အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇) - သူမဘာသာ ရွေးချယ်ပါစေ
ရင်ဘတ်ထဲက ဖိသိပ်ထားရသည့် လေးလံထိုင်းမှိုင်းမှုကြီးက ရုတ်တရက် လွင့်စင်သွားပြီး ရွှယ်နင်၏ ကျန်းမာရေးထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတာကို သူမ နားလည်သွားသည်။
ထိုစဉ် ပေါင်ချန်က ဆေးပန်းကန်လုံးကို ကိုင်ကာ ဝင်လာခဲ့၏။
"သခင်မ... ဆေးရည် ကျိုလို့ပြီးပါပြီ။"
ရက်အတော်ကြာ မှေးမှိန်ခြောက်သွေ့နေခဲ့သော အိပ်ဆောင်လေးသည် ယခုအခါ နွေးထွေးသော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
သခင်မကျန်းက ဆေးပန်းကန်လုံးကို လှမ်းယူကာ ရွှယ်နင်ကို ကိုယ်တိုင်ကိုယ်ကျ ဆေးတိုက်လေသည်။
ရွှယ်နင် အားနာတာကြောင့် ပြောလိုက်သည်။
"အမေ... သမီးဘာသာ သောက်ပါရစေ"
သခင်မကျန်းက ပြုံးလိုက်သည်။
"မင်းက ကျန်းအာအတွက် ဓားချက်ကို ဝင်မခံပေးခဲ့ရင်တောင်မှ အမေတစ်ယောက်အနေနဲ့ ကိုယ့်သမီးကို ဆေးတိုက်ပေးလို့မရဘူးလား"
ရွှယ်နင် နှုတ်ခမ်းလေးကို စေ့ပိတ်ထားရင်း သခင်မကျန်းကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။ နာမကျန်းဖြစ်နေသူက သူမကိုယ်တိုင် ဖြစ်သော်လည်း သခင်မကျန်းကတော့ ပိန်ကျသွားပြီး မျက်နှာလည်း ပို၍ ဖြူဖျော့နေခဲ့သည်။
သူမသည် လိမ္မာပါးနပ်စွာဖြင့် ဆေးရည်ကို သောက်လိုက်၏။
ဆေးက အလွန်ခါးမှန်း သိသဖြင့် သခင်မကျန်းက သူမပါးစပ်ထဲသို့ သစ်သီးခြောက်တစ်ဖတ် ခွံ့ပေးလိုက်သည်။
ချိုမြိန်သော အရသာက ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး ရွှယ်နင်၏ မျက်ဝန်းလေးများက အလိုအလျောက် လခြမ်းကွေးလေးလို ပြုံးယောင်သန်းသွားတော့သည်။
သူမ သတိရလာပြီဖြစ်ကြောင်း ကြားသိရတဲ့အခါ စုမန်နှင့် အခြားသူများက မျက်လုံးများကို ပွတ်သပ်ရင်း လာကြည့်ကြသည်။
"ဝူးဝူးဝူး... နင်နင်ရယ်... နင် ဒီတစ်ခေါက်တော့ ငါ့ကို တကယ်လန့်အောင် လုပ်တာပဲ။ ငါ့မှာ ဒီလောက်ကောင်းတဲ့ ညီမလေးတစ်ယောက် ဆုံးရှုံးရတော့မလို့။ နင်က ဘာလို့ အစ်ကိုကြီးအတွက်နဲ့ ဓားချက်ကို ဝင်ခံရဲရတာလဲ။ ဓားကြီးက အကြီးကြီးကို!"
