← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅)။ ॥ လုမိသားစုအိမ်တော်၌ ခဏ တည်းခိုခြင်း

"ဒီ ရွှမ်းယီနယ်စားမင်းအိမ်တော်က လူတွေ... တစ်ကယ်ပဲ ဘာတွေ လုပ်နေကြတာလဲ။ မနေ့တင်ပဲ မင်းကို မွေးစားသမီးအဖြစ် တရားဝင် အသိအမှတ်ပြုတဲ့ ပွဲကြီးပွဲကောင်းကို တစ်ခမ်းတစ်နား ကျင်းပပေးပြီးတော့... ဒီနေ့ကျမှ ဘာဖြစ်လို့ ဒီလိုမျိုး ပြဿနာကြီး ဖြစ်အောင် လုပ်ရတာလဲ"

သခင်မယန်ရှီသည် ရွှယ်နင် သတိပြန်လည်လာချိန်ကျမှသာ သူမ၏ ရင်ထဲမှ ဒေါသများကို အပြင်သို့ ထုတ်ဖော်ရဲတော့သည်။ သူမက ကုတင်ဘေးတွင် ထိုင်လိုက်ရင်း ကန့်လန့်ကာစကို အနည်းငယ် ပင့်တင်ကာ လေသံခပ်မြန်မြန်ဖြင့် ပြောလိုက်သည်။

"နင်နင်... မင်းရဲ့ အဒေါ်ကို အမှန်အတိုင်း ပြောပြစမ်းပါ။ အဲ့ဒီ စုမိသားစုက လူတွေ မင်းကို နှိပ်စက်ကြလို့လား။ မင်းအဒေါ်က အရည်အချင်း သိပ်မရှိဘူး ဆိုပေမယ့် မင်းအတွက် ရပ်တည်ပေးဖို့တော့ လုံးဝ မကြောက်ဘူး။ ခဏနေရင် ငါ နယ်စားမင်းအိမ်တော်ဆီကို ကိုယ်တိုင်သွားပြီး ရှဲ့လောင်ဖူးရန် နဲ့ ထိပ်တိုက်တွေ့ပြီး ရှင်းလင်းချက် တောင်းပစ်မယ်"

ရွှယ်နင်သည် သူမ ရင်ထဲ၌ နွေးထွေးသွား၏။

"အဒေါ်... စိတ်မဆိုးပါနဲ့တော့ရှင်။ ဒါက သမီးကိုယ်တိုင် ဂရုမစိုက်မိလို့ ဖြစ်သွားရတာပါ"

ထိုနူးညံ့သိမ်မွေ့သော "အဒေါ်" ဟူသည့် ခေါ်ဝေါ်သံကြောင့် သခင်မယန်ရှီ၏ နှလုံးသားတစ်ခုလုံး ရုတ်တရက်ဆိုသလို အရည်ပျော်ကျသွားသည်။

နှစ်ပေါင်းများစွာအတွင်း ရွှယ်နင် ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ အချိန်မှစ၍ လုမိသားစုနှင့် ဆက်ဆံရေးက တစ်နေ့ထက်တစ်နေ့ ပိုမို၍ ကျဲပါးလာခဲ့သည်။

ယန်ရှီက နယ်စားမင်းအိမ်တော်သို့ သွားရောက်ကာ ထိုကလေးမလေးအား သွားရောက်တွေ့ဆုံရန် စိတ်ကူးမရှိခဲ့တာတော့ မဟုတ်ပေ။ ဒါပေမဲ့လည်း အိမ်တော်သို့ ရောက်ရှိသွားသည့် အခါတိုင်း တွေ့ခွင့်မရဘဲ လှည့်ပြန်ခဲ့ရတာ၊ သို့မဟုတ် စကားအနည်းငယ်သာ ပြောခွင့်ရပြီး လှည့်ပြန်ခဲ့ရတာ ဖြစ်သည်။

