← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း(၇)- ကျမ်းစာကူးယူခြင်း

ရွှယ်နင်က နူးညံ့စွာ ပြုံးလိုက်ပြီး သခင်မကျန်း၏ ခါးကို ဖက်ထားလိုက်သည်။

"သမီး တခြားဘာကိုမှ မစဉ်းစားတော့ပါဘူး။ သမီးရဲ့ ဘဝတစ်လျှောက်လုံးမှာ အမေ့ကို သိပ်ချစ်တဲ့ သမီးတစ်ယောက်အဖြစ်နဲ့ပဲ ပြုစုစောင့်ရှောက်သွားချင်လို့ပါ..."

သခင်မကျန်း၏ မျက်ခုံးတို့ အနည်းငယ် တွန့်ချိုးသွားသည်။

"ဒါကို မင်းရဲ့ အစ်ကိုကြီးနဲ့ရော မတိုင်ပင်ခဲ့ဘူးလား?"

ရွှယ်နင်က သူမကိုယ်သူမ လှောင်ပြောင်သလိုမျိုး ပြုံးလိုက်သည်။

"အစ်ကိုကြီးက နေ့တိုင်း တိုင်းပြည်အရေးတွေနဲ့ မအားမလပ် ဖြစ်နေတာလေ... ဒီလို ကိစ္စအသေးအမွှားလေးကို သူ ဘယ်လိုလုပ် စိတ်ထဲထားနိုင်ပါ့မလဲ?"

သခင်မကျန်းက သက်ပြင်းတစ်ချက်ကို မတတ်သာဘဲ ချလိုက်ရင်း-

"ကလေးမလေးရယ်... မင်းပဲ အရင်က အစ်ကိုကြီးနဲ့ လက်ထပ်ချင်တယ်လို့ အမြဲ ပြောနေခဲ့တာ မဟုတ်ဘူးလား?"

ရွှယ်နင် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သခင်မကျန်းက အဲ့ဒီစကားကို ထုတ်ပြောလာလိမ့်မယ်လို့ သူမ လုံးဝ ကြိုမတွေးထားခဲ့မိပေ။

သူမက သူမကို ပွေ့ဖက်ထားတဲ့ အမျိုးသမီးကို ကြည့်ရန် မျက်နှာကို ရုတ်တရက် မော့လိုက်သည်။

သခင်မကျန်း၏ မျက်ဝန်းများက နွေးထွေးကာ ကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။ အရင်ဘဝတုန်းကလို စိတ်ပျက်မှု သို့မဟုတ် အေးစက်မှုမျိုး လုံးဝမရှိဘဲ မေတ္တာများသာ လွှမ်းခြုံနေသည်။

အဲ့ဒီအချိန်မှာပဲ သူမ ရုတ်တရက် နားလည်သွားတယ်။

သခင်မကျန်းက သူမကို ချွေးမအဖြစ် လက်ခံဖို့ တစ်ခါမှ ငြင်းဆန်ခဲ့တာ မရှိခဲ့ဘူး။

သူမ အမှန်တကယ် ကန့်ကွက်ခဲ့တာက ရွှယ်နင်က ယောကျာ်းတစ်ယောက်အတွက်နှင့် သူမကိုယ်သူမ တန်ဖိုးချပြီး ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တာကြောင့်သာ ဖြစ်သည်။

အတိတ်ဘဝတုန်းက သခင်မကျန်းရဲ့ စိတ်ပျက်မှုများက ရွှယ်နင် သူမရဲ့အနာဂတ်ကို ကိုယ်တိုင် ဖျက်ဆီးခဲ့ခြင်းကြောင့် ဖြစ်လိမ့်မယ်။

သူမ၏ မျက်လုံးများ နီရဲလာပြီး နောင်တနှင့် ဝမ်းနည်းမှုတို့က ရင်ဘတ်ထဲမှာ လှိုင်းထန်လာသည်။

သခင်မကျန်းက သူမအပေါ် အမြဲတမ်း အကောင်းဆုံး ဆက်ဆံပေးခဲ့တဲ့သူ မဟုတ်လား။

သူမကိုယ်တိုင်ကပဲ.. အသုံးမကျခဲ့တာ။

"မေမေ... သမီး အရင်က အစ်ကိုကြီးကို တွယ်ကပ်နေခဲ့တာက ကလေးဆန်လို့ပါ။ အခု သမီး အရွယ်ရောက်လာပြီဆိုတော့ ဘယ်အရာက သင့်တော်တယ်ဆိုတာ နားလည်လာပါပြီ။ စိတ်မပူပါနဲ့တော့... နောက်ဆို သမီး အစ်ကိုကြီးနဲ့ အကွာအဝေးတစ်ခုမှာ နေပါ့မယ်။ တစ်ဘဝလုံး သူ့ရဲ့ ညီမလေးအဖြစ်ပဲ နေသွားမှာပါ"

သခင်မကျန်းက အကဲခတ်သလို ပြန်မေးလိုက်သည်။

"မင်း တကယ်ပဲ မင်းရဲ့အစ်ကိုနဲ့ လက်မထပ်ချင်တော့ဘူးလား?"

