အခန်း ၂၁၆
Vol. 22 Ch. 216
အခန်း (၂၁၆) - "နင်နင်၊ မင်း ကိုယ့်ကို သဘောကျနေတာလား"
မကြည့်မိလျှင် တော်သေးတယ်၊ တစ်ချက်လေး ကြည့်မိသွားချိန်တွင်တော့ လန့်ဖြန့်သွားရတော့၏။
သူမ၏ အိပ်စက်သည့်ပုံစံက အလွန်ဆိုးရွားနေပြီး လက်ခြေများက အမျိုးသား၏ ကိုယ်ပေါ်တွင် ရစ်ပတ်ရှုပ်ထွေးနေသည်။
အထူးသဖြင့် သူမ၏ ဒူးခေါင်းက သူ့ပေါင်ပေါ်တွင် တင်နေခြင်းပင်။
ပြီးတော့ ယောက်ျားတွေက မနက်ခင်းဆိုရင် အမြဲတမ်း...
သူမ၏ နားရွက်များ ရုတ်တရက် ပူနွေးလာပြီး၊ အမျိုးသား မျက်လုံးမပွင့်သေးခင် အချိန်လေးတွင် သူမ၏ ခြေသလုံးကို သတိထားကာ အမြန်မတင်လိုက်သည်။
သို့သော် သူမ၏ ခြေသလုံး တစ်ဝက်လောက် အရောက်တွင်၊ အပေါ်စီးမှနေ၍ မှောင်မိုက်ပြင်းထန်သော အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။ ထိုအကြည့်က အကောင်အထည်ရှိသည့်အရာတစ်ခုလိုပင် သူမ၏ ဦးခေါင်းထက်သို့ ဖိကျလာသည်။
လန့်သွားသဖြင့် သူမ၏ ခြေသလုံးလေးက မူလနေရာသို့ ပြန်ကျသွား၏။
အမျိုးသားက မျက်မှောင်ကြုတ်သွားပြီး ခပ်တိုးတိုး ညည်းသံတစ်ခု ထွက်ပေါ်လာသည်။
ရှက်ကိုးရှက်ကန်းဖြင့် သူမ မျက်နှာလေးကို မော့လိုက်ပြီး နှုတ်ခမ်းထောင့်တွင် လိမ္မာရေးခြားရှိသော အပြုံးလေးတစ်ခုကို ဖန်တီးလိုက်သည်။
"အားချဲ့၊ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး။"
စကားပြောရင်း သူမ၏ အကြည့်များက ထိုနေရာသို့ တစ်ချက်ရောက်သွားပြီးနောက် အလျင်အမြန်ပင် အကြည့်လွှဲလိုက်သည်။ ထို့နောက် သူမ၏ ပါးပြင်နှစ်ဖက်လုံး နီမြန်းသွားတော့သည်။
သူမကြောင့် အမျိုးသား နိုးသွားပြီဖြစ်၍၊ သူမ ဒီအတိုင်း ထိုင်လိုက်သည်။
သို့သော် သူမ၏ ခါးစည်းကြိုးက ဘယ်လိုလုပ် ပြုတ်နေမှန်းမသိပေ... သူမ လှုပ်ရှားလိုက်သည်နှင့် အတွင်းခံဝတ်ရုံတစ်ခုလုံး အောက်သို့ လျှောကျသွားပြီး၊ ဖွေးဥနေသော ရင်သားများ ပေါ်လွင်သွားသည်။
သူမရဲ့ မျက်နှာလေး ပူနွေးသွားပြီး၊ အဝတ်အစားများကို အလောတကြီး ပြန်ဆွဲစေ့လိုက်၏။
"ကျွန်မ... အင်း... မနေ့ညက ကိစ္စတွေကို ဘာမှမမှတ်မိတော့ဘူး အားချဲ့။ ကျွန်မ မူးနေလို့လား။ ဒါဆို ကျွန်မ ရှင့်ကို ဘာမှမလုပ်ခဲ့ဘူးမလား။"
လီချန်ချဲ့က လက်ကိုခေါင်းအုံးလျက် ရွှယ်နင်၏ ပြာယာခတ်နေသော လှုပ်ရှားမှုများကို အေးအေးဆေးဆေး ကြည့်နေပြီး၊ သူ၏ ထိုအခြေအနေကို မြင်တွေ့ခံလိုက်ရသည့်အပေါ် မည်သည့် ရှက်ရွံ့မှုမျိုးမှ မပြသပေ။
"မလုပ်ပါဘူး။"
သူက မလုပ်ဘူးဟု ပြောသော်လည်း၊ သူ့မျက်ဝန်းများကမူ ရိုးသားမှုကင်းမဲ့နေသည်။
