အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) - ဆွေမျိုးတော်စပ်ခြင်းကို အတည်ပြုခြင်း
သခင်မကြီးရှဲ့သည် ရွှယ်နင်၏ ခေါင်းပေါ်မှ ဆံထုံးလေးကို စူးရှတဲ့အကြည့်ဖြင့် တစ်ဖန်ပြန်၍ စိုက်ကြည့်လိုက်သည်။
“ထရပ်ပြီးမှ ပြောစမ်း။”
တစ်ခန်းလုံး တိတ်ဆိတ်သွား၏။
အားလုံး၏ အကြည့်များက အံ့အားသင့်ပြီး ဇဝေဇဝါဖြစ်ကာ ရွှယ်နင့်ဆီ ကျရောက်လာကြသည်။
ရွှယ်နင်သည် ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်သို့ လေးလေးနက်နက် ဦးတိုက်လိုက်ပြီးနောက် နုနယ်ဖြူစင်တဲ့ မျက်နှာလေးကို မော့လိုက်သည်။
သူမရဲ့အမေက ထူးခြားတဲ့ အလှပိုင်ရှင်ဖြစ်သလို၊ သူမရဲ့အဖေကလည်း ရုပ်ရည်ချောမောသူ ဖြစ်သည်။
သူမက သူတို့နှစ်ယောက်လုံးရဲ့ အကောင်းဆုံး ရုပ်ရည်သွင်ပြင်များကို အမွေရရှိထားတဲ့အတွက် သူမ၏ မျက်နှာသွင်ပြင်က သိမ်မွေ့တင့်တယ်ပြီး တောက်ပကာ ထက်မြက်သည်။
အရင်တုန်းက သူမက အမြဲတမ်း ကြောက်တတ်လန့်တတ်ပြီး စုကျန်းရဲ့ အရိပ်နောက်ကို အမြီးလေးသဖွယ် တွယ်ကပ်နေခဲ့တာကြောင့် သူမ၏ပင်ကိုယ် အရှိန်အဝါကို ဘယ်သူမှ သတိမထားမိခဲ့ကြပေ။
ဒါပေမဲ့ ဒီနေ့ သူမ ဒူးထောက်လိုက်တဲ့အခိုက်အတန့်တွင် သူမရဲ့ လှပတဲ့မျက်နှာသွင်ပြင်အောက်၌ ဖုံးကွယ်ထားသည့် တည်ငြိမ်တဲ့ ဇွဲသတ္တိကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။
သူမရဲ့ ကျန်းအာနှင့်အတူ ငယ်သူငယ်ချင်းများအဖြစ် ကြီးပြင်းလာတဲ့ ချောမောလှပတဲ့ မိန်းကလေးတစ်ဦးဖြစ်တဲ့အတွက် တစ်နေ့မှာ သူမက မရှိသင့်မရှိထိုက်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်မလာနိုင်ဟု ဘယ်သူမှ အာမမခံနိုင်ပေ။
သခင်မကြီးရှဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီမိန်းကလေးက လူအများရှေ့မှာ မသင့်တော်တဲ့ စကားတွေ ပြောပြီးတော့ သူမကို အရှက်ခွဲမှာ စိုးရိမ်ရတယ်။
သူမသည် သခင်မကျန်း ကမ်းပေးသော လက်ဖက်ရည်ခွက်ကို လှမ်းယူကာ တစ်ငုံသောက်လိုက်ပြီး လေးနက်စွာ သတိပေးလိုက်သည်။
“မင်းဘာပဲပြောပြော... မပြောခင် သေသေချာချာ စဉ်းစားပြီးမှ ပြောပါ။”
ရွှယ်နင်က အနည်းငယ် ပြုံးလိုက်၏။
