← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း (၁၁၂) - မင်္ဂလာရက် သတ်မှတ်ခြင်း

စုမန်သည် ဤကိစ္စနှင့်ပတ်သက်၍ အလွန်ဒေါသထွက်နေပြီး ရွှယ်နင်အတွက် ကိုယ်တိုင် ရပ်တည် ဖြေရှင်းပေးချင်စိတ်ပင် ပေါက်နေမိသည်။

သို့သော် သူတို့က အားနွဲ့သည့် မိန်းမသားနှစ်ဦးသာ ဖြစ်ကြ၏။ လော်ဝမ်ကျွင်းကို ကလဲ့စားချေဖို့ နေနေသာသာ စံအိမ်တော်ပြင်ပသို့ ခြေလှမ်းလှမ်းရန်ပင် ခက်ခဲသည်။

"ငါ အစ်ကိုကြီးကို သွားရှာမယ်!"

ရွှယ်နင်က သူမကို ဆွဲထားလိုက်သည်။

"မန်မန်... နင့်အစ်ကိုက ငါ့အတွက် ကလဲ့စားချေပေးတာထက်စာရင် ဒီအရှက်ကွဲမှုကိုပဲ ငါ ခံယူလိုက်ပါ့မယ်။"

စုမန်က သူမကို ဖက်ကာ ခါးခါးသီးသီး ငိုကြွေးလိုက်သည်။

"ဒါပေမယ့် နင်နင်ရယ်... နင်က လီမိသားစုထဲကို ဒီလိုမျိုး လက်ထပ်ဝင်သွားရင် သခင်လေးလီက ဆင်းရဲတဲ့စာသင်သားပဲ ဖြစ်ပါစေဦး၊ ဒီကိစ္စကြောင့် နင့်ကို စိတ်နာသွားရင် ဘယ်လိုလုပ်မလဲ? သူတို့မိသားစုက နင့်ကို လက်မခံဘဲ ငြင်းပယ်ရင်ရော?"

ရွှယ်နင်က ပြုံးလိုက်သည်။

"ရပါတယ်၊ အဆင်ပြေပါတယ်။"

အကယ်၍ သူက သူမကို စိတ်နာသွားလျှင်ပင် သူမ ဝမ်းနည်းမှာ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူတို့က ဟန်ပြလက်ထပ်ကြခြင်းသာ ဖြစ်၏။ သခင်လေးလီက ဒီလက်ထပ်ပွဲကို အသုံးပြုပြီးတော့ သူမကို စုကျန်းဆီက လွတ်မြောက်အောင် ကူညီပေးရန် လိုလိုလားလား ရှိနေခြင်းအပေါ်တွင်ပင် သူမ အလွန် ကျေးဇူးတင်နေမိပြီ။

ကံကောင်းထောက်မစွာဖြင့် ရက်အနည်းငယ်အကြာတွင် လော်ဝမ်ကျွင်းသည် အရိုက်ခံရပြီး ခြေထောက်နှစ်ဖက်စလုံး ကျိုးကာ သွားများလည်း ကြေမွလျက် လမ်းကြားတစ်ခုထဲ၌ စွန့်ပစ်ခြင်းခံထားရတာကို တွေ့ရှိခဲ့ရသည်။ တစ်စုံတစ်ယောက်က သူ့ကို တွေ့ရှိချိန်တွင် သူ၏ရင်ဘတ်ပေါ်ရှိ အဝတ်ဖြူစပေါ်၌ "မနာလိုစိတ်ဖြင့် မဟုတ်မမှန် သတင်းလွှင့်ခြင်း - သွားနုတ်ခြင်းဖြင့် အပြစ်ပေးသည်" ဟု ရေးသားထားသည်။

တစ်ချိန်က တောက်ပသော အနာဂတ်ရှိခဲ့သည့် စာပေပညာရှင်တစ်ဦးက ယခုအခါ ခြေထောက်ကျိုးသွားခဲ့ရသဖြင့် နွေဦး တော်ဝင်စာမေးပွဲကိုပင် ဝင်ရောက်ဖြေဆိုနိုင်ပါဦးမလား မသေချာတော့ပေ။