သူမက သူမရဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကို ကောင်းစွာ နားလည်ထားသည်—သူမက ကွယ်လွန်သွားတဲ့ သခင်မ၏ အနီးကပ်အစေခံသာ ဖြစ်ခဲ့ပြီး... သခင်မကွယ်လွန်သွားပြီးနောက်တွင်မှ လုမိသားစု၏ အိမ်တွင်းရေးကို စီမံခန့်ခွဲရသည့် ဇနီးအဖြစ် မြှင့်တင်ခြင်း ခံခဲ့ရတာ ဖြစ်၏။ အဆုံးသတ်တွင် သူမက သားသမီး မွေးဖွားပေးနိုင်ခြင်း မရှိခဲ့သလို အိမ်တော်သခင်ကလည်း သူမအပေါ် အထူးတလည် ဂရုစိုက်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူမ၏ အဆင့်အတန်းက တရားဝင်မှု သို့မဟုတ် ခိုင်မာမှု မရှိပေ။ သူမ စကားပြောလေလေ အမှားများလေလေ ဖြစ်တတ်သဖြင့်... ဘယ်သူကမှ သူမရဲ့ လုပ်ရပ်များကို ဂရုပြုစောင့်ကြည့်နေခြင်း မရှိခဲ့ကြပေ။

လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ရွှယ်နင်သည် သူမအား တွေ့မြင်ရန် ခဲယဉ်းလှသည့်အပြင် "အဒေါ်" လို့ ခေါ်ဖို့ဆိုတာ ထားလိုက်ဦး။

အခု ဤ "အဒေါ်" ဆိုတဲ့ စကားလုံးတစ်လုံးတည်းကြောင့် ယန်ရှီသည် တစ်ကိုယ်လုံး ဆွံ့အမှင်သက်သွားခဲ့ရပြီး အချိန်အတော်ကြာအောင် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ရှိနေသည်။

ရွှယ်နင်သည် ယန်ရှီ၏ သူမအပေါ် ထားရှိတဲ့ ဂရုစိုက်မှုများက စစ်မှန်ပြီး ဖြူစင်တယ်ဆိုတာ သိထား၏။

အရင်ဘဝတုန်းက သူမ အဲ့ဒီအရှုပ်တော်ပုံ ပြဿနာကြီးထဲမှာ နစ်မွန်းနေခဲ့တဲ့အချိန် ယန်ရှီတစ်ဦးတည်းသာလျှင် ညတွင်းချင်း နယ်စားမင်းအိမ်တော်သို့ အသည်းအသန် ပြေးဝင်လာခဲ့ပြီး သခင်မကြီးရှဲ့၏ ရှေ့၌ ဒူးထောက်မတတ် မငြိုမငြင်ဘဲ သူမအတွက် အသနားခံ တောင်းပန်ပေးခဲ့တာ ဖြစ်သည်။

နောက်ပိုင်းတွင် သူမ စုကျန်းနှင့် လက်ထပ်တဲ့အချိန်မှာလည်း ဘယ်သူကမှ သူမကို လေးစားတန်ဖိုးထားခြင်း မရှိခဲ့ကြချေ။

ထိုအချိန်၌လည်း ယန်ရှီတစ်ဦးတည်းသာလျှင် မိမိ၏ တစ်သက်တာ စုဆောင်းထားသမျှ ငွေကြေးဥစ္စာများကို ရွှယ်နင်၏ မင်္ဂလာတင်တောင်းပစ္စည်းများအဖြစ် ထည့်သွင်းပေးရန်အတွက် အိမ်တော်သို့ ယူဆောင်လာပေးခဲ့ဖူးသည်။

ရွှယ်နင်သည် ကြည်လင်ပြီး မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ယန်ရှီအား စိုက်ကြည့်လိုက်သည်။

"အဒေါ်... စိုးရိမ်မနေပါနဲ့တော့။အားနင် ဒီနေ့ နယ်စားမင်းအိမ်တော်ကနေ ထွက်လာခဲ့တာကလည်း... အဒေါ့်ရဲ့ အကူအညီကို လာတောင်းချင်လို့ပါ..."

