အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅) - နာကျင်စေခြင်း
စုမန်က ပြောလိုက်သည်။
“နင်က အဲဒီမင်းသမီး ရှို့နင်းထက် အဆပေါင်းရာချီ ပိုလှတယ်ဆိုတာ နင်ကိုယ်နင် မသိဘူးလား? ငါ့အစ်ကိုက သူ(မ)ဆီမှာ ဘာကိုမြင်လို့ မြင်မှန်းကို မသိပါဘူး။ သူ(မ)က အလိုလိုက်ခံထားရလို့ နုနုနယ်နယ်နဲ့ မုန့်လည်း မလုပ်တတ်၊ စွပ်ပြုတ်လည်း မချက်တတ်ဘူး။ ဘယ်နေရာမှာမဆို နင့်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ?”
ရွှယ်နင်က ခါးသက်သက် ရယ်မောလိုက်၏။
“ငါလည်း မသိပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကို ချစ်မိဖို့ အကြောင်းပြချက် မလိုသလိုပဲ၊ မချစ်ဖို့အတွက်လည်း တွန့်ဆုတ်နေစရာ မလိုဘူးလေ။ ဒါကြောင့် မန်မန်.. ငါ့ကို နင့်အစ်ကိုနဲ့ ပြန်ပြီး မစပ်ပေးပါနဲ့တော့။ ငါ့မှာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ မရှိပါဘူး၊ အေးအေးချမ်းချမ်း နေသွားချင်ရုံတင်ပဲ”
(၊T/N- ဒီနေရာမှာ နင်နဲ့ငါ သုံးထားတာပါ။နှစ်ယောက်က အသက်သိပ်မကွာလို့ စာရေးသူက တစ်ခါတစ်လေ နင်နဲ့ငါ သုံးထားပြီး တစ်ခါတစ်လေ ကျဲကျဲနဲ့မေ့မေ့ သုံးထားပါတယ်)
စုမန် စိတ်မကောင်းဖြစ်သွားသည်။
“ဒါပေမဲ့ ငါ့အစ်ကိုက နင်လိုချင်တဲ့ အေးချမ်းတဲ့ ပျော်ရွှင်မှုကို ပေးနိုင်မှာပါ”
အသားအရေကို မီးလောင်မြိုက်ခံရတဲ့ ခံစားချက်မျိုးက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ဖန် ပြန်လည် စိမ့်ဝင်လာပြန်သည်။
ရွှယ်နင်သည် စုမန်ကို နက်နက်နဲနဲ ကြည့်လိုက်ပြီး တိုးတိတ်စွာ ပြောလိုက်သည်။
“သူ မပေးနိုင်ပါဘူး”
ဒီဘဝမှာတော့ သူမက ကြောက်လန့်တကြားနှင့် ဘယ်တော့မှ ထပ်မနေထိုင်တော့ဘူး။
စုမန်ကို ပြန်လွှတ်ပြီးနောက်၊ ရွှယ်နင်သည် အရင်က စုကျန်းအတွက် စိတ်အားထက်သန်စွာ ထိုးခဲ့တဲ့ အမွှေးနံ့သာအိတ်များကို အကုန်ထုတ်လိုက်သည်။
အချို့ကို သူ့အား ပေးခဲ့ဖူးပေမယ့် သူ ဘယ်နေရာကို ပစ်ထားခဲ့လဲမသိပေ။
အချို့ကိုတော့ သူ တစ်ချက်ပင် လှည့်မကြည့်ခဲ့ဖူးချေ။
ထိုအိတ်လေးများသည် သူမ၏ အပ်ချုပ်ခြင်းတောင်းထဲတွင်သာ ကျန်ရစ်နေခဲ့၏။
ပေါင်ချန်သည် တံခါးကို လုံခြုံအောင် ပိတ်ပြီးနောက်မှ ရွှယ်နင်၏ ဘေးသို့ တိုးကပ်လာကာ အသံကို နှိမ့်၍ ပြောလိုက်သည်။ ဒီအဆောင်ထဲမှာ အခြားမိသားစုများက လွှတ်ထားတဲ့ သူလျှိုတွေ ရှိနိုင်တယ်လို့ သခင်မလေးက သတိပေးထားတာကြောင့် ပေါင်ချန်သည် အကျယ်ကြီး မပြောရဲချေ။
“သခင်မလေး... ဒီနေ့ မင်းသမီးရှို့နင်းက စတုတ္ထသခင်မလေးနဲ့ တော်တော်ကြာအောင် စကားပြောနေတာ တွေ့တယ်။ သူတို့ဘေးမှာ အစေခံတွေ ရှိနေတော့ ကျွန်မ အနားကို သိပ်မကပ်ရဲဘူး။ အဝေးကနေဆိုတော့ သူတို့ ဘာတွေပြောနေလဲဆိုတာ မကြားရဘူး”
ရွှယ်နင်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲပင်။ သူမက အမွှေးနံ့သာအိတ်လေးများကို တစ်ခုပြီးတစ်ခု ကောက်ကိုင်လိုက်သည်။
ထို့နောက် ကပ်ကြေးဖြင့် ဖြတ်တောက်ပစ်တော့၏။
“အာ! သခင်မလေး... ဘာလုပ်နေတာလဲ?”
