← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁) သူ့ကို အားချဲ့ဟု ခေါ်ခြင်း

သူမက အမြဲတမ်း ဖုံးကွယ်ထားခြင်း ခံခဲ့ရသူဖြစ်ပြီး လက်ညှိုးထိုး အတင်းပြောခံရမှုများနှင့်သာ ယဉ်ပါးနေခဲ့သည်။

တစ်စုံတစ်ယောက်က သူမကို ထူးဆန်းတဲ့အကြည့်များဖြင့် မကြည့်ဘဲ စိတ်ရင်းမှန်ဖြင့် ချီးကျူးလာတာ ဒါက ပထမဆုံးအကြိမ်ပင်။

သူမ၏ မျက်လုံးများက တောက်ပနေကာ ပါးပြင်များမှာ ပန်းရောင်သန်းနေပြီး ရှည်လျားသော မျက်တောင်များကို အောက်သို့ချထားလိုက်သည်။

သူမ၏ နီရဲသော နှုတ်ခမ်းများက စိုစွတ်သောအလင်းရောင် ဖျော့ဖျော့လေး ဖုံးလွှမ်းနေသကဲ့သို့ဖြစ်နေပြီး မြင်သူတိုင်းကို နမ်းရှိုက်ချင်စိတ် ပေါ်လာစေသည်။

ရောက်ရှိနေသူအားလုံးမှာ ယောကျာ်းသားများ ဖြစ်ကြသည်။ သူတို့က အလှများစွာကို မြင်ဖူးခဲ့ကြသော်လည်း ရွှယ်နင်ကဲ့သို့ ရေဖြင့်ဖန်ဆင်းထားသည့်အတိုင်း နူးညံ့ပျော့ပျောင်းလွန်းသူကိုတော့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။ အထူးသဖြင့် သူမ၏ ဖြူစင်ရိုးသားသော ဗာဒံစေ့ပုံစံ မျက်ဝန်းများက ကြီးမား၊ နက်မှောင်ပြီး နက်ရှိုင်း၏။အောက်ဘက်မှနေ၍ မော့ကြည့်လာတဲ့အခါ မြေခွေးမလေးတစ်ကောင်လို သူတို့ရင်ထဲကို ယားယံလာအောင် လှုပ်ခတ်သွားစေသည်။

"အစ်ကိုလီ၊ မိတ်ဆက်ပေးပါဦးလား..."

ပတ်ဝန်းကျင်မှ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။

လီချန်ချဲ့၏ လည်စေ့က လှုပ်ရှားသွားပြီး သူ့အကြည့်များမှာ အနည်းငယ် မှိုင်းညို့သွားသည်။

သူက လက်လှမ်းကာ သူမကို ဆွဲခေါ်လိုက်၏။

ရွှယ်နင်သည် နားမလည်နိုင်စွာဖြင့် မေးစေ့လေးကို မော့လိုက်သည်။

"သခင်လေးလီ၊ ဘာဖြစ်လို့လဲဟင်"

လီချန်ချဲ့က လက်မြှောက်ကာ သူမရဲ့ ပန်းချီကားလိုမျိုး လှပတဲ့ မျက်နှာလေးကို ဖုံးကွယ်ရန် ခေါင်းစွပ်ကို ဆွဲတင်ပေးလိုက်သည်။

ရွှယ်နင်၏ လက်ဝါးအရွယ်အစားသာရှိသည့် မျက်နှာလေးမှာ ထူထဲသော ခေါင်းစွပ်ထဲတွင် ပုန်းကွယ်သွားပြီး နူးညံ့တဲ့ မျက်ဝန်းတစ်စုံကိုသာ မြင်ရတော့သည်။

ထိုမျက်ဝန်းများ၏ အကြည့်အောက်တွင် လီချန်ချဲ့၏ မျက်နှာထားက ပို၍ပင် နက်ရှိုင်းလာခဲ့သည်။

သူက ညင်သာစွာ သက်ပြင်းချလိုက်၏။

"ဘာလို့ ကိုယ့်ကို သခင်လေးလီလို့ ခေါ်နေတုန်းလဲ"