ယန်ရှီ၏ မျက်လုံးများ ချက်ချင်း နီမြန်းသွား၏။

"လိမ္မာတဲ့ ကလေးလေး... စိုးရိမ်မနေနဲ့နော်။ မင်း ပြောသမျှ အရာအားလုံးကို အဒေါ်က သေချာပေါက် နားထောင်ပေးမယ်"

ရွှယ်နင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အဒေါ် ဒီကိစ္စကို တခြားလူတွေ မသိအောင် လျှို့ဝှက်ပေးထားဖို့ မျှော်လင့်ပါတယ်"

"ကောင်းပါပြီ... စောစောတုန်းက အဒေါ်ကိုယ်တိုင်ကပဲ သေသေချာချာ မတွေးမိတာပါ"

ယန်ရှီသည် စောစောတုန်းက ဒေါသများ အလိပ်လိုက် ထွက်ပေါ်နေခဲ့ပြီး ရွှယ်နင်အတွက် ရပ်တည်ပေးရန်သာ စိတ်အားထက်သန်နေခဲ့ပေမယ့် အခုတော့ သူမ၏ အတွေးအခေါ် လွဲမှားမှုကို သတိပြုမိသွားခဲ့ပြီး အလောတကြီးပင် တောင်းပန်စကား ပြောလာသည်။

"ဒီကိစ္စက မင်းရဲ့ နာမည်ဂုဏ်သတင်းနဲ့ သက်ဆိုင်နေတာပဲ။ မင်းရဲ့ အဒေါ်က ဒီလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ မပေါက်ကြားစေဘဲ လုံခြုံအောင် သေချာပေါက် ပိတ်ဆို့ပေးထားမှာမလို့... စိတ်အေးအေးထားပါ ကလေးလေးရယ်"

ရွှယ်နင်သည် သူမ၏ သေးငယ်နူးညံ့တဲ့ လက်ကလေးကို ဆန့်ထုတ်ပြီး ယန်ရှီ၏ လက်ဖဝါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အဒေါ်..."

လီချန်ချဲ့ရဲ့ အကြည့်များက ယန်ရှီ၏လက်ဖဝါးကို ဆုပ်ကိုင်ထားသော ရွှယ်နင်၏ လက်ကလေးဆီသို့ တိတ်ဆိတ်စွာဖြင့် လိုက်ပါရွေ့လျားလျက် အခြေချသွားသည်။

ပါးလွှာဝေဝါးသော ကုတင်ကန့်လန့်ကာကြီး၏ နောက်ကွယ်၌ တစ်ဝက်နိုးတစ်ဝက်အိပ် အခြေအနေဖြစ်နေသော မိန်းကလေးငယ်သည် ဖရိုဖရဲဖြစ်နေသော အင်္ကျီများများ၊ နူးညံ့ဖြူဝင်းသော အသားအရေက ပန်းရောင်သန်းနေပြီး ရိုးရှင်းတဲ့ မျက်ဝန်းများဖြင့် အပြစ်ကင်းစင်တဲ့ မိန်းမပျိုလေးတစ်ဦး၏ ဆွဲဆောင်မှုရှိသည့် အမူအရာရှိနေသည်။ သူမ၏ စွဲမက်ဖွယ်ကောင်းတဲ့ အမူအရာများက မြင်သူတိုင်း၏ ရင်ကို ဗြောင်းဆန်အောင် ဆွဲဆောင်နိုင်စွမ်းရှိသည်။

သူ့လည်စလုပ်က အထက်အောက် နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားပြီး မျက်ဝန်းများကလည်း နက်မှောင်စူးရှလာခဲ့၏။

