အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း (၂၄၁) - နယ်စားမင်း ဘယ်မှာလဲ
လွန်ခဲ့သည့် ရက်အနည်းငယ်က သခင်မဝမ်သည် သူမအပေါ် ဘာကြောင့် ထိုမျှ နူးညံ့သိမ်မွေ့စွာ ဆက်ဆံခဲ့လဲဆိုတာကို မထူးဆန်းတော့ပေ။
ဒီမိန်းကလေးက ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အဲ့လိုမျိုးကြောက်မက်ဖွယ်ကောင်းတဲ့ အကြံအစည်များကို ကြံစည်ထားနိုင်တယ်။
ဝူရှီ၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
"အစ်မဝမ်... သခင်မလေးက အကြီးဆုံးသခင်လေးကို ကုသပေးဖို့ လူရှာခိုင်းဖို့ ရှီဇီကို ဖျောင်းဖျနိုင်မယ်လို့ အစ်မ တကယ်ပဲ ယုံနေတာလား"
သခင်မဝမ်က သက်ပြင်းချလိုက်သည်။
"ငါ အပြည့်အဝ ယုံကြည်နေတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက နောက်ဆုံး မျှော်လင့်ချက်ပဲလေ။ လီချန်ချဲ့က ရက်စက်ကြမ်းကြုတ်ပြီး သူ့ရဲ့ အစ်ကိုအရင်းခေါက်ခေါက်ကိုတောင် ဂရုမစိုက်တဲ့လူ။ ရွှယ်နင်လို မိန်းကလေးငယ်လေးတစ်ယောက်ကြောင့်နဲ့ သူက နတ်သမားတော်လိုင်ကို ပင့်ပြီး လင်အာကို ကုခိုင်းလိမ့်မယ်လို့ ငါ ဘယ်လိုလုပ် မျှော်လင့်ရဲမှာလဲ"
"အစ်မ..."
ဝူရှီက အတန်ကြာ စဉ်းစားပြီးနောက် ပြုံးရွှင်သော မျက်နှာဖြင့် မေးလိုက်သည်။
"ကျွန်မတို့ မိသားစုက ကောင်မလေးကို အစ်မ မြင်ဖူးလား"
သခင်မဝမ်သည် ဝူကျင်းယီအပေါ် အမှတ်သညာ သိပ်မရှိလှပေ။ အိမ်တော်သို့ ရောက်ရှိပြီး ဒုတိယမြောက်နေ့တွင် မင်ဟွားခန်းမ၌ သူမကို တစ်ကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူမ၏ ရုပ်ရည်မှာ သာမန်ဖြစ်ပြီး၊ အကြည့်များက အနည်းငယ် ညှို့ဓာတ်ပါကာ ခန္ဓာကိုယ်မှာလည်း ရွှယ်နင်လောက် မလှသဖြင့် သိပ်ပြီး အာရုံမစိုက်မိခဲ့ပေ။
"တစ်ခါတော့ မြင်ဖူးတယ်၊ တော်တော်လေးတော့ လိမ္မာပါးနပ်ပုံရပါတယ်"
"ကျွန်မရဲ့ တူမလေးက သခင်မလေးလောက် မလှပေမဲ့လည်း အိန္ဒြေရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုတော့ ရှိပါတယ်။ ဒီတစ်ခေါက် တုန်းကျင်းကို လာတာကလည်း သူ(မ)ရဲ့ အိမ်ထောင်ရေးကိစ္စအတွက်ပါ"
"နင်က ငါ့ကို အောင်သွယ်ပေးစေချင်တာလား"
သခင်မဝမ်က မျက်တောင်ပင့်လျက် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"တုန်းကျင်းမှာက မင်းစိုးရာဇာတွေနဲ့ ဩဇာကြီးတဲ့ မိသားစုတွေ အများကြီးပဲ။ နင့်စိတ်ထဲမှာ ဘယ်သူ့ကို သဘောကျထားလို့လဲ"
