အခန်း ၄
Vol. 1 Ch. 4
အခန်း(၄) - လှောင်ပြောင်ခြင်း
ရွှယ်နင်သည် သခင်မကျန်းနှင့်သာ နီးနီးကပ်ကပ် နေချင်ပြီး စုကျန်းကိုတော့ သူမရဲ့ အခန်းထဲမှာ တစ်စက္ကန့်မျှပင် ဆက်မရှိစေချင်တော့ပေ။ သခင်မကျန်းနှင့် ခဏတဖြုတ် စကားပြောဆိုပြီးနောက် သူမ ပင်ပန်းနေပြီဖြစ်တာကြောင့် အနားယူချင်ကြောင်း အကြောင်းပြလိုက်သည်။
သခင်မကျန်းက သူမရဲ့ခေါင်းကို ကြင်နာစွာ ပုတ်ပေးပြီး လှဲပြီးအနားယူရန် ပြောခဲ့သည်။ သခင်မကျန်းကိုယ်တိုင် ပြန်တော့မယ်ဖြစ်တာကြောင့် အပြင်လူ အမျိုးသားတစ်ယောက်ဖြစ်တဲ့ စုကျန်းလည်း ဆက်နေရန် အကြောင်းပြချက် မရှိတော့ချေ။
သူတို့ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ရွှယ်နင်သည် ကုတင်ပေါ်မှ ဆင်းကာ ခြေဗလာဖြင့် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ဝေးကွာသွားတဲ့ သူတို့၏ ကျောပြင်များကို ငေးကြည့်နေသည်။
လေထဲမှ ဝဲပျံကျလာသည့် နှင်းစက်များက တစ်ဝင်းလုံးကို အဖြူရောင်စောင်ကြီး ခြုံလွှမ်းထားသကဲ့သို့ ရှိနေသည်။ နှစ်ကုန်ခါနီး အေးစက်တဲ့ နေ့တစ်နေ့ဖြစ်ပေမယ့် အခုတော့ အရာအားလုံးက လုံးဝ ပြောင်းလဲသွားခဲ့ပြီ။
သူမ ထိုနွေဦးဝိုင်တစ်ခွက်ကို တားဆီးနိုင်ခဲ့ပြီ။
စုကျန်းနဲ့လက်ထပ်ရမယ့် ကံကြမ္မာဆိုးကိုလည်း ပြောင်းလဲပစ်နိုင်ခဲ့ပြီ။
သူမက အေးစက်တိတ်ဆိတ်တဲ့ အခန်းထဲမှာ ဆယ်နှစ်တိုင်တိုင် တစ်ယောက်တည်း စောင့်နေစရာ မလိုတော့သလို၊ သူပေးသနားမယ့် "အချစ်" လို့ အမည်တပ်ထားတဲ့ သနားကရုဏာ အနည်းငယ်ကိုလည်း တောင်းခံနေစရာ မလိုတော့ပေ။
ဒီတစ်ကြိမ်တော့ သူမက စုကျန်းကို သူမရဲ့ ဘဝထဲကနေ ကိုယ်တိုင်ကိုယ်ကျ မောင်းထုတ်ပစ်မယ်။
ဒီတစ်ကြိမ်မှာ သူမကိုယ်တိုင်အတွက်ပဲ အပြည့်အဝ ရှင်သန်တော့မယ်။
စိတ်ထဲမှာ ဝမ်းသာလာပြီး မျက်ခုံးလေးများကလည်း ကွေးညွတ်ကာ ပြုံးယောင်သန်းလာသည်။ ရင်ဘတ်ထဲတွင်လည်း အရင်ကထက် ပို၍ ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။
“ပေါင်ချန်!”
“သခင်မလေး... ကျွန်မ ဆေးကျိုနေပါတယ်!”
ပေါင်ချန်က မီးဖိုချောင်ထဲကနေ ခေါင်းပြူထွက်လာပြီး ခြေဗလာနှင့် ရပ်နေတဲ့ ရွှယ်နင်ကို မြင်တဲ့အခါ ဒေါသတကြီးဖြင့် မျက်နှာနီမြန်းသွားသည်။
“သခင်မလေးရယ်... ရေထဲပြုတ်ကျထားတာကို ဘာလို့ ဖိနပ်မပါဘဲ လျှောက်သွားနေရတာလဲ?”
