← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅) - အခြေအနေကို ထိန်းချုပ်ခြင်း

ရွှယ်နင်သည် မျက်မှောင်ကြုတ်ကာ အကြိမ်ကြိမ် ရုန်းကန်သော်လည်း ထိုလူ၏ ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

သူ့နောက်မှာ သခင်လေးအချို့က နောက်လိုက်အစေခံများစွာဖြင့် ရပ်ကြည့်နေကြသည်။ မြင်ကွင်းက ကြည့်မကောင်းသော်လည်း ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူမကို ကူညီရန် ရှေ့ထွက်မလာခဲ့ကြချေ။

အရင်ဘဝတုန်းကဆိုရင် သူမက စုကျန်း ကူညီမလားဆိုပြီး မျက်ရည်ဝိုင်းတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို လှမ်းကြည့်မိလိမ့်မယ်။

ဒါပေမဲ့ အခု ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာတော့ ရွှယ်နင် ရင့်ကျက်သွားခဲ့ပြီ။

သူမ ငိုမနေသလို ကြောက်ရွံ့ခြင်းလည်း မရှိတော့ပေ။

သူမက သတ္တိကို မွေးမြူကာ စုယွီ၏ အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်သည်။

“ကျွန်မ သခင်မကြီးကို ဂါရဝပြုဖို့ လာတာပါ၊ဒုတိယအစ်ကို”

“ဒုတိယအစ်ကို?”

စုယွီသည် ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။ သူ၏ လက်ချောင်းများက သူမ၏ နူးညံ့ဖြူဝင်းတဲ့ လက်ကလေးကို စနောက်သည့်အပြုံးဖြင့် အသာပွတ်သပ်ရင်း တင်းတင်းဆုပ်ကိုင်လိုက်ပြန်သည်။

“ငါ့ရဲ့မျိုးရိုးက ‘စု’... မင်းရဲ့မျိုးရိုးက ‘ရွှယ်’... မင်းက ဘယ်တုန်းကတည်းက ငါ့ရဲ့ညီမ ဖြစ်သွားတာလဲ?”

ရွှယ်နင် ဘာမှပြန်မပြောနိုင်ခင်မှာပင် မလှမ်းမကမ်းမှ ကြည်လင်တဲ့ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

“အားလုံး ရောက်နေကြတာပဲ။ တို့တွေပဲ နောက်ကျနေတာ ထင်တယ်”

မကြာမီမှာပင် ကျော့ရှင်းလှပတဲ့ သခင်မလေးအချို့ လျှောက်လှမ်းလာကြသည်။

နယ်စားမင်းအိမ်တော်၏ သမီးပျိုများသည် တောက်ပတဲ့အရောင်အသွေးရှိသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အဖိုးတန် မြေခွေးမွေးဝတ်ရုံများကို ခြုံထားကြသည်။ သူတို့က ရွှယ်နင်ကို ဝိုင်းထားကြကာ လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။

ဒုတိယသခင်မလေး စုယင်က ဒီမြင်ကွင်းကို မြင်တဲ့အခါ မရယ်ဘဲ မနေနိုင်တော့ပေ။

“ဒုတိယအစ်ကို... ဘာတွေလုပ်နေတာလဲ? သခင်မကြီးရဲ့ ခြံဝင်းရှေ့မှာ ရွှယ်မိသားစုက မိန်းကလေးကို ဘာလို့ ဒီလိုကြီး ဆွဲထားရတာလဲ?”

