အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) "ကျွန်မကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါ"
"သူ(မ)က..."
လော်ဝမ်ကျွင်းသည် ထိုအမျိုးသမီး၏ သိက္ခာကို ဂရုစိုက်သောကြောင့် သူမ၏ ပုံရိပ်ကို ခေါင်းမာမာဖြင့် ကွယ်ထားပေးလိုက်သည်။ သူ၏ ချောမောသော မျက်နှာက လူသေကဲ့သို့ ဖြူလျော်နေပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ရင်း သတ္တိအားလုံးကို စုစည်းကာ ရွှယ်နင်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"ကျွန်တော် သခင်မလေးရွှယ်အပေါ် မှားသွားခဲ့ပါတယ်။ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်!"
ဤသစ္စာဖောက်မှုအပေါ် ရွှယ်နင် အနည်းငယ် ဒေါသထွက်မိသော်လည်း ရင်ကွဲမတတ်တော့ နာကျင်မနေခဲ့ပေ။
သူမက စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီဖြစ်တဲ့အတွက် နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး ဆွဲတင်ကာ-
"သခင်လေးလော်... ရှင့်မှာ အမှားမရှိပါဘူး။ ရှင် ကျွန်မအပေါ် ဘာမှမမှားခဲ့ပါဘူး"
လော်ဝမ်ကျွင်းက ပြောသည်။
"သခင်မလေးရွှယ် စိတ်ချပါ၊ မင်း ဒီအိမ်ကို ရောက်လာတဲ့အခါ သူ(မ)က... သူ(မ)က ကျွန်တော့်ရဲ့ ကိုယ်လုပ်တော်တစ်ယောက်ပဲ ဖြစ်လာမှာပါ။ မင်းရဲ့ တရားဝင်ဇနီးနေရာကို ဘယ်တော့မှ ခြိမ်းခြောက်မှာ မဟုတ်ပါဘူး"
ဤစကားကြောင့် ရွှယ်နင် ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားတော့သည်။
သူမ သူ့ကို စတင်သဘောကျခဲ့တဲ့အချိန်တုန်းက သူ့ရဲ့ ရိုးသားဖြောင့်မတ်မှုနှင့် သစ္စာရှိမှုကို လေးစားမိတာကြောင့် ဖြစ်သည်။
ဒါပေမဲ့ အခုတော့ တစ်လတောင် မပြည့်သေးခင်မှာပင် သူက သူမရဲ့ မျက်နှာကို ပြင်းထန်စွာ ပါးရိုက်လိုက်သလို လုပ်ရပ်မျိုး လုပ်ဆောင်ခဲ့ပြီ။
လက်ထပ်ခြင်းမပြုရသေးခင် ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ကျူးလွန်ပြီးနောက် အနာဂတ်စေ့စပ်ထားသူရဲ့ ရှေ့မှာ ကိုယ်လုပ်တော်အဖြစ် ယူမယ့်အကြောင်း ရဲရဲဝံ့ဝံ့ ပြောဆိုရဲတာလား။
ရွှယ်နင်က ဘယ်လောက်ပဲ နိမ့်ပါးတဲ့ ဘဝမျိုး ရှိပါစေ၊ ဒီလိုအခြေအနေမျိုးအထိတော့ အောက်ကျနောက်ကျ ခံမှာမဟုတ်ပေ။
"သခင်လေးလော်မှာ တာဝန်ယူချင်စိတ် အနည်းငယ်ရှိတယ်ဆိုရင် လူကြီးမိဘတွေရှေ့မှာ အဲဒီအမျိုးသမီးနဲ့ ပတ်သက်မှုကို ပွင့်ပွင့်လင်းလင်း ဝန်ခံသင့်ပါတယ်။ အဲဒီလိုဆိုရင် ရှင်နဲ့ ကျွန်မကြားက လက်ထပ်ဖို့ စကားကမ်းလှမ်းချက်က ဘယ်တုန်းကမှ မရှိခဲ့သလို ဖြစ်သွားမှာပါ။ ရှင် လက်ထပ်မလား၊ ကိုယ်လုပ်တော်ပဲ ယူမလားဆိုတာ ကျွန်မနဲ့ ဘာမှမသက်ဆိုင်တော့ဘူး"