ဝူရှီက ခဏလောက် စဉ်းစားလိုက်သည်။
"မူလကတော့ ဂုဏ်ဒြပ်တူတဲ့ မိသားစုတစ်ခုခုနဲ့ပဲ လက်ထပ်ပေးရင် ရပြီလို့ တွေးထားတာ။ ဒါပေမဲ့ အခု လီမိသားစုထဲမှာ အစ်မ ဒီလောက် အခက်တွေ့နေရတာကို မြင်တော့၊ သူ(မ)က အစ်မအတွက် တစ်ဖက်တစ်လမ်းက အသုံးဝင်နိုင်မလားလို့ တွေးမိလို့ပါ"
သခင်မဝမ်၏ မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
"နင် ဆိုလိုတာက ဘာလဲ"
ဝူရှီက ညင်သာစွာ ပြုံးလိုက်သည်။
"ကျွန်မက အစ်မအတွက် တွေးပေးတာပါ။ အစ်မက အကြီးဆုံးသခင်လေးနဲ့အတူ ဒီနယ်စားမင်းရဲ့ အိမ်တော်ထဲမှာ နေရတာ၊ ပတ်ပတ်လည်မှာ မျက်စိတွေ နားတွေချည်းပဲ—"
သူမက စကားပြောရင်း တံခါးဝရှိ အထိန်းတော်လီကို လှမ်းကြည့်ကာ အသံကို နှိမ့်လိုက်သည်။
"အတိုချုပ်ပြောရရင်တော့ အစ်မဘက်က ယုံကြည်စိတ်ချရတဲ့ လူယုံတချို့ မွေးမြူထားဖို့ နည်းလမ်းရှာရမယ်"
ဝူရှီက သူမအပေါ် အမြဲတမ်း ကောင်းမွန်ခဲ့တယ်။
အရင်တုန်းက သူမကို နယ်စားမင်းအိမ်တော်နှင့် လီလင်းဖုန်းဆီကနေ ထွက်ပြေးလွတ်မြောက်ရန် ကူညီပေးဖို့ ကြိုးစားခဲ့ဖူး၏။ နောက်ပိုင်းတွင်လည်း သူမအတွက်ကြောင့် မိသားစုစည်းကမ်းအရ အပြစ်ပေးခြင်းကို ခံခဲ့ရပြီး ဝမ်မိသားစုကိုပါ စောင့်ရှောက်ပေးခဲ့သည်။
သခင်မဝမ်၏ ရင်ခုန်သံများ မြန်ဆန်လာသော်လည်း မျက်နှာတွင်မူ အမူအရာ လုံးဝ မပြပေ။
"နင့်ရဲ့ တူမကို လီချန်ချဲ့နဲ့ လက်ထပ်ပေးစေချင်တာလား"
ဝူရှီက သက်ပြင်းချလိုက်သည်။
"ဒီကလေးမက လိမ္မာရေးခြားရှိပြီး ထက်မြက်ပါတယ်။ သခင်လေးရဲ့ ဇနီးအဖြစ် လက်မထပ်နိုင်ရင်တောင်၊ ကိုယ်လုပ်တော်အဖြစ် ဝင်ရောက်နိုင်ရင် အစ်မရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်လိမ့်မယ်"
သခင်မဝမ်က မျက်မှောင်ကြုတ်လိုက်သည်။
"သူက တခြားသူရဲ့ တရားဝင်ဇနီးကြီး ဖြစ်နိုင်တာပဲဟာ။ လီချန်ချဲ့ရဲ့ ကိုယ်လုပ်တော် ဖြစ်ခိုင်းရမှာက သူ(မ)ကို မတရားရာ မကျဘူးလား"
"အို..."
ဝူရှီက သခင်မဝမ်၏ အကျိုးစီးပွားအတွက်သာ လုံးလုံးလျားလျား တွေးပေးနေသည့်အတိုင်း လေးလေးနက်နက် ပြောလိုက်သည်။
"အစ်မကို ကူညီပေးနိုင်မယ်ဆိုရင် သူ(မ) နည်းနည်းလောက် ဒုက္ခခံရတာ ဘာဆန်းလို့လဲ"
သခင်မဝမ်သည် ခဏမျှ စိတ်လှုပ်ရှားသွား၏။
"ညီမကောင်းလေးရယ်..."