ပေါင်ချန်က တားရန် ကြိုးစားသော်လည်း ရွှယ်နင်က သူမ၏လက်ကို ပြန်ဆွဲလိုက်သည်။
“ဒီအိတ်တွေက လက်ရာမသေသပ်ဘူး။ ဒါတွေကို ဖြတ်ပြီး မီးရှို့ပစ်မယ်၊ ပြီးမှ အသစ်ပြန်ထိုးမယ်”
“ကျွန်မဖြင့် လန့်သွားတာပဲ”
ပေါင်ချန်က တိုးတိုးလေးညည်းပြီး မီးအိုးကို အမြန်သွားယူပေးသည်။
ရွှယ်နင်သည် ခံစားချက်ကင်းမဲ့တဲ့ မျက်နှာထားဖြင့် ဖြတ်တောက်ထားသည့် အစများကို မီးထဲသို့ ပစ်ထည့်လိုက်သည်။
မီးတောက်များက ဟုန်းခနဲ ထတောက်လာသည်။
သူမ မျက်လုံးများကို အမြန်မှိတ်လိုက်ပြီး မျက်တောင်များ တုန်ရီနေသည်။
မီးငြိမ်းသွားတဲ့အခါမှ သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ပြာများကို ငေးကြည့်နေမိသည်။ ယုံကျိုးက စုအိမ်တော်ဟောင်းမှာ သူမ မသေခင် စုကျန်းဆီ ရေးခဲ့ဖူးသမျှ စာတွေကို မီးရှို့ပစ်ခဲ့စဉ်ကအတိုင်းပင်။
မီးရှို့ပစ်လိုက်ပြီဆိုရင် ဘာမှမဖြစ်ခဲ့ဖူးသလိုမျိုး ဖြစ်သွားလိမ့်မယ်။
သူမ၏ မျက်ဝန်းများ အနည်းငယ် နီမြန်းလာသော်လည်း ရင်ထဲတွင်တော့ ထူးဆန်းသည့် စိတ်သက်သာရာရမှုတစ်ခုကို ခံစားလိုက်ရသည်။
“သခင်မလေး... အကုန်လောင်သွားပါပြီ”
ပေါင်ချန်က မီးအိုးကို ဘေးသို့ရွှေ့ရင်း ပြောလိုက်သည်။
“ဒါနဲ့... မင်းသမီးရှို့နင်းနဲ့ စတုတ္ထသခင်မလေးတို့ ဘာတွေများ တိုင်ပင်နေကြတာပါလိမ့်?”
ရွှယ်နင်၏ နှုတ်ခမ်းများက ခပ်ပါးပါးလေး ကွေးညွှတ်သွားသည်။
“ဘာရှိဦးမှာလဲ... ငါ့ကို ဒုက္ခပေးဖို့ ကြံစည်နေကြတာပေါ့”
သူမ မှတ်မိသလောက်ဆိုရင် အရင်ဘဝက စုကျန်းနဲ့ သူမရဲ့ စေ့စပ်ပွဲအခြေအနေ သေချာသွားပြီးနောက် စုချင်းက သူမအပေါ် ပို၍ပင် မကျေမနပ် ဖြစ်လာခဲ့သည်။ စုချင်းက စုရှီးနှင့်ပေါင်းပြီး သူမအပေါ် အပြစ်ရှာတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမယ့်လည်း ရွံစရာအကောင်းဆုံး ဖြစ်ရပ်တစ်ခုက ရွှယ်နင်၏ ဂုဏ်သိက္ခာကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့ရုံသာမက စုကျန်းက သူမကို ပို၍ပင် မုန်းတီးသွားစေခဲ့သည်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက နဂိုကတည်းက အားနည်းနေခဲ့ပြီးသား။ စုချင်းရဲ့ ယုတ်မာတဲ့ အပုပ်ချမှုများ—ရွှယ်နင်က အခြား ယောကျာ်းတစ်ဦးနှင့် မသင့်တော်တဲ့ ပတ်သက်မှုရှိတယ်ဆိုသည့် စွပ်စွဲချက်များက စုကျန်း၏ ရွံရှာမှုကို ပို၍ နက်ရှိုင်းစေခဲ့သည်။
အခုဘဝမှာ လက်ထပ်ပွဲ မရှိတော့ပေမယ့် စုချင်းရဲ့ ယုတ်မာတဲ့ သဘာဝကတော့ ပြောင်းလဲမှာ မဟုတ်ပေ။ အရင်ဘဝရဲ့ ဤအချိန်ကာလဝန်းကျင်မှာပင် ထိုကိစ္စများ စတင်ခဲ့ခြင်းဖြစ်သည်။
ရွှယ်နင်သာ အိမ်ပြင်သို့ ခြေတစ်လှမ်း ထွက်လိုက်သည်နှင့် စုချင်းက စတင်လှုပ်ရှားတော့မည်သာ။
“ဒု... ဒုက္ခပေးဖို့ ဟုတ်လား?”