ရွှယ်နင် ဇဝေဇဝါဖြစ်သွားသည်။

"ဒါဆို ကျွန်မက ဘယ်လိုခေါ်ရမှာလဲ"

"ကိုယ်က မင်းရဲ့ စေ့စပ်ထားသူလေ။ အားချဲ့ လို့ ခေါ်ပါ"

ရွှယ်နင်က ချက်ချင်း မခေါ်နိုင်ဘဲ တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်သည်။

"ကျွန်မတို့ လက်မထပ်ရသေးဘူးလေ"

လီချန်ချဲ့က ရယ်မောလိုက်ရင်း သူမကို သတိပေးလိုက်သည်။

"သုံးလပိုင်း ဆယ့်ငါးရက်နေ့လေ"

ရွှယ်နင်၏ နားရွက်များ ပူနွေးလာသည်။

"..."

လီချန်ချဲ့က ရွှယ်နင့်နားနားသို့ ကပ်လိုက်ရာ သူ့အသံမှာ ပို၍နက်ရှိုင်းလာသည်။

"ဆယ့်ငါးရက်ပဲ လိုတော့တယ်"

ထိုအမျိုးသား၏ ထူးခြားသော အေးမြသည့်ရနံ့က သူမကို လွှမ်းခြုံထားပြီး အထူးသဖြင့် သူစကားပြောလိုက်ချိန်တွင် သူ့ရဲ့ နွေးထွေးသော အသက်ရှူငွေ့များက သူမ၏ နားရွက်နောက်ကျောကို လာရောက် ရိုက်ခတ်နေသည်။

ယောကျာ်းတစ်ယောက်နဲ့ ပြောဆိုဆက်ဆံရတာ ဒီလောက်အထိ ခက်ခဲလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးဖူးခဲ့သဖြင့် ရွှယ်နင် လုံးဝ ရှက်သွေးဖြာသွားရတော့သည်။

သူ့အသံက ဩရှရှဖြစ်နေသော်လည်း ဆွဲဆောင်မှုရှိကာ နားထောင်လို့ အလွန်ကောင်းနေသည်။

"နင်နင်... ကိုယ့်အတွက် ခေါ်ပေးပါလား"

ရွှယ်နင့်ရင်ထဲသို့ မီးတောက်တစ်ခု ခုန်ဝင်လာသကဲ့သို့ သူမ၏မျက်နှာ ပူထူလာခဲ့သည်။ ထိုအမျိုးသား၏ သွေးဆောင်မှုအောက်တွင် အချိန်အတော်ကြာမှသာ သူမက နူးညံ့စွာ တိုးတိုးလေး ခေါ်လိုက်သည်။

"အားချဲ့..."

လီချန်ချဲ့၏ နှုတ်ခမ်းထောင့်များက မသိမသာ မြင့်တက်သွားသည်။

"နားထောင်လို့ ကောင်းတယ်"

ရွှယ်နင် အလွန်နေရခက်သွားသဖြင့် အကြည့်လွှဲလိုက်သည်။

"ကျွန်မ လက်ဆောင်လည်း ပေးပြီးပြီ။ ကျွန်မ... ကျွန်မ အခု ပြန်သင့်ပြီ"

"နင်နင်"

ဆွေမျိုးမတော်စပ်သည့် ယောကျာ်းတစ်ဦးက သူမ၏ ငယ်နာမည်ကို ဒီလိုမျိုး နက်ရှိုင်းတဲ့ ချစ်ခင်မှုမျိုးဖြင့် ခေါ်ဆိုခြင်းမှာ ပထမဆုံးအကြိမ်ပင်။

သူမရင်ထဲ နွေးထွေးသွားကာ မျက်နှာများ ရဲတက်လာပြီး မျက်လွှာချထားလိုက်သည်။ ခဏအကြာမှ သူမ၏အသံက နူးညံ့သွားသည်။

"ဘာကိစ္စ ရှိသေးလို့လဲဟင်"