ဝူရှီ၏ မျက်ဝန်းများ အနည်းငယ် နီရဲလာသည်။
"အစ်မ... အကြီးဆုံးသခင်လေးရဲ့ ရောဂါအတွက် အစ်မ စောစောစီးစီး ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး၊ နတ်သမားတော်မှာ ကုသနိုင်တဲ့ ဆေးရှိမှန်း ရှီဇီက သိနေခဲ့ပေမဲ့ အကြီးဆုံးသခင်လေးကို သူ တစ်ခါမှ မကူညီပေးချင်ခဲ့ဘူး... ကျွန်မ ရှီဇီရဲ့ အပြစ်ကို မပြောရဲပေမဲ့၊ သူ့ဘေးနားမှာ နွေးနွေးထွေးထွေးနဲ့ ဂရုစိုက်တတ်တဲ့၊ သူ့နားထဲကို သေသေချာချာ သွင်းပြောပေးနိုင်တဲ့ လူတစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင် ကိစ္စတွေက အများကြီး ပိုလွယ်ကူသွားနိုင်တယ်"
သခင်မဝမ် ခဏမျှ တိတ်ဆိတ်သွားသည်။
"ဒါက အကြံကောင်းပဲ၊ ဒါပေမဲ့ သခင်မလေးဝူကရော သဘောတူပါ့မလား"
ဝူရှီ ပြုံးလိုက်သည်။
"အစ်မသာ အခွင့်အရေးပေးမယ်ဆိုရင် သူ(မ)က သေချာပေါက် သဘောတူမှာပါ"
သခင်မဝမ် စိတ်ဝင်စားသွားကာ သူမ၏ လက်ချောင်းများက အင်္ကျီလက်စကို ဖြည်းညှင်းစွာ ပွတ်သပ်နေမိသည်။
"ဒီလိုဆိုမှတော့၊ ဒါကို ဖြစ်လာအောင် ငါ ကြိုးစားကြည့်ပါ့မယ်"
ဝူရှီက ညင်သာစွာ ပြုံးရင်း မျက်လွှာချလိုက်၏။
"ဒါဆို ကျွန်မ အစ်မဆီက သတင်းကောင်းကို စောင့်နေပါ့မယ်"
"အင်း"
သခင်မဝမ်၏ အတွေးများက အဆုံးမရှိ ချာချာလည်နေတော့သည်။
ရွှယ်နင် အဆင်ပြေနေတယ်လို့ တွေးမိသဖြင့်၊ ကံဆိုးမိုးမှောင်ကျနေသော ကျိုယင်းဆောင်သို့ သူမ သွားဖို့ မလိုအပ်တော့ပေ။
လီချန်ချဲ့၏ မျက်နှာကို မြင်လိုက်ရုံနှင့် သူ ဘယ်လိုမွေးဖွားလာခဲ့သလဲ၊ လီလင်းဖုန်းက သူမ၏ ဘဝကို ဘယ်လို ရှက်ဖွယ်ကောင်းစွာ လုယူသွားခဲ့သလဲ ဆိုတာကို သတိရသွားစေတယ်။
သူမက ဒီသားကို တစ်ခါမှ မနှစ်သက်ခဲ့ဘဲ၊ ရွံရှာမုန်းတီးမှုများကိုပဲ ခံစားခဲ့ရတယ်။
လီချန်လင် တစ်ယောက်သာလျှင် သူမ အမှန်တကယ် ချစ်မြတ်နိုးရတဲ့ ကလေးပဲ။
အထိန်းတော်လီသည် မျက်လွှာချလျက် တံခါးအပြင်ဘက်မှ ဝင်လာပြီး သူမ၏ အကြည့်များက ဝူရှီအား ကျော်လွန်သွားသည်။
သခင်မဝမ်က အထိန်းတော်လီကို လှမ်းကြည့်လိုက်သည်။
"လင်အာ ပြန်ရောက်ပြီလား"
အထိန်းတော်လီက အခြားမည်သည့်စကားမှ မဆိုဘဲ ပြန်ဖြေလိုက်သည်။