"ငါ—"
သူမ ဘယ်လိုရှင်းပြရမှန်း မသိတော့ပေ။
သို့သော်လည်း လူတိုင်းက သူမ စုကျန်းအပေါ် ထားရှိတဲ့ နက်ရှိုင်းသော ခံစားချက်များကြောင့် အရေးကြုံချိန်မှာ အသက်ပင်မငဲ့ဘဲ ဓားချက်ကို ဝင်ခံပေးခဲ့တယ်လို့သာ ထင်မှတ်နေကြသည်။
စုမန်က ကုတင်ပေါ်သို့ ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ပစ်လှဲရန် လုပ်လိုက်သော်လည်း မျက်စိလျင်သော သခင်မကျန်းက အချိန်မီ တားဆီးလိုက်သည်။
"ဒီကောင်မလေးကတော့နော်... အိပ်ချင်မူးတူးနဲ့ ဘာတွေလုပ်နေတာလဲ။"
ရွှယ်နင်က ရင်ဘတ်က ဒဏ်ရာကို ဖိထားရင်း အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရသည်။
"မန့်မန့်... ငါ့ကို အသက်ထွက်အောင် မလုပ်ပါနဲ့ဦး။"
"တောင်းပန်ပါတယ်၊. ငါ အိပ်ချင်မူးတူး ဖြစ်နေလို့ပါ။ နင့်ကို ဖက်ချင်ရုံတင်ပါ..."
ပြောပြောဆိုဆိုနှင့် သူမက အနားသို့ တိုးကပ်လာပြန်သည်။ သခင်မကျန်းက အစေခံများကို ညွှန်ကြားရန် အလုပ်ရှုပ်နေစဉ် စုမန်က ရွှယ်နင်၏ နားနားသို့ ကပ်ကာ အသံတိုးတိုးဖြင့် ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။
"ဒီတစ်ခေါက်တော့ ရှီဇီအစ်ကိုကြီးလည်း တကယ်ကို စိတ်လှုပ်ရှားသွားတာ။ နင်နင်... နင် နယ်စားမင်းစံအိမ်ကို ချွေးမအဖြစ် ဝင်နိုင်မဝင်နိုင်ဆိုတာ ဒီအချက်ပေါ်မှာပဲ မူတည်တော့တယ်။ ငါ့ကို စိတ်မပျက်စေနဲ့နော်... နင့်ကို ငါ့ရဲ့ ယောင်းမအဖြစ် မြင်ချင်နေတာ ကြာပြီ။"
ရွှယ်နင် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် တံခါးအပြင်ဘက်မှ အစေခံတစ်ဦးက လှမ်းအော်လိုက်သည်။
"သခင်မလေးရွှယ်... မင်းသမီး ရောက်လာပါတယ်"
စုမန်က ချက်ချင်းပင် ကိုယ်ကို နောက်ဆုတ်လိုက်ပြီး ရွှယ်နင်၏ ဘေးတွင် မှီကာ ငိုက်မြည်းနေတော့သည်။
သူမက ရွှယ်နင် ဘာမှမဖြစ်တော့တာကို သိရရုံနှင့်တင် အလွန် ဝမ်းမြောက်နေခဲ့ပြီ။
ဘာပဲဖြစ်ဖြစ်... အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတရားက အရာရာထက် ကြီးမြတ်သည်။ အကယ်၍ နင်နင်ကသာ ဒီအချက်ကို သုံးပြီး ရှီဇီအစ်ကိုကြီးကို လက်ထပ်ဖို့ ဖိအားပေးမယ်ဆိုရင် သူ မလိုချင်ရင်တောင် သဘောတူရုံမှတစ်ပါး အကြောင်းမရှိပေ။
ဒါ့အပြင်... ဒီကိစ္စကို ရှီဇီအစ်ကိုကြီးကိုယ်တိုင်က စတင်ပြောဆိုခဲ့တာ မဟုတ်လား။ သူက နင်နင်အပေါ် အမြဲတမ်း ဂရုစိုက်ခဲ့တာ... သူမ ငယ်ငယ်ကတည်းက အထင်အရှား မြင်ခဲ့ရတယ်။ ရှီဇီအစ်ကိုကြီးကိုယ်တိုင်ကပဲ ထိုအရာကို သာမန်ဟု ထင်မှတ်နေပြီး ဘယ်လောက်အထိ တန်ဖိုးရှိလဲဆိုတာ နားမလည်တာ။