ရွှယ်နင်ကတော့ ပျော်လွန်းလို့ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ သူမက ခြေဗလာဖြင့် ပြေးထွက်သွားပြီး ဝဝတုတ်တုတ်လေးရှိသေးတဲ့ ပေါင်ချန်ကို ရင်ခွင်ထဲ ထည့်ဖက်လိုက်ရင်း မျက်ဝန်းများ နီရဲလာသည်။
“ပေါင်ချန်... ငါဗိုက်ဆာပြီ။ ဒီညကျရင် ခေါက်ဆွဲပြုတ် တစ်ပန်းကန်လောက်ပဲ စားရအောင်... မဟုတ်ဘူး၊ ဒီညတင် မဟုတ်ဘူးနော်။ နှစ်တိုင်း... နှစ်တိုင်း ငါတို့ အတူတူ စားကြမယ်...”
“သခင်မလေး... ဘယ်လိုတွေ လျှောက်ပြောနေတာလဲ?”
ပေါင်ချန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ နွေးထွေးပြီး တက်ကြွနေတဲ့ မိန်းကလေးတစ်ဦးရဲ့ ပွေ့ဖက်တာကို ခံလိုက်ရတာ သူမအတွက် နေရခက်သည်။ ရွှယ်နင်ရဲ့ မိဘများနှင့် မောင်နှမတွေ သေဆုံးသွားကတည်းက စုကျန်းမှလွဲပြီးတော့ ဘယ်သူ့ကိုမှ အနား အကပ်မခံခဲ့တာ မဟုတ်လား။
“ဒါက နယ်စားမင်းအိမ်တော်လေ... ဘယ်လို စားကောင်းသောက်ဖွယ်မျိုး မရှိဘဲ နေမလဲ? ဘာလို့ ခေါက်ဆွဲပြုတ်ပဲ စားချင်နေရတာလဲ?”
ရွှယ်နင်သည် ပေါင်ချန်၏ ပုခုံးပေါ်တွင် မေးတင်ထားရင်း မျက်ရည်များ တဖြိုင်ဖြိုင် ကျလာသည်။
မှန်တယ်.. ရွှမ်းယီနယ်စားမင်းအိမ်တော်က ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိတဲ့အတွက် ဘယ်လို အရသာရှိတဲ့ အစားအစာမျိုးမဆို ရှိတယ်။
သူမ စည်းမကျော်ဘဲ သိပ်ပြီး လောဘမကြီးသရွေ့ ဒီအိမ်တော်ရဲ့ အလေးစားရဆုံး သခင်မလေးတစ်ဦးအဖြစ် ဆက်ရှိနေမှာပဲ။
စုကျန်း နောင်တစ်ချိန် တော်ဝင်အမတ်ချုပ် ဖြစ်လာတဲ့အချိန်ကျရင်လည်း သူမက သူ့အရိပ်အောက်မှာ ရိုးသားဖြောင့်မတ်တဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ပြီး အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်လိမ့်မယ်။
အရာအားလုံးက ရှင်းလင်းနေပြီဖြစ်လို့ သူမ အခြားဘာများ လိုချင်စရာ ရှိဦးမှာလဲ။
အခုဆိုရင် သူမက အရွယ်ရောက်ခဲ့ပြီဖြစ်လို့ နောက်နှစ်ဆိုလျှင် သခင်မကျန်းက သူမအတွက် အိမ်ထောင်ဖက် ရှာဖွေပေးတော့မည်။
ဒီတစ်ကြိမ်မှာတော့ သူမကို တကယ်ချစ်မြတ်နိုးမယ့်သူနဲ့ လက်ထပ်ပြီး အလေးအနက်ထားခံရခြင်းရဲ့ အရသာကို ခံစားရမည်သာ။
ပေါင်ချန်သည် သူမရဲ့ အပူကပ်မှုကို မလွန်ဆန်နိုင်တော့ဘဲ နောက်ဆုံးတွင် ခေါက်ဆွဲနှစ်ပန်းကန် ချက်ပေးလိုက်ရသည်။
ရွှေရောင်မီးသွေးများဖြင့် နွေးထွေးနေတဲ့ အခန်းလေးထဲတွင် နှစ်ယောက်သား ပုန်းအောင်းကာ နာရီဝက်ခန့်ကြာအောင် ကျေနပ်အားရစွာ စားသောက်ခဲ့ကြ၏။
ပေါင်ချန်က အတန်ကြာ ဝေခွဲမရဖြစ်နေပြီးမှ စကားစလိုက်သည်။
"ကျွန်မ ကြားတာတော့ မင်းသမီး ရှို့နင်းက အရက်အလွန်အကျွံသောက်မိပြီး နေမကောင်းဖြစ်လို့ အိမ်တော်မှာ ခဏနားနေတယ်တဲ့။ သူ(မ)ရဲ့ အဆောင်က သခင်လေးရဲ့ အဆောင်နဲ့ ကပ်လျက်ပဲလေ"
ရွှယ်နင်သည် ဘာမှမကြားလိုက်တဲ့အတိုင်း ခေါင်းငုံ့ကာ ခေါက်ဆွဲကိုပဲ ဆက်စားနေသည်။
"အင်း..."