"သခင်မ၊ အကြီးဆုံးသခင်လေး အိပ်ရာဝင်သွားပါပြီ"
သခင်မဝမ်က ဖြည်းဖြည်းချင်း ထရပ်လိုက်၏။
"ငါ လင်အာကို သွားကြည့်လိုက်ဦးမယ်။ ညီမလေး၊ နင် ပြန်လို့ရပါပြီ"
ဝူရှီက အနည်းငယ် အရိုအသေပေးကာ အတွင်းခန်းမဆောင်ထဲမှ ထွက်သွားသည်။
မနေ့က နယ်စားမင်းက သူမဆီ စွပ်ပြုတ်တစ်ပန်းကန် ရုတ်တရက် ပို့ပေးခဲ့တာကို ပြန်အမှတ်ရမိကာ၊ လှည့်ထွက်သွားသော သခင်မဝမ်၏ ကျောပြင်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။
ဒီအမျိုးသမီးက ကလေးနှစ်ယောက်မိခင် ဖြစ်နေပြီဆိုပေမယ့် အရင်ကလိုမျိုး ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းထားနိုင်ဆဲပင်။
ဒါပေမဲ့လည်း မိန်းမတစ်ယောက်က ဘယ်လောက်ပဲ လှပနေပါစေ၊ ထာဝရ မျက်စိပသာဒ ဖြစ်နေမှာတော့ မဟုတ်ပေ။
အထူးသဖြင့် သခင်မဝမ်ကဲ့သို့ ခန့်မှန်းရခက်တဲ့ စိတ်နေသဘောထားရှိပြီး သေဆုံးသွားတဲ့ ခင်ပွန်းဟောင်းအပေါ် မယိမ်းယိုင်သော သစ္စာရှိမှုကို ပြသနေသူမျိုးဆိုလျှင် ပို၍ပင် ဆိုးသေးတယ်။
အနှေးနှင့်အမြန်ဆိုသလို၊ နယ်စားမင်းက သူမကို ငြီးငွေ့လာလိမ့်မယ်။ တကယ်တော့ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း နယ်စားမင်းက မင်ဟွားခန်းမဆောင်မှာ အချိန်ဖြုန်းမှု နည်းပါးလာခဲ့တယ်။ အကြိမ်အနည်းငယ်မှာ သူ့အကြည့်များက သူမဆီကိုတောင် ရောက်လာခဲ့သေးတယ်။
ဝူရှီက နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး မင်ဟွားခန်းမဆောင်မှ ထွက်ခွာသွားစဉ် သူမ၏ တင်ပါးများကို လွှဲကာ လျှောက်သွားလေသည်။
သခင်မဝမ်သည် လီချန်လင်၏ အခန်းတံခါးရှေ့သို့ လျှောက်သွား၏။ အခန်းတွင်း၌ မှောင်မိုက်နေပြီဖြစ်တာကို မြင်သောအခါ သူ့ကို အနှောင့်အယှက်မပေးချင်၍ ဝင်မသွားတော့ပေ။
အထိန်းတော်လီသည် သူမ၏ နောက်မှ ရိုသေစွာ လိုက်ပါလာသည်။
သခင်မဝမ်သည် ခြံဝင်းငယ်လေးထဲသို့ ဝင်သွားပြီးနောက် ပြန်ထွက်လာခဲ့၏။
သူမက အထိန်းတော်လီအား စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် စူးရဲစွာ ကြည့်လိုက်သည်။
"ငါက အကျဉ်းသားမှ မဟုတ်တာ။ ငါ့ခြေလှမ်းတိုင်းကို မင်း လိုက်စောင့်ကြည့်နေစရာ မလိုဘူး"