သို့သော် စုယွီကတော့ မကောင်းတဲ့ ရည်ရွယ်ချက်ကို အပြုံးတွင်ဝှက်ကာ သူမကို လွှတ်မပေးသေးပေ။

ရွှယ်နင်သည် အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် အမျိုးသားတစ်ဦး၏ ခွန်အားကို ဘယ်လိုမှ မယှဉ်နိုင်ချေ။

သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဒေါသကြောင့် ပါးပြင်လေးများ နီမြန်းနေကာ စုယွီကို စူးစူးဝါးဝါး စိုက်ကြည့်နေမိသည်။

စုယွီက သူ့လက်ထဲမှ နူးညံ့အိစက်တဲ့ အထိအတွေ့ကြောင့် လွှတ်ပေးရန် ဝန်လေးနေမိ၏။ အစကတော့ သူမကို စနောက်ဖို့ပဲ ရည်ရွယ်ပေမယ့် အခုတော့ ထူးဆန်းစွာပင် သူမကို မလွှတ်ချင်တော့ပေ။

သူက ပြုံးစိစိဖြင့်-

“မင်းက ငါ့ကို ဒုတိယအစ်ကိုလို့ ခေါ်နေမှတော့... မင်းကို အဘွားဆီ ငါကိုယ်တိုင် ခေါ်သွားပေးမယ်လေ”

ရွှယ်နင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

“မလိုပါဘူး။ ကျွန်မမှာ ခြေထောက်ရှိပါတယ်။ ကိုယ့်ဘာသာကိုယ် လျှောက်နိုင်တယ်”

စုယွီက မျက်ခုံးပင့်လိုက်သည်။

“မနေ့ကပဲ မင်း ရေထဲပြုတ်ကျလို့ အစ်ကိုကြီးက ပွေ့ချီလာခဲ့တာ မဟုတ်လား? ဒီနေ့ကျမှ ဘယ်လိုဖြစ်ပြီး ကိုယ့်ဘာသာကိုယ် လျှောက်နိုင်သွားတာလဲ?”

သူ့စကားများမှာ လှောင်ပြောင်မှုများနှင့် မလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ရွှယ်နင်၏ မျက်နှာလေးမှာ ဖြူဖျော့သွားပြီး သူမ မသိစိတ်ကနေ စုကျန်းရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်မိသွားသည်။

အရပ်ရှည်ပြီး ထည်ဝါခန့်ညားတဲ့ ထိုလူက ဝတ်ရုံနက်ကြီးကို ဝတ်ဆင်ထားပြီး ဘေးမှာ သီးသန့်ရပ်နေသည်။ သူ့ရဲ့တည်ရှိမှုက အေးစက်လှပြီး သူ့ရဲ့ အရှိန်အဝါကလည်း အခြားသူကို ဖိအားပေးနေသကဲ့သို့ပင်။

ဝဲပျံနေတဲ့ နှင်းမှုန်များကြားတွင် သူ့မျက်နှာအမူအရာကို သူမ သေသေချာချာ မမြင်ရပေ။

သူမ ခံစားလိုက်ရတာ အရှက်ရမှု လှိုင်းလုံးကြီးတစ်ခုသာ ဖြစ်၏။

မျှော်လင့်ထားတဲ့အတိုင်းပဲ... စုကျန်းနဲ့ ပတ်သက်မိတာက သူမအတွက် ဘာကောင်းကျိုးမှ မပေးခဲ့ဘူး။

သခင်မကျန်းက ဘာမှမပြောသော်လည်း အစေခံများက မနေ့ကအကြောင်းကို ပျံ့နှံ့အောင် ပြောဆိုနေကြပြီဖြစ်သည်။ လူတိုင်းက သူမကို နယ်စားမင်းအိမ်တော်၏ အမွေခံသခင်လေးကို ဖြားယောင်းရန် ကြိုးစားနေသည့် အကြံသမား မိဘမဲ့မိန်းကလေးတစ်ဦးဟု ထင်နေကြလိမ့်မည်။

ထို့ကြောင့် သူမက စုကျန်း သူမကို ကူညီလိမ့်မည်ဟု မမျှော်လင့်တော့ပေ။

အဲ့ဒီအစား သူမက ခေါင်းကိုငုံ့ကာ ပါးစပ်ကို ဟလိုက်ပြီး စုယွီ၏ လက်ဖမိုးကို အားရပါးရ ကိုက်ချလိုက်တော့သည်။

စုယွီ နာကျင်လွန်းတာကြောင့် အသံထွက်ညည်းညူသွားရပြီး နောက်ဆုံးတွင် သူမကို လွှတ်ပေးလိုက်ရသည်။