ကိုယ်လုပ်တော်နျဲ့သည် စုရှီး၊ မင်းသမီး ရှို့နင်းတို့နှင့်အတူ ရောက်ရှိလာသည်။
ကိုယ်လုပ်တော်နျဲ့သည် လီယွင်ဆောင်တွင် အမြဲတစေ ဆိတ်ငြိမ်စွာ နေထိုင်လေ့ရှိပြီး ပြင်ပလူများနှင့် ထိတွေ့ဆက်ဆံလေ့ မရှိပေ။
သို့သော် ယခု သူမက ကိုယ်တိုင် လာရောက် ကြည့်ရှုနှုတ်ဆက်လာသည်။ ရွှယ်နင်၏ မျက်ဝန်းများက လှုပ်ခတ်သွားပြီး သူမကို စိုက်ကြည့်လိုက်သည်။
ကိုယ်လုပ်တော်နျဲ့က လက်ဆောင်တစ်ခု ယူဆောင်လာခဲ့၏။၎င်းမှာ အဆင့်မြင့် ဒဏ်ရာ ကုသဆေးပင် ဖြစ်သည်။
"ဒီခရမ်းရောင် ကျောက်စိမ်းဆီမွှေးက ဒဏ်ရာတွေအတွက် အကောင်းဆုံးဆေးပဲ။ နင်နင်... ဒဏ်ရာပေါ်ကို မှန်မှန်လူးပေးဖို့ မမေ့နဲ့ဦး၊ ဒါမှ ဒဏ်ရာက ပိုပြီး မြန်မြန်သက်သာမှာ။"
ထိုစကားကို ကြားလိုက်ရချိန်တွင် သခင်မကျန်း၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး ဖြူဖျော့သွားတော့သည်။
ကိုယ်လုပ်တော်နျဲ့က ၎င်းကို သတိမထားမိသည့်အတိုင်း ပြုံးလျက်ပင် ဆက်ပြောလေသည်။
"ဒါက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ့လက်ကို မတော်တဆ ထိခိုက်မိတုန်းက နယ်စားမင်း ကိုယ်တိုင် ပေးထားတဲ့ဆေးပဲ။ အခုတော့ နင်နင် သုံးကြည့်ရအောင် ငါ ယူလာပေးတာ။ ဒီခရမ်းရောင် ကျောက်စိမ်းဆီမွှေးက တကယ်ကို အစွမ်းထက်ပြီး အမာရွတ်လည်း အတော်လေး မှေးမှိန်စေတယ်။"
ရွှယ်နင်သည် ဒီလိုဆေးမျိုးကို စုကျန်း၏ စာကြည့်ခန်းထဲတွင် မြင်ဖူးသည်။ ဤမျှ အဖိုးတန်သော ဆေးဝါးမျိုးကို နန်းတော်မှသာ ချီးမြှင့်လေ့ရှိပြီး သခင်မကျန်းထံတွင်ပင် မရှိချေ။ သို့သော် ကိုယ်လုပ်တော်တစ်ဦးကတော့ ဒီလိုမျိုးလွယ်ကူစွာ ထုတ်ပေးနိုင်နေသည်။
သူမက ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဒေါ်"
ကိုယ်လုပ်တော်နျဲ့သည် အခန်းထဲရှိ ကုလားထိုင်တစ်လုံးတွင် ယဉ်ကျေးစွာ ဝင်ထိုင်လိုက်သည်။
သခင်မကျန်းက မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှမပြောဘဲ နေလိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းများတွင် အထီးကျန်ရိပ်များ ဖုံးလွှမ်းသွားခဲ့သည်။
"ညီမလေးနင်—"
စုရှီးက စကားစလာသည်။
"နင့်ဒဏ်ရာက သိပ်တော့ မပြင်းထန်ပါဘူးနော်။ အမာရွတ် ကျန်ခဲ့ဦးမှာလား။ နင်က မိန်းကလေးငယ်တစ်ယောက်လေ... အမာရွတ်ကြီး ကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ။"
မြင်းထိန်းကိစ္စ ဖြစ်ပွားပြီးကတည်းက စုရှီးသည် သိသိသာသာ အပြစ်ပေး မောင်းမဲခြင်းခံခဲ့ရပြီး အတော်လေး ငြိမ်ကုပ်သွားခဲ့၏။ သို့သော် သူမ၏ မျက်ဝန်းအကြည့်များထဲတွင်မူ ပြောမပြတတ်အောင် မှိုင်းညို့နေသည့် အရိပ်အယောင်များ ရှိနေဆဲပင်။