မေးခွန်းတစ်ခုဖြစ်သော်လည်း သူမ၏လေသံတွင် စိတ်မရှည်မှုများ လုံးဝမရှိပေ။ ယင်းအစား ချွဲနွဲ့လိုသည့် အရိပ်အယောင်လေးပင် ပါဝင်နေသည်။

လီချန်ချဲ့၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။

"မင်းပေးတဲ့ လက်ဆောင်ကို ကိုယ် အရမ်းသဘောကျတယ်။ မနက်ဖြန်က နွေဦး တော်ဝင်စာမေးပွဲပဲ။ ကိုယ့်အတွက် စိတ်မပူပါနဲ့။ မင်းရဲ့ ခင်ပွန်းလောင်းက ထိပ်ဆုံးကနေ အောင်မြင်မှုတွေရယူပြီး မင်းကို လာလက်ထပ်မှာ သေချာတယ်။"

"ကောင်းပါပြီ..."

ရွှယ်နင်သည် ထိုအမျိုးသား၏ စူးရှသော အကြည့်များကို ဆက်၍ မရင်ဆိုင်ရဲတော့ပေ။

သူမ၏ နှလုံးခုန်သံများက ဗုံတီးနေသကဲ့သို့ မြန်ဆန်နေပြီး လှည့်ကာ ရထားလုံးပေါ်သို့ အလျင်အမြန် တက်လိုက်သည်။

"အင်း... ကျွန်မ... ကျွန်မ အရင်ပြန်တော့မယ်။"

ဤသို့ပြောပြီးနောက် သူမရင်ထဲ၌ လှိုင်းထန်နေသော ခံစားချက်များကို ငြိမ်သက်စေလိုက်ပြီး ရထားလုံး လိုက်ကာကို ညင်သာစွာပင့်တင်ကာ ထိုအမျိုးသား၏ ချောမောသော မျက်နှာကို လှမ်းကြည့်လိုက်သည်။

"အားချဲ့၊ ရှင့်ဆီက သတင်းကောင်းကို ကျွန်မ စောင့်နေမယ်။"

ထို "အားချဲ့" ဟူသော ခေါ်သံကို ကြားလိုက်ရသောအခါ လီချန်ချဲ့၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။ သူ၏ ကြီးမားသော လက်များကို သူ၏ဝတ်ရုံမှ လက်စွပ်ကျယ်ကြီးများအတွင်း ထည့်သွင်းထားပြီး သူ့မျက်နှာထက်တွင် ဂုဏ်ယူကျေနပ်မှုတို့ ပြည့်နှက်နေသည်။

ရွှယ်နင်က လိုက်ကာကို ချလိုက်ပြီး သူမ၏ နီရဲသော နှုတ်ခမ်းလေးများ ပြုံးယောင်သန်းသွားသည်။

"မန်မန်... အိမ်ပြန်ကြစို့။"

ရထားလုံးဘီးများ တဒေါက်ဒေါက်မြည်ကာ တော်ဝင်ကျောင်းတော်မှ ထွက်ခွာလာပြီး ကျန်းပေါင်ရတနာပြခန်းရှေ့မှ ဖြည်းညှင်းစွာ ဖြတ်သန်းသွားသည်။

ရွှယ်နင်၏ စိတ်အခြေအနေက အလွန်ကောင်းမွန်နေသည်။ လမ်းမထက်ရှိ သာမန်အရပ်သားများ၏ ပျော်ရွှင်စွာ စကားပြောဆိုသံများကို ကြားရသောအခါ သူမ မနေနိုင်တော့ဘဲ ရထားလုံး လိုက်ကာကို မကာ အပြင်သို့ ကြည့်လိုက်၏။

ကံမကောင်းစွာဖြင့် ကျန်းပေါင်ရတနာပြခန်း အဝင်ဝသို့ အတူတကွ ဝင်ရောက်သွားသော စုကျန်းနှင့် ရှဲ့နင်းထန်တို့ကို တိုက်ဆိုင်စွာ မြင်လိုက်ရသည်။

