← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း(၃)-ဆင်ခြင်မှုရှိခြင်း

နောက်ဆုံးတော့ မွေးနေ့ပွဲ ပြီးဆုံးသွားခဲ့ပြီး သခင်မကျန်းက အမျိုးသမီးများနှင့်မိန်းမပျိုလေးများကို ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။

သိပ်မကြာခင်မှာပဲ အတွင်းအိမ်တော် တိတ်ဆိတ်သွားသည်။ရွှယ်နင်သည် ဝိုင်အိုးကို တိတ်တဆိတ် ယူဆောင်ကာ သီးသန့်နေရာတစ်ခုကိုရှာ၍ အထဲကဝိုင်တွေအားလုံးကို သွန်ပစ်လိုက်သည်။

ဒီအ‌ဆောင်ငယ်လေးက သူမရဲ့ ချင်းယွင်အဆောင်နဲ့ မဝေးပေ။

စမ်းချောင်းလေးတစ်ခုက လူလုပ်ကျောက်ဆောင်များမှ စီးဆင်းလာပြီး နယ်စားမင်းအိမ်တော်၏ အကြီးဆုံးရေကန်ဖြစ်တဲ့ မင်ယွဲ့ရေကန်ထဲသို့ ပေါင်းစည်းသွားသည်။

သူမက ပေါင်ချန် လာကူညီတာကို မစောင့်နိုင်တော့ပေ။ဒါကြောင့် သူမကိုယ်တိုင် ဝိုင်အိုးကို မြစ်ရေနဲ့ဆေးကြောပြီး ဘာသဲလွန်စမှ မကျန်ခဲ့အောင် လုပ်ရမယ်။

သူမ ဆေး‌ကြောပြီးလို့ ကျောက်တုံးတံတားဘေးကနေ ထလိုက်တဲ့အချိန်မှာပဲ သူမရဲ့လည်ပင်းနောက်ကနေ အေးစက်ပြီး ကြောက်စရာကောင်းတဲ့ လေတိုက်ခတ်မှုကို ခံစားလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်တဲ့အခါ ကျဆင်းနေတဲ့ နှင်းတွေကြားက အဲ့ဒီလူရဲ့ မျက်နှာကို ပြတ်ပြတ်သားသား မြင်လိုက်ရ၏။သူမရဲ့နှလုံးသားက ချက်ချင်းပဲ လည်ချောင်းဆီ ခုန်တက်သွားသည်။

"အစ်ကို?"

စုကျန်းက မျက်လုံးများကို မှေးစင်းပြီး-

"ဘာလုပ်နေတာလဲ"

ရွှယ်နင်ရဲ့မျက်နှာ ဖြူဖျော့သွားပြီး သူမရင်ဘတ်ကို လက်ဖြင့်ဖိထားလိုက်သည်။

"အစ်ကိုက ညီမကို ကြောက်အောင်လုပ်တာပဲ"

"မင်းမှာ ဘာအပြစ်လုပ်ထားတာ ရှိလို့လဲ?"

စုကျန်းက ကောင်းချီးမင်္ဂလာမိုးတိမ်တွေ ပန်းထိုးထားတဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူ့အသံက အေးစက်စက်နဲ့မျက်ခုံးတွေက ခက်ထန်နေ၏။အထူးသဖြင့် သူ့ရဲ့ချောမောပြီး ခံစားချက်ကင်းမဲ့တဲ့မျက်နှာက ကြောက်စရာကောင်းသည်။

ဘာပဲဖြစ်ဖြစ်... ဒီလူက သူမရဲ့ခင်ပွန်းဖြစ်ခဲ့ဖူးသူ မဟုတ်လား။ ရွှယ်နင် စိတ်အေးလက်အေး မနေနိုင်မှန်း သူမကိုယ်သူမ သိနေခဲ့သည်။