ရွှယ်နင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီးမှ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တို့ဖြင့် ပြုံးပြလိုက်သည်။

"မထပ်ချင်တော့ပါဘူး"

သခင်မကျန်းက သက်ပြင်းရှည်ကြီး တစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။ ရွှယ်နင်ရဲ့ ပုံစံက နောက်ပြောင်နေတဲ့ပုံ မပေါ်ပေ။

ဆွေမျိုးတော်စပ်ကြောင်း သတ်မှတ်တဲ့ ကိစ္စကလည်း သခင်မကြီးရှဲ့ဆီ ရောက်ရှိပြီးသား ဖြစ်၏။ တစ်ခါ ကျင်းပပြီးစီးသွားလျှင် နောက်ပြန်လှည့်ရန် လမ်းမရှိတော့ပေ။

မိခင်တစ်ယောက်အနေနှင့် သူမက သားသမီးတွေရဲ့ အိမ်ထောင်ရေးကိစ္စကို အတင်းအကျပ် ဝင်မစွက်ဖက်ချင်ဘူး။

ကျန်းအာက အမြဲတမ်း စိတ်ဓာတ်ခိုင်မာတဲ့သူ။

နင်နင်ကိုတော့ သူမကိုယ်တိုင် လက်ဆွဲပြီး ပြုစုပျိုးထောင်ခဲ့ရတာ။

ဒီနှစ်တွေထဲမှာ နင်နင်က ကျန်းအာရှေ့မှာ သူမကိုယ်သူမ နှိမ့်ချနေခဲ့ရပြီး ကျန်းအာကတာ့ တုန်လှုပ်ခြင်းမရှိ တည်ငြိမ်နေခဲ့တာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရသည်။

အခု နင်နင်က နားလည်သဘောပေါက်သွားပြီဆိုတော့လည်း ကောင်းပါတယ်။

သူမသည် ကောင်းမွန်တဲ့ နေ့ရက်တစ်ရက်ကို ရွေးချယ်ပြီး နင်နင်အတွက် ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုစားပွဲတစ်ခု ကျင်းပပေးရမယ်။

အဲ့ဒီပွဲမှာ အထက်တန်းလွှာ အမျိုးသမီးတွေ အားလုံးရှေ့မှာ နင်နင်ကို ထုတ်ဖော်ပြသပြီးတော့ သင့်တော်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ရွေးချယ်ပြီး အိမ်ထောင်ရေးကို စီစဉ်ပေးရတော့မယ်။

သခင်မကျန်းက ရွှယ်နင်၏ လက်ကို ပုတ်ပေးရင်း ပြုံးလိုက်သည်။

"နင်နင်... သမီး အခုလို တွေးတတ်သွားတာ ကောင်းပါတယ်။ အမေ သွားပြီး ရက်ရာဇာ ကြည့်လိုက်ဦးမယ်။ ကျမ်းစာတွေ ကူးလို့ပြီးရင် ချိုးရွှေဝင်းကို လာခဲ့ဦး၊ အမေနဲ့ စကားပြောကြတာပေါ့"

ရွှယ်နင်က ခေါင်းငြိမ့်ကာ ဖြည်းဖြည်းချင်း ပြန်ထူးလိုက်ပြီး သခင်မကျန်း ထွက်သွားတာကို အရိုအသေပေးကာ ကြည့်နေခဲ့သည်။

ထို့နောက် သူမက ပေါင်ချန်ကို ခေါ်ကာ သခင်မကြီးရှဲ့၏ နောက်ဖေးဝင်းရှိ ဗုဒ္ဓခန်းမဆောင်သို့ ဦးတည်လိုက်သည်။

သခင်မကြီးရှဲ့သည် အသက်အရွယ်ရလာသည်နှင့်အမျှ ဗုဒ္ဓတရားတော်၌သာ စိတ်နှစ်ထားပြီး နေ့စဉ် တရားတော်များကို ကူးယူလေ့ရှိသည်။ သို့သော် မျက်စိကွယ်ကာမှုန်ဝါးလာသည်နှင့်အမျှ သူမက မျိုးဆက်သစ်လူငယ်များကို ကူညီကူးယူစေခဲ့၏။

အရင်ဘဝတုန်းက ရွှယ်နင်သည် သခင်မကြီးရှဲ့ထံသို့ လာရောက်တွေ့ဆုံခဲသဖြင့် သခင်မကြီး၏ မျက်နှာသာပေးမှုကို တစ်ခါမှ မရရှိခဲ့ဖူးပေ။

ဒါပေမဲ့ အခုတော့ သခင်မကျန်းအတွက်ကြောင့်ပဲ... သခင်မကြီးရှဲ့က သူမကို မနှစ်သက်ရင်တောင်မှ သူမက အတတ်နိုင်ဆုံး ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ပြရမယ်။

"သခင်မလေးရွှယ်... ရောက်ပါပြီ၊ ဒီနေရာပါပဲ"

"ဘုရားဆောင်က အေးအေးချမ်းချမ်း ရှိနေရမယ်။ သခင်မလေးရွှယ်... စကားကို အကျယ်ကြီး မပြောပါနဲ့။ ပေါင်ချန်... ညည်းကတော့ အပြင်မှာပဲ စောင့်နေ။ သခင်မလေး ကူးလို့ပြီးမှ ဝင်ခဲ့လို့ရမယ်"

စင်္ကြံတိုင်များကို ဖြတ်ကျော်ပြီးနောက် တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

မားမားယဲ့က သူမကို တစ်ယောက်တည်း ဝင်ရန် အချက်ပြသည်။ အစေခံများပင် အတွင်းသို့ ဝင်ခွင့်မရှိပေ။

ကျမ်းစာကူးယူခြင်းနှင့် ပတ်သက်ပြီး သခင်မကြီးရှဲ့၏ စည်းကမ်းများက ဒီလောက် တင်းကျပ်မှန်း ရွှယ်နင် မသိခဲ့ပေ။

