေရပါဘူး"

လီချန်ချဲ့သည် စောစောက စုကျန်းထိုင်ခဲ့သော အရာရှိကုလားထိုင်ဆီသို့ အေးအေးလူလူ လျှောက်သွားကာ စိတ်ကြည်နူးစွာဖြင့် ဝင်ထိုင်လိုက်သည်။

"ရှန်းယဲ့ရပ်ကွက်က ရေတွင်းဟောင်းဆီကို လူတွေကို အစောကြီးကတည်းက စေလွှတ်ပြီးပါပြီ"

စုကျန်း၏ မျက်မှောင်များ အထပ်ထပ်ကျုံ့သွားသည်။

"ဘာ..."

"အချည်းနှီးတော့ မဖြစ်ခဲ့ပါဘူး။ နောက်ဆုံးတော့ တစ်ခုခု ရှာတွေ့ခဲ့ပြီ"

လီချန်ချဲ့က လက်တစ်ဖက်ဖြင့် မေးထောက်ထားလိုက်သည်။ တစ်ညလုံး အလုပ်များထားသည့်အပြင် ဒီမနက်တွင်လည်း တစ်နာရီကျော်ကြာ အလုပ်များထားခဲ့ရသဖြင့် သူ အနည်းငယ် သမ်းဝေလိုက်ပြီးနောက် တံခါးဝဆီသို့ အော်ပြောလိုက်သည်။

"ဖူရှန်း၊ သူတို့ကို ခေါ်သွင်းလာခဲ့"

မကြာမီတွင် အဖြူရောင်အဝတ်များ ဖုံးအုပ်ထားသည့် အလောင်းငါးလောင်းကို တရားရေးဝန်ကြီးဌာန၏ ပင်မခန်းမဆောင်အတွင်းသို့ သယ်ဆောင်လာကြသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း ဆွံ့အသွားကြသည်။

ထူးဆန်းသော ပုံစံများဖြင့် တွန့်လိမ်နေသည့် ထိုခြောက်သွေ့ပုပ်ပွနေသော အလောင်းများ—အချို့ဆိုလျှင် သေဆုံးနေခဲ့သည်မှာ အနည်းဆုံး ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ပင် ရှိနေလောက်ပြီ။

လူသတ်သမားက ဘယ်သူမှ မရိပ်မိစေဘဲ ဒီအလောင်းတွေကို ထိုရေတွင်းပျက်ကြီးထဲမှာ တစ်လွှာပြီးတစ်လွှာ ဘယ်လိုလုပ် မြှုပ်နှံထားနိုင်ခဲ့တာလဲ။

တရားရေးဝန်ကြီးဌာနမှ ဝန်ကြီးကျူးမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ကျောပြင်တွင် ချွေးအေးများ ပြန်လာသည်။

"သ... သခင်စု..."

စုကျန်း၏ မျက်မှောင်များ ပြင်းထန်စွာ ကြုတ်သွားပြီး ထွက်ပေါက်မရှိသော ဒေါသများက သူ၏ရင်ဘတ်ထဲတွင် လောင်ကျွမ်းနေသည်။

လီချန်ချဲ့က အလောင်းအားလုံးကို တစ်နေရာတည်းတွင် စုထားရန် အမိန့်ပေးလိုက်သည်။

မူလကတည်းက ကျဉ်းကျပ်နေသော တရားရေးဝန်ကြီးဌာန၏ ရင်ခွဲရုံမှာ ပို၍ပင် ကျဉ်းကျပ်သွားသလို ခံစားလိုက်ရသည်။

တုန်းကျင်းမြို့မှ သေမှုသေခင်းသမားတော်အားလုံးကို ဆင့်ခေါ်ထားပြီး သူတို့တစ်ဦးစီသည် ခန်းမထဲတွင် ဆောင့်ကြောင့်ထိုင်ကာ အလောင်းများကို တစ်လောင်းချင်း စစ်ဆေးနေကြ၏။

လီချန်ချဲ့လည်း ငြိမ်မနေဘဲ သမားတော်များနောက်မှလိုက်ကာ အလောင်းများကို ဂရုတစိုက် စစ်ဆေးနေသည်။

စုကျန်း၏ မျက်လုံးများက အေးစက်နေပြီး သူ့အကြည့်များက လီချန်ချဲ့၏ တစ်စိတ်တစ်ပိုင်း ပေါ်လွင်နေသော သွယ်လျသည့် လည်တိုင်ဆီသို့ စူးစိုက်နေသည်။

လီချန်ချဲ့က အလွန်အမင်း သန့်ရှင်းသပ်ရပ်မှုကို ကြိုက်နှစ်သက်သူဖြစ်ပြီး မည်သူ့ကိုမျှ သူ့အနား အကပ်ခံလေ့မရှိပေ။ သူ၏ အထီးကျန်ဆန်ပြီး ကြမ်းတမ်းသောစရိုက်ကြောင့် အခြားသူများက သူ့ကို ရှောင်ခွာနေကြခြင်းဖြစ်သည်။