“ကျွန်မက နယ်စားမင်းအိမ်တော်ရဲ့ စောင့်ရှောက်မှုအောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီး ဒီကျေးဇူးတရားတွေအတွက် အမြဲတမ်း အသိအမှတ်ပြု ကျေးဇူးတင်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ မောင်နှမတွေ အားလုံးရှေ့မှာ ကျွန်မရဲ့ ရဲတင်းတဲ့ တောင်းဆိုချက်တစ်ခုကို အဘွားဆီကနေ ခွင့်ပြုချက် တောင်းခံချင်ပါတယ်"
ဒီနေရာကို ရောက်တဲ့အခါ သခင်မကြီးရှဲ့၏ မျက်နှာထားက စတင်ပျက်ယွင်းလာခဲ့သည်။
သို့သော် ရွှယ်နင်က စကားသံကို ပြောင်းလဲလိုက်ပြီး သခင်မကျန်းဘက်သို့ လှည့်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
“သခင်မကျန်းက ကျွန်မကို ဒီနှစ်တွေတစ်လျှောက်လုံး ပြုစုပျိုးထောင်ပေးခဲ့တာပါ။ သူ(မ)ကို ကျေးဇူးဆပ်ဖို့ ကျွန်မမှာ နည်းလမ်းမရှိပါဘူး။ ဒါကြောင့် အဘွားဆီကနေ ခွင့်ပြုချက်တစ်ခုပဲ တောင်းခံပါရစေ—ကျွန်မကို သခင်မကျန်းရဲ့ သမီးအရင်းအဖြစ် တရားဝင် အသိအမှတ်ပြု တော်စပ်ခွင့် ပေးပါ။”
အခန်းထဲရှိ လူအားလုံးဆီမှ အံ့အားသင့်သည့် အသံများ ထွက်ပေါ်လာသည်။
သခင်မကြီးရှဲ့၏ ဘေးတွင် အနီးကပ်ပြုစုနေတဲ့ သခင်မကျန်းလည်း အံ့သြလွန်းတာကြောင့် မှင်သက်သွားရသည်။
ပုံမှန်အားဖြင့် အေးစက်တည်ငြိမ်တဲ့ စုကျန်းတောင် သူ့ရဲ့ဖီးနစ်မျက်ဝန်းတွေကို အနည်းငယ် ပင့်ကြည့်လိုက်မိပြီး ခန်းမထဲတွင် ဒူးထောက်နေတဲ့ လိမ္မာပါးနပ်သည့် မိန်းကလေးထံသို့ ဖတ်ရခက်တဲ့ အကြည့်တစ်ချက် ပို့လိုက်သည်။
သခင်မကြီးရှဲ့လည်း အခုလို စကားမျိုးကို လုံးဝမျှော်လင့်မထားခဲ့တာကြောင့် သူမကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။
ရွှယ်နင်၏ နှုတ်ခမ်းများက ဖြူစင်ရိုးသားတဲ့ အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
“အဘွား... ကျေးဇူးပြုပြီး သဘောတူပေးပါ။ ကျွန်မက ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရလို့ သခင်မကျန်းကို ကျွန်မရဲ့ အမေအရင်းလိုပဲ အမြဲတမ်း သဘောထားခဲ့တာပါ။ အကယ်၍ အဘွားက ဒီနေ့ ကျွန်မအတွက် ဆုံးဖြတ်ပေးမယ်ဆိုရင် ကျွန်မရဲ့ဘဝတစ်ခုလုံးကို နယ်စားမင်းအိမ်တော်နဲ့ အဘွားရဲ့ ကျေးဇူးတွေကို ဆပ်ရင်း ကုန်ဆုံးစေပါ့မယ်။”
သခင်မကြီးရှဲ့က ဘေးသို့လှည့်ကြည့်လိုက်၏။
“ကျန်းနျန်... မင်းရော ဘယ်လိုထင်လဲ?”