ထို့ထက်ပို၍ နက်ရှိုင်းမှောင်မိုက်သော ပြင်းထန်မှုများပင် ပါဝင်နေသေးတယ်။ ၎င်းက ရွှယ်နင်၏ ဦးရေပြားကိုပင် ကျင်တက်သွားစေသည်။
ရွှယ်နင် အတင်း ရယ်ကျဲကျဲ လုပ်လိုက်သည်။
"ဒါဆို တော်သေးတာပေါ့။"
လီချန်ချဲ့က အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်သည်။
"နောင်တစ်ချိန် ကိုယ် မုဆိုးဖိုဖြစ်သွားလိမ့်မယ်လို့ပဲ မင်း ပြောခဲ့တာလေ။"
ထိုစကားကို ကြားတဲ့အခါ ရွှယ်နင် ထိတ်လန့်သွားသည်။
သူမ အရက်သောက်ရင် အမူအကျင့်မကောင်းမှန်း သူမသိတယ်။ အရက်နည်းနည်းသောက်ရုံဖြင့် မူးလွယ်ပြီး၊ တစ်ခါမူးသွားရင် ဘာကိုမှ သတိမထားမိတော့ဘူး။
မင်းသမီးကြီးစံအိမ်မှာ အစောပိုင်းက ဖြစ်ခဲ့တာတွေကိုတော့ မှတ်မိနေသေးပေမယ့်၊ ပြီးနောက် နယ်စားမင်းအိမ်တော်ကို ဘယ်လိုပြန်ရောက်လာလဲဆိုတာကိုတော့ လုံးဝ မှတ်မိမနေတော့ပေ။ အဲ့လိုဆိုပေမယ့် သူမက သဘာဝအရ အမြဲတမ်း လိမ္မာရေးခြားရှိသူဖြစ်လို့၊ မူးနေရင်တောင်မှ လိမ်လိမ်မာမာ အိပ်ပျော်သွားလောက်ပြီး အလွန်အကျွံကိစ္စများ လုပ်မှာမဟုတ်ပါဘူး။
ဒါပေမဲ့ ဒီလိုစကားမျိုးကို ဘယ်လိုလုပ် ပြောထွက်သွားရတာလဲ။
လီချန်ချဲ့က မိစ္ဆာတစ်ကောင်လို ကောက်ကျစ်စဉ်းလဲသူပဲ။ သူမ မူးနေတယ်ဆိုပေမယ့်... သူက တစ်ခုခု ထူးခြားနေတာကို သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ။
သူမကို သရဲတစ္ဆေလို သဘောထားပြီး မီးရှို့သတ်ပစ်လိုက်မလား။
ရွှယ်နင်၏ ပါးပြင်များ နီရဲသွားပြီး ခေါင်းကို ကုတ်ကာ မသိချင်ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
"ဟင်၊ အားချဲ့၊ ဒီနေ့ ဟန်လင်ကျောင်းတော်ကို မသွားဘူးလား။"
လီချန်ချဲ့က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
"ဒီနေ့က ပိတ်ရက်လေ။ မင်းကို အဖော်ပြုပေးဖို့ အိမ်မှာ နေတာ။"
ရွှယ်နင် သူ့ကို သတိထားကာ တစ်ချက်ခိုးကြည့်လိုက်ပြီး၊ စိတ်ထဲမှ တွေးနေမိသည်။
သူက အဲဒီလိုအခြေအနေကြီး ဖြစ်နေတာကို... ဘာလို့ မဖြေရှင်းသေးတာလဲ။
လီချန်ချဲ့က ထိုအကြောင်းအရာကို လက်လွှတ်လိုက်မည့် အစီအစဉ်မရှိပေ။ သူက ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လာပြီး၊ ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာက ရွှယ်နင်အနားသို့ တိုးကပ်လာကာ အသံကို နှိမ့်လိုက်သည်။
"နင်နင်၊ ဘာလို့ မဖြေတာလဲ။"
ရွှယ်နင် ကိုယ်လုံးလေး တောင့်တင်းသွားပြီး၊ သူ၏ ဖြောင့်စင်းသော နှာတံကို စိုက်ကြည့်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ထို့နောက် အပြစ်ကင်းစင်သော ဟန်ဖြင့်-