လော်ဝမ်ကျွင်း၏ မျက်နှာက ပို၍ပင် ဖြူလျော်သွားပြီး နှုတ်ခမ်းများ တုန်ယင်နေသည်။
"သခင်မလေးရွှယ်... ကျွန်တော်... ကျွန်တော် မင်းကို သဘောကျနေတုန်းပါပဲ"
ရွှယ်နင်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
"ကျွန်မက သခင်လေးလော်ရဲ့ အချစ်ကို ခံယူဖို့ ကံမပါခဲ့ပါဘူး"
လော်ဝမ်ကျွင်း ကြမ်းပြင်ပေါ်သို့ ခွေလဲကျသွားပြီး သူ၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့စွာဖြင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားသည်။
"အဘွား... မြေး မှားသွားခဲ့ပါတယ်... ဒါပေမယ့် မြေးလည်း သခင်မလေးရွှယ်နဲ့ သခင်လေးလီတို့ ရင်းရင်းနှီးနှီး ရှိနေတာကို ကိုယ်တိုင်မြင်ခဲ့ရလို့... ဒါကြောင့်... ဒါကြောင့်မို့လို့ပါ..."
ရွှယ်နင် အံ့အားသင့်သွားသည်။
"ဘာရင်းနှီးတာလဲ"
သူ၏ သစ္စာဖောက်မှုအတွက် ဆင်ခြေတစ်ခုကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားသည့်အတိုင်း လော်ဝမ်ကျွင်းသည် ခြေထောက်ဖြင့် ဝုန်းခနဲ မတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်စွာဖြင့် တရားတယ်ဆိုတဲ့ လေသံမျိုးနဲ့ ကြေညာလိုက်သည်။
"ကျွန်တော်...... ကျွန်တော် အဲဒီနေ့က လီချန်ချဲ့နဲ့အတူ မင်း နယ်စားမင်းအိမ်တော်ကို ပြန်လာတာကို မြင်ခဲ့တယ်။ မင်း ရထားလုံးပေါ်က ဆင်းတဲ့အချိန်မှာ သူက မင်းကို တွဲပြီးတော့တောင် ချပေးခဲ့သေးတယ်။ မင်းတို့... မင်းတို့နှစ်ယောက်က လုမိသားစုအိမ်နဲ့ နယ်စားမင်းအိမ်တော်ကြားကို ရထားလုံးတစ်စီးတည်းနဲ့ အတူတူ သွားလာခဲ့ကြတာ။ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် နှစ်ယောက်တည်း အနည်းဆုံး တစ်နာရီလောက် ရှိမှာပဲ။ လီချန်ချဲ့က အရမ်းချောတာ... အဲဒီရထားလုံးထဲမှာ မင်းနဲ့ လီချန်ချဲ့တို့ မလျော်ကန်တဲ့ အပြုအမူမျိုး မလုပ်ခဲ့ကြဘူးဆိုတာ ကျွန်တော် မယုံဘူး—"
ရွှယ်နင်၏ မျက်နှာလေးသည် ဒေါသကြောင့် နီရဲသွားတော့၏။ သူမက လက်ကို မြှောက်လိုက်ပြီး လော်ဝမ်ကျွင်း၏ မျက်နှာကို အားပြင်းစွာဖြင့် ဖြတ်ရိုက်လိုက်သည်။
ဖြောင်း!
လော်ဝမ်ကျွင်းသည် ထိုရိုက်ချက်ကြောင့် မှင်သက်သွား၏။ သူ၏ မျက်လုံးများ နီရဲလာပြီး ကောက်ကျစ်တဲ့ရယ်သံဖြင့် ရယ်မောလိုက်သည်။
"ကျွန်တော် ပြောတာ ကွက်တိပဲ မဟုတ်လား။ မင်းလို အကျင့်စာရိတ္တ မကောင်းတဲ့ မိန်းမမျိုးက ငါ လော်ဝမ်ကျွင်းရဲ့ တရားဝင်ဇနီးအဖြစ် လက်ထပ်ဖို့ မထိုက်တန်ဘူး!"