ပေါင်ချန်၏ မျက်နှာလေးမှာ ကြောက်လန့်တကြား ဖြူဖတ်သွားသည်။
“သူ... သူ(မ)က သခင်မလေးကို သတ်မလို့လားဟင်?”
ရွှယ်နင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ထိုမိန်းကလေးရဲ့ ဖောင်းအိနေတဲ့ ပါးလေးကို အသာလေး ဆွဲလိုက်သည်။
“စိတ်မပူပါနဲ့။ နင့်ရဲ့ သခင်မလေးမှာ သူ(မ)ကို ရင်ဆိုင်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပြီးသားပါ”
နှစ်ရက်အကြာတွင် ရွှယ်နင်သည် သခင်မကြီးရှဲ့နှင့် သခင်မကျန်းတို့ကို ဂါရဝပြုရန် စောစောထခဲ့သည်။
ထို့နောက် နယ်စားမင်းအိမ်တော်၏ ရထားလုံးကို စီးကာ နောက်ဖေးတံခါးမှတစ်ဆင့် လမ်းနှစ်လမ်းကို ဖြတ်ကျော်ပြီး မြို့တော်ပြင်ပသို့ ထွက်ခွာခဲ့တော့သည်။
ယနေ့ ရာသီဥတုမှာ အလွန်ဆိုးရွားပြီး မြို့ပြင်ရှိ တောင်တက်လမ်းတစ်လျှောက်တွင် ရထားလုံးက တုန်ခါယိမ်းထိုးနေသည်။ မြို့ရိုးအပြင်ဘက်တွင် ပို၍အေးစက်ပြီး တောင်ပတ်လမ်းမှာလည်း နှင်းမှုန်များဖြင့် ဖုံးလွှမ်းနေ၏။
ရွှယ်နင်သည် လက်နွေးအိတ်လေးကို ဆုပ်ကိုင်ထားပြီး လည်ပင်းတွင်လည်း နူးညံ့လှသည့် ယုန်မွေးလည်စည်းကို ပတ်ထားသည်။
သူမသည် လိုက်ကာကို အသာလှန်၍ အပြင်ဘက်သို့ ခဏခဏ လှမ်းကြည့်မိသည်။ နှစ်ကုန်ခါနီးဖြစ်၍ မိသားစုအတော်များများမှာ ကျန့်ကော်ဘုရားကျောင်းသို့ ဦးတည်နေကြပြီး ဘုရားကျောင်းဆီ သွားနေတဲ့ အခြားရထားလုံးနှစ်စီးကိုပင် သူမ ကျော်တက်ခဲ့ပြီးပြီ ဖြစ်သည်။
မြို့တော်ပြင်ပရှိ ရှုခင်းများမှာ မှင်ဖြင့် ရေးဆွဲထားသော ပန်းချီကားတစ်ချပ်ကဲ့သို့ပင်—စိမ်းလန်းသော တောင်တန်းများနှင့် စီးဆင်းနေသော ရေပြင်များက ဆွတ်ဆွတ်ဖြူတဲ့ နှင်းထုအောက်တွင် အလွန်ပင် လှပလွန်းသည်။
ရွှယ်နင် ဆောင်းရာသီရဲ့ အလှတရားကို မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
ယုံကျိုးမှာ ရှိနေတဲ့အချိန်တုန်းက ဆောင်းရာသီတိုင်းက သူမအတွက် ထိတ်လန့်စရာပင်။ သူမက အအေးဒဏ်ကို ကြောက်တယ်၊ ဖျားနာမှာကို ကြောက်တယ်၊ စားစရာမရှိမှာကို ကြောက်တယ်၊ စုကျန်းက သူမကို လျစ်လျူရှုထားမှာကို ကြောက်ခဲ့တယ်။