"ကျွန်မ အဲဒီလိုတွေ ပြောခဲ့တယ်လို့ မမှတ်မိပါဘူး"
လီချန်ချဲ့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပို၍ နီးကပ်စွာ တိုးကပ်လာသည်။
"တကယ်လား"
ရွှယ်နင်က သူ၏ ပန်းပုဆစ်ထားသကဲ့သို့ ထူးကဲစွာ လှပနေသော မျက်နှာကို စိုက်ကြည့်ရင်း လန့်ဖြန့်ကာ နောက်သို့ ဆုတ်မိသွားသည်။
လီချန်ချဲ့က ရှည်လျားသော လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူမ၏ ခါးလေးကို ရစ်ပတ်၍ အနီးသို့ ဆွဲယူလိုက်သည်။ သူ့ရဲ့ဖြောင့်စင်းသော နှာတံက သူမ၏ ပိစိကွေးကွေး နှာတံလေးပေါ်သို့ ညင်သာစွာ ဖိကပ်သွားသည်။
သူတို့နှစ်ယောက် အလွန်နီးကပ်နေသဖြင့် ထွက်သက်ဝင်သက်များပင် ရောယှက်နေ၏။
လီချန်ချဲ့က မျက်လွှာကို အနည်းငယ် ချလိုက်ပြီး သူမ၏ နှာခေါင်းလေးနှင့် သူ့နှာခေါင်းကို ပွတ်တိုက်ကာ တိုးရှအက်ကွဲသော အသံဖြင့် "ဟင်" ဟု မေးလိုက်သည်။
အမျိုးသား၏ ဆွဲဆောင်မှုရှိပြီး အက်ကွဲကွဲအသံကို ကြားလိုက်ရသဖြင့် ရွှယ်နင်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ရင်ခုန်သံများ မြန်ဆန်လာသည်။
သူမက အမျိုးသား၏ တည်ငြိမ်သော မျက်ဝန်းများကို ပြာယာခတ်စွာ ကြည့်လိုက်၏။
"ကျွန်မ... ကျွန်မ မူးပြီး ကယောင်ကတမ်းတွေ လျှောက်ပြောနေတာပါ၊ ကိုယ်တိုင်တောင် ဘာဆိုလိုမှန်း မသိဘူး။ မိုးလင်းနေပြီ၊ အို... ဒုတိယအိမ်တော်ခွဲက မိသားစုတွေ ရောက်လာတော့မှာလား။ ကျွန်မ ထမှဖြစ်မယ်။ အားချဲ့၊ ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးပါ။"
လီချန်ချဲ့၏ အကြည့်များက လျစ်လျူရှုထားသကဲ့သို့ ရှိနေဆဲပင်။ မိန်းကလေးက စကားလမ်းကြောင်းလွှဲနေတာကို မြင်တဲ့အခါ သူက သူမကို တဖြည်းဖြည်း လွှတ်ပေးလိုက်သည်။
ရွှယ်နင် သက်ပြင်းချလိုက်ပြီး ကုတင်ပေါ်မှ အလောတကြီး ဆင်းလိုက်၏။ သို့သော် ခြေတင်ခုံပေါ်တွင် ခြေချမိရုံရှိသေး၊ သူမ၏ နောက်ကျောဘက်မှ အမျိုးသားက အေးအေးဆေးဆေး ပြောလိုက်သံကို ကြားလိုက်ရသည်။
"နင်နင်၊ မင်း ကိုယ့်ကို သဘောကျနေတာလား"
ရွှယ်နင်၏ ကိုယ်လုံးလေး တောင့်တင်းသွားပြီး ရင်ခုန်သံများပင် ရပ်တန့်မတတ် ဖြစ်သွားသည်။
သူမက သူ့အပေါ် မသင့်တော်တဲ့ အတွေးများရှိနေတာကို သူသာ သိသွားခဲ့ရင်၊ သူမကို မနှစ်မြို့ဘဲ ရွံရှာသွားမှာလား။
ထိုအချိန်မှစပြီး သူ့ရှေ့မှာ ကောင်းမွန်စွာ ရပ်တည်ခွင့်ပင် ဆုံးရှုံးသွားမှာလား။