ထိုလူငယ်နှင့် အမျိုးသမီးလေးတို့၏ ရုပ်ရည်ဟာ အလွန်လိုက်ဖက်ပြီး အမျိုးသမီးလေးက အမျိုးသား၏ လက်မောင်းကို ညင်သာစွာ ကိုင်တွယ်ထားရာ ရင်းနှီးကျွမ်းဝင်စွာဖြင့် ကြည်နူးဖွယ်ရာ မြင်ကွင်းပင်။

သို့သော် သူမက သာမန်ကာလျှံကာ တစ်ချက်မျှသာ ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာပင် အကြည့်လွှဲလိုက်သည်။

အဝင်ဝတွင် ရပ်နေတဲ့ စုကျန်းက တစ်စုံတစ်ခုကို ခံစားမိသွားပုံရသည်။ သူက အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

တဝဲလည်လည် ကျဆင်းနေသော နှင်းမှုန်များကြားတွင် ရွှမ်းယီနယ်စားအိမ်တော်မှ ရထားလုံးသည် တဖြည်းဖြည်းနှင့် ဝေးကွာသွားလေသည်။

...

နွေဦး တော်ဝင်စာမေးပွဲကြီး ကျင်းပမည့်နေ့တွင် ရွှယ်နင် အစောကြီး နိုးနေ၏။

မိုးမလင်းခင်မှာပင် သူမက ရထားလုံးကို အဆင်သင့်ပြင်ခိုင်းပြီး တစ်စုံတစ်ယောက်ကို စာမေးပွဲခန်းမသို့ လိုက်ပို့ရန် နယ်စားမင်းအိမ်တော်မှ ထွက်လာခဲ့သည်။

စာမေးပွဲခန်းမ အဝင်ဝတွင် ရထားလုံးများနှင့် မြင်းများ ကြက်ပျံမကျ စည်ကားနေပြီး မိသားစုအသီးသီးမှ သူတို့၏ စာမေးပွဲဖြေဆိုမည့်သူများကို လာရောက်ပို့ဆောင်ပေးနေကြသည်။

ရွှယ်နင်၏ ရထားလုံးသည် လမ်းထောင့်သို့သာ ရောက်သေးသော်လည်း ရှေ့ဆက်၍ တိုးမရတော့ပေ။

သူမမှာ ရွေးချယ်စရာမရှိတော့သဖြင့် ပေါင်ချန်နှင့်အတူ ရထားလုံးပေါ်မှဆင်းကာ စာမေးပွဲခန်းမ အဝင်ဝသို့ လူအုပ်ကြားထဲမှ တိုးဝှေ့သွားရတော့သည်။

သို့သော် သူတို့ အနီးသို့ မရောက်ခင်မှာပင် စာမေးပွဲလာဖြေသော လော်ဝမ်ကျွင်းနှင့် ဆုံတွေ့သည်။

လော်မိသားစု၏ ရထားလုံးက အဝင်ဝသို့သွားမည့် သူတို့၏လမ်းကို တိုက်ဆိုင်စွာ ပိတ်ဆို့နေသည်။

သခင်မကြီးလော် ကိုယ်တိုင် သူ့ကို လာပို့ခြင်းဖြစ်၏။ လော်ဝမ်ကျွင်းက ရထားလုံးပေါ်မှ ခြေဆွဲကာ ဆင်းလာပြီး မော့ကြည့်လိုက်စဉ် ရွှယ်နင်နှင့် မျက်နှာချင်းဆိုင် ဆုံသွားတော့သည်။

ရွှယ်နင် အနည်းငယ် အံ့အားသင့်သွားတယ်။ လော်ဝမ်ကျွင်းနှင့် ပတ်သက်သည့် သတင်းအစအန မကြားရတာ အတော်ကြာခဲ့ပြီ။

သူ အရိုက်ခံရပြီးကတည်းက ဤသည်မှာ ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ရခြင်းလည်း ဖြစ်သည်။

ထိုအမျိုးသား၏ သပ်ရပ်သောမျက်ခုံးပေါ်တွင် ယခုအခါ ရှည်လျားသော အမာရွတ်တစ်ခုက ဖျက်ဆီးထားပြီး သူ့နှုတ်ခမ်းထောင့်မှာလည်း အရင်ကလို ဖြောင့်တန်းမနေတော့ဘဲ အနည်းငယ် စောင်းရွဲ့နေသည်။