ပေါင်ချန် ဒါကို အတော်လေး ထူးဆန်းသွားတယ်။
"သခင်မလေး... သေချာရော ကြားရဲ့လား?"
ရွှယ်နင်သည် ခေါက်ဆွဲရည်ကို တစ်ငုံအကြီးကြီး သောက်လိုက်တဲ့အခါ နွေးထွေးမှုက သူမရဲ့ ဝမ်းဗိုက်ထဲအထိ ပျံ့နှံ့သွားသည်။
သူမက ကြည်လင်တောက်ပတဲ့ မျက်ဝန်းများကို ပင့်ကြည့်လိုက်သည်။
"ကြားတယ်။ ဒါပေမဲ့ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ?"
ပေါင်ချန် ဘာဆက်ပြောရမှန်းမသိဘဲ ခေါင်းကိုသာ ကုတ်နေမိတယ်။ သူမ မှတ်မိသလောက်ဆိုရင် သခင်မလေးက မင်းသမီး ရှို့နင်းကို အမုန်းဆုံး မဟုတ်ဘူးလား...
နောက်တစ်နေ့ နံနက်စောစောတွင် ရွှယ်နင်သည် အာရုဏ်မတက်မီကပင် အိပ်ရာမှ ထလိုက်၏။
ရွှမ်းယီနယ်စားမင်းအိမ်တော်ကို သခင်မကျန်းက စီမံခန့်ခွဲတာကြောင့် စည်းကမ်းများက သိပ်မတင်းကျပ်ပေ။ သူမက မျိုးဆက်သစ်လူငယ်များကိုလည်း သိပ်ပြီး ဖိအားမပေးတတ်ဘဲ လဆန်း (၁) ရက်နှင့် (၁၅) ရက်နေ့များတွင်သာ လူစုံတက်ရောက်ရန် တောင်းဆိုလေ့ရှိသည်။
ဒါပေမဲ့ သခင်မကြီး အမျိုးသမီးရှဲ့ကတော့ ဂုဏ်သရေရှိ မိသားစုကနေ လာသူဖြစ်တာကြောင့် အလွန်အမင်း စည်းကမ်းကြီးသည်။ ရွှယ်နင်သည် သူမကို ကြောက်ရွံ့တာကြောင့် အရင်ကဆိုလျှင် ဂါရဝပြုရန် သိပ်မသွားချင်ခဲ့ပေ။
သူမရဲ့ မိဘတွေလည်း မရှိတော့သလို၊ အစ်ကိုနှစ်ယောက်လုံးလည်း စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တဲ့အတွက် သူမက သူတစ်ပါးရဲ့ အရိပ်အောက်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် သူမရဲ့ စရိုက်ကလည်း သူမနှင့် ရွယ်တူမိန်းကလေးများထက် ပို၍ သီးသန့်ဆဆန်ကာ ကြောက်တတ်လန့်တတ် ဖြစ်နေခဲ့သည်။
သခင်မကျန်းက သူမ တောင်းဆိုသမျှကို အမြဲတမ်း ဖြည့်ဆည်းပေးလေ့ရှိ၏။ သူမသာ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးဆိုရင် သခင်မကျန်းက သူမရဲ့ ကိုယ်ပိုင်အဆောင်ထဲမှာပဲ အေးအေးဆေးဆေး နေခွင့်ပြုခဲ့သည်။