တုန်းကျင်းတွင် သူမနှင့်ပတ်သက်သည့် ကောလာဟလများက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သော်လည်း ဂုဏ်သရေရှိ အမျိုးသမီးများကတော့ သူမနှင့် ပေါင်းသင်းရန် ငြင်းဆန်နေကြဆဲဖြစ်ပြီး မင်းသမီးရှို့နင်း၏ ခြံဝင်းဆီသို့သာ အလုအယက် သွားရောက်နေကြဆဲပင်။

ရွှယ်နင်က အဲ့လိုစည်ကားမှုမျိုးကို ဂရုမစိုက်ပေ။ သူမအတွက်တော့ မကောင်းတဲ့အကြံအစည်ရှိသူများက သူမ၏အစီအစဉ်များကို ဖျက်ဆီးပစ်မှာကို စိုးရိမ်ရသဖြင့် ဤလက်ထပ်ပွဲက သိုသိုသိပ်သိပ် ဖြစ်လေလေ၊ ပိုကောင်းလေလေပင် ဖြစ်သည်။

သခင်လေးလီက ဖူရှန်းအား တံတိုင်းကို ကျော်တက်စေပြီး စာတစ်စောင် ပေးပို့ခဲ့ကာ သူ၏မိသားစုဘက်မှ အကြောင်းပြန်ကြားချက် ရရှိပြီဖြစ်ကြောင်း ပြောခိုင်းလိုက်သည်။

သူ့ဖခင်က လက်ထပ်ပွဲကို သဘောတူခဲ့သော်လည်း တုန်းကျင်းတွင် မရှိသဖြင့် စာသုံးစောင်နှင့် ကျင့်ဝတ်ခြောက်ပါး ထုံးတမ်းစဉ်လာများကို သခင်လေးလီ ကိုယ်တိုင်သာ စီစဉ်ဆောင်ရွက်ရမည်ဖြစ်သည်။

နောက်နှစ်ရက်နေလျှင် သူက လူခေါ်ပြီး တရားဝင် လာရောက်တောင်းရမ်းမည်ဖြစ်၏။

နာကျိနှင့် ချင်းချီ (ဗေဒင်တွက်ခြင်းနှင့် ရက်ရွေးခြင်း) ကိစ္စရပ်များအတွက်မူ ကျန့်ကော်ဘုရားကျောင်းမှ ဆရာတော်ကြီးထံတွင် တိုင်ပင်မေးမြန်းပြီး ဖြစ်နေလေပြီ။

တိတ်ဆိတ်သော ညဉ့်နက်သန်းခေါင်တွင် ဖူရှန်းက တံတိုင်းထိပ်ကို ဖက်တွယ်ထားရင်း သူ၏ခေါင်းပေါ်သို့ နှင်းပွင့်များ ခပ်ဖွဖွ ကျဆင်းနေသည်။

သူ၏ချောမောသော မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေ၏။

"သခင်မလေးရွှယ်... သခင်မလေးနဲ့ ကျွန်တော့်သခင်လေးရဲ့ မွေးသက္ကရာဇ် ဇာတာတွေက အရမ်းပဲ လိုက်ဖက်ညီတယ်။ ဆရာတော်ကြီးကတောင် သခင်မလေးတို့နှစ်ယောက်က အတိတ်ဘဝကတည်းက ရေစက်ပါလာခဲ့တာ ဖြစ်ပေမယ့် အဲဒီတုန်းက အတူမနေခဲ့ရလို့ ဒီဘဝမှာ ပြန်လည်ဆုံဆည်းဖို့ လူဝင်စားလာကြတာလို့ မိန့်ကြားခဲ့တယ်။"

"တကယ်လား?"

ရွှယ်နင် အတန်ငယ် အံ့ဩသွားပြီး ခဏမျှ ငေးမှိုင်သွားကာ သူမ၏မျက်လုံးများက တောက်ပသွားခဲ့သည်။

ဖူရှန်းက တံတိုင်းကို ကိုင်ထားရာမှ လက်ချော်သွားပြီး အောက်သို့ လျှောကျလုနီးပါး ဖြစ်သွားသည်။

သူမ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ဖူရှန်းအား တံတိုင်းပေါ်မှ အမြန်ဆင်းလာရန် တိုက်တွန်းလိုက်သည်။ အပြင်ဘက်တွင် နှင်းများ သည်းထန်စွာ ကျနေသဖြင့် အတွင်းသို့ ဝင်လာကာ ရေနွေးကြမ်းပူပူတစ်ခွက် သောက်ရန် ပြောလိုက်၏။