အသိသာဆုံးမှာ သူ၏ခြေထောက်များပင်။ ထူထဲသောဝတ်ရုံဖြင့် ဖုံးအုပ်ထားသော်လည်း သူလမ်းလျှောက်သည့်အခါ အနည်းငယ် ခြေဆွဲနေဆဲဖြစ်၏။

ကံကောင်းသည်မှာ သာ့ယုံမင်းဆက်သည် ပညာရှင်များ၏ ရုပ်ရည်သွင်ပြင်အပေါ် တင်းကျပ်သော သတ်မှတ်ချက်များ မထားရှိပေ။ သူ့လိုမျိုး ဒုက္ခိတနီးပါး ဖြစ်နေသူပင်လျှင် နွေဦး တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်သေးသည်။

မထင်မှတ်ထားတာက စုယင်နှင့် အဲ့လောက်အထိ အခြေအနေတက်သွားခဲ့ပေမယ့် သူတို့နှစ်ယောက် လက်ထပ်ရန်ကိစ္စကို မဆွေးနွေးရသေးခြင်းပင် ဖြစ်သည်။

ဖြစ်နိုင်ခြေအများဆုံးက သခင်မကြီးရှဲ့က လော်ဝမ်ကျွင်းကို အထင်သေးနေပြီး စုယင်ကလည်း သူမကို ကလဲ့စားချေရန်အတွက်သာ သူ့ကို အသုံးချကာ ရစ်ပတ်နေခြင်းဖြစ်မယ်။ သူတို့နှစ်ဦးကြားမှာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ မရှိပေ— အားလုံးက ဟန်ဆောင်မှုသက်သက်ပဲ။

ကြည်လင်သောရေပြင်မှ ထွက်ပေါ်လာသည့် ကြာပန်းတစ်ပွင့်ကဲ့သို့ ဖြူစင်လှပနေသော ရွှယ်နင်၏ မျက်နှာကို မြင်လိုက်ရချိန်တွင် လော်ဝမ်ကျွင်း၏ သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။ သူ့အကြည့်များ တုန်လှုပ်သွားပြီး အလွန်အမင်း ရှက်ရွံ့စွာဖြင့် မျက်နှာလွှဲသွားတော့သည်။

သို့သော် သခင်မကြီးလော်က ရွှယ်နင်ကို မြင်သည်နှင့် နောင်တတရားများ ပြည့်နှက်သွားကာ ဝမ်းသာအားရဖြင့် ရေရွတ်လိုက်သည်။

"နင်နင်… သမီး ဒီနေ့ ဘာလာလုပ်တာလဲ"

ရွှယ်နင်၏ မျက်လုံးများက နူးညံ့သောအပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"သခင်မကြီး၊ ကျွန်မရဲ့ စေ့စပ်ထားတဲ့သူကို စာမေးပွဲလာပို့တာပါ"

လော်ဝမ်ကျွင်းသည် သခင်မကြီးလော်၏ အနောက်တွင် ကျောခိုင်းရပ်နေပြီး မျက်လွှာချထားသည်။ဒီစကားကို ကြားလိုက်ရတဲ့အခါ သူ့မျက်နှာအမူအရာမှာ တောင့်တင်းသွားတော့သည်။

သခင်မကြီးလော်ကလည်း အံ့အားသင့်စွာဖြင့် မေးလိုက်၏။

"နင်နင်က စေ့စပ်လိုက်ပြီလား။ ဘယ်တုန်းကလဲ။ ဘာလို့ သတင်းအစအနတောင် မကြားရတာလဲ"

ရွှယ်နင်က လော်ဝမ်ကျွင်းကို မေ့မရနိုင်သေးဘဲ သူ့ကို စာမေးပွဲခန်းမ အဝင်ဝမှာ တမင်တကာ လာစောင့်နေတယ်လို့ သူမက ထင်နေခဲ့တာ။