သို့သော် ယခုအခါ သူ့လည်စေ့နားတစ်ဝိုက်တွင် မသဲကွဲသော အနီရောင်အမှတ်အသား အချို့ရှိနေပြီး ၎င်းမှာ မိန်းမတစ်ဦးနှင့် ရင်းနှီးသောအချိန်များတွင် ချန်ထားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

စုကျန်း၏ မျက်နှာအမူအရာက တဖြည်းဖြည်း မှောင်မိုက်လာပြီး သူ့ခေါင်းက ကွဲထွက်မတတ် ကိုက်ခဲလာသည်။

မော့ပိုင်က ကုလားထိုင်ပေါ်တွင် အဆက်မပြတ် မျက်မှောင်ကြုတ်ကာ ထိုင်နေသော သူ့ကိုမြင်လျှင် တိတ်တဆိတ် ချဉ်းကပ်လာသည်။

"ရှီဇီ၊ ဆေးတစ်လုံးလောက် သောက်မလား"

စုကျန်းသည် အလွန်အမင်း ဂနာမငြိမ်ဖြစ်နေပြီး သူ့ရှေ့တွင် တောက်ပစွာ ပြုံးနေသော ရွှယ်နင်၏ ပုံရိပ်များက စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်လာသည်။

သူမ၏ အပြုံးက ပို၍ခါးသီးလာလေလေ၊ သူ၏ခေါင်းကိုက်ဝေဒနာက ပို၍ပြင်းထန်လာလေလေပင်။

ယခုအခါ ဆေးမသောက်ဘဲ မနေနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။

"နန်းတွင်းသမားတော်က ရှီဇီ အတွေးလွန်နေတယ်လို့ ပြောပါတယ်။ ဒီနေ့ စံအိမ်တော်ကိုပြန်ပြီး အနားယူသင့်တယ် မဟုတ်လား"

စုကျန်း၏ မျက်မှောင်များ ပိုမိုနက်ရှိုင်းသွားသည်။

"လီချန်ချဲ့ ဒီမှာရှိနေတာကို ငါက ဘယ်လိုလုပ် ထွက်သွားလို့ဖြစ်မှာလဲ"

ရွှယ်နင် သူ့အပေါ်ထားရှိတဲ့ ခံစားချက်ကြောင့် လီချန်ချဲ့ သူ့ကို မကျေမနပ်ဖြစ်နေမှာကို သူသိပေမယ့် စုကျန်းက လီချန်ချဲ့နှင့် ယှဉ်ပြိုင်ရမှာကို ဂရုမစိုက်ပေ။ ဤလျှို့ဝှက်ဆန်းကြယ်သောအမှုတွင် အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခြင်းဟူသည် ဘယ်လိုအရာဖြစ်ကြောင်း လီချန်ချဲ့အား သင်ခန်းစာပေးရန် သူရည်ရွယ်ထား၏။

"ဟုတ်ကဲ့ပါ... ကျွန်တော် စကားမှားသွားပါတယ် ရှီဇီ။ ကျေးဇူးပြုပြီး အပြစ်မတင်ပါနဲ့"

စုကျန်းသည် ဓားကဲ့သို့ စူးရှသော မျက်ခုံးများကို ကြုတ်လိုက်သည်။ ရွှယ်နင်အကြောင်း တွေးမိတာက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်း လီချန်ချဲ့၏ လည်ပင်းမှ အမှတ်အသားများက သူမ ချန်ထားခဲ့ခြင်းဖြစ်တယ်ဆိုတာကိုတော့ သူ မယုံကြည်ချင်ပေ။

လီချန်ချဲ့တွင် အပြင်မှာ အခြားမိန်းမတစ်ယောက်ရှိနေပြီး သနားစရာကောင်းတဲ့ ရွှယ်နင်ကတော့ ဘာမှမသိဘဲ သူမ၏ အပျိုစင်အမှတ်အသားကို စောင့်ရှောက်နေဆဲဖြစ်မည်ကို သူစိုးရိမ်သည်။

"ရပါတယ်။ ဆေးသောက်လိုက်ရင် သက်သာသွားပါလိမ့်မယ်။"

မော့ပိုင်က ခေါင်းညိတ်သဘောတူလိုက်ပြီး သူ့ဝတ်ရုံထဲမှ ဆေးပုလင်းကို ထုတ်ယူလိုက်သည်။

စုကျန်းသည် ဆေးတစ်လုံးကို ပါးစပ်ထဲထည့်လိုက်ရာ ခေါင်းကိုက်ဝေဒနာက တဖြည်းဖြည်း သက်သာသွား၏။

သူ၏ နားထင်ကြောများသာ ခပ်ဖွဖွ တဒိတ်ဒိတ် ခုန်နေသေးသည်။

ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အတွေးလွန်နေစဉ် ထိုနေ့က နန်းတွင်းသမားတော်၏ စကားများကို သူ ပြန်သတိရလာသည်။