အထိန်းတော်လီသည် ခါးကို အနည်းငယ် ညွှတ်လိုက်သော်လည်း ဘာမှမပြောပေ။
သူမက အမြဲတမ်း စကားနည်းသူဖြစ်ပြီး သခင်မဝမ်ကလည်း ၎င်းကို အသားကျနေပြီ။ ဘာပြောပြော အချည်းနှီးဖြစ်မယ်ဆိုတာကို သိတာကြောင့်၊ အထိန်းတော်လီကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ အင်္ကျီလက်စကို ခါကာ မင်ဟွားခန်းမဆောင်၏ အတွင်းခန်းဆီသို့ လျှောက်သွားလေသည်။
အရင်ကဆိုလျှင် လီလင်းဖုန်းက သူမ အမြဲတမ်း လှဲလျောင်းလေ့ရှိသော လိုဟန်ကုတင်ပေါ်တွင် ဩဇာအရှိန်အဝါ အပြည့်ဖြင့် ထိုင်နေကာ၊ သူမ၏ လက်ဖက်ရည်ပန်းကန်လုံးထဲမှ သောက်ပြီး၊ သူမ၏ ရနံ့သင်းနေသော လက်ကိုင်ပုဝါကို သုံးကာ၊ သူ၏ ခြေတံရှည်များကို ခြေတင်ခုံပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားလေ့ရှိသည်။ တစ်ခါတစ်ရံ သူက စာဖတ်နေတတ်ပြီး၊ တစ်ခါတစ်ရံ ဘာမှမလုပ်ဘဲ သားကောင်ကို ချောင်းမြောင်းနေသည့် အကြည့်မျိုးဖြင့် သူမကို စိုက်ကြည့်နေတတ်၏။
အကြိမ်တိုင်း၊ သူ့အကြည့်များက သူမ၏ ဦးရေပြားကိုပင် ကျိန်းစက်သွားစေသည်။
ထို့နောက် သူမ၏ ကျိန်ဆဲကြိမ်းမောင်းမှုများကြားမှပင်၊ သူက သူမကို ကုတင်ပေါ်သို့ ဆွဲခေါ်သွားလေ့ရှိသည်။
သူတို့က ဆိုးတူကောင်းဖက် လင်မယားအဖြစ် နှစ်နှစ်ဆယ်ကျော် ဖြတ်သန်းခဲ့ကြသော်လည်း၊ ရင်ဖွင့်စကားပြောရန် ထိုင်နေခဲ့ကြတာက ခပ်ရှားရှားပင်။ သူတို့၏ အချိန်အများစုကို ကုတင်ပေါ်တွင်သာ ကုန်ဆုံးခဲ့ကြသည်။
လီလင်းဖုန်းသည် သိုင်းပညာရှင်တစ်ဦးဖြစ်တဲ့အတွက်၊ သူ၏ ခံနိုင်ရည်စွမ်းအားက သာမန်ယောက်ျားများထက် များစွာ သာလွန်ပေသည်။
သခင်မဝမ်သည် သူ့ရဲ့နှိပ်စက်မှုများကို မကြာခဏဆိုသလို မခံမရပ်နိုင်ဖြစ်ရပြီး၊ သူမ မုဆိုးမဖြစ်သွားစေရန် သူ အမြန်သေသွားပါစေဟု ဆုတောင်းခဲ့မိသည်။
သို့သော် မကြာသေးမီက၊ အခြေအနေများက ပိုမိုထူးဆန်းလာ၏။ သူ သူမရှေ့မှာ ကိုယ်ထင်မပြတာ သုံးရက်ရှိပြီ။
ညနက်သည်အထိ သူ့ကို ပြုစုယုယဖို့ ပင်ပန်းဆင်းရဲခံစရာ မလိုတော့သည့်အတွက်၊ သူမအနေဖြင့် သဘာဝကျကျပင် သက်သာရာရကာ စိတ်အေးလက်အေး ဖြစ်နေခဲ့သည်။
သို့သော်—
သခင်မဝမ်သည် ကျောက်သားလှေကားထစ်ပေါ်တွင် တစ်ယောက်တည်း ရပ်နေမိသည်။