သခင်မကျန်းသည် စိတ်ကိုပြန်လည်စုစည်းရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
“ကျွန်မကတော့ အားနင်ကို ကိုယ့်ကလေးလိုပဲ အမြဲတမ်း သဘောထားခဲ့တာပါ။ ဒါပေမဲ့—”
မြေခွေးအိုကြီးတစ်ကောင်ဖြစ်တဲ့ သခင်မကြီးရှဲ့သည် ပြုံးလိုက်ပြီးတော့ သခင်မကျန်းကိုယ်စား စကားကို ဆက်လိုက်သည်။
“အကယ်၍ မင်းက သူ(မ)ကို ‘အမေ’ လို့ ခေါ်လိုက်ပြီဆိုရင် ဒီနေ့ကစပြီး မင်းက ရွှမ်းယီနယ်စားမင်းအိမ်တော်ရဲ့ သမီးတစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းနဲ့ အမွေခံသခင်လေးလည်း မောင်နှမအရင်းတွေ ဖြစ်သွားကြမယ်—မိသားစုတစ်ခုတည်းအဖြစ် အတူတူ အေးအေးချမ်းချမ်း နေထိုင်ရမယ်။ မင်းဘက်ကလည်း မသင့်တော်တဲ့ စိတ်ကူးစိတ်သန်းမျိုးတွေကို ဘယ်တော့မှ မမွေးမြူရဘူး။”
ရွှယ်နင်သည် ထိုစကား၏ ဆိုလိုရင်းကို ကောင်းကောင်းနားလည်၏။
သူမက နူးညံ့တဲ့အပြုံးကို ဆက်လက်ထိန်းထားရင်း ခိုင်မာစွာ ပြန်ဖြေလိုက်သည်။
“ကျွန်မရဲ့ စိတ်ထဲမှာတော့... သခင်လေးကို အစ်ကိုကြီးတစ်ယောက်အဖြစ်ပဲ အမြဲတမ်း သဘောထားခဲ့တာပါ။ အဲ့ဒါထက် ဘာမှ ပိုမရှိပါဘူး။”
“ဘာမှ ပိုမရှိပါဘူး” ဆိုတဲ့ စကားလုံးက ပြတ်သားလွန်းသလို မည်သည့် သံသယမှလည်း ချန်မထားခဲ့ပေ။
စုကျန်းသည် သူ့ရဲ့ နက်မှောင်တဲ့ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး သူ့မျက်နှာထားက ပိုပြီးတော့တောင် အေးစက်သွားသည်။
အခန်းထဲရှိ ကျန်တဲ့သူများအားလုံးကလည်း သူမကို ငေးစိုက်ကြည့်နေကြ၏။
မင်းသမီး ရှို့နင်းက မသိနိုင်ပေမယ့် အိမ်တော်ထဲက အခြား မိန်းကလေးများအားလုံးကတော့ ကောင်းကောင်း သိထားကြတယ်၊ ရွှယ်နင်က ငယ်ငယ်ကတည်းက သခင်လေးနဲ့အတူတူ နီးနီးကပ်ကပ် ကြီးပြင်းလာတာ။ အသက် (၇) နှစ် ပြည့်မှပဲ အခန်းခွဲနေခဲ့တာဖြစ်ပြီး အဲ့လို ခွဲနေတဲ့အထိ သူမက သခင်လေးရဲ့ ခြံဝန်းဆီ အမြဲတမ်း ပြေးသွားတတ်တယ် မဟုတ်လား။
သူမက စုကျန်းကို သဘောကျနေပြီး တစ်နေ့မှာ လက်ထပ်ချင်နေတယ်ဆိုတာကို ဘယ်သူမဆို မြင်နိုင်တယ်။
ဒါပေမဲ့ အခု သူမ ဘာတွေပြောနေတာလဲ?
သခင်မကျန်းကို မိခင်အဖြစ် အသိအမှတ်ပြုမှာလား?
သူမကို(သခင်မကျန်း) ခေါ်တဲ့ပုံကို တကယ်ကြီး ပြောင်းလဲပစ်တော့မှာလား?
အကယ်၍ သူမသာ ဆွေမျိုးတော်စပ်မှုကို အတည်ပြုလိုက်ပြီဆိုရင် သူမနဲ့စုကျန်းက ဘယ်လိုနည်းနဲ့မှ ပတ်သက်ခွင့် ရှိတော့မှာ မဟုတ်ဘူး။
သူမ ဘာတွေ ကြံစည်နေတာလဲ?