ယဉ်ကျေးသိမ်မွေ့သော ပညာတတ်တစ်ယောက်သည် အကျပ်အတည်းနှင့် ကြုံတွေ့ရတဲ့အခါ ဒီလောက်အထိ အရုပ်ဆိုး အကျည်းတန်တဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်လိမ့်မယ်လို့ ရွှယ်နင် တစ်ခါမှ မတွေးခဲ့ဖူးချေ။
သူမကို လုံးဝ လှည့်စားနိုင်ခဲ့တာ သူ အရင်က ဖုံးကွယ်ထားနိုင်ခဲ့တာကြောင့် ဖြစ်လိမ့်မယ်။
လော်ဝမ်ကျွင်း၏ စရိုက်အမှန်ကို စောစောစီးစီး မမြင်ခဲ့မိခြင်းကိုသာ သူမ နောင်တရမိပြီး ရွဲ့ပြုံးပြုံးကာ ပြန်လည်တုံ့ပြန်လိုက်သည်။
"ကံကောင်းတာက ရှင့်လို အရေခြုံသမားနဲ့ ကျွန်မကြားမှာ ဘာအိမ်ထောင်ရေးစာချုပ်မှ မရှိခဲ့တာပဲ။ တရားဝင် ဖျက်သိမ်းဖို့တောင် မလိုတော့ဘူး။ သခင်လေးလော် သဘောကျတယ်ဆိုရင်လည်း လက်မထပ်ခင် တိတ်တဆိတ် ချိန်းတွေ့တတ်ပြီး အရှက်တရားနဲ့ ကျင့်ဝတ်ကို ကောင်းကောင်းသိတဲ့ အဲဒီအမျိုးသမီးကိုပဲ လက်ထပ်လိုက်ပါ။ ကျွန်မနဲ့ သခင်လေးလော်ကြားမှာ ဘာမှပတ်သက်စရာ မရှိတော့ဘူး!"
"အဒေါ်၊ အစ်ကိုလု... သွားကြစို့!"
ဤကိစ္စ ပြီးပြတ်သွားသောအခါ စုကျန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
ဒေါသကြောင့် အသက်ရှူပြင်းနေပြီး မျက်နှာလေး ရဲရဲနီကာ အလွန်တရာ ဆွဲဆောင်မှုရှိနေတဲ့ ရွှယ်နင်ကို ကြည့်ပြီး သူက သူမအနီးသို့ လျှောက်သွားကာ နားနားကပ်၍ အထင်သေးစွာ ပြောလိုက်သည်။
"မင်း တကယ်ပဲ လော်ဝမ်ကျွင်းကို လက်ထပ်တော့မှာလို့ ငါ ထင်နေတာ။ အခုကြည့်ရတာတော့ ငါ့ရှေ့မှာ ပြဇာတ်ကပြနေတာပဲ။ ရွှယ်နင်... ပြဇာတ်ကပြရင်တောင် အတိုင်းအဆ ရှိရမယ်။ ငါက မင်းကို ကိုယ်လုပ်တော်အဖြစ် ယူဖို့ လိုလားတယ်ဆိုရုံနဲ့ မင်းရဲ့ ဂုဏ်သိက္ခာကို လုံးဝ လျစ်လျူရှုထားလို့ရပြီ မထင်လိုက်နဲ့"
ရွှယ်နင် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားကာ လေနှင့်နှင်းများကြားတွင် တောင့်တောင့်ကြီး ရပ်နေမိပြီး စိတ်အာရုံများ ဗလာကျင်းမတတ် ဖြစ်သွားရသည်။
သူမက ဝေ့ဝဲကျဆင်းနေသော နှင်းပွင့်များကြားမှနေ၍ အေးစက်သောအကြည့်ကို ဖြည်းညှင်းစွာ မြှောက်ကာ ထိုအမျိုးသား၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
သူ့မျက်လုံးများထဲတွင် သူမအပေါ် ထားရှိသော အထင်သေးမှုနှင့် အေးစက်စက် လှောင်ပြောင်မှုများမှတစ်ပါး အခြားမရှိချေ။
သူက ပြုံးနေဆဲပင်... သူ့အာရုံကို တမင်တကာ ဆွဲဆောင်ရန်အတွက် လော်ဝမ်ကျွင်းကို အသုံးချကာ အသည်းအသန် ကြိုးစားနေသည့် သူမ၏ လုပ်ရပ်အပေါ် သူက သဘောကျနေပုံရ၏။