ရွှယ်နင်သည် နဂိုကပင် နုနုနယ်နယ်နှင့် ချောမောသူဖြစ်ပေမယ့် အခုအချိန်မှာ သူမ၏ နက်မှောင်တဲ့ မျက်ဝန်းများက အေးစက်စက် တောက်ပနေသည်။ သူမက နှုတ်ခမ်းကို အနည်းငယ် ပြုံးယောင်သန်းလိုက်ပြီး မြင့်မြတ်တဲ့သခင်လေးများနှင့် သခင်မလေးများ အုပ်စုကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။

“ကျွန်မမှာ ခြေထောက်ရှိတယ်လို့ ပြောပြီးသားပါ။ လုံးဝကို မတတ်သာတော့တဲ့ အခြေအနေမျိုး မဟုတ်ရင် ကျွန်မ ဘယ်သူ့ကိုမှ အားကိုးမှာမဟုတ်ဘူး”

သူမ အဲ့လိုပြောလိုက်တဲ့အချိန် သူမရဲ့အကြည့်က စုကျန်း၏ အကြည့်နှင့် ဗြောင်ကျကျပင် ဆုံသွားသည်။

ထိုလူရဲ့ အေးစက်တဲ့ မျက်နှာသွင်ပြင်က ဘာခံစားချက်မှ မရှိဘဲ တည်ငြိမ်နေဆဲပင်။ အမြဲတမ်း အလှမ်းဝေးပြီး စိတ်နှလုံးမရှိသူတစ်ဦးကဲ့သို့ပင်။

သူ ဘာတွေတွေးနေလဲဆိုတာကို ရွှယ်နင် မသိပေ။ သူမ သိတာက ကျန်ရှိတဲ့ သူမရဲ့ ဘဝတစ်လျှောက်လုံးမှာ သူနဲ့ ပတ်သက်သမျှ အစအနအားလုံးကို ဖြတ်တောက်ပစ်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမယ်ဆိုတဲ့အချက်သာ ဖြစ်သည်။

စကားပြောပြီးနောက်တွင် သူတို့အားလုံး၏ တုံ့ပြန်မှုများကို လျစ်လျူရှုကာ သူမသည် ဝတ်ရုံစကို မလိုက်ပြီး ဝမ်ရှိုခန်းမ၏ ပင်မဆောင်ထဲသို့ လှမ်းဝင်သွားတော့သည်။

“အစ်ကိုကြီး... အခုလေးတင် သူ(မ) ဘယ်လောက်တောင် မာနကြီးပြသွားလဲ မြင်လိုက်လား—”

“ ‘လုံးဝကို မတတ်သာတော့တဲ့ အခြေအနေမျိုး’ ဆိုတာက ဘာကို ဆိုလိုတာလဲ?”

“သူ(မ)ကို ကယ်လိုက်တာက မှားသွားတာလား?”

စုကျန်းသည် မသိမသာ မျက်မှောင်ကြုတ်လိုက်မိပြီး သူ့အကြည့်က စုယွီ၏ လက်ပေါ်မှ ကိုက်ရာဆီသို့ ကျရောက်သွားသည်။

စုယွီ ဆုပ်ကိုင်ထားခဲ့တဲ့ ထိုသွယ်လျပြီး နှင်းပမာဖြူဖွေးသည့် လက်ကောက်ဝတ်လေးကို သူ ပြန်လည်မြင်ယောင်မိသည်။သူ့ရင်ထဲမှာ မဖော်ပြတတ်သည့် စိတ်တိုမှုအနည်းငယ်က အလိုအလျောက် မြင့်တက်လာရ၏။

“ပါးစပ်ပိတ်ထားစမ်း။”

စုယွီ၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။ သူ့အစ်ကိုကြီးရဲ့ အေးစက်စက်မျက်နှာထားကို မြင်လိုက်ရသဖြင့် နောက်ထပ်တစ်ခွန်းမျှပင် မဟရဲတော့ချေ။