သူမ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိရင်း အရင်ဘဝတုန်းက သူမအပေါ် သူအသုံးပြုခဲ့ဖူးတဲ့ နည်းလမ်းဆိုးများကို ပြန်လည်အမှတ်ရမိ၏။ နှလုံးသားတစ်ခုလုံး တုန်ယင်သွားပြီး အရင်ကရှိခဲ့ဖူးသမျှ သံယောဇဉ်တွေလည်း အရိပ်အယောင်ပင်မကျန်တော့ဘဲ ကြောက်ရွံ့မှုတစ်ခုတည်းသာ နေရာယူထားတော့သည်။

“ညီမ... ညီမ ဘာမှမလုပ်ပါဘူး...”

စုကျန်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ့ရဲ့နက်မှောင်တဲ့ မျက်ဝန်းများက ဖိအားပေးမှုနှင့် သံသယများဖြင့် ပြည့်နှက်နေသည်။

“မင်းက ဒီဝိုင်အိုးကို အဲ့ဒီလောက်တောင် ကြိုက်နေတာလား?”

ရွှယ်နင် အကြောင်းပြချက်တစ်ခုကို အလုအယက် ရှာကြံလိုက်ရသည်။

“ညီမ... ဒီအိုးပေါ်က ပန်းနွယ်ပုံစံလေးက လှတယ်လို့ ထင်လို့ပါ။ အဲ့ဒါကြောင့် သန့်ရှင်းအောင်ဆေးပြီး သိမ်းထားမလို့...”

စုကျန်းက အေးစက်စက် လှောင်ရယ်လိုက်သည်။

“ရွှယ်နင်... မင်း ငါ့ကို လိမ်နေတာလား?”

သူမရဲ့ မျက်နှာလေးက သွေးဆုတ်ဖြူလျော်သွားသည်။

“ဟင့်အင်း... မဟုတ်ပါဘူး... ညီမ မလိမ်ပါဘူး...”

စုကျန်းသည် ယခုနှစ်တွင် အသက် (၂၀) ပဲ ရှိသေးပေမယ့် ဧကရာဇ်၏ အားကိုးယုံကြည်မှုကို အထူးရရှိထားသူဖြစ်တယ်ဆိုတာ သူမ မေ့နေခဲ့သည်။ သူက တရားရေးဝန်ကြီးဌာနကို ဝင်ရောက်နေပြီဖြစ်ပြီး ဒုတိယဝန်ကြီးအဆင့်အထိ ဖြစ်နေသူပင်။ သူ့မျက်စိအောက်မှာ ဘယ်သူက လိမ်ညာရဲမှာလဲ။

အရင်ဘဝတုန်းက သူရုံးဆင်းလာမယ့်အချိန်ကို သူမ စောင့်နေတဲ့အခါတိုင်း သူ့ဆီကနေ သွေးနံ့စူးစူးကို အမြဲလိုလို ရတတ်သည်။

အခုလည်း အဲ့ဒီအတိုင်းပင်။ သူက သူမနဲ့ အနီးဆုံးမှာ ရပ်နေပြီး သူမကို နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားစေရန် ဖိအားပေးနေသည်။

သူ့ဆီကနေ ထွက်ပေါ်နေတဲ့ စုဟယ့်ရှန်းအနံ့အေးအေးနှင့် အကျဉ်းထောင်များရှိ အကျဉ်းသားများဆီကနေ စွဲကပ်လာသည့် သွေးနံ့တို့ ရောယှက်နေမှုက သူမကို ရိုးတွင်းခြင်ဆီအထိ ချမ်းစိမ့်သွားစေသည်။

ဘာအကြောင်းပြချက်မှ စဉ်းစားမရတော့တာကြောင့် ရွှယ်နင်သည် ဝိုင်အိုးလက်ကိုင်ကိုသာ တင်းတင်းဆုပ်ကိုင်ထားမိ၏။

စုကျန်း၏ အေးစက်စက် အကြည့်တို့က အအေးဒဏ်ကြောင့် နီရဲနေတဲ့ သူမရဲ့ လက်ချောင်းလေးများပေါ်သို့ ကျရောက်သွားသည်။