အခုပြန်စဉ်းစားကြည့်တော့... ဒါက တကယ့်ကို ရယ်စရာကောင်းတာပဲ။ အဲ့ဒီအချိန်တုန်းက သူမရဲ့ဘဝက အရမ်း ဆင်းရဲဒုက္ခ ရောက်နေခဲ့ပေမယ့် သူတို့က လင်မယားဖြစ်နေကြတဲ့အတွက်—တစ်နေ့မှာတော့ စုကျန်းက သူမကို အိမ်ပြန်ခေါ်လိမ့်မည်ဟု ယုံကြည်နေခဲ့မိသည်။
သို့သော် သူမ စောင့်မျှော်ခဲ့ရသမျှက ကြီးမားတဲ့ မီးတောက်ကြီးတစ်ခုသာ ဖြစ်ခဲ့၏။
ရွှယ်နင် သူမကိုယ်သူမ ပြန်လှောင်ပြောင်လိုက်မိသည်။ ဝမ်းနည်းမှုအချို့ ရှိနေသော်လည်း စိတ်သက်သာရာရမှုက ပို၍ကြီးစိုးနေသည်။
ရထားလုံး၏ လှုပ်ခါမှုကြောင့် မျက်ရည်များ ဝဲလာခဲ့လျှင်ပင်၊ ထိုအရာမှာ ယုံကျိုးတွင် သူမ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခများနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
ကျန့်ကော်ဘုရားကျောင်းဆီ ရောက်တဲ့အခါ ရထားလုံးက တောင်ပေါ်မုခ်ဦး၌ ရပ်တန့်သွားသည်။
ရွှယ်နင်သည် ခေါင်းမြှီးခြုံဦးထုပ်ကို ဆောင်းလိုက်ပြီး ပေါင်ချန်နှင့်အတူ အောက်သို့ဆင်းကာ ဘုရားကျောင်းထဲသို့ ဝင်ခဲ့သည်။
“သခင်မလေး... လူတွေအများကြီးပဲနော်”
ပေါင်ချန်က တိုးတိုးလေး ပြောလိုက်သည်။
အရင်တုန်းကဆိုရင် ရွှယ်နင်က စုကျန်းကို အတူလိုက်ဖို့အတွက် နည်းမျိုးစုံဖြင့် အတင်းအကျပ် ပူဆာလေ့ရှိသဖြင့် ယခုခရီးမှာ ပေါင်ချန်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ဒီလောက် စည်ကားတဲ့ လူအုပ်ကြီးကို သူမ တစ်ခါမှ မမြင်ဖူးချေ။
ရွှယ်နင်က ခဏ ရပ်လိုက်ပြီး ပြုံးပြသည်။
“ဒီက ဗုဒ္ဓရုပ်ပွားတော်က ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးတယ်လေ”
ပေါင်ချန်၏ မျက်လုံးလေးများက မျှော်လင့်ချက်ဖြင့် တောက်ပသွားသည်။
“အကုန်လုံး ဆုတောင်းပြည့်တာလားဟင်?”
“အထူးသဖြင့် အိမ်ထောင်ရေးကိစ္စတွေပေါ့”
ရွှယ်နင်က ခပ်ပေါ့ပေါ့လေးပင် ပြောလိုက်သည်။
ပေါင်ချန်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူမ၏ သခင်မလေးကို အကဲခတ်လိုက်သည်။
ဒါကြောင့်လည်း သူမက ဒီကိုလာဖို့ ဇွတ်အတင်း ပြောနေတာကိုး—သခင်မကြီး၊ သခင်မနဲ့ ရှီဇီတို့အတွက် အမွှေးတိုင်ထွန်းပေးရင်း... သူမကိုယ်တိုင်ရဲ့ အိမ်ထောင်ရေးအတွက်လည်း ဆုတောင်းမလို့နေမှာ?
သူမ ဆုတောင်းမှာက ရှီဇီအကြောင်းပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား?