ရွှယ်နင်သည် လူတိုင်းနှင့် အပေါ်ယံ သဟဇာတဖြစ်အောင်သာ နေထိုင်သူဖြစ်သည်။ စုရှီးက စိုးရိမ်ပူပန်ပြနေသဖြင့် သူမကလည်း လိမ္မာပါးနပ်စွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
"သိပ်မပြင်းထန်ပါဘူး။ အမာရွတ်ကျန်ခဲ့ရင်တောင် ကျွန်မ ဂရုမစိုက်ပါဘူး။"
ထို့နောက် သူမက မြင်းထိန်းကိစ္စကိုပါ တမင်သက်သက် စကားရှာပြီး မေးလိုက်သည်။
"အစ်မကြီး... အဲ့ဒီမြင်းထိန်းကိုရော ဘယ်လို အရေးယူလိုက်ပြီလဲဟင်။"
စုရှီး၏ မျက်နှာက အနည်းငယ် ပျက်သွားသော်လည်း သခင်မကျန်းနှင့် ကိုယ်လုပ်တော်နျဲ့တို့၏ ရှေ့တွင် ဒေါသပုံမချရဲပေ။ ထို့ကြောင့် သူမက ဗြောင်ကျကျပင် ပြောလိုက်၏။
"ညီမလေးက ဒဏ်ရာသက်သာဖို့ကိုပဲ အရင်အာရုံစိုက်ပါဦး။ မဟုတ်ရင် ငါ လုမိသားစုနဲ့ လက်ထပ်ဖို့ ကိစ္စပြောတဲ့အခါ နင်က ကုတင်ပေါ်မှာပဲ လဲနေဦးမှာလား။ လုမိသားစုမှာက လူအများကြီး ကျန်တာမဟုတ်ဘူး၊ နင်ကိုယ်တိုင် ငါ အဲ့ဒီအိမ်ကို သတို့သမီးအဖြစ် ရောက်သွားတာကို မျက်ဝါးထင်ထင် မြင်စေချင်တာ။"
ထိုစကားများက အတော်ပင် ရင့်သီးသည်။ ရွှယ်နင်က မျက်လွှာချလိုက်ပြီး သူမ၏ မျက်ဝန်းထဲက အေးစက်မှုများကို ဖုံးကွယ်ကာ ပြုံး၍ ပြန်ပြောလိုက်သည်။
"အစ်မကြီး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အစ်ကိုလုက စာရေးပြီး ပြောထားတယ်လေ... လုမိသားစုနဲ့ အိမ်ထောင်ရေးကိစ္စက ရှေ့ဆက်နိုင်မလား၊ မဆက်နိုင်ဘူးလားဆိုတာ သူ့ရဲ့ညီမဖြစ်တဲ့ ကျွန်မရဲ့ စကားအပေါ်မှာလည်း မူတည်တယ်တဲ့။ ဘာပဲဖြစ်ဖြစ် လုမိသားစုမှာ လူအများကြီး ကျန်တာမဟုတ်တော့ အစစအရာရာကို သေသေချာချာ ထည့်တွက်ရမှာလေ။"
စုရှီးက အံကြိတ်ကာ မချိပြုံး ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းများက ကျိန်ဆဲနေသည့်အတိုင်း ရှိသော်လည်း စကားလုံးများကတော့ ယဉ်ကျေးနေဆဲပင်။
"ညီမလေးကောင်းလေးရယ်... ငါက နင့်ကို စိတ်ပူလို့ ပြောတာပါ။ စိတ်ထဲ မထားပါနဲ့။"
ရွှယ်နင်ကလည်း စည်းကမ်းတကျပင် ပြန်လည် တုံ့ပြန်လိုက်သည်။
"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အစ်မကြီး။"
မင်းသမီး ရှို့နင်းကတော့ နူးညံ့ပြီး တည်ငြိမ်သည်။ သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ဆင်မြန်းထားကာ အဆင့်မြင့် ဂျင်ဆင်းဆေးမြစ်များကို လက်ဆောင်ပေးလာသည်။ ရွှယ်နင်က ငတုံးမဟုတ်ပေ။ မင်းသမီး၏ မျက်ဝန်းထဲက နက်ရှိုင်းသော အဓိပ္ပာယ်များနှင့် အကဲခတ်လိုတဲ့ အကြည့်များကို သူမ ထင်ထင်ရှားရှား မြင်နေရသည်။