ဖူရှန်းက လက်ယမ်းပြရင်း အူတူတူနှင့် ပြုံးလိုက်သည်။

"သခင်လေးက ပြောထားတယ်... ကျွန်တော်က အမျိုးသမီးတစ်ယောက်ရဲ့ အိပ်ဆောင်ထဲကို စည်းမဲ့ကမ်းမဲ့ မဝင်ရဘူးတဲ့။ ကျွန်တော် ဒီမှာတင် အဆင်ပြေပါတယ်။"

ပေါင်ချန်ကလည်း ခေါင်းလေးစောင်းကာ တံတိုင်းကို ဖက်တွယ်ထားသည့် ဖူရှန်း၏ ပုံစံကို ကြည့်ပြီး သဘောကျနေသည်။

"ကံကောင်းလို့ ငါတို့ခြံဝင်းက လူသူဝေးတဲ့နေရာမှာ ရှိနေတာ။ တစ်စုံတစ်ယောက်သာ နင့်ကို မြင်သွားရင် သူခိုးဆိုပြီး မောင်းထုတ်ခံရမှာ သေချာတယ်။"

ဖူရှန်းသည် ပေါင်ချန်က သူ့အား စနောက်နေခြင်းဖြစ်မှန်း သိသဖြင့် ထပ်မံရယ်မောလိုက်သည်။

"သခင်မလေးရွှယ်... သခင်လေးက ပြောလိုက်ပါတယ်၊ လာမယ့်နှစ်ရဲ့ သုံးလပိုင်း တစ်ဆယ်ရက်နေ့၊ သုံးလပိုင်း တစ်ဆယ့်ငါးရက်နေ့နဲ့ ခြောက်လပိုင်း တစ်ဆယ့်ကိုးရက်နေ့တွေက အရမ်းမင်္ဂလာရှိတဲ့ ရက်ကောင်းရက်မြတ်တွေဖြစ်လို့ သခင်မလေး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်တဲ့။"

ရွှယ်နင်သည် လီချန်ချဲ့ သူမထံ ရေးသားပေးပို့လိုက်သော စာကို သေချာဖတ်လိုက်သည်။

ထိုအမျိုးသား၏ လက်ရေးလက်သားက စွမ်းအားပြည့်ဝပြီး ထက်မြက်ကာ စစ်သူကြီးကောင်းတစ်ဦး၏ အရှိန်အဝါမျိုး ဆောင်နေသည်။

စာက တိုတောင်းသော်လည်း သူတို့၏ မင်္ဂလာပွဲကိစ္စရပ်များကို အသေးစိတ် သေချာစွာ စီစဉ်ပေးထား၏။

သူ ဖိတ်ခေါ်ထားသည့် အောင်သွယ်တော်မှာပင် တုန်းကျင်းမြို့၌ နာမည်ကျော်ကြားပြီး ငါးပါးသီလနှင့် ပြည့်စုံကာ ဘုန်းကံကြီးမားသူ ဖြစ်သည်။ သူမ စီစဉ်ပေးခဲ့သော မင်္ဂလာပွဲတိုင်းသည် အဆင်ပြေချောမွေ့ခဲ့ကြသည်။

သူမ၏ မျက်ဝန်းများ အနည်းငယ် နွေးထွေးလာပြီး ခပ်တိုးတိုး ပြောလိုက်သည်။

"ကောင်းပါပြီ... ဒါဆို သုံးလပိုင်း တစ်ဆယ့်ငါးရက်နေ့ပဲ ထားလိုက်ရအောင်။"

ဖူရှန်းက ခေါင်းကို ကုတ်လိုက်သည်။

"သခင်မလေး သခင်လေးဆီ ပါးလိုက်ချင်တဲ့ အခြားစကားများ ရှိသေးလား?"