သူမအပေါ် တစ်သက်လုံး ရွံရှာခဲ့တဲ့ စုကျန်းကို ပြန်လည်သတိရမိချိန်တွင် ရွှယ်နင် လုံးဝ အေးခဲသွားတော့သည်။
လီချန်ချဲ့က ခြေထောက်တစ်ဖက်ကို ကွေးထားပြီး သူ့လက်ကြီးဖြင့် နားထင်ကို ထောက်ထားရာ ဆွဲဆောင်မှုရှိပြီး လူဆိုးလေးတစ်ယောက်လို ဖြစ်နေသည်။
"ပြောလေ"
ရွှယ်နင်က စိုးရိမ်တကြီးဖြင့် တံတွေးမျိုချလိုက်ပြီး အတန်ကြာမှသာ ပြတ်သားသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။
"မဟုတ်ပါဘူး၊ အစ်ကိုလုကို သဘောကျသလိုမျိုး အားချဲ့ကိုလည်း ကျွန်မ သဘောကျတာပါ။ အဲဒီလို သဘောကျလို့ မရဘူးလား။"
လီချန်ချဲ့က မျက်လုံးကို အနည်းငယ် ကျဉ်းလိုက်သည်။
"ရတာပေါ့။ ဒါပေမဲ့ နင်နင်၊ မင်း ကိုယ့်ကို ညီမတစ်ယောက်က အစ်ကိုတစ်ယောက်အပေါ် သဘောကျတဲ့ စိတ်မျိုးနဲ့ပဲ တကယ် သဘောကျတာလား။"
ရွှယ်နင်က သူမ၏ လက်လေးများကို နောက်ကျောတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။ သူမက ခေါင်းမော့ကာ ရိုးသားစွာ ပြုံးပြလိုက်သည်။
"ဟုတ်တယ်၊ ညီမတစ်ယောက်က အစ်ကိုတစ်ယောက်ကို သဘောကျသလိုမျိုးပါပဲ။ အားချဲ့ ကျွန်မကို မယုံဘူးဆိုရင် ကျွန်မ ကျိန်ဆိုရဲပါတယ်... ကျွန်မသာ ရှင့်ကို တကယ်သဘောကျခဲ့ရင် သေတဲ့အခါ အသေဆိုးနဲ့......"
"ရွှယ်နင်!"
လီချန်ချဲ့၏ မျက်နှာ မှောင်မိုက်သွားပြီး သူမ၏ နိမိတ်မကောင်းသော စကားများကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။
"မင်း ကိုယ့်ကို သဘောမကျဘူးဆိုရင်တောင်မှ၊ ဒီလိုစကားတွေ ပြောစရာ မလိုပါဘူး။"
ရွှယ်နင် နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး၊ မနေ့ညက အားချဲ့ကို အထင်လွဲစေမည့် တစ်ခုခုများ သူမ လုပ်ခဲ့မိသလားဟု စိတ်ထဲတွင် တွေးတောနေမိသည်။
သို့သော် အရင်က အရက်အနည်းငယ် သောက်မိတိုင်း သူမက အမြဲတမ်း လိမ္မာစွာ နေတတ်သည်။ မူလသဘာဝအရ သူမ ဘာမှ မသင့်တော်တာ လုပ်ခဲ့မည် မဟုတ်ပေ။
သူမက တွေဝေစွာဖြင့် မေးလိုက်သည်။
"တောင်းပန်ပါတယ် အားချဲ့။ မနေ့က ကျွန်မ မူးပြီး ရှင့်ကို ဒုက္ခရောက်စေမယ့် တစ်ခုခုများ လုပ်ခဲ့မိလို့လား။"
လီချန်ချဲ့က မျက်လုံးကို ခဏမှိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မလုပ်ပါဘူး၊ ကိုယ်က ဒီတိုင်း သာမန်ကာလျှံကာ မေးကြည့်တာပါ။ စိတ်ထဲ မထားပါနဲ့။"
ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။
"ကျွန်မ ထူးဆန်းတာတစ်ခုခု ပြောခဲ့မိရင်တောင်မှ၊ ဒါက မူးနေလို့ပဲ ဖြစ်မှာပါ။ အားချဲ့လည်း စိတ်ထဲ မထားပါနဲ့နော်။"