သူမ၏ သေးနုပ်တဲ့ အကြံအစည်များက သူ့မျက်စိထဲမှာ ကလေးကစားစရာပဲ ဖြစ်တယ်လို့ ဆိုကာ သူက သူမကို ကဲ့ရဲ့လှောင်ပြောင်နေတာဖြစ်သည်။
သူက သူမရဲ့ရိုးသားမှုကို ဘဝတစ်ခုစာလုံး နင်းခြေခဲ့ပြီး နောက်ဆုံးမှာ ရက်ရက်စက်စက် ပြာကျသွားအောင် လုပ်ဆောင်ခဲ့သူ ဖြစ်၏။ သို့သော် အခုထိတောင် သူက သူမကို အထင်သေးနေဆဲဖြစ်ကာ သနားညှာတာမှု၊ ပေးကမ်းမှု သက်သက်ဖြင့်သာ သူမကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုခြင်း ဖြစ်သည်။
ရွှယ်နင် သူမ၏ နီရဲနေသော မျက်လုံးများကို တင်းတင်းပိတ်လိုက်မိပြီး ဖော်ပြရခက်သော ဒေါသနှင့် ခံပြင်းနာကျင်မှုများက ရုတ်တရက် ရင်ထဲသို့ တလိပ်လိပ် တက်လာခဲ့သည်။
ဒါပေမဲ့ သူမက ပြန်လည်မွေးဖွားလာခဲ့ပြီ။ သူမက သူ့ကို တရားဝင်ဇနီးအဖြစ် လက်ထပ်ဖို့အတွက် လုံးဝ ထပ်မံကြံစည်တော့မှာ မဟုတ်သလို ဒီလိုအရှက်ခွဲမှုများကို ဘာကြောင့် သည်းခံနေရဦးမှာလဲ။
အခု အချိန်မှာ သူမရဲ့စိတ်ထဲ အမှန်တကယ် ဘယ်လိုမျိုးရှိလဲဆိုတာကို စုကျန်း ရှင်းရှင်းလင်းလင်း မြင်သာအောင်၊ လုံးဝ နားလည်သွားအောင် ပြတ်ပြတ်သားသား လုပ်ပြရမယ်။
"အဒေါ်"
ရွှယ်နင် ရှေ့သို့ ဆက်မလျှောက်တော့ဘဲ ရပ်လိုက်သည်။ သူမ၏ မျက်ဝန်းထောင့်တွင် စူးရှသော မျက်ရည်စများ ဝဲလျက်ဖြင့် ယန်ရှီကို လှမ်းခေါ်လိုက်၏။
ယန်ရှီသည် လော်ဝမ်ကျွင်း၏ အရှက်ခွဲသော စကားများကို စောစောက ကြားလိုက်ရသဖြင့် စိုးရိမ်တကြီးဖြင့် ရင်ကွဲမတတ် ခံစားနေရသည်။ သူမက ပျာပျာသလဲဖြင့် နူးညံ့စွာ ပြန်ထူးလိုက်၏။
"အင်း... နင်နင်၊ ဘာပြောချင်လို့လဲသမီး"
ရွှယ်နင် စုကျန်းကို လှည့်မကြည့်တော့ဘဲ ခြံဝင်းအတွင်း မှင်သက်စွာ ရပ်နေကြသော လူအားလုံးဘက်သို့ လှည့်လိုက်သည်။
ထိုအထဲတွင် လော်ဝမ်ကျွင်းနှင့် သခင်မကြီးလော်သာမက လော်မိသားစု၏ အစေခံများနှင့် အလုပ်သမားများအားလုံး ပါဝင်သည်။
သူမ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး နှုတ်ခမ်းထောင့်ကို လှပစွာ တွန့်ကွေးကာ အရာအားလုံးကို စိန်ခေါ်သကဲ့သို့ လူအားလုံးရှေ့တွင် ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။
"သခင်လေးလော် ပြောတာ မှန်ပါတယ်။ လီချန်ချဲ့နဲ့ ကျွန်မက ပတ်သက်မှု ရှိနေတာ ကြာပါပြီ။ ဒါကြောင့် လူကြီးမင်းတို့အားလုံး ဒုက္ခခံနေဖို့ မလိုတော့ပါဘူး။ ကျွန်မ သူ့ကိုပဲ တရားဝင်ဇနီးအဖြစ် လက်ထပ်မှာပါ!"