ရွှယ်နင်သည် လက်နွေးအိုးလေးကို လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားရင်း ခဏမျှ စဉ်းစားပြီးနောက် ညင်သာစွာ ပြောလိုက်သည်။

"ဖူရှန်း.... ငါက အဲဒီလို ထုံးတမ်းစဉ်လာ အခမ်းအနားတွေကို သိပ်ဂရုမစိုက်ပါဘူး။ သခင်လေးလီကို ကိုယ်တိုင်နဲ့ သိပ်ပြီး ပင်ပန်းမခံဖို့ ပြောပေးပါဦး။"

ဖူရှန်းက တဟီးဟီး ရယ်မောကာ -

"ကျွန်တော့်သခင်လေးက မပင်ပန်းပါဘူး"

သူ့သခင်လေးက ပင်ပန်းဖို့နေနေသာသာ အလွန်အမင်းပင် ဝမ်းမြောက်ကြည်နူးနေတာ။

ဤခမ်းနားသော မင်္ဂလာပွဲအတွက် အရာရာကို သူကိုယ်တိုင် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဖူရှန်းကိုယ်တိုင်ပင် အလုပ်တစ်ခုခုထဲ ဝင်မပါဝင်ခင် သူ့သခင်၏ မျက်နှာရိပ်မျက်ခြေကို အကဲခတ်ရသေး၏။

ဖူရှန်းက သူ့သခင်၏ မျက်နှာထက်တွင် ဒီလိုမျိုး တည်ကြည်လေးနက်တဲ့ အမူအရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

နောက်ဆုံးမြင်ခဲ့ဖူးတာ အသက်ဆယ်နှစ်အရွယ် သခင်လေးဘဝတုန်းက သခင်မဝမ်၏ မွေးနေ့ပွဲအတွက် ပြင်ဆင်ပေးခဲ့စဉ်က ဖြစ်သည်။

သို့သော်လည်း ထိုမွေးနေ့ပွဲတွင် သခင်မဝမ်က ဒေါသတကြီး ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း သခင်လေးက အခုလို ကိစ္စရပ်များကို ကိုယ်တိုင်ကိုယ်ကျ ဘယ်တော့မှ ထပ်မံလုပ်ဆောင်ခြင်း မရှိတော့ပေ။

မနေ့က သခင်မဝမ် မြို့တော်သို့ ရောက်ရှိလာသည့်အကြောင်းကို တွေးမိလိုက်သောအခါ ဖူရှန်း၏ မျက်နှာအမူအရာက အနည်းငယ် မှင်သက်သွားသည်။

တစ်ခုခု လွဲချော်နေတာကို ရွှယ်နင် သတိပြုမိသွားပြီး စိုးရိမ်တကြီး မေးလိုက်၏။

"သခင်လေးလီဘက်မှာ တစ်ခုခု အခက်အခဲ ရှိလို့လား?"

ဖူရှန်းသည် သခင်မဝမ်၏ အကြောင်းကို ထုတ်ပြောချင်သော်လည်း ဘယ်လို စကားစရမှန်းမသိ ဖြစ်နေသည်။

သူ့သခင်လေးရဲ့ မိခင်အရင်းဖြစ်သူက သူ့သခင်လေးကို ရန်သူလိုမျိုး သဘောထားနေပြီး ဒီမင်္ဂလာပွဲကို ချောမွေ့စွာ ပြီးမြောက်အောင် ခွင့်ပြုလိမ့်မယ် မဟုတ်ဘူးဆိုတာ ရွှယ်နင်ကို ဘယ်လို ပြောပြနိုင်မှာလဲ။

ဒါပေမဲ့ အခု သခင်လေးက အရွယ်ရောက်နေပြီဖြစ်တာကြောင့် အလွယ်တကူ ချုပ်ကိုင်လို့ရတဲ့ ကလေးငယ်တစ်ဦး မဟုတ်တော့ပေ။ သူ သေချာပေါက် နည်းလမ်းတစ်ခု ရှာနိုင်လိမ့်မယ်။

ထို့ကြောင့် သူက မချိပြုံးပြုံးလိုက်ရင်း လက်ထဲမှ စာအိတ်ကို ယမ်းပြကာ ပြောလိုက်သည်။

"ဘာမှမဟုတ်... ဘာမှမဟုတ်ပါဘူး။ သခင်မလေး စောစောနားပါတော့။ ကျွန်တော် ပြန်ပြီး သခင်လေးကို သတင်းပို့လိုက်ဦးမယ်။ စေ့စပ်ကြောင်းလမ်းတာ ပြီးသွားရင် သခင်မလေးရွှယ်လည်း လာမယ့်နှစ်ကျရင် လီမိသားစုထဲကို လက်ထပ်ဝင်ရတော့မှာ။ ကျွန်တော် သွားခွင့်ပြုပါဦး"