အရင်တုန်းက ဘယ်သူကမှ သူ၏ တည်ငြိမ်မှု လှုပ်ခတ်စေနိုင်ခြင်း မရှိခဲ့တာ ထင်ရှားသည်။

ဒါပေမဲ့ ရွှယ်နင်က သူ နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့တဲ့ ရမ္မက်ဆန္ဒများကို အလွယ်တကူ နှိုးဆွပေးနိုင်ခဲ့တယ်။

အမျိုးသား၏ ပူပြင်းတဲ့ အကြည့်များကို ရိပ်မိလိုက်သည့်အတိုင်း ရွှယ်နင်သည် သူမ၏ ရှည်လျားလှသော မျက်တောင်များကို နှိမ့်ချလိုက်သည်။

"သမားတော်ကြီး... ကျွန်မ အပြည့်အဝ နေကောင်းသက်သာသွားဖို့အတွက် အချိန်ဘယ်လောက်လောက် ကြာဦးမလဲဟင်"

သူမ၏ စကားသံအဆုံး၌ အဆောင်တွင်းရှိ လူအားလုံး၏ အကြည့်များက သမားတော်ကြီးထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြ၏။

သမားတော်ကြီးသည် ဆေးညွှန်းကို ရေးသားပြီးစီးသွားခဲ့ပြီဖြစ်သဖြင့် ဖူရှန်း၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။

"ဒီနေ့ အပ်စိုက်ကုသမှု ခံယူပြီးသွားရင်တော့... ဆေးရဲ့ အာနိသင် အများစုက သက်သာသွားမှာပါ။ ဒါပေမဲ့ နောက်ထပ် သုံးကြိမ်လောက် အပ်ထပ်စိုက်ဖို့ လိုအပ်သေးတယ်။အဘိုး ညွှန်းပေးလိုက်တဲ့ ဆေးတွေကိုလည်း တစ်လခွဲလောက် သေသေချာချာ သောက်ပြီး ခန္ဓာကိုယ်ကို နူးနူးညံ့ညံ့ ပြုစုပျိုးထောင်ပေးရမယ်၊ ဒါမှသာ လုံးဝပြန်ကောင်းလာမှာ။ ဒါ့အပြင် သခင်မလေးက မနေ့ညက ရေအေးထဲမှာ အကြာကြီး စိမ်ထားခဲ့မိလို့ အခု ခန္ဓာကိုယ်ထဲကို အအေးဓာတ်တွေ ဝင်သွားပြီ။ အအေးမိတာတွေကို မောင်းထုတ်ပေးပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးမယ့် ဆေးတွေကိုလည်း ထပ်ပြီး သောက်ရဦးမယ်။ မဟုတ်ရင်တော့... ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေခံအုတ်မြစ် ပျက်စီးသွားပြီး နောက်နောင် အိမ်ထောင်ကျတဲ့အခါ သားသမီးမွေးဖို့အတွက် အရမ်း ခက်ခဲသွားလိမ့်မယ်"

ထိုနောက် သူက အခြား ဆေးညွှန်းတစ်ခုကိုပါ ဖူရှန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်၌ ရွှယ်နင်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားခဲ့ပေမယ့် မကြာမီမှာပင် ပြန်လည်တည်ငြိမ်သွားသည်။

သားသမီး မွေးဖွားခြင်းဆိုတာက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးအတွက် ကြီးမားတဲ့ အရေးကိစ္စတစ်ခု ဖြစ်သဖြင့် ယန်ရှီနှင့် ပေါင်ချန်တို့နှစ်ယောက်လုံး သူမအတွက် အလွန်အမင်း စိုးရိမ်ပူပန်စိတ်များ ပြင်းထန်လာကြ၏။

"ကျွန်မတို့ သခင်မလေးက အခုထိ လက်တောင်မထပ်ရသေးဘူး သမားတော်ကြီးရဲ့။ သခင်မလေးကို ဖြစ်အောင် ကူညီပေးပါဦးနော်"