သို့သော် စုမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ပြီးနောက်မှသာ ကမ္ဘာကြီးက ဘယ်လိုလည်ပတ်နေတယ်ဆိုတာကို ရွှယ်နင် နားလည်လာခဲ့သည်။ မိမိကိုယ်ကျိုးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း သိလာခဲ့၏။
သူမကြောင့်ပင် သခင်မကျန်းက မိသားစုအခွဲတိုင်း၏ ဖိအားကို ခံခဲ့ရသည်၊ သခင်မကြီးရှဲ့၏ နှိပ်စက်မှုကို ခံခဲ့ရသည်၊ ဒုတိယအိမ်တော်ခွဲ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်၊ တတိယအိမ်တော်ခွဲ၏ အထင်သေးမှုကို ခံခဲ့ရပြီး နောက်ဆုံးတွင် သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရသည်။
စုကျန်းက သူမကို မုန်းတီးနေတာ သူမက သခင်မကျန်းအပေါ် ကျေးဇူးမသိတတ်ခဲ့တာတွေကြောင့်လားလို့ သူမ မကြာခဏ တွေးမိတတ်သည်။
အခုတော့ ဒုတိယအကြိမ် ဘဝသစ် ရလာခဲ့ပြီဖြစ်လို့ သူမကြောင့် သခင်မကျန်းကို အိမ်တွင်းရေးကိစ္စများကြားမှာ နောက်ထပ် အခက်မတွေ့စေတော့ဘူးလို့ ဆုံးဖြတ်ထားသည်။
"သခင်မလေး... တကယ်ပဲ သခင်မကြီးဆီကို ဂါရဝပြုဖို့ သွားမလို့လား?"
ပေါင်ချန်သည် ရှဉ့်မွေးများ တပ်ဆင်ထားသည့် ဝတ်ရုံရှည်ကို ယူလာပြီး ရွှယ်နင်၏ ပုခုံးပေါ်သို့ ခြုံပေးလိုက်သည်။ သူမက မကျေမနပ်ဖြင့်-
"သခင်မကြီးက သခင်မလေးကို မနှစ်သက်ဘူးလေ။ ပြီးတော့ ဒုတိယနဲ့ တတိယအိမ်ခွဲက သခင်မလေးတွေကလည်း သခင်မလေးနဲ့ သိပ်မခင်ကြဘူး။ မသွားတာပဲ ကောင်းပါတယ်"
ရွှယ်နင်သည် လက်နွေးအိတ်လေးကို ကိုင်ထားရင်း တံခါးဆီသို့ လျှောက်လှမ်းသွားသည်။
"ဒီနေ့ကစပြီး ငါ နေ့တိုင်း သွားမယ်"
"ဟင်?"
ပေါင်ချန် ကြောင်သွားတယ်။
"သခင်မလေးက အိမ်တော်ထဲက တခြားသူတွေနဲ့ ရောရောနှောနှော နေရတာကို မကြိုက်ဘူး မဟုတ်ဘူးလား?"
ရွှယ်နင်က ပြုံးလိုက်သည်။
"နည်းနည်းပါးပါး ပေါင်းသင်းတာက ကိစ္စမရှိပါဘူး။ ငါတို့အားလုံးက မောင်နှမတွေပဲလေ"
ပေါင်ချန်က စနောက်လိုက်သည်။
"သခင်လေးကလည်း သခင်မလေးရဲ့ အစ်ကိုပဲလား?"