လီချန်ချဲ့ လုံးဝ မယုံကြည်သေးပေ။ မနေ့ညက ရထားလုံးထဲမှာ သူက ရွှယ်ယန်ရန်ကို သဘောကျကြောင်း ပြောချိန်၌ သူမ အသည်းအသန် ငိုကြွေးခဲ့တယ်လေ။
ထိုအပြုအမူက ညီမတစ်ယောက်က အစ်ကိုတစ်ယောက်အပေါ် ထားရှိသည့် အပြုအမူမျိုး သေချာပေါက် မဟုတ်ဘူး။
သူက သူမကို စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရွှယ်နင်က ပါးလွှာသော အိပ်ရာဝင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ အမျိုးသား၏ ပူလောင်လုမတတ် အကြည့်အောက်တွင် သူမ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
"အားချဲ့၊ ကျွန်မ မူးပြီး ထပ်ပြဿနာရှာမိသေးလား"
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် လီချန်ချဲ့က နက်နဲသော အကြည့်ဖြင့် ပြောလိုက်သည်။
"မရှာပါဘူး၊ မင်း ထလို့ရပြီ"
အမျိုးသားက မနေ့ညက ကိစ္စများကို ဆက်မမေးတော့တာကို မြင်မှ ရွှယ်နင် အနည်းငယ် စိတ်အေးသွားသည်။ ထို့နောက် မနေ့က မင်းသမီးယန်ရန်က သူ့ရဲ့ကိုယ်လုပ်တော်ဖြစ်ချင်ကြောင်း ပြောခဲ့တာကို သတိရသွားပြီး သူမ၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားသည်။
ဒါပေမဲ့ သူမ မပြောလျှင်တောင်မှ၊ မင်းသမီးယန်ရန်ကိုယ်တိုင် တစ်နေ့နေ့တွင် ဖွင့်ပြောလာမည်သာ။
ထိုသို့ဆိုလျှင် သူမက လူကောင်းဝင်လုပ်ပြီး မင်းသမီးကြီးစံအိမ်တော်ကို မထိခိုက်အောင် နေတာက ပိုကောင်းလိမ့်မယ်။
လီချန်ချဲ့က သူမ၏ တုံ့ဆိုင်းနေမှုကို သတိထားမိလိုက်သည်။
"မင်း ထပ်ပြောစရာ ရှိသေးလို့လား"
ရွှယ်နင် အတင်းပြုံးလိုက်သည်။
"အားချဲ့၊ မင်းသမီးယန်ရန်—"
လီချန်ချဲ့မှာ အခုဆိုရင် ရွှယ်ယန်ရန်၏ နာမည်ကို ကြားသည်နှင့် ခေါင်းကိုက်လာသလို ခံစားရသည်။
"သူ(မ)အကြောင်း မပြောနဲ့။"
ရွှယ်နင် နှုတ်ခမ်းကို ဖိကိုက်လိုက်သော်လည်း ဆက်ပြောလိုက်သည်။
"ဒီစကားက နည်းနည်း မသင့်တော်ဘူးလို့ ထင်ရပေမယ့်၊ မင်းသမီးယန်ရန် ကိုယ်တိုင်က ကမ်းလှမ်းလာတာပါ။ သူ(မ)က ရှင့်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ တကယ်လိုလားနေပုံရတယ်။ ကျွန်မ မသိတာက ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင့်ရဲ့ သဘောထားက ဘယ်လိုရှိလဲ ဆိုတာပဲ။"
လီချန်ချဲ့ မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်ပြီး ရွှယ်နင်ကို မော့ကြည့်လိုက်ရာ သူ၏ အသံတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
"မင်းက ကိုယ့်အတွက် ကိုယ်လုပ်တော် ယူပေးချင်နေတာလား"