စုကျန်း သူမကို ကိုယ်လုပ်တော်အဖြစ် ယူချင်တယ်ဆိုတဲ့ အချက်က ဒီအခန်းထဲမှာ မင်းသမီး ရှို့နင်းကို အမုန်းတီးဆုံး ဖြစ်စေမှာ အသေအချာပင်။
သို့သော် မင်းသားရီစံအိမ်မှ မြင့်မြတ်သော မင်းသမီးတစ်ပါး ဖြစ်သည့်အတွက် ဘယ်လောက်ပဲ မကျေမနပ် ဖြစ်ပါစေဦးတော့... မျက်နှာထက်တွင် ဘယ်တော့မှ အရိပ်အယောင်ပြမှာ မဟုတ်ပေ။
အရင်ဘဝတုန်းက ရွှယ်နင်သည် မင်းသမီး ရှို့နင်း၏ လက်ချက်ဖြင့် ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရတာကြောင့် သူမ၏(ရှို့နင်း) ဟန်ဆောင်ကောင်းမှုများကို ကောင်းကောင်း သိထားသည်။ ထို့ကြောင့် သူမကလည်း အပေါ်ယံ ယဉ်ကျေးမှုကိုသာ ထိန်းသိမ်းထားလိုက်သည်။
"ကျေးဇူးတင်ပါတယ် မင်းသမီး။"
ရှဲ့နင်းထန်က မဲ့ပြုံး ပြုံးလိုက်ရင်း ပြောသည်။
"တို့တွေက ညီအစ်မတွေပဲ။ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ။ နောင်ကျရင် ညီမလေးရဲ့ လမ်းညွှန်မှုတွေကို အများကြီး လိုအပ်ဦးမှာပါနော်။"
ရွှယ်နင်သည် သူမ၏ လက်ကို တိတ်ဆိတ်စွာ ပြန်ရုပ်သိမ်းလိုက်သည်။
ဘယ်သူက သူမနဲ့ ညီအစ်မ တော်ချင်လို့လဲ။ သူမ နောက်တစ်ကြိမ် ပြန်သေရပါစေဦးတော့... မင်းသမီး ရှို့နင်းနှင့်တော့ ယောက်ျားတစ်ယောက်တည်းကို ဘယ်တော့မှ မျှဝေသုံးစွဲမှာ မဟုတ်ဘူး။
ဆေးရည်ကို သောက်ပြီးနောက် ဖူလင်ဆန်ပြုတ်ကိုလည်း ကုန်လုနီးပါး သောက်ပြီးသောအခါ ရွှယ်နင်သည် အစေခံများ အားလုံး သိမ်းဆည်းပြီးသည်အထိ၊ စုမန်နှင့် အခြားသူများ ပြန်လည်ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက်မှသာ သူမက ခေါင်းမော့ကာ သခင်မကျန်းကို မေးလိုက်တော့သည်။
"အမေ... အစ်ကိုကြီးက သမီးကို ကိုယ်လုပ်တော်အဖြစ် ယူချင်တယ်လို့ ကြားမိတယ်... အဲ့ဒါ အမှန်ပဲလားဟင်။"
သခင်မကျန်းက သက်ပြင်းချကာ ပြန်ဖြေသည်။
"အဲ့ဒါ... အမှန်ပဲ။"
ရွှယ်နင်၏ နှလုံးသားက တင်းကြပ်သွားသည်။
"အမေကရော ဘယ်လိုထင်လဲဟင်"
သခင်မကျန်းက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။
"မေမေကတော့ သမီး သတိရလာတဲ့အထိ စောင့်ပြီး သမီးရဲ့ သဘောထားကိုပဲ မေးကြည့်မယ်လို့ တွေးထားတာ"