သူက သူမလက်ထဲကနေ ဝိုင်အိုးကို လုယူရန် လက်လှမ်းလိုက်၏။

ဒီနေ့တွင် နှင်းများက ထူထပ်ပြီး လေကလည်း တိုးဝှေ့တိုက်ခတ်နေသည်။

မြစ်ကမ်းဘေးမှာ ရပ်နေတဲ့ ရွှယ်နင်သည် မနည်းဟန်ချက်ထိန်းနေရသည့်ကြားမှ သူ့ရဲ့ ရုတ်တရက်လှုပ်ရှားမှုကြောင့် လန့်ဖျပ်သွားပြီး သူနဲ့ ထိမိမိမှာကို ကြောက်လန့်တကြား ရှောင်တိမ်းလိုက်ရာ နောက်သို့ လန်ကျသွားပြီး အေးခဲနေသော မြစ်ရေထဲသို့ တန်းတန်းမတ်မတ် ပြုတ်ကျသွားလေတော့သည်။

အေးစက်လှသည့် မြစ်ရေများက သူမ၏ လည်ပင်းအထိ ချက်ချင်း မြင့်တက်လာ၏။ အအေးဒဏ်ကြောင့် သူမ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီလာသည်။

သူမ ရေမကူးတတ်ပေ။ သူမရဲ့ ခန္ဓာကိုယ်လေးက ရေအောက်ထဲသို့ လျင်မြန်စွာ နစ်မြုပ်သွားခဲ့သည်။

တစ်ဝက်တစ်ပျက် သတိလစ်နေစဉ်အတွင်း သူမက ယုံကျိုးရှိ အိမ်တော်ဟောင်းတွင် နေထိုင်ခဲ့ရသည့် နေ့ရက်များဆီ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

နှစ်တိုင်း၏ ဆောင်းရာသီက သူမအတွက် အခက်ခဲဆုံး အချိန်များပင်။

နွေးထွေးမှုပေးရန်အတွက် မီးသွေးကောင်းကောင်း မရှိခဲ့ပေ။ တစ်ခါတစ်ရံ စားစရာပင် မရှိတာကြောင့် သူမနှင့် ပေါင်ချန်တို့ ရုပ်ဖျက်ပြီး မြစ်ထဲမှာ ငါးဖမ်းခဲ့ကြရသည်။

တစ်ကြိမ်မှာတော့ သူမ ရေထဲ ပြုတ်ကျခဲ့ပြီး လမ်းသွားလမ်းလာ စိတ်ထားကောင်းသူတစ်ဦးက ကယ်တင်ခဲ့သည်။ ထိုအချိန်မှစပြီးတော့ ခန္ဓာကိုယ်ထဲ အအေးဓာတ်များ စိမ့်ဝင်သွားကာ တစ်လလုံးလုံး ချောင်းဆိုးဝေဒနာ ခံစားခဲ့ရသည်။ ထိုစဉ်ကတည်းက သူမရဲ့အသံ ပျက်စီးသွားခဲ့ပြီး ကျန်းမာရေးကလည်း အပြည့်အဝ ပြန်မကောင်းလာတော့ပေ။

ထိုအစောပိုင်းနှစ်များတွင် သူမက မြို့တော်ရှိ နယ်စားမင်းအိမ်တော်ဆီ နေ့တိုင်း စာများရေးခဲ့သည်။ သူမအပေါ် နည်းနည်းလေးပဲဖြစ်ဖြစ် ဂရုစိုက်ပေးရန်၊ အအေးမိပျောက်ဆေး ဝယ်ပေးရန် သို့မဟုတ် တစ်ခေါက်တစ်ခါလောက်ဖြစ်ဖြစ် လာကြည့်ပေးရန် စုကျန်းကို အသနားခံ တောင်းဆိုခဲ့သည်။