အားလုံး၏ အကြည့်များက စုကျန်းထံသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။
အမျိုးသားက အမူအရာမပျက်ဘဲ အေးစက်စူးရှသည့် မျက်နှာသွင်ပြင်ဖြင့် တည်ငြိမ်နေဆဲပင်။
သူ၏ ရှည်လျားနက်မှောင်သည့် ဖီးနစ်မျက်ဝန်းများက ချောက်ကမ်းပါးကြီးတစ်ခုလို နက်ရှိုင်းပြီးတော့ ဘယ်သူမှ မခန့်မှန်းနိုင်ချေ။
သူ ဘာတွေတွေးနေလဲဆိုတာကို ဘယ်သူမှ မသိကြပေ။
စုကျန်းကိုယ်တိုင်ပဲ သိတယ်... ရွှယ်နင်က မိခင်ဖြစ်သူနဲ့ တရားဝင် တော်စပ်ခွင့်တောင်းလိုက်တဲ့ အချိန်မှာ သူ့စိတ်ထဲ မကျေမနပ်ဖြစ်မှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာခဲ့တယ်။
ဒါပေမဲ့ သူ ဘာလို့ မကျေမနပ်ဖြစ်ရတာလဲဆိုတာကို တွေးမနေခဲ့ဘူး။
သူက ရက်အတော်ကြာအောင် သူမအပေါ် အေးစက်စိမ်းကားပြခဲ့တာကြောင့် သူမဘက်က သူ့ရဲ့ အာရုံစိုက်မှုကို ပြန်လည်ရယူဖို့အတွက် ကြိုးစားနေတာလို့ ရိုးရိုးရှင်းရှင်းပဲ ယူဆလိုက်သည်။
မိန်းမငယ်လေးရဲ့တစ်ယောက်ရဲ့လှည့်ကွက်ပဲ။ဂရုစိုက်စရာမလိုဘူး။
သို့သော် မကြာမီမှာပင် ရွှယ်နင်က တောက်ပရွှင်လန်းတဲ့ မျက်ဝန်းများဖြင့် သခင်မကျန်းကို ကြည့်ကာ နူးနူးညံ့ညံ့လေး ခေါ်လိုက်သည်။
“အမေ!”
သခင်မကျန်းက သူမ ဘာပြန်ပြောရမှန်း မသိပေ။ သူမရဲ့ အပြုံးများပင် နေရခက်သွား၏။
စုကျန်း သူမ ဒီလောက်အထိ အလေးအနက်ထားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူ့မျက်မှောင်များ တင်းကျပ်စွာ ကြုတ်သွားပြီး သူ့ရဲ့အကြည့်များကလည်း မှောင်မှိုက်သွား၏။
ရွှယ်နင်၏ မျက်ဝန်းများက တောက်ပနေဆဲဖြစ်ကာ သူမက ခိုင်မာစွာ ထပ်ပြောလိုက်သည်။
“အမေ... ဒီနေ့ကစပြီး အားနင်က အမေ့ရဲ့ သမီးအရင်း ဖြစ်ပါပြီ။”
အဲ့ဒီအခါမှသာ သခင်မကြီးရှဲ့က သူမကို သေသေချာချာ ကြည့်လာတော့သည်။
အရင်က ဒီမိန်းကလေးကို ရူးမိုက်တဲ့လူလို့ ထင်ခဲ့ပေမယ့် အခုတော့ သူမက အတော်လေးကို ပါးနပ်တယ်။
သခင်မကျန်းရဲ့ သမီးအဖြစ် ကိုယ်တိုင်ဦးဆောင်ပြီးတော့ အမည်ခံယူလိုက်ခြင်းဖြင့် စုကျန်းနှင့် လက်ထပ်နိုင်မယ့် လမ်းစအားလုံးကို သူမကိုယ်တိုင် ဖြတ်တောက်လိုက်ခြင်းပင်။ သူ့ရဲ့အဘွားအနေနဲ့ သခင်မကြီးရှဲ့လည်း သဘာဝကျကျပဲ သူမကို ပိုပြီး မျက်နှာသာပေးလာတော့သည်။
“ကဲ... တော်ပြီ၊ ထတော့။”
သခင်မကြီးရှဲ့က ပြုံးလိုက်သည်။