တံခါးအတွင်းရှိ ဗလာဖြစ်နေသော လိုဟန်ကုတင်ကို လှမ်းကြည့်လိုက်ရင်း၊ သူမ၏ စိတ်အခြေအနေက ရှုပ်ထွေးလာ၏။
"နယ်စားမင်း ဘယ်မှာလဲ"
ဒါက သခင်မဝမ်အနေဖြင့် လီလင်းဖုန်း ဘယ်မှာရှိနေသလဲဆိုတာ ပထမဆုံးအကြိမ် မေးမြန်းခြင်းပင်။
အထိန်းတော်လီသည် သူမ၏ အိုမင်းနေသော မျက်ဝန်းများဖြင့် အံ့သြတကြီး မော့ကြည့်လိုက်သည်။
အဖြေမရတဲ့အခါ၊ သခင်မဝမ်သည် အလျင်အမြန်ပင် စိတ်မရှည်တော့ဘဲ သူမကိုယ်သူမ ရူးသွပ်သွားပြီဟုပင် ခံစားလိုက်ရသည်။
လီလင်းဖုန်း မရှိတာက သူမအတွက် အဆင်ပြေနေတာပဲဟာ— ဘာကြောင့် သူမ ဒီလောက် စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ။
သခင်မဝမ်သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ အတွေးများ ကစဉ့်ကလျား ဖြစ်သွားသည်။
"ငါ တကယ် ဂရုမစိုက်ပါဘူး။ ပေါ့ပေါ့ပါးပါး မေးကြည့်ရုံပါ။ မင်း သွားလို့ရပြီ။ ငါ အိပ်တော့မယ်"
အထိန်းတော်လီ - "..."
သူမ ဘာမှတောင် မပြောရသေးဘူးလေ။ ဘာလို့ သခင်မက ဒီလောက် ဒေါသထွက်နေရတာလဲ။
တကယ်ပဲ၊ သူမရဲ့ စိတ်အပြောင်းအလဲတွေက အမြဲတမ်းလိုလို ခန့်မှန်းရခက်လွန်းပါတယ်။
...................
ကျန်းကော် နယ်စားမင်းအိမ်တော်၊ စာကြည့်ဆောင်။
မီးပုံးများကို ထွန်းညှိလိုက်သောအခါ၊ အပြင်ဘက် စင်္ကြံလမ်းတစ်ခုလုံး လင်းထိန်သွားသည်။
ဖူရှန်းက ရုံးတော်မှ ပြန်ယူလာသော တရားဝင် စာရွက်စာတမ်းများကို စားပွဲပေါ်တွင် တင်လိုက်၏။
"ရှီဇီ၊ ကြင်ယာတော်ရှောင်ရဲ့ နန်းဆောင် ဆောက်လုပ်ရေး ပြီးစီးသွားပါပြီ။ နောက်ရက်အနည်းငယ်နေရင် ကြင်ယာတော်ရဲ့ မွေးနေ့ရောက်ပါတော့မယ်။ အရှင်မင်းကြီးက ကြီးကျယ်ခမ်းနားတဲ့ နန်းတော်တွင်း စားပွဲသဘင်ကြီး ကျင်းပပြီး တုန်းကျင်းက မျိုးရိုးမြင့် မိသားစုများစွာကို နန်းတော်ထဲမှာ အတူတူ ဆင်နွှဲဖို့ ဖိတ်ကြားထားပါတယ်။ သခင်မလေးကိုရော အသိပေးလိုက်ရမလား"
လီချန်ချဲ့သည် စားပွဲတွင် ထိုင်လိုက်ပြီး ဖူရှန်း ကမ်းပေးလာသော အမှုထမ်းရေးရာဝန်ကြီးဌာန၏ စာရွက်စာတမ်းများကို လှမ်းကြည့်လိုက်သည်။
"အရင်ဆုံး ပေါင်ချန်ကို သီးသန့် သွားပြောထားလိုက်”