ဒါပေမဲ့ သူက အမြဲတမ်း အေးစက်စိမ်းကားခဲ့ပြီး သူမရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းကို လုံးဝ လျစ်လျူရှုထားခဲ့သူဖြစ်၏။

နောက်ပိုင်းတော့ သူမက သူ့ဆီ မည်သည့်အရာကိုမျှ မမျှော်လင့်တော့ပေ။

ရွှယ်နင် ဒီလိုမျိုး မသေချင်သေးဘူး။ သူမက အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့ကာစပဲ ရှိသေးတယ်။ သူမကိုယ်တိုင်အတွက်တောင် ကောင်းကောင်းမွန်မွန် မရှင်သန်ရသေးဘဲ အခုလို အချိန်မှာ ဘယ်လိုလုပ် သေဆုံးနိုင်မှာလဲ။

သူမ ရေထဲမှာ အချိန်တော်ကြာ ရုန်းကန်နေပြီးနောက် ကမ်းစပ်မှာ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေတဲ့ ထိုလူဟာ နောက်ဆုံး၌ ရေထဲ ခုန်ချလာတာကို မြင်လိုက်ရသည်။

အဲ့ဒီအခိုက်အတန့်မှာ သူမ တကယ် သေသွားချင်တော့တယ်။

အကယ်၍ စုကျန်းရဲ့ ကယ်တင်တာကို ခံယူရမယ်ဆိုပါက ရေနစ်သေလိုက်ရတာကမှ သာဦးမယ်။

...

ရွှယ်နင်သည် နာရီဝက်ခန့် သတိလစ်နေပြီးနောက် ဖြည်းဖြည်းချင်း ပြန်နိုးလာခဲ့သည်။

သူမရဲ့ မျက်စိရှေ့မှာ မြင်လိုက်ရတာက ငယ်ငယ်တုန်းက သူမအသုံးပြုခဲ့ဖူးတဲ့ စာကလေးများနှင့် သစ်ကိုင်းပုံစံများ ထိုးထားသည့် ရင်းနှီးနေတဲ့ အိပ်ရာထက်မှ ခြင်ထောင်မျက်နှာကြက်ပင်။

သူမရဲ့အိပ်ဆောင်က ပိုးထည် အဆင်တန်ဆာများဖြင့် ပြည့်နှက်ကာ ခမ်းနားထည်ဝါသည်။ ဟောင်းနွမ်းပြီး လေတိုက်လျှင် တုန်ခါနေတတ်တဲ့ အိမ်တော်ဟောင်းနှင့် နှိုင်းယှဉ်ပါက ဒီအရာအားလုံးဟာ အိပ်မက်တစ်ခုလိုပင် ခံစားနေရသည်။

သခင်မကျန်းသည် ကုတင်ဘေးတွင် ထိုင်နေပြီး အဖျားကြောင့် ပူရှိန်းနေတဲ့ သူမ၏ နဖူးပြင်ကို စမ်းသပ်နေသည်။ အခန်းထဲတွင်လည်း အစေခံမလေးများနှင့် လူကြီးပိုင်း အထိန်းတော်များက သူမကို စိုးရိမ်တကြီး ကြည့်နေကြ၏။

“ဘယ်လိုတောင် ဂရုမစိုက်ဘဲ နေလိုက်ရတာလဲ? ဒီလောက်အေးတဲ့ ရာသီဥတုမှာ အအေးမိသွားတော့ ဘယ်လိုလုပ်မလဲ?”