သခင်မလေးက သခင်လေးနဲ့ ထပ်ပြီး မပတ်သက်တော့ဘူးလို့ အမြဲပြောနေပေမဲ့ နေ့တိုင်း ချိုးရွှေခြံဝင်းကို သွားနေတုန်းပဲ... သခင်မကြီးရှေ့မှာလည်း အထင်ကြီးခံရအောင် ကြိုးစားနေတုန်းပဲ။ စုမိသားစုက သူမကို မနှစ်သက်မှာကို သူမ တကယ်ကြောက်နေရှာတာ။
သခင်လေးက သူမအပေါ် သင့်တင့်အောင် ဆက်ဆံပေးပေမဲ့ အမြဲတမ်း အေးစက်လွန်းတယ်။
ထားလိုက်ပါတော့လေ... ပေါင်ချန်လည်း နောက်မှ သူမအတွက် ဆုတောင်းပေးရမယ်—သူမနဲ့ သခင်လေးတို့ ဖူးစာဆုံပါစေလို့ပေါ့။
ယနေ့မှာ အလုပ်ပိတ်ရက်ဖြစ်သဖြင့် ကျန့်ကော်ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းသူများဖြင့် အလွန်စည်ကားနေသည်။
ရွှယ်နင်သည် ပေါင်ချန်၏ အတွေးများကို သတိမထားမိဘဲ သူမ မိဘများရဲ့ ဝိညာဉ်ကမ္ပည်းပြားများ ရှိရာ အနောက်ဘက်ဆောင်ငယ်လေးဆီသို့ ကျွမ်းကျင်စွာ လျှောက်လှမ်းသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ယနေ့ ကျောင်းတော်၌ ဆရာတော် မြောင်လင်က တရားဟောကြားမည်ဖြစ်၍ ဒီလောက်အထိ စည်ကားနေခြင်းဖြစ်ကြောင်း ကြားသိရသည်။
ထို့ကြောင့်လည်း မှူးမတ်မျိုးနွယ်များစွာ ရောက်ရှိနေကြခြင်းပင်။
သူမက ချမ်းသာကြွယ်ဝတဲ့ လူပျို၊ အပျိုဖော်များစွာကို ဖြတ်ကျော်လာခဲ့သည်။
ကံကောင်းတာ သူမက အပြင်ထွက်လေ့မရှိသလို၊ သခင်မကြီးရှဲ့ကလည်း သူမကို အခြားသူများနှင့် ထိတွေ့ဆက်ဆံခွင့် မပေးချင်တာကြောင့် ဘယ်သူကမှ သူမကို မမှတ်မိကြချေ။
သူမက ခြုံထည်အောက်တွင် ခေါင်းကို ငုံ့ထားရင်း တောင်၏ နောက်ဘက်ဧရိယာသို့ ရောက်ရှိမှသာ ဦးထုပ်ကို ချွတ်လိုက်တော့သည်။
စုကျန်းသည် သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့အတူ ရထားလုံးပေါ်မှ ဆင်းလိုက်၏။ သူ့အကြည့်က လမ်းဘေးတွင် ရပ်ထားသည့် နယ်စားမင်းအိမ်တော်၏ ရထားလုံးပေါ်သို့ ချက်ချင်းပင် ရောက်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါ မင်းတို့အိမ်က ရထားလုံး မဟုတ်လား?”
တရားရေးဝန်ကြီးဌာနမှ အရာရှိဖြစ်သူ ရွှီရှန်းနျန်က မေးလိုက်သည်။
“မင်းတို့အိမ်က တစ်ယောက်ယောက်လည်း ဆရာတော် မြောင်လင်ရဲ့ တရားနာဖို့ လာတာလား?”
အိမ်တော်က ဘယ်သူမှ ဒီနေရာကို လာမယ်ဆိုတဲ့ သတင်းကို စုကျန်း မကြားမိချေ။ သူက ရထားလုံးမောင်းသူကို ခေါ်မေးလိုက်တဲ့အခါမှ ရွှယ်နင်ဖြစ်ကြောင်း သိလိုက်ရသည်။
သူမက သူ့နောက်ကို ပြန်လိုက်လာလိမ့်မယ်ဆိုတာ သူ ထင်ထားပြီးသား ဖြစ်ပေမယ့်၊ အခုလိုမျိုး ကျန့်ကော်ဘုရားကျောင်းအထိ ရဲရဲတင်းတင်း လိုက်လာလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
“သခင်မလေးရွှယ်က တစ်ယောက်တည်း သွားမယ်လို့ ဇွတ်အတင်း ပြောနေတာပါ။ သခင်မဆီက ခွင့်ပြုချက်ရဖို့အတွက် ချိုးရွှေခြံဝင်းအထိတောင် သွားခဲ့တာ” ရထားလုံးမောင်းသူက ဆိုသည်။ “ဒါကြောင့် ကျွန်တော်တို့ လိုက်ပို့ပေးခဲ့တာပါ။ သူ(မ)က အထဲကို ဝင်သွားပြီ၊ ကျွန်တော်တို့ကို ဒီမှာပဲ စောင့်ခိုင်းထားပါတယ်”
စုကျန်း၏ မျက်နှာထားမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။