"ဟုတ်ပါတယ် သမားတော်ကြီးရယ်... နင်နင့်ကို သေသေချာချာလေး ထပ်ပြီး စမ်းသပ်စစ်ဆေးပေးပါဦး။ သားသမီး ကိစ္စဆိုတာ ပေါ့ပေါ့ပါးပါး တွေးလို့ရတဲ့အရာ မဟုတ်ဘူးလေ။ အကယ်၍ ရှားပါးပြီး အဖိုးတန်တဲ့ ဆေးဝါးမျိုးတွေ လိုအပ်တယ်ဆိုရင်လည်း ဆေးညွှန်းထဲမှာသာ အကုန်ချရေးပေးပါ... ကျွန်မ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင် ရှာပေးပါ့မယ်"

လောကကြီး၏ ဆင်းရဲဒုက္ခများကို ရိုးအီအောင် မြင်တွေ့ခဲ့ဖူးတဲ့ သမားတော်ကြီးက ပြုံးလိုက်သည်။

"သခင်မလေးက အသက်အရွယ် ငယ်ပါသေးတယ်။ ဆေးကိုသာ သေသေချာချာ မှန်မှန်ကန်ကန် သောက်သုံးသွားမယ်ဆိုရင်တော့... မျှော်လင့်ချက် ရှိပါသေးတယ်ကွယ်။ ကဲ... သွားပြီး ဆေးဖော်စပ်ကြတော့။ သူ(မ) ဒီနေ့ ဆေးရည်ပန်းကန်လုံးအကြီးကြီး သုံးလုံး တိတိ သောက်ရမယ်။နောက်ရက်တွေမှာလည်း ဒီအတိုင်းပဲ နေ့တိုင်း မှန်မှန် သောက်ပေးရမယ်"

ဖူရှန်းသည် သူ့သခင်၏ ညွှန်ကြားချက်များကို စောင့်နေပြီး ထိုနေရာတွင်ပင် ငြိမ်သက်စွာ မတ်တပ်ရပ်နေဆဲ ဖြစ်၏။

လီချန်ချဲ့သည် မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်လိုက်သည်။

"သွားပြီး ဆေးသွားယူချေ"

ဖူရှန်းသည် သူ့စိတ်ထဲ၌ အလွန်အမင်း အံ့ဩတုန်လှုပ်သွားပြီး ဇဝေဇဝါဖြစ်သွားသည်—သူ့သခင်က ဘယ်အချိန်ကစလို့ အခုလို အရမ်းကြင်နာသနားတတ်သွားတာလဲ။

သို့သော် သူ့သခင်၏ မျက်နှာထက်မှ စိုးရိမ်ပူပန်နေတဲ့ အမူအရာများက အစစ်အမှန်ဖြစ်တာကြောင့် သူ အလျင်အမြန်ပဲ ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့"

အပ်စိုက်ကုသမှု ခံယူပြီးသွားသည့် အချိန်ကျမှသာ ရွှယ်နင်၏ ခန္ဓာကိုယ်အတွင်း၌ အားအင်အချို့ ပြန်လည်ဝင်ရောက်လာခဲ့တော့သည်။

သူမ ဒီနေ့ လုမိသားစုအိမ်တော်ကို ပြန်ရောက်လာတာက တကယ်တမ်းတော့ ဆေးဝါးကုသမှု ခံယူရန်အတွက် အကာအကွယ်တစ်ခု ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။

မွန်းလွဲပိုင်း အချိန်သို့ ရောက်ရှိလာခဲ့ချိန်၌ လီချန်ချဲ့သည် ဧည့်သည်ဆောင်အတွင်းသို့ သွားရောက်ကာ အနားယူနေခဲ့ပြီး... ယန်ရှီက သူမအတွက် ဆေးရည်ပန်းကန်လုံးအကြီးကြီး သုံးလုံးကို ကိုယ်တိုင်ကိုယ်ကျ သေသေချာချာ ကျိုချက်ပြင်ဆင်ပေးခဲ့သည်။

ရွှယ်နင်သည် အံကို တင်းတင်းကြိတ်၍ ဆေးရည်နှစ်ပန်းကန်လုံးကို အတင်း သောက်ပစ်လိုက်သော်လည်း... ထိုဆေးရည်များ၏ ခါးသက်သော အရသာက မခံမရပ်နိုင်လောက်အောင် ပြင်းထန်လွန်းသည်။ သူမက ရင်ဘတ်လေးကို ဖိထားမိရင်း အော့အန်ချင်စိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

ယန်ရှီက ဘေးမှနေ၍ စေတနာအပြည့်ဖြင့် အသည်းအသန် ဖျောင်းဖျသည်။

"သမီးက အသက်ငယ်ပါသေးတယ်။ နောက်နောင် လက်ထပ်တဲ့အခါကျရင် ခင်ပွန်းရဲ့ မျိုးရိုးကို ဆက်ခံပေးဖို့ သားသမီးတွေ မွေးပေးရဦးမှာလေ။ ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်မှု မရှိဘဲနဲ့ ဒါတွေ ဘယ်လိုလုပ်နိုင်ပါ့မလဲ"

ရွှယ်နင်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။ သူမက ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက်မှ... ကျန်ရှိနေသေးသော ဆေးရည်များကို တိတ်ဆိတ်စွာဖြင့် အကုန်အစင် သောက်ပစ်လိုက်သည်။

သူမက ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ မျိုးဆက်ကို မွေးဖွားပေးရန်အတွက် ရည်ရွယ်ချက်ရှိနေလို့ မဟုတ်ပေ—သူမက ရောဂါဝေဒနာများ၏ နှိပ်စက်မှုကို ခံစားရတာကိုသာ အလွန်အမင်း ငြီးငွေ့နေခဲ့ပြီဖြစ်ပြီး... ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်တစ်ခုကိုပဲ ပိုင်ဆိုင်ခွင့်ရရှိရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

ယန်ရှီသည် ရွှယ်နင်၏ ဖြူဝင်းနူးညံ့တဲ့ ပါးပြင်လေးကို စိုက်ကြည့်ရင်း စူးစမ်းလိုစိတ်ဖြင့် တိုးတိုးလေး မေးလာခဲ့၏။

"နင်နင်... အဲ့ဒီ သခင်လေးလီဆိုတဲ့သူက... လုစစ်လင်ရဲ့ ညီနောင်လို့ အဒေါ် ကြားမိတယ်။ မင်းရော သူရဲ့ နောက်ခံနဲ့ပတ်သက်ပြီး အသေးစိတ် သိထားတာ ရှိလား"

ရွှယ်နင်က ခေါင်းကို ခါယမ်းလိုက်ရင်း အမှန်အတိုင်း ဖြေလိုက်သည်။

"သမီးလည်း အသေးစိတ်တော့ မမေးဖြစ်ခဲ့ဘူး"

ယန်ရှီသည် မြို့တော်ရှိ အထက်တန်းလွှာ မျိုးရိုးကြီးအိမ်တော်များမှ သခင်လေးများနှင့် ဆက်ဆံရေး လုံးဝမရှိသလောက်ပင် ဖြစ်၏။ စောစောတုန်းက လီချန်ချဲ့တစ်ယောက်တည်းက ရွှယ်နင်ကို ရင်ခွင်ထဲမှာ ပွေ့ချီထားပြီး အိမ်တော်အတွင်း ဝင်ရောက်လာခဲ့တာကို မြင်တွေ့လိုက်ရချိန်၌ သူမ လုံးဝ ဆွံ့အမှင်သက်သွားခဲ့ရသည်။

ပထမဆုံး.... ထိုလူငယ်လေးက နှိုင်းယှဉ်စရာမရှိလောက်အောင် ချောမောလွန်းပြီး... သူ ဝတ်ဆင်ထားတဲ့ ရိုးရှင်းသည့် အဝတ်အစားများကပင် သူ့ရဲ့ ထူးကဲ မြင့်မြတ်သည့် အရှိန်အဝါများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

ဒုတိယအချက်က.....သူ ရွှယ်နင်အပေါ် စိုက်ကြည့်နေတဲ့ အကြည့်များပင်။အပေါ်ယံကြည့်လျှင် ဘာခံစားချက်မှမရှိဘဲ ဂရုမစိုက်သလိုရှိပေမယ့် ထိုမျက်နှာပြင်၏ အောက်ကွယ်၌ ပြောပြရန်ခက်ခဲတဲ့ လျှို့ဝှက်ချက်တစ်ခုရှိနေသည်။

သူမကိုယ်တိုင်က တစ်သက်လုံး ချစ်ခြင်းမေတ္တာကို ခံစားဖူးတာ မရှိခဲ့ပေမယ့် သူမရဲ့ အသက်အရွယ်အရ ရွှယ်နင်၏ အိမ်ထောင်ရေး အနာဂတ်အတွက်ကိုတော့ မတွေးဘဲ မနေနိုင်အောင် စိုးရိမ်ပူပန်မိသည်။

တကယ်တမ်း ကြီးကျယ်ခမ်းနားတဲ့ နယ်စားမင်းအိမ်တော်ကြီးကပဲ သူမကို ဆေးဝါးများဖြင့် အဆိပ်ခတ်ခြင်းကို ခွင့်ပြုထားခဲ့ပြီး အခုလို အခြေအနေမျိုးအထိ အတင်းအကျပ် နှိပ်စက်ကာ ဒီနေရာကို လာရောက်အကူအညီတောင်းခံစေခဲ့တယ်ဆိုလျှင်... သူတို့က နင်နင့်အတွက် ဘယ်လို အိမ်ထောင်ရေးကောင်းမျိုးကို ဖန်တီးပေးနိုင်မှာလဲ။

ယန်ရှီက မဝံ့မရဲဖြင့် ထပ်မံ၍ စမ်းသပ်စစ်ဆေးကြည့်လိုက်ပြန်သည်။

"အဒေါ် မြင်တာတော့... သူက မြင့်မြတ်ပြီး ချောမောတယ်၊ သတ္တိရှိပြီး ထူးခြားပြောင်မြောက်တဲ့အပြင်... မင်းအတွက် ဒီကိစ္စကို လျှို့ဝှက်ပေးထားဖို့လည်း လိုလိုလားလား ကူညီပေးခဲ့သေးတယ်။ သူက မင်းအတွက် တကယ့်ကို သင့်တော်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်လို့ အဒေါ် ထင်မိတာပဲ။ နင်နင်... မင်းရော ဘယ်လိုထင်လဲဟင်"

ရွှယ်နင်သည် သူမ၏ မျက်ဝန်းများကို ပုတ်ခတ်လိုက်မိရင်း အားကိုးရာမဲ့စွာဖြင့် ခပ်ဖွဖွ ပြုံးလိုက်သည်။

"အဒေါ်ကလည်း... သခင်လေးလီက စိတ်နှလုံး ဖြူစင်လွန်းလို့ အားနင်ရဲ့ ဝမ်းကွဲအပေါ် ငဲ့ကွက်ပြီး ကူညီပေးခဲ့တာသက်သက်ပါ။ အားနင်ကတော့ သူနဲ့ ပတ်သက်ပြီး ဘာဆက်ဆံရေးမျိုးမှ ဖြစ်လာဖို့ လုံးဝ စိတ်ကူးမရှိဘူး"

ယန်ရှီက နှမြောတသ ဖြစ်သွားသည်။

"သူ့ရဲ့ နောက်ခံ အဆင့်အတန်းကြောင့်လား"

ရွှယ်နင်က ခေါင်းကို ခါယမ်းလိုက်ရင်း သူမ၏ ရင်ထဲက မငြိမ်မသက် လှုပ်ခတ်နေတဲ့ နှလုံးခုန်သံများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်သည်။

"မဟုတ်ပါဘူး"

တကယ်တမ်းတော့ သူမက သူ့လို ထူးခြားပြောင်မြောက်တဲ့ ယောကျာ်းတစ်ယောက်နဲ့ ထိုက်တန်ခြင်း မရှိပေ။

အကယ်၍သာ သူက တကယ်ပဲ မြို့တော်၏ ဩဇာကြီးမားတဲ့ လီမိသားစု အဖွဲ့ဝင်တစ်ဦး ဖြစ်နေခဲ့မယ်ဆိုပါက သူမနဲ့ သူ့ရဲ့အဆင့်အတန်းက ပိုပြီးတော့တောင် ကွာခြားလွန်းနေပြီ။

သူမက ဒီဘဝမှာ သူမရဲ့ အဆင့်အတန်းထက် မြင့်မားလွန်းတဲ့ နေရာမျိုးကို တက်လှမ်းဖို့အတွက် လုံးဝဆန္ဒမရှိပေ။

သူမ ဆန္ဒရှိတာက သူမနဲ့ အဆင့်အတန်းချင်း တူညီပြီး သာမန်သာရှိတဲ့ သခင်လေးတစ်ယောက်ကို ရှာဖွေကာ လက်ထပ်ထိမ်းမြားပြီး သားသမီးများ မွေးဖွား၍

ရိုးရှင်းပြီး အေးချမ်းတဲ့၊ ကြိုတင်ခန့်မှန်းရ လွယ်ကူတဲ့ ဘဝမျိုးကိုပဲ ကုန်ဆုံးသွားရန် ဖြစ်၏၊ ၎င်းကသာ သူမ မျှော်လင့်နိုင်သမျှ အကောင်းဆုံး ဘဝတစ်ခု ဖြစ်လိမ့်မည်။

သူမက ပြုံးလိုက်သည်။

"သမီးရဲ့ စိတ်ထဲမှာ သဘောကျနေတဲ့သူတစ်ယောက် ရှိနှင့်ပြီးသားပါ အဒေါ်။ အခွင့်အရေး ကြုံရင် အဒေါ်နဲ့ သေချာပေါက် မိတ်ဆက်ပေးပါ့မယ်"

ယန်ရှီက သက်ပြင်းတစ်ချက်ကို တိုးညင်းစွာ ချလိုက်မိသည်။ ရွှယ်နင်က သူမဘာသာ ကိုယ်ပိုင်အတွေးအခေါ် ခိုင်မာစွာ ရှိနှင့်ပြီးသား မိန်းကလေးငယ်တစ်ဦး ဖြစ်ကြောင်း ကောင်းစွာ နားလည်သွား၏။

သူမက ပိုစိုးရိမ်မနေတော့ဘဲ ပြုံးလိုက်မိရင်း... အစေ့ထုတ်ထားပြီးသား ချိုချဉ် သစ်သီးခြောက်ကို ရွှယ်နင်၏ နှုတ်ခမ်းဝဆီသို့ အသာအယာ ခွံ့ကျွေးလိုက်သည်။

"ကဲ... အချိုလေးတစ်ခုခု စားလိုက်ဦးနော်"

ယန်ရှီ၏ ကြင်နာဂရုစိုက်မှုများ ပြည့်နှက်နေတဲ့ မျက်ဝန်းများကို ကြည့်ရင်း... ရွှယ်နင်၏ မျက်လုံးများ အနည်းငယ် ပူလောင်စိုစွတ်လာကာ အသံ တုန်ရီလျက် -

"ကောင်းပါပြီ အဒေါ်... အားနင် အဒေါ့်ရဲ့ အိမ်တော်မှာ ရက်နည်းနည်းလောက် ခဏနေလို့ ရမလားဟင်"

All Chapters