ပြောပြောဆိုဆိုဖြင့် သူက တံတိုင်းပေါ်မှ ခုန်ချသွားပြီး ခဏချင်းအတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ခါးသက်သော ဆောင်းရာသီ ရာသီဥတုတွင် ပေါင်ချန်က သူမ၏ အေးစက်နေသော လက်ဖဝါးလေးများကို ပွတ်သပ်ရင်း ဖူရှန်းထွက်ခွာသွားတာကို မျှော်လင့်တကြီး ကြည့်နေခဲ့ပြီးမှ ခြံဝင်းထဲသို့ ပြန်ဝင်လာခဲ့သည်။

"သခင်မလေး... ဖူရှန်းက တကယ်ကို သတ္တိရှိတာပဲ။ ကံကောင်းလို့ ဘယ်သူမှ သတိမထားမိတာ၊ ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ ချီယွင်ဆောင်ကို ဘယ်သူမှ လာကြမှာမဟုတ်ပါဘူးလေ။"

"ငါကတော့ ဒီလို တိတ်ဆိတ်နေတာကိုပဲ သဘောကျပါတယ်"

ရွှယ်နင်က လီချန်ချဲ့၏စာကို သေသပ်စွာ ခေါက်သိမ်းရင်း ပြုံး၍ ပြောလိုက်သည်။

သူမက စာရေးရတာကို အလွန်နှစ်သက်သူ ဖြစ်၏။ သို့မဟုတ်ပါက အတိတ်ဘဝတုန်းက ယုံကျိုးရှိ အိမ်တော်ဟောင်းတွင် နေထိုင်စဉ်က စုကျန်းထံသို့ မကြာခဏ စာရေးနေမည်မဟုတ်ပေ။

သူမသည် အမတ်ချုပ်ကြီး၏ ဇနီးအဖြစ် ရှိနေစဉ်က နေ့ရက်များမှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသဖြင့် သူမ သိမ်းဆည်းထားသော သမင်သားရေဖြင့် ပြုလုပ်ထားသည့် မှတ်စုစာအုပ်လေးထဲတွင် စိတ်ကူးစိတ်သန်းလေးများကို ချရေးရတာကိုလည်း သဘောကျခဲ့သည်။

သို့သော် ၎င်းတို့မှာ ကမ္ဘာပျက်မတတ် ကြီးကျယ်သော အကြောင်းအရာများ မဟုတ်ကြဘဲ သူမ၏ နေ့စဉ်ဘဝ ဖြတ်သန်းမှု သို့မဟုတ် စိတ်ခံစားချက် အပိုင်းအစလေးများပင်။

အရင်ကတော့ ထိုအရာအများစုမှာ စုကျန်းအကြောင်း ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းမှာတော့ သခင်လေးလီနှင့် ပတ်သက်သည့် မျှော်လင့်ချက်များ ပိုမိုပါဝင်လာခဲ့သည်။

သူမက သူနှင့် တွေ့ဆုံချင်ပေမယ့် ကျန့်ကော်ဘုရားကျောင်းမှ ဆရာတော်ကြီးက သူတို့၏ အိမ်ထောင်ရေးက ချောမွေ့မှာမဟုတ်ကြောင်း မိန့်ကြားထားတယ်လို့ ဖူရှန်းက ပြောပြခဲ့သည်။ မင်္ဂလာပွဲမတိုင်ခင် သူတို့အချင်းချင်း ခဏခဏ မတွေ့သင့်ဘဲ တွေ့ဆုံမှုတိုင်းက သူတို့၏ ရေစက်ကို လျော့ပါးစေလိမ့်မည်ဟု ဆိုသည်။

အကြောင်းရင်းတစ်ခုခုကြောင့် သခင်လေးလီက ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို ယုံကြည်နေခဲ့တယ်။

သူတို့ နောက်ဆုံးတွေ့ခဲ့ကြတာ လဝက် နီးပါး ရှိနေပြီဖြစ်ပြီး တစ်ကြိမ်စီတိုင်းတွင် သူက ဖူရှန်းကိုသာ စေလွှတ်၍ သတင်းစကားများ ပါးလေ့ရှိသည်။

ပေါင်ချန် ငိုချင်စိတ်ပင် ပေါက်လာတယ်။ မကြာသေးမီက မင်းသမီးရှို့နင်းနှင့် ရှီဇီတို့၏ မင်္ဂလာပွဲအကြောင်းမှာ အိမ်တော်တစ်ခုလုံးတွင် ပြောစမှတ်အဖြစ်ဆုံး ဖြစ်နေပြီး စည်ကားသိုက်မြိုက်နေသည်။