“ဒါက ဘာမှမဟုတ်ပါဘူး။ မင်းက သူ(မ)လက်ပေါ်မှာပဲ ကြီးပြင်းလာတာဆိုတော့ ခေါ်ဝေါ်ပုံ ပြောင်းလဲရမှာက ကြာလှပေါ့။ ကျန်းနျန်... ရက်ကောင်းရက်မြတ်တစ်ရက်ကို ရွေးပြီး အားနင်အတွက် ဆွေမျိုးတော်စပ်ကြောင်း အတည်ပြုတဲ့ အခမ်းအနားတစ်ခု ပြင်ဆင်လိုက်။ မြို့တော်က ဂုဏ်သရေရှိ မိသားစုတွေကိုလည်း ဖိတ်လိုက်ဦး။ ငါတို့အိမ်တော်က ဘယ်လောက်တောင် လိမ္မာယဉ်ကျေးတဲ့ သမီးပျိုလေးကို ပျိုးထောင်ထားလဲဆိုတာ သူတို့ကို မြင်ပါစေဦး။ ပြီးတော့ အားနင်ကလည်း အခု အရွယ်ရောက်နေပြီဆိုတော့ လူတွေ သူ(မ)ကို သေသေချာချာ မြင်ဖို့ အချိန်တန်ပြီ။”
သခင်မကျန်း၏ မျက်နှာထားက အနည်းငယ် ပျက်ယွင်းသွားသည်။
“ဟုတ်ကဲ့ပါ အမေ။”
ရွှယ်နင်၏ ရင်ထဲက တင်းကျပ်နေမှုများက နောက်ဆုံးတော့ ပြေလျော့သွားခဲ့ပြီ။
သူမရဲ့ ဖြောင့်မတ်ထားတဲ့ ကျောပြင်လည်း အနည်းငယ် လျှော့ကျသွားသည်။
အရာအားလုံး အတည်ဖြစ်သွားတဲ့အခါ အိမ်တော်ရှိ မိန်းကလေးများက ရှေ့တိုးလာကြပြီး ဂုဏ်ပြုစကားအမျိုးမျိုး ပြောကြသည်။ အိမ်တော်က သခင်လေးတွေကတော့ သူမကို နားလည်ရခက်တဲ့ အကြည့်များဖြင့်သာ ကြည့်နေကြသည်။
ပင်မအိမ်ခွဲမှ တတိယသခင်မလေး စုမန်ကသာ သူမနှင့် ခင်မင်ရင်းနှီးသူပီပီ အနားတိုးလာပြီး သူမ တကယ်ပဲ စိတ်ရင်းနဲ့ပြောတာ ဟုတ်မဟုတ်ဆိုတာ တိုးတိုးလေး မေးလာ၏။
ရွှယ်နင်၏ အသံက သူမရဲ့အရွယ်နှင့် လိုက်ဖက်စွာပင် နူးညံ့ချိုသာသည်။
ပါးပြင်လေးများ ပန်းရောင်သန်းနေပြီး သူမက လိမ္မာပါးနပ်စွာပင် ပြန်ဖြေလိုက်၏။
“ဒါပေါ့... တတိယအစ်မ။ အခုဆိုရင် ညီမတို့က ညီအစ်မအရင်းတွေ ဖြစ်သွားပြီဆိုတော့ အစ်မ မပျော်ဘူးလား?”
“ပျော်တာတော့ ပျော်ပါတယ်၊ ဒါပေမဲ့—”
စုမန်သည် သူမရဲ့ အစ်ကိုကြီးရှိရာသို့ လှမ်းကြည့်လိုက်၏။
သူမက အားနင်ကို သူမရဲ့ယောင်းမအဖြစ် မြင်ချင်ခဲ့တာ မဟုတ်လား။
ဘယ်လိုဖြစ်ပြီး တစ်ရက်အတွင်းမှာ အရာအားလုံးက ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ?
သူမက ရွှယ်နင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိပြီး၊ အဖျားတက်ပြီး တစ်ခုခုဖြစ်သွားကာ နောင်မှ နောင်တရနေမှာစိုးသဖြင့် ရွှယ်နင်၏ နဖူးကိုပင် လက်လှမ်းစမ်းကြည့်မိသေးသည်။
သို့သော် ရွှယ်နင်က ခေါင်းခါပြလိုက်သည်။
သူမက စုကျန်းဆီကို အကြည့်တစ်ချက်တောင် မပို့တော့ဘဲ တောက်ပတဲ့ အပြုံးဖြင့် ပြောလိုက်၏။
“ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။”
စုကျန်းသည် သူမကို အဓိပ္ပာယ်ပါပါဖြင့် ခပ်ကြာကြာ စိုက်ကြည့်လိုက်ပြီးနောက် အမူအရာမပျက်ဘဲ အခန်းထဲမှ ထွက်သွားသည်။
စုမန်က သူမရဲ့အစ်ကိုကြီး အဲ့ဒီနောက်ဆုံးစကားကို ကြားသွားသလားဆိုတာကို မဝေခွဲနိုင်ဘဲ စိုးရိမ်စိတ်ဖြင့် ရင်ထဲတွင် တင်းကျပ်နေမိသည်။
မင်းသမီး ရှို့နင်းသည် ရွှယ်နင်၏အနားသို့ ပထမဆုံးအကြိမ် တိုးကပ်လာပြီး သူမ၏လက်ကို ချစ်ခင်စွာ ဆုပ်ကိုင်လိုက်၏။
“ဂုဏ်ယူပါတယ် ညီမလေး နင်။”