"ရှီဇီရဲ့ သွေးခုန်နှုန်းက အားကောင်းပြီး သွေးလေလည်ပတ်မှု မှန်ကန်ပါတယ်။ ရောဂါလက္ခဏာတော့ မတွေ့ရပါဘူး။ ခေါင်းကိုက်တာ မသက်သာဘဲ ဆက်ဖြစ်နေရင်တော့ အတွေးလွန်တာကြောင့် ဖြစ်ဖို့များပါတယ်။ ရှီဇီက တရားရေးဝန်ကြီးဌာနမှာ အရေးကြီးတဲ့ ရာထူးကို ယူထားပြီး နေ့စဉ် ရာဇဝတ်မှုတွေအတွက် စိတ်ပူနေရတာဆိုတော့ စိုးရိမ်ပူပန်မှုတွေ များနေတာ သဘာဝပါပဲ။"

သူ မေးခဲ့တာကို မှတ်မိနေတယ်။

"ဒါပေမဲ့ ဘာလို့ တစ်ခါမှ မကြုံဖူးတဲ့ ထူးဆန်းတဲ့ မှတ်ဉာဏ်တွေက ငါ့ခေါင်းထဲမှာ ဆက်တိုက်ပေါ်လာနေရတာလဲ"

နန်းတွင်းသမားတော်က အလန့်တကြားဖြင့် ပြန်ဖြေခဲ့သည်။

"ဒါကတော့... ကျွန်တော်မျိုးလည်း မသိပါဘူး။ ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ ရှီဇီ့အနေနဲ့ အဖြေမရှာနိုင်ဘူးဆိုရင် ကျန့်ကော်ဘုရားကျောင်းကိုသွားပြီး ဆရာတော်မြောင်လင်နဲ့ တိုင်ပင်ကြည့်ပါလား"

တရားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးအနေဖြင့် စုကျန်းသည် အယူသီးမှုများ သို့မဟုတ် နတ်တစ္ဆေပုံပြင်များကို လုံးဝ မယုံကြည်ခဲ့ပေ။

သမားတော်ကို ပြန်လွှတ်လိုက်ပြီးနောက် သူက အိပ်ရာထဲတွင် နှစ်ရက်ခန့် အနားယူခဲ့သည်။

သူ၏အခြေအနေက သိသိသာသာ တိုးတက်လာသည်—ရွှယ်နင်အကြောင်းကို မတွေးသရွေ့ သူ့ခေါင်းမှာ မကိုက်တော့ပေ။

သို့သော် ယခု လီချန်ချဲ့ကို မြင်လိုက်ရချိန်တွင်တော့ သည်းမခံနိုင်သော နာကျင်မှုက ပြန်လည်ရောက်ရှိလာပြန်သည်။

ကျန့်ကော်ဘုရားကျောင်းသို့ သွားရန် နေ့ရက်တစ်ရက်ကို ရှာသင့်တယ်လို့ သူ ထပ်တွေးလိုက်မိသည်။

"မော့ပိုင်။"

ထွက်သွားရန် ခြေလှမ်းပြင်နေသော မော့ပိုင်ကို ပြန်ခေါ်လိုက်သည်။

"ရှီဇီ၊ ဘာကိစ္စများလဲ"

စုကျန်းသည် လီချန်ချဲ့ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"ကျန်းကော်နယ်းစားမင်းအိမ်တော်ကို လူလွှတ်ပြီး ရွှယ်နင် မကြာသေးခင်က ဘယ်လိုနေလဲဆိုတာ စုံစမ်းခိုင်းလိုက်"

မော့ပိုင် အမြန်ထွက်သွားပြီး မကြာမီမှာပင် ပြန်လည်ရောက်ရှိလာသည်။

ခန်းမထဲတွင် လှုပ်ရှားသွားလာမှုများဖြင့် ရှုပ်ထွေးနေသည်။

စုကျန်းက သတိမထားမိစေဘဲ ထရပ်လိုက်ကာ စင်္ကြံလမ်းဆီသို့ လျှောက်သွားလိုက်၏။

"ဘယ်လိုလဲ"

မော့ပိုင်သည် အတွင်းခန်းမရှိ လီချန်ချဲ့ကို တစ်ချက်ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။

"ကျန်းကော်နယ်စားမင်းအိမ်တော်မှာ အစောင့်အကြပ်တွေ ထူထပ်လွန်းလို့ တိကျတဲ့သတင်းအချက်အလက်တွေ မရခဲ့ပါဘူး။ အိမ်နီးချင်းတွေဆီက ကြားရတာတော့ နယ်စားမင်းမိသားစုရဲ့ ဝမ်းကွဲညီမတစ်ယောက် မကြာသေးခင်က အိမ်တော်ကို ရောက်လာပြီး ရှီဇီလီနဲ့ တော်တော်လေး ရင်းနှီးနေကြတယ်လို့ ပြောပါတယ်"

စုကျန်း၏ မျက်နှာအမူအရာက ပြေလျော့သွားပြီး အေးစက်စက် ရယ်မောလိုက်သည်။

"ငါထင်ထားတဲ့အတိုင်းပဲ”

All Chapters