သခင်မကြီးရှဲ့သည် အသက်ကြီးပြီဖြစ်တာကြောင့် အိပ်ရေးဆတ်စ။

အိမ်တော်၏ ချွေးမအကြီးဆုံးဖြစ်သူ သခင်မကျန်းလည်း သူမကို ပြုစုရန် အခန်းထဲတွင် ရောက်နှင့်နေပြီဖြစ်သည်။

မနေ့ညက အိမ်တော်မှာ တည်းခိုခဲ့တဲ့ မင်းသမီးရှို့နင်းလည်း ဘေးနားမှာ ရှိနေသည်။

သခင်မကြီးရှဲ့သည် မျက်နှာသစ်၊သန့်စင်ပြီးနောက် ပင်မဆောင်ရှိ ပန်းပုလက်ရာများဖြင့် မွမ်းမံထားသည့် နှင်းဆီသစ် ကုတင်ပေါ်တွင် နေရာယူထိုင်လိုက်သည်။

“အားလုံး ရောက်ကြပြီလား?”

သူမက ဂါရဝပြုနေကြတဲ့ မြေးမြစ်များကို ကြည့်လိုက်တဲ့အခါ အရောင်အသွေးမပါတဲ့ ဝတ်စုံကို ဝတ်ဆင်ထားသည့် ရွှယ်နင်ကို ချက်ချင်း သတိပြုမိသွားသည်။

“ရွှယ်မိသားစုက မိန်းကလေးက ဒီနေ့ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ?”

ရွှယ်နင်သည် နောက်ဆုံးမှ ဝင်လာသူဖြစ်၏။ လူတိုင်း ဂါရဝပြုပြီးသွားတဲ့အခါ သူမက ရှေ့သို့တစ်လှမ်းတိုးကာ စည်းစနစ်ကျသည့် အမူအရာဖြင့် ဦးညွှတ်လိုက်သည်။

“အရင်က ကျွန်မ မသိတတ်ခဲ့လို့ပါ။ အခုကစပြီး အဘွားကို သားသမီးကျင့်ဝတ်နဲ့အညီ ဂါရဝပြုဖို့ နေ့တိုင်း လာပါ့မယ်။”

သခင်မကြီးရှဲ့ အနည်းငယ် အံ့အားသင့်သွားသည်။

သူမရဲ့နှုတ်ခမ်းများက အဓိပ္ပာယ်မသိနိုင်တဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ရွှယ်နင်ကို ထူပေးရန် အစေခံတစ်ဦးကို အချက်ပြလိုက်သည်။

“မင်းမှာ ဒီလိုစိတ်ထားရှိတာ ကောင်းပါတယ်။ အားနေရင်တော့ ဒီအဘွားကြီးနဲ့အတူ ကျမ်းစာတွေ ကူးရေးရင်း အဖော်လုပ်ပေးပေါ့။”

ရွှယ်နင်သည် သခင်မကြီးရှဲ့ရှေ့သို့ ရောက်ခဲလှ၏။ သူမက သခင်မကျန်းကို စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက်သာ လိမ္မာပါးနပ်စွာ နေထိုင်ချင်သည်။

“အဘွား... ကျွန်မ ဒီနေ့ အားပါတယ်။”

အခန်းထဲတွင် ခဏမျှ တိတ်ဆိတ်သွားသည်။ မိန်းကလေးအချို့က သူမကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြ၏။

စုကျန်းရဲ့ မျက်ခုံးများ မသိမသာ လှုပ်ရှားသွားသည်။ သူ့အကြည့်က ထိုမိန်းကလေး၏ နုနယ်တဲ့မျက်နှာဆီ ကျရောက်သွားပြီး အေးစက်လာသည်—သူမ ဘာတွေပြောလာမယ်၊ ဘာတွေလုပ်လာမယ်ဆိုတာကို သူ ကြိုသိနေတဲ့အတိုင်းပင်။

သခင်မကြီးရှဲ့က အမှတ်မထင် ပြောလိုက်ခြင်းသာဖြစ်သည်။ ရွှယ်နင်က အဲ့လောက်လွယ်လွယ်နှင့် သဘောတူလိုက်တာကို ကြားတဲ့အခါ သူမ မကျေမနပ်မျက်မှောင်ကြုတ်သွားသည်။