ငယ်ငယ်ကတည်းက ရွှယ်နင်သည် စုကျန်းအနားသို့ တကောက်ကောက် လိုက်ပါခဲ့ပြီး သူမ၏ စုကျန်းအပေါ် ထားရှိသည့် သံယောဇဉ်ကို ဖုံးကွယ်၍ မရခဲ့ချေ။ အိမ်တော်ရှိ လူအများအပြားကလည်း သူမက စုကျန်းကို နှစ်သက်ပြီး အရွယ်ရောက်လျှင် လက်ထပ်ချင်တာကို သိထားကြသည်။ အိမ်ရှင်မတစ်ဦးဖြစ်သည့် သခင်မကျန်းက ဒီအရာကို ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။ စုကျန်းကသာ ရွှယ်နင်အပေါ် အမြဲတမ်း အေးစက်စက်နှင့် အလှမ်းကွာဝေးစွာ ဆက်ဆံခဲ့၍သာ သူမက လူကြီးချင်း အတင်းအကျပ် သဘောမတူခဲ့ဘဲ ကလေးနှစ်ယောက် အရွယ်ရောက်လာသည်အထိ စောင့်ဆိုင်းရန်သာ တွေးခဲ့ခြင်း ဖြစ်သည်။
အခု စုကျန်းကလည်း အရွယ်ရောက်လာပြီး ရွှယ်နင်ကလည်း အိမ်ထောင်ပြုနိုင်တဲ့ အရွယ် ရောက်ရှိလာခဲ့ပြီ။ သို့သော် စုကျန်းကို အမြဲနှစ်သက်ပြီး လက်ထပ်ချင်ခဲ့တဲ့ ရွှယ်နင်က ရုတ်တရက်ကြီး သူမ၏ မွေးစားသမီးအဖြစ် ခံယူရန် အဆိုပြုလာခဲ့သည်။ မွေးစားသမီးအဖြစ် အသိအမှတ်ပြုတဲ့ ဂုဏ်ပြုပွဲကလည်း ခမ်းနားထည်ဝါစွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ စုကျန်း၏ ညီမတစ်ဦးအနေဖြင့် သူမက ဘယ်လိုလုပ် သူ့ရဲ့ ကိုယ်လုပ်တော်တစ်ယောက်အဖြစ် သက်သက်သက်သာ ကူးပြောင်းသွားနိုင်ပါ့မလဲ။ သခင်မကျန်းကိုယ်တိုင်ပင် ရွှယ်နင်ကို ကိုယ်လုပ်တော်အဖြစ် မမြင်ချင်သလို သခင်မကြီးကိုယ်တိုင်လည်း ဤအရာကို ဘယ်တော့မှ သဘောတူမည် မဟုတ်ပေ။
ထို့ကြောင့် ဤကိစ္စကို စုကျန်းက တစ်ကြိမ်သာ စကားစပ်မိခဲ့ပြီးနောက် ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။
အရာရာတိုင်းက ရွှယ်နင် သတိရလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရပြီး သူမ မရှိဘဲနှင့် ပြောသမျှ စကားတိုင်းက အပိုသာ ဖြစ်လိမ့်မည်။
သခင်မကျန်းက ရွှယ်နင်၏ ပိန်လှီသော လက်ကလေးကို ပြန်ဆုပ်ကိုင်လိုက်ပြီး အလေးအနက် မေးလိုက်သည်။
"နင်နင်.. သမီးရဲ့ စိတ်ထဲမှာ တကယ်ပဲ ဘာကို တွေးနေတာလဲ။ အမေ့ကို အမှန်အတိုင်း ပြောပြလို့ရတယ်။ အမေ သမီးအတွက် အရာရာကို စီမံပေးမယ်။ သမီးက ကျန်းအာရဲ့ တရားဝင်ဇနီး အဖြစ် နေရာလိုချင်ရင်တောင်မှ အမေ သမီးကိုယ်စား တိုက်ပွဲဝင်ပေးမယ်။"
ဂုဏ်သိက္ခာက ဘာမလို့လဲ။ နယ်စားမင်းအိမ်တော်ကြီးရဲ့ သိက္ခာတရားကရော ဘာမလို့လဲ။ ထိုအရာအားလုံးက ရွှယ်နင်၏ ကျန်းမာရေးနှင့် ပျော်ရွှင်မှုလောက် အရေးမကြီးပေ။
ရွှယ်နင်ကို သမီးအဖြစ် မွေးစားခဲ့ကတည်းက သူမက ဒီကလေးမလေးကို သူမ၏ ချွေးမဖြစ်လာရန် ကြာမြင့်စွာကတည်းက ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် သူမက ရွှယ်နင်၏ မျက်နှာလေးကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေမိပြီး ကျေနပ်ဖွယ်ရာ အဖြေတစ်ခုကို စောင့်မျှော်နေသည်။