ရွှယ်နင် ခဏမျှ ရပ်တန့်သွားပြီးမှ တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
"သခင်လေးလည်း ပါတာပေါ့"
ပေါင်ချန် ဘာစကားမှ ဆက်မပြောနိုင်တော့ဘဲ မျက်လုံးအပြူးသားဖြင့် သူမရဲ့ သခင်မလေးနောက် လိုက်သွားတော့သည်။ သခင်မလေးတစ်ယောက် ဖျားပြီး ထုံထိုင်းသွားတာများလားဟု သူမ တွေးမိနေသည်။ အရင်တုန်းကဆိုရင် သခင်လေးကို အချစ်ဆုံးဖြစ်ပြီး လက်ထပ်ချင်နေခဲ့တာ မဟုတ်ဘူးလား။ အခုကျမှ ဘယ်လိုဖြစ်ပြီး "အစ်ကို" ဖြစ်သွားရတာလဲ။
ရွှယ်နင်၏ ခြေလှမ်းများက ပေါ့ပါးနေသည်။ သူမ ဖျားနာခဲ့စဉ်တုန်းကဆိုလျှင် အမြဲတမ်း မိန်းမောနေပြီး အိပ်ရာထဲမှာသာ လဲနေခဲ့ရ၏။
ယုံကျိုး၏ ရာသီဥတုမှာ တစ်နှစ်ပတ်လုံး ဆိုးရွားလှပြီး အထူးသဖြင့် ဆောင်းရာသီတွင် နှင်းများ စတင်ကျပြီဆိုလျှင် လပေါင်းများစွာတိုင် နေရောင်ကို မြင်တွေ့ရလေ့မရှိပေ။
သူမ နေမကောင်းဖြစ်ပြီးနောက်တွင် ပေါင်ချန်၏ နေ့ရက်များမှာလည်း ခက်ခဲလာခဲ့သည်။ အိမ်တော်ဟောင်းရှိ အစေခံများက နေရာတိုင်းတွင် အခက်တွေ့အောင် လုပ်ခဲ့ကြသည်။ သူမနဲ့ပေါင်ချန်က ထိုခြံဝန်းကျဉ်းလေးထဲမှာ အကျဉ်းကျနေသလိုမျိုး တစ်ယောက်ကိုတစ်ယောက်ပဲ အားကိုးခဲ့ကြရသည်။
ဒါပေမဲ့ အခုတော့ သူမရဲ့ ခန္ဓာကိုယ်င ပေါ့ပါးနေပြီး နှလုံးသားထဲမှာလည်း ဘာဝန်ထုပ်ဝန်ပိုးမှ မရှိတော့တာကြောင့် သူမ နောက်ဆုံးတော့ လွတ်လပ်သွားခဲ့ပြီ ။ သူမရဲ့ စိတ်အခြေအနေက အခုထက် ပိုကောင်းစရာ မရှိတော့ပေ။
ချင်းယွင်ဆောင်မှ သခင်မကြီးရှဲ့၏ ဝမ်ရှိူဆောင်သို့ သွားရတဲ့ခရီးက အဝေးဆုံးပင်။ ထိုအချိန်တုန်းက သခင်မကျန်းက ရွှယ်နင် အမုန်းခံရမှာ ဒါမှမဟုတ် နေရခက်မှာကို စိုးရိမ်တာကြောင့် တမင်သက်သက်ပင် ဝေးလံသည့်ခြံဝန်းလေးတစ်ခုတွင် သူမကို သီးသန့်ထားပြီး ပြုစုပျိုးထောင်ပေးခဲ့သည်။
ရွှယ်နင်သည် ဆီးနှင်းများကြားတွင် အမွှေးတိုင်တစ်တိုင်ကုန်စာခန့် လျှောက်လှမ်းပြီးနောက် ဝမ်ရှိုခန်းမတံခါးဝသို့ ရောက်ရှိလာခဲ့၏။ သူမ အနည်းငယ် အမောဖောက်နေပြီဖြစ်သည်။
ပေါင်ချန်က စိုးရိမ်တကြီးဖြင့်-
"သခင်မလေး... အဆင်ပြေရဲ့လား?"
ရွှယ်နင်က ပြုံးပြလိုက်သည်။
"ငါ အဆင်ပြေပါတယ်"
ပေါင်ချန်က ဝေခွဲမရဖြစ်နေပြန်သည်။
"မသွားတာပဲ ကောင်းမယ်လို့ ကျွန်မ ထင်တုန်းပဲ။ အခုပြန်လှည့်ရင်လည်း ရသေးတယ်လေ"
"မကြောက်ပါနဲ့ ပေါင်ချန်။ ရှေ့ဆက်ရမယ့်လမ်းကို လျှောက်နေတဲ့အခါ နောက်ကြောင်းကို ပြန်မကြည့်ရဘူး"
မနေ့ကတင် ရေထဲပြုတ်ကျထားတဲ့အတွက် သူမရဲ့ခန္ဓာကိုယ်က အားနည်းနေဆဲပင်။ အထဲမဝင်ခင် ခဏလောက် အပြင်မှာ အမောဖြေဖို့အတွက် သူမ အစတုန်းက ရည်ရွယ်ထားပေမယ့်.......