စုကျန်းက ရွှယ်နင်၏ အမှန်တရားကို ဖုံးကွယ်ရန် ကြိုးစားမှုကို လုံးဝ ရယ်ချင်စရာကောင်းတယ်လို့ ထင်မှတ်နေသည်။ သူ၏ သရော်လှောင်ပြောင်သော အကြည့်များက သူမ၏ နှင်းပွင့်ကဲ့သို့ ဖြူလွှသော မျက်နှာထက်သို့ ကျရောက်သွားပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"မင်း ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးနေတာပဲ။ တခြားသူက မင်းကို လက်ထပ်ချင်ရဲ့လားဆိုတာကိုရော မေးပြီးပြီလား။ လူကြားထဲ ထပ်ပြီး အရူးအဖြစ်မခံနဲ့တော့"
ရွှယ်နင်၏ ပြုံးရွှင်နေသော မျက်နှာလေးက လူသေကဲ့သို့ ဖြူလျော်သွားပြီး အေးစက်စွာဖြင့် ပြန်လည်ချေပလိုက်သည်။
"သူ ကျွန်မကို လက်ထပ်ချင်လား၊ မချင်ဘူးလားဆိုတာ ရှီဇီစုနဲ့ ဘာမှမဆိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ ကျွန်မ ရွှယ်နင်က ဘယ်သူ့ကိုမဆို လက်ထပ်ရင်လက်ထပ်မယ်၊ ရှီဇီစု ရှင့်ကိုတော့ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး!"
ထိုသို့ပြောပြီးနောက် သူမသည် ဘယ်သူ့ကိုမှ တစ်ချက်ပင် ပြန်လှည့်မကြည့်တော့ဘဲ လှည့်ထွက်ခဲ့တော့သည်။
သို့သော် သူမ လှည့်ထွက်လိုက်သည့် အခိုက်အတန့်မှာပင် မျက်ဝန်းထောင့်မှ မျက်ရည်များက ရုတ်တရက် လှိမ့်ဆင်းလာသည်။
တုန်းကျင်း၏ နှင်းကျသော ရာသီဥတုက အလွန်အေးစက်ပြီး လေနှင့်နှင်းများက သူမ၏ မျက်ဝန်းထဲသို့ တိုးဝင်လာသဖြင့် စူးရှကာ နာကျင်စေသည်။
ဒီလိုပြောဆိုတာက ပညာမရှိရာရောက်ပြီး လီချန်ချဲ့ကိုပါ ဆွဲထည့်မိသလို ဖြစ်သွားနိုင်ကြောင်း သူမ သိပေမယ့် သူမလည်း အခြားရွေးချယ်စရာ မရှိခဲ့ပေ။
သူမရဲ့ ဂုဏ်သိက္ခာနှင့် မာနတရားများကို စုကျန်းက အခုလိုမျိုး အလွယ်တကူ ထပ်မံနင်းခြေ ဖျက်ဆီးသွားမှာကို သူမ လုံးဝ အဖြစ်မခံနိုင်ဘူး။
သူမသည် လော်မိသားစု၏ အနောက်ဘက်အဆောင်မှ အလျင်အမြန် လျှောက်လှမ်းလာခဲ့ပြီး နောက်ဆုံး လမင်းပုံစံ တံခါးပေါက်ကို ဖြတ်ကျော်ကာ အပြင်ဘက်ခြံဝင်းကို ကျော်ဖြတ်လျက် အကာအရံနံရံကို ပတ်ပြီး လော်မိသားစု၏ တံခါးမကြီးအပြင်သို့ ခြေလှမ်း လှမ်းလိုက်သည်။