ရွှယ်နင်သည် လေးလံနေတဲ့ မျက်ခွံများကို ပင့်ကြည့်လိုက်ပြီး သခင်မကျန်း၏ နောက်မှာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားတဲ့ ထိုလူကို မြင်လိုက်ရသဖြင့် နှလုံးသားမှာ မထိန်းနိုင်ဘဲ တုန်ရီသွားရပြန်သည်။

အရင်ဘဝတုန်းကဆိုရင် အခုလိုအချိန်မျိုးမှာ သူမ အပြစ်ပေးခံရပြီး ဘိုးဘွားခန်းမဆောင်ကို အပို့ခံထားရပြီ။ အခုတော့ သူမက ဘယ်လိုလုပ် သူမရဲ့အိပ်ဆောင်ထဲမှာ အေးအေးလူလူ လှဲနေနိုင်ရတာလဲ။

သို့သော် ရေထဲ ပြုတ်ကျသွားခြင်းက မမျှော်လင့်ထားသည့် ကိစ္စဖြစ်သလို၊ သူမကို ပိုပြီးတော့တောင် ထိတ်လန့်သွားစေတာက အမြဲတမ်း အေးစက်စိမ်းကားတဲ့ စုကျန်းက သူမကို ကယ်တင်ခဲ့ခြင်းပင်။

မြစ်ကမ်းဘေးကနေ ချင်းယွင်ဆောင်အထိ ခရီးက အတော် ဝေးတဲ့အပြင် လမ်းတစ်လျှောက်မှာလည်း အစေခံများစွာ ရှိနေသည်။ သူမကို သူ့ရင်ခွင်ထဲ ပွေ့ချီပြီး ပြန်လာခဲ့တာကို လူတိုင်း မြင်သွားကြပြီ မဟုတ်လား။

သူမနဲ့ စုကျန်းက မောင်နှမအရင်းများလည်း မဟုတ်ကြပေ။ စုကျန်း သခင်မကျန်းကို ဘာတွေပြောထားလဲဆိုတာကို သူမ မခန့်မှန်းနိုင်တော့ဘူး။

စိတ်ထဲမှာ အနည်းငယ် ရှုပ်ထွေးသွားပြီး သူမ ခပ်တိုးတိုး ပြောလိုက်သည်။

"သခင်မ..... ကျွန်မ အဆင်ပြေပါတယ်..."

သခင်မကျန်းက နူးညံ့စွာ ပြုံးလိုက်၏။

"ကျန်းအာသာ အနားမှာ မရှိရင် မင်းကို ဘယ်သူ ကယ်နိုင်မှာလဲ?"

ရွှယ်နင်သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ရင်း ထိုလူ့ဆီ အကြည့်ပို့လိုက်သည်။

စုကျန်းက လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေပြီး သူ့ရဲ့နက်မှောင်တဲ့ မျက်ဝန်းများထဲမှာ ဘယ်လိုခံစားချက်ကိုမှ ဖတ်မရပေ။

သူ့အမူအရာကို နားမလည်နိုင်တာကြောင့် သူမ သခင်မကျန်းကိုသာ ဇဝေဇဝါ ကြည့်နေမိသည်။

အရင်ဘဝတုန်းက သူမက စုကျန်းအပေါ် အတင်းတွယ်ကပ်ခဲ့တာကြောင့် သခင်မကျန်းက သူမအပေါ် စိတ်ပျက်ခဲ့ပြီး စုကျန်းနဲ့ ပတ်သက်မိမှာကို လုံးဝ မလိုလားခဲ့ပေ။

ဒါပေမဲ့ အခုတော့ စုကျန်းက သူမကို ပွေ့ချီလာခဲ့ပါလျက်နှင့် သခင်မကျန်းက ပြုံးရွှင်နေပြီး အပြစ်တင်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

"သခင်မ... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး... မတော်တဆ ခြေချော်ပြီး ရေထဲ ကျသွားတာပါ..."