“ဒါဆိုရင် ခဏနေခဲ့ဦးပေါ့”

သခင်မကျန်းကတော့ ပြုံးနေသည်။ ရွှယ်နင်ရဲ့ ဒီနေ့အပြုအမူက ထူးဆန်းနေပေမယ့် သူမ ဝမ်းသာတယ်။

ဒီကလေးကို ခေါ်လာခဲ့တဲ့အချိန်တုန်းက အိမ်တော်တစ်ခုလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။

သခင်မကြီးရှဲ့သည် ဂုဏ်သရေရှိ ပညာတတ်မျိုးနွယ်မှ လာသူဖြစ်တာကြောင့် စစ်ဗိုလ်ချုပ်မိသားစုများကို အထင်သေးတတ်သည်။ ထို့အပြင် ဒီကလေးရဲ့ မိဘများနှင့် မောင်နှမများ အကုန်သေဆုံးသွားပြီဖြစ်တာကြောင့် သူမရဲ့ ကံကြမ္မာက နိမိတ်မကောင်းကြောင်း၊ ဘေးဒုက္ခပေးမယ့်သူဖြစ်ကြောင်း ပြောကာ လွန်ခဲ့တဲ့နှစ်များကတည်းက နှင်ထုတ်ရန် တိုက်တွန်းခဲ့၏။

သခင်မကျန်းက ဇွဲမလျှော့ဘဲ ကာကွယ်ပေးခဲ့သည်။ သူမသည် ဘိုးဘွားခန်းမဆောင်မှာ သုံးရက်နှင့် သုံးညတိုင်တိုင် ဒူးထောက်အသနားခံပြီးမှသာ ဒီကလေးကို စောင့်ရှောက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

အိမ်တော်ကို ရောက်လာတဲ့အချိန်တုန်းက ဒီကလေးက မိဘမဲ့ဖြစ်နေပြီး ကြောက်တတ်လန့်တတ်ကာ အမြဲငိုနေတတ်သူဖြစ်သည်။ သူမက သခင်မကျန်းနှင့် စုကျန်းကိုသာ အားကိုးတကြီး တွယ်ကပ်ခဲ့သည်။

သခင်မကျန်းသည် သူမ(ရွှယ်နင်)ဤအိမ်တော်မှာ သက်တောင့်သက်သာ နေထိုင်နိုင်စေရန်အတွက် အများကြီး ကြိုးပမ်းပေးခဲ့ရသည်။

အခုတော့ ဒီကလေးက သူမအတွက် စဉ်းစားပေးတတ်လာပြီ။

သခင်မကျန်းက ပြုံးလိုက်ပြီး-

“ဒီကလေးက ရေထဲပြုတ်ကျပြီးမှ စိတ်ဓာတ်တွေ ပိုပြီး ရင့်ကျက်တည်ငြိမ်လာပုံရတယ်။ အခု သူ(မ)လည်း အရွယ်ရောက်လာပြီဆိုတော့... အမေကပဲ သူ(မ)လေးကို လမ်းမှန်ရောက်အောင် ပိုပြီး လမ်းညွှန်ပေးပါဦး”

“လမ်းညွှန်စရာ သိပ်မရှိပါဘူး။ မင်းကိုယ်တိုင် လက်ပေါ်မှာ ပြုစုပျိုးထောင်ထားတဲ့ ကလေးပဲ၊ ဘယ်လောက်တောင် ဆိုးနိုင်မှာမို့လို့လဲ?”