ရွှယ်နင်သည် သူမကို မော့ကြည့်လိုက်ပြီး စိတ်ထဲမှာ မဖော်ပြနိုင်တဲ့ ခံစားချက်များစွာ ရှုပ်ထွေး ရောယှက်နေသည်။
စုကျန်းအတွက်နဲ့တင်... သူမက ဒီမင်းသမီးကို တစ်ဘဝလုံး မုန်းတီးခဲ့တယ်၊ မနာလိုဖြစ်ခဲ့တယ်၊ ရန်ငြိုးဖွဲ့ခဲ့ဖူးတယ်။
ဒါပေမဲ့ အခု ဘဝသစ်ရဲ့အစမှာ သူမနဲ့ ပြန်ဆုံတဲ့အခါ ရွှယ်နင် သက်သောင့်သက်သာနဲ့ သက်ပြင်းချနိုင်ခဲ့ပြီ။
သူမက စုကျန်းနဲ့ မင်းသမီးတို့ နှစ်ယောက်သား အေးချမ်းသာယာပြီး ချစ်ခင်ကြည်နူးစရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းပေးမိတယ်။
ရွှယ်နင်က မျက်ဝန်းလေးတွေ ဝိုင်းစက်သွားအောင် ပြုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မင်းသမီး။”
မင်းသမီး ရှို့နင်းက အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“ခဏနေရင် ငါတို့တွေ အတူတူ လမ်းလျှောက်ကြမလား?”
ရွှယ်နင်က ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။
“မလိုက်တော့ပါဘူး။ ကျွန်မ အဘွားအတွက် ကျမ်းစာတွေ ကူးရေးပေးဖို့ ကျန်နေခဲ့ရဦးမှာမို့လို့ပါ။”
သူမအနေနဲ့ မင်းသမီးကို ရန်သူလိုမျိုး သဘောမထားတော့ဘူးဆိုရင်တောင်မှ ရင်းနှီးတဲ့သူငယ်ချင်းတော့ ဖြစ်မလာနိုင်ပေ။
ဘာပဲဖြစ်ဖြစ်... လွန်ခဲ့တဲ့နှစ်တွေက နွေဦးပွဲတော်တုန်းက စုကျန်း သူမကို လုံးဝမုန်းတီးသွားအောင် တကယ်တမ်း လုပ်ဆောင်ခဲ့တာက အခု မြင်တွေ့နေရတဲ့ အပြစ်ကင်းစင်ပုံရတဲ့ မိန်းကလေးပဲ မဟုတ်ဘူးလား။
ရွှယ်နင်က အနည်းငယ် ပြုံးပြလိုက်ရင်း ဦးညွှတ်ဂါရဝပြုလိုက်သည်။
“မင်းသမီး သွားနှင့်ပါ။ အားနင်ကို ခွင့်ပြုပါဦး။”
သခင်မကြီးရှဲ့ရဲ့ အဆောင်ကနေ ထွက်လာတဲ့အချိန် သခင်မကျန်းက သူမကို လသာဆောင်အောက်မှာ တားလိုက်သည်။
ဖြန့်ကြဲထားသော ဆားပွင့်များကဲ့သို့ ကျဆင်းနေသည့် နှင်းစက်များက ရွှေရောင်၊ ကျောက်စိမ်းရောင်တို့ဖြင့် တောက်ပနေတဲ့ နယ်စားမင်းအိမ်တော်ကြီးကို ရင်သပ်ရှုမောဖွယ် အလှတရားများဖြင့် ဖုံးလွှမ်းထားသည်။
သခင်မကျန်း၏ ပုခုံးပေါ်မှ နှင်းပွင့်အချို့ကို မြင်တဲ့အခါ ရွှယ်နင်က ရှေ့လှမ်းပြီး အသာလေး ခါထုတ်ပေးလိုက်ပြီးနောက် ငယ်ငယ်တုန်းကလို နွေးထွေးတဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
“အမေ... နှင်းတွေကလည်း ဒီလောက်ကျနေတာ၊ လေကလည်း အေးလှချည်လား။ ဘာလို့ အပြင်မှာ ရပ်ပြီး သမီးကို စောင့်နေရတာလဲ?”
သခင်မကျန်းသည် အစေခံများကို ဖယ်ခိုင်းလိုက်ပြီးနောက် ရွှယ်နင်၏ အေးစက်နေတဲ့ လက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
“ ကောင်မလေး.. တကယ်ပဲ ဘာတွေတွေးနေတာလဲ?”