မထင်မှတ်ဘဲ တံခါးဝမှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် သူမအား ကျောခိုင်းလျက် ရပ်နေသော လီချန်ချဲ့ကို တွေ့လိုက်ရသည်။ သူ၏ အရှိန်အဝါက နဂါးတစ်ကောင်ကဲ့သို့ ခန့်ညားပြီး ဖီးနစ်တစ်ကောင်ကဲ့သို့ ကျော့ရှင်းနေသည်။
လောကကြီးတစ်ခုလုံး ဖြူဖွေးသော နှင်းပွင့်များအောက်တွင် ကျရောက်နေပြီး အေးစက်သော လေပြင်းများက ခတ်ထန်စွာ တိုက်ခတ်နေသည်။
ထူထဲသော လေကာခေါင်းစွပ်ကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်မှ မြင်းဇက်ကြိုးကို ကိုင်ထားသော ဖူရှန်းက သူ၏လက်ထဲမှ ဓားရှည်ကို သူမဘက်သို့ လွှဲယမ်းပြကာ ရိုးသားဖြောင့်မတ်သော အပြုံးကြီးဖြင့် အော်ပြောလိုက်သည်။
"သခင်မလေးရွှယ်! ဘာလို့ တစ်ယောက်တည်း ထွက်လာတာလဲ "
ထိုအသံကို ကြားလိုက်ရ၍ ဖြစ်လိမ့်မည်၊ သူမကို ကျောခိုင်းထားတဲ့ မြင့်မြတ်ပြီး အေးစက်တည်ငြိမ်သော အမျိုးသားသည် တဖြည်းဖြည်း လှည့်လာခဲ့၏။
နီရဲနေသော မျက်ဝန်းများရှိသည့် ရွှယ်နင်သည် သူ၏ နက်ရှိုင်းပြီး အချစ်ရိပ်လွှမ်းနေသော မက်မွန်ပွင့်မျက်ဝန်းများနှင့် ဆုံလိုက်ရသည်။ သူမ၏ အသက်ရှူသံများ ရပ်တန့်သွားကာ ရင်ဘတ်ထဲမှ နှလုံးသားက တဒိန်းဒိန်း ခုန်လှုပ်သွားခဲ့သည်။
ဘာကြောင့်မှန်းမသိ၊ သူ့ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ ရင်ထဲမှ ခံပြင်းနာကျင်မှုများက ဒီရေအလား ထိုးတက်လာသည်။
သူမက စိတ်ခံစားချက်များ ရှုပ်ထွေးကာ မှင်သက်စွာ ရပ်နေမိတဲ့အချိန် တံခါးအနောက်ဘက်ကနေ အလျင်စလို ခြေသံများကို ကြားလိုက်ရ၏။ စုကျန်း လိုက်မီလာမှာကို စိုးရိမ်တာကြောင့် သူမက လေနှင့်နှင်းများထဲသို့ ဦးတည်ကာ လီချန်ချဲ့ရှိရာဆီသို့ အပြေးအလွှား သွားလိုက်သည်။
သူမ၏ မျက်နှာလေးကို မော့လျက် ထိုအမျိုးသားရဲ့ ချောမောထက်မြက်သော မျက်နှာကို စိုက်ကြည့်ရင်း သူမက တောင်းဆိုလိုက်သည်။
"ကျွန်မကို ဒီနေရာကနေ အရင် ခေါ်ထုတ်သွားပေးလို့ ရမလားဟင်”