သူမ မီးဖိုချောင်မကြီးသို့ သွားသည့် အခါတိုင်းတွင် မင်းသမီးက ဒီနေ့ ဘာလုပ်နေတယ်၊ ရှီဇီက ဘာတွေ အလုပ်များနေတယ် စသဖြင့် အစေခံများ ပြောဆိုနေကြတာကို ကြားရမြဲဖြစ်သည်။

အတိုချုပ်ပြောရလျှင် သခင်မကျန်းနှင့် တတိယသခင်မလေးတို့မှလွဲ၍ သခင်မလေး၏ မင်္ဂလာပွဲ ပြင်ဆင်မှုများ ဘယ်လိုရှိလဲဆိုတာကို ဘယ်သူကမှ ဂရုမစိုက်ကြပေ။

နယ်စားမင်းအိမ်တော်က သခင်မလေးအပေါ် မတရားမလုပ်ပါဘူးလို့ ရှီဇီက ပြောခဲ့ပေမယ့် သခင်မလေး၏ မင်္ဂလာလက်ဖွဲ့ပစ္စည်းများမှာ... သခင်မကျန်းကသာ အပြည့်အဝ ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ သခင်မကြီးရှဲ့က ကျောက်စိမ်းရူယိတစ်ခုသာ ထပ်ဖြည့်ပေးခဲ့ပြီး၊ တတိယအိမ်တော်ခွဲမှ သခင်မတုန်းက တန်ဖိုးမရှိသည့် ရှုခင်းပန်းချီကားတစ်ချပ် ပေးခဲ့ကာ၊ ဒုတိယအိမ်တော်ခွဲမှ သခင်မလျိုကမူ စုရှီး၏ကိစ္စကြောင့် သခင်မလေးအပေါ် ရန်ငြိုးထားကာ ဘာတစ်ခုမျှ ပြင်ဆင်မပေးခဲ့ပေ။ သခင်မလေး၏ အစ်ကိုဖြစ်သူ ရှီဇီကတော့ သခင်မလေးကို ဒီအိမ်တော်မှာ မရှိသည့်အတိုင်း သဘောထားကာ မည်သည့်စာနာထောက်ထားမှုမျှ မပြသခဲ့ပေ။

ပေါင်ချန်က ခပ်တိုးတိုးအသံဖြင့် ပြောလိုက်၏။

"သခင်မလေး... အဲ့ဒါကို မပြောနဲ့ဦး၊ သခင်လေးလီနဲ့ ဖူရှန်းတို့နှစ်ယောက်လုံးက တကယ်ကို လူကောင်းတွေပါ။ သူတို့က ကျွန်မကို မိသားစုတစ်ခုလို ခံစားချက်မျိုး ပေးကြတယ်။"

ရွှယ်နင်က နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးလိုက်ရင်း အခန်းထဲသို့ ဝင်လာခဲ့ပြီး လီချန်ချဲ့ ရေးပေးထားသော စာကို သူ၏ မွေးဇာတာ နှင့်အတူ ပန်းထိုးသေတ္တာလေးထဲသို့ သေချာစွာ ထည့်လိုက်သည်။

ပေါင်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"သခင်မလေး... ဒါက သခင်လေးလီရဲ့ဇာတာလားဟင်?"

"အင်း။"

ရွှယ်နင်က စာလိပ်ကို ဖြန့်လိုက်တဲ့အခါ သူမ၏အကြည့်က လီချန်ချဲ့ဟူသော စာလုံးသုံးလုံးပေါ်တွင် စွဲထင်သွားခဲ့သည်။

သူသည် သာ့ယုံအင်ပါယာ၊ ယုံနျဥ် ဆယ့်ငါးနှစ်မြောက်တွင် ဟယ်ကျန့်၌ မွေးဖွားခဲ့ပြီး သူမထက် ငါးနှစ်ကြီး၏။

သူ့စာထဲတွင် လက်ထပ်ပြီးနောက် သူမအား အစ်ကိုကြီးတစ်ယောက်လိုမျိုး စောင့်ရှောက်ပေးမည်ဟု ရေးသားထားသည်။

အမှန်ပင်... သူက သူမ၏ အစ်ကိုအရင်းတစ်ယောက်ကဲ့သို့ပင်။

All Chapters