သခင်မကျန်းက သူမရဲ့ လက်ကလေးကို ညင်သာစွာ ဖိညှစ်လိုက်သည်။

"ဒါ မင်းအမှားမဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ ကျန်းအာက အားလုံးကို ရှင်းပြပြီးပြီ။ မင်းက မတော်တဆ ချော်လဲကျသွားလို့ သူက တွဲပေးရုံတင်ပါတဲ့။ ကျောက်တံတားက ကျဉ်းတဲ့အပြင် ဆောင်းတွင်းနှင်းတွေကြောင့်လည်း ချောနေမှာပေါ့။ မင်းရဲ့ ကျန်းမာရေးကလည်း အားနည်းနေတာဆိုတော့ နောက်ဆိုရင် အဲ့ဒီနားကို မသွားနဲ့တော့နော်"

စုကျန်းက အရာအားလုံးကို ရှင်းပြပေးခဲ့တယ်ပေါ့။

ရွှယ်နင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

"ဟုတ်ကဲ့ပါ သခင်မ.."

တော်သေးတာ သခင်မကျန်းက အကျိုးအကြောင်း သိတတ်ခြင်းပင်။ သူမက သခင်မကျန်းရဲ့သားဖြစ်သူနှင့် တမင်တကာ နီးစပ်အောင် မကြိုးစားသရွေ့ သခင်မကျန်းက သူမအပေါ် စိတ်ပျက်မှာ မဟုတ်ပေ။

သူမက အနည်းငယ် ပြုံးလိုက်ပြီး စုကျန်းကို ယဉ်ကျေးစွာ ပြောလိုက်၏။

"ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုအားကျန်း.."

စုကျန်း ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

"အသေးအဖွဲ ကိစ္စပါ၊ စိတ်ထဲ သိပ်မထားနဲ့"

သူက သူမလို အားကိုးရာမဲ့တဲ့ မိန်းကလေးတစ်ဦးနဲ့ နာမည်တွဲခံရမှာကို စိုးရိမ်နေတာ ရွှယ်နင် သိတာ‌‌ေကြောင့် လိမ္မာပါးနပ်စွာပင် ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ရမှာပါ။ နောက်ဆိုရင် ကျွန်မ ပိုပြီး ဂရုစိုက်ပါ့မယ်၊ သခင်မနဲ့ အစ်ကိုအားကျန်းတို့ကို စိတ်မပူစေတော့ပါဘူး"

"ဒါပေါ့..."

သခင်မကျန်းက နွေးထွေးစွာ ပြောလိုက်သည်။

"မင်းက အခု စုအိမ်တော်မှာ နေနေတာဆိုတော့ ဒီနယ်စားမင်းအိမ်တော်ကို မင်းရဲ့ ကိုယ့်အိမ်ကိုယ်ရာလိုပဲ သဘောထားပါ။ သိပ်ပြီး အားနာမနေနဲ့။ အဲ့ဒီဝိုင်အိုးကို ကြိုက်တယ်ဆိုရင်လည်း ပေါင်ချန်ကို သိုလှောင်ခန်းကနေ နောက်တစ်လုံး သွားယူခိုင်းလိုက်ပေါ့။ ဘာမဟုတ်တဲ့ အရာလေးအတွက်နဲ့ အသက်အန္တရာယ်ဖြစ်အောင် ဘာလို့ လုပ်ရတာလဲ? ခဏနေရင် အဖွားကျိုးကို အသုံးအဆောင်တွေ ပို့ခိုင်းလိုက်မယ်။ မင်းရဲ့ အခန်းထဲမှာ ထားဖို့အတွက် အကြိုက်ဆုံးတချို့ကို ရွေးထားလိုက်ဦး"

သခင်မကျန်းရဲ့ ကြင်နာတဲ့ စကားများကို ကြားရတဲ့အခါ ရွှယ်နင်ရဲ့ ရင်ထဲ နွေးထွေးမှုတစ်ခု လှိုင်းထသလို ခံစားလိုက်ရသည်။

“သခင်မ....”

သူမ သခင်မကျန်း၏ ရင်ခွင်ထဲ တိုးဝင်ကာ စိတ်ရင်းမှန်ဖြင့် ငိုချလိုက်တော့သည်။

“အားနင် နားလည်ပါပြီ... နောက်ဆိုရင် အားနင် ပိုပြီး လိမ္မာပါ့မယ်”

သခင်မကျန်းက ချစ်မြတ်နိုးစွာဖြင့် သူမရဲ့ ကျောပြင်လေးကို ပုတ်ပေးရင်း -

“ကဲ... ကဲ... ဘာလို့ ပြန်ငိုနေရတာလဲ?”

စုကျန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း ခန္ဓာကိုယ်ထဲမှ အအေးဓာတ်များ ပြေလျော့သွားစေရန် လက်ဖက်ရည်ပူပူကို တစ်ငုံ သောက်လိုက်သည်။

သူ မျက်လုံးပင့်ကြည့်လိုက်တဲ့အခါ သူ့အမေရဲ့ ရင်ခွင်ထဲမှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ နုနုနယ်နယ် မိန်းကလေးကို မြင်လိုက်ရသည်။

သူမက အခုနှစ်မှ အရွယ်ရောက်လာကာစပဲ ရှိသေး၏။ သူမရဲ့အလှတရားက ထင်ရှားပေါ်လွင်လှပြီး အသားအရေကလည်း လတ်လတ်ဆတ်ဆတ် အခွံနွှာထားသည့် ကြက်ဥလေးတစ်လုံးကဲ့သို့ ဖြူဝင်းနုနယ်နေသည်။ အဖျားတက်နေတာကြောင့် သူမရဲ့ ပါးပြင်လေးများက ပန်းရောင်သန်းကာ နီမြန်းနေပြီး ဆွဲဆောင်မှုရှိသည့် ကြောင်ပေါက်လေးတစ်ကောင်နှင့်ပင် တူနေတော့သည်။

အစောပိုင်းက သူမ သတိလစ်ပြီး သူ့ရင်ခွင်ထဲမှာ ရေခဲတမျှ အေးစက်နေခဲ့တာကို ပြန်စဉ်းစားမိတဲ့အခါ သူ့စိတ်ထဲမှာ မဖော်ပြနိုင်တဲ့ ထိတ်လန့်မှုတစ်ခုဖြင့် တင်းကျပ်သွားရသည်။

ကံကောင်းတာ မြစ်က ရေမနက်ခြင်းပင်။ သူမက ခြေချော်ပြီး ဟန်ချက်ပျက်သွားရုံသာ ဖြစ်၏။

အကယ်၍ သူမသာ ရေနစ်လုနီးပါး ဖြစ်မသွားခဲ့ရင် သူ့အာရုံစိုက်မှုကို ရဖို့အတွက် သူမ တမင်သက်သက် ရေထဲခုန်ချတယ်လို့ သူ သံသယဝင်မိလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်... သူမက အမြဲတမ်း ပေါ့ပျက်ပျက်နှင့် မဆင်မခြင် နေတတ်တဲ့သူ မဟုတ်လား။

အရင်တုန်းကဆိုရင် သူမက သူ့ဆီကို မုန့်တွေ၊ လက်ဖက်ရည်တွေနှင့် လတ်ဆက်တဲ့ပန်းတွေကို အမြဲလာပို့တတ်ပြီး သူ့အကြည့်ကို ရရှိဖို့အတွက် အမြဲကြိုးစားခဲ့သည်။

ဒါပေမဲ့... ဒီနေ့ သူမလုပ်သမျှ အရာအားလုံးက ထူးဆန်းနေတယ်။

အထူးသဖြင့် မြစ်ကမ်းဘေးမှာတုန်းက... သူမက သူ့အနားသို့ အကပ်ခံမယ့်အစား ရေထဲ ပြုတ်ကျသွားဖို့ကိုပဲ ရွေးချယ်ခဲ့တယ်။

စုကျန်းသည် သူ့မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ရင်း ရင်ထဲတွင် ရှုပ်ထွေးတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

သေချာတာက... ဒီနေ့မတိုင်ခင်အထိ ရွှယ်နင်က သူ့အပေါ် အမြဲတမ်း... စိတ်အားထက်သန်ခဲ့တယ် မဟုတ်ဘူးလား။

All Chapters