ဝတ်ရုံနက်ကြီးကို ခြုံထားတဲ့ စုကျန်းက အခြား အိမ်တော်သခင်လေးနှစ်ဦးနှင့်အတူ ပိုးထီးကိုယ်စီဆောင်းကာ သူမရှိရာဆီ လျှောက်လာတာကို မြင်လိုက်ရသည်။
ရွှယ်နင်သည် စုကျန်းနှင့် မဆုံချင်ပေ။ ထို့ကြောင့် သူမ ချက်ချင်းပင် လှည့်ထွက်ရန် ပြင်လိုက်၏။
သို့သော် နောက်ကွယ်ကနေ ကျယ်လောင်တဲ့ ခေါ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟော... ဒါ ချင်းယွင်ဆောင်မှာ အမြဲအောင်းနေပြီး ဘယ်သူ့ကိုမှ အတွေ့မခံတဲ့ မိန်းကလေး ရွှယ်နင် မဟုတ်လား?"
စကားပြောလိုက်သူမှာ ဒုတိယအိမ်ခွဲ၏ သားအကြီးဆုံး စုယွီပင်။ သူက ဆွဲဆောင်မှုရှိပေမယ့် စိတ်မြန်လက်မြန်ရှိတဲ့ "မက်မွန်ပန်းမျက်ဝန်း" ပိုင်ရှင်ဖြစ်သည်။ စုမိသားစုထဲတွင် ရွှယ်နင်နှင့် အဆင်မပြေဆုံးသူမှာလည်း သူပင်။
သေချာတာပေါ့၊ရွှယ်နင်က ဝမ်ရှိုခန်းမထဲ ဝင်ရန် ပြင်နေတာကို မြင်တဲ့အခါ စုယွီက ရှေ့လှမ်းသွားပြီး သူမရဲ့သွယ်လျဖြူဝင်းသည့် လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်ကာ နောက်ဆွဲလိုက်သည်။
"နှစ်တွေအကြာကြီး ရွှယ်နင်က သူ(မ)ရဲ့ တန်ဖိုးရှိတဲ့ အလှတရားကို ဝှက်ထားခဲ့တာလေ။ အခုမှ အရွယ်ရောက်ပြီးပြီးချင်း အဘွားရှေ့မှာ ကိုယ့်ကိုယ်ကိုယ် လာပြဖို့ အလုအယက် ရောက်လာရတာလဲ?"
သူ့စကားများမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
သူမက အိမ်တော်မှ မြင့်မြတ်တဲ့ သခင်လေးများရဲ့ မျက်စိကျမှုကို ရယူရန်နှင့် သူတို့လမ်းကို တမင်ပိတ်ဆို့ရန် ရောက်လာခြင်းဖြစ်တယ်လို့ သူက တဲ့တိုးပင် ပြောလိုက်ခြင်းဖြစ်သည်။
သူမက လှပတဲ့ မိဘမဲ့မိန်းကလေးတစ်ယောက် ဖြစ်သည်။ အရွယ်ရောက်ပြီးနောက်ပိုင်းမှာ သူမအတွက် အရေးကြီးဆုံးကိစ္စက အနာဂတ် အိမ်ထောင်ရေးပင်။
အိမ်တော်၏ အမွေဆက်ခံသူသခင်လေးက တည်ငြိမ်အေးဆေးကာ နန်းတွင်း၌ မျက်နှာပန်းလှနေသူဖြစ်ပြီး၊ အခြား သခင်လေးများကလည်း ရုပ်ရည်ချောမောကာ မင်းမျိုးမင်းနွယ်များ ဖြစ်ကြသည်။
သူတို့ထဲက ဘယ်သူ့ကိုပဲ လက်ထပ်ရပါစေ သူမအတွက်တော့ "ဂုဏ်တက်" စရာပဲ မဟုတ်လား။