သခင်မကြီးရှဲ့က ပြန်ပြောလိုက်သည်။

သခင်မကျန်း၏ မျက်နှာထက်မှ အပြုံးများ ပိုမိုတောက်ပလာသည်။ သခင်မကြီးရှဲ့က ရွှယ်နင်ကို လက်ခံပေးဖို့ပဲ သူမ မျှော်လင့်ထားတာဖြစ်ပြီး အခုလို စကားမျိုးကြောင့် သူမ စိတ်ထဲမှာ ဝမ်းသာမှုများဖြင့် ပြည့်နှက်သွားသည်။

ဂါရဝပြုပြီးနောက် ရွှယ်နင်သည် နောက်ဆုံးတန်းရှိ ထိုင်ခုံတစ်ခုတွင် စနစ်တကျ ပြန်ထိုင်လိုက်၏။

စုကျန်းသည် နယ်စားမင်းအိမ်တော်၏ မြေးအကြီးဆုံးဖြစ်သလို သခင်မရှဲ့၏ အချစ်ဆုံးမြေးလည်း ဖြစ်တာနှင့်အညီ ရှေ့ဆုံးမှာ နေရာယူထားသည်။ သူမနဲ့ သူ့ကြားမှာ ကမ္ဘာခြားနေသလို အလွန်ပင် ဝေးကွာသည်။

တစ်ချိန်ကတော့ သူမက ထိုဝေးကွာတဲ့ ကွာဟချက်ကို ဖြတ်ကျော်ပြီး သူ့အနားကို တိုးကပ်နိုင်ဖို့ပဲ အမြဲတမ်း မျှော်လင့်ခဲ့ဖူးတယ်။

အခု ဘဝသစ်မှာ ပြန်လည်နိုးထလာချိန်မှသာ... အချို့သူများက ကောင်းကင်ထက်က လမင်းလိုမျိုး မြင့်မြတ်လွန်းလှပြီး ဘယ်လိုမှ လက်လှမ်းမမှီနိုင်ကြောင်း သူမ အမှန်တကယ် နားလည်သွားခဲ့ပြီ။

မင်းသမီး ရှို့နင်းသည် ရှဲ့မျိုးနွယ်မှ ဆင်းသက်လာသည့် တရားဝင်သမီးတစ်ဦး ဖြစ်သည်။

ဂုဏ်သရေမြင့်မားသလို ရုပ်ရည်ကလည်း လှပတင့်တယ်၏။ သူမနှင့် စုကျန်းက ဘုရားပေးတဲ့ ဖူးစာရှင်များကဲ့သို့ လိုက်ဖက်လွန်းသည်။

ရှက်စနိုးနှင့် နုနယ်လှပတဲ့ ထိုမိန်းကလေးက စုကျန်း၏ ဘေးနားတွင် ထိုင်နေသည်။

သခင်မကြီးရှဲ့က သူတို့နှစ်ယောက်ကို ကြည့်ရင်း ဝမ်းသာနေသလို၊ သခင်မကျန်းလည်း မင်းသမီး၏ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာနှင့် သီလရှိမှုကို အလွန်ပင် သဘောကျနေသည်။

ခန်းမဆောင်ကြီးအတွင်း၌ နွေးထွေးမှုနှင့် ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။ ထိုပျော်ရွှင်မှုများက သူတို့နှင့်သာ သက်ဆိုင်ပြီး သူမနှင့်တော့ လုံးဝမသက်ဆိုင်ပေ။

ရွှယ်နင်ရဲ့ ရင်ထဲမှာ ခါးသီးမှုတွေ လှိုက်တက်လာကာ မဖော်ပြနိုင်တဲ့ နာကျင်မှုတစ်ခုက တစ်လက်မချင်း တိုးဝင်လာသည်။ ဒါပေမဲ့လည်း သူမက ယဉ်ကျေးမှုနှင့်အညီ နှုတ်ခမ်းကို အသာအယာ ပြုံးယောင်သန်းလျက် တည်တည်ငြိမ်ငြိမ်ပင် ဆက်ရှိနေခဲ့သည်။

နောက်ပြောင်ကျီစယ်သံများ ငြိမ်သက်သွားတဲ့အခါမှသာ သူမက ငုံ့ထားတဲ့ ခေါင်းကို ပြန်မော့လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ သခင်မကြီးရှဲ့၏ရှေ့တွင် လေးစားစွာဖြင့် ဒူးထောက်လိုက်သည်။

“အဘွား... ကျွန်မအတွက် တရားမျှတမှုကို တောင်းဆိုချင်တဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်။”

All Chapters