ဒါပေမဲ့ သူမ လုံးဝ မထင်မှတ်ထားခဲ့တာ… ရွှယ်နင်က ဒီလောက်မြန်ဆန်စွာဖြင့် အခြားတစ်ယောက်နှင့် စေ့စပ်သွားလိမ့်မည် ဟူ၍ပင်။

သခင်မကြီးလော်၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုများနှင့် လော်ဝမ်ကျွင်း၏ အကြည့်ထဲမှ လက်မခံချင်မှုများကို သတိထားမိလိုက်သောအခါ ရွှယ်နင်၏ နှုတ်ခမ်းများက နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

"ဒါတွေ ဖြစ်လာအောင် ဖန်တီးပေးတဲ့ သခင်လေးလော်ကို ကျေးဇူးတင်ရမှာပေါ့။ သခင်လေး လီချန်ချဲ့နဲ့ ကျွန်မရဲ့ စေ့စပ်ပွဲက အရမ်းမြန်မြန်ဆန်ဆန်ပဲ ပြီးပြတ်သွားခဲ့တယ်။ မင်္ဂလာပွဲကလည်း နောက်ရက်အနည်းငယ်နေရင် ကျင်းပတော့မှာပါ။ ကျွန်မတို့က သိုသိုသိပ်သိပ်ပဲ လုပ်ချင်တာဆိုတော့… ကျွန်မကို လီမိသားစုဆီ ခေါ်သွားဖို့ ဝေါယာဉ်တစ်စီးရှိရင်ပဲ မင်္ဂလာကိစ္စ ပြီးမြောက်ပါပြီ။"

သခင်မကြီးလော်၏ ရင်ထဲတွင် နာကျင်မှုတစ်ချက်ကို ခံစားလိုက်ရသည်။

"နင်နင်ရယ်၊ လော်ဝမ်ကျွင်းက သမီးအပေါ် မှားယွင်းခဲ့တာပါ"

ရွှယ်နင်က အပြုံးမပျက်ဘဲ ပြန်ပြောလိုက်သည်။

"သခင်မကြီး၊ အဲဒီလို မပြောပါနဲ့။ လော်မိသားစုထဲကို ဝင်ဖို့ အားနင်ပဲ ကံမပါခဲ့တာပါ"

သခင်မကြီးလော်က အလွန်အမင်း စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။

သူမက ရွှယ်နင်ကို အမြဲတမ်း သဘောကျခဲ့သော်လည်း သူမ၏ မြေးဖြစ်သူက သူမကို စိတ်ပျက်စေခဲ့သည်။

လော်ဝမ်ကျွင်းက သူ့နှလုံးသားကို အပ်များဖြင့် ထိုးစိုက်နေသကဲ့သို့ ခံစားနေရပြီး သူ့စိတ်ဝိညာဉ်မှာလည်း ဝေခွဲမရဖြစ်ကာ တုန်လှုပ်နေသည်။

သူသာ စုယင်နှင့် မပတ်သက်ခဲ့မိလျှင်... ရွှယ်နင်က ယခုအချိန် သူ့ဇနီးဖြစ်နေလောက်ပြီ။

ရွှယ်နင်က နတ်သမီးလေးတစ်ပါးလို လှပပြီး သူမ၏အမူအကျင့်က စုယင်ထက် ပို၍ နူးညံ့သိမ်မွေ့သည်။ ထို့အပြင် သူမက ဉာဏ်ကောင်းကာ၊ ကျွမ်းကျင်လိမ္မာပြီး အသိဉာဏ်လည်း ရှိ၏။

ဒါပေမဲ့ သူက... ဘယ်လိုဖြစ်ပြီး စုယင်၏ ပြုစားခြင်းကို ခံလိုက်ရမှန်း မသိပေ။ လီချန်ချဲ့နှင့်အတူ ရထားလုံးပေါ်မှ သူမ ဆင်းလာတာကို မြင်ပြီးနောက် သူ ဒေါသထွက်ကာ မနာလိုဖြစ်ခဲ့ရပြီး စိတ်ရှုပ်ထွေးနေသည့် အခြေအနေတွင် စုယင်နှင့် ဖောက်ပြန်မိသွားခဲ့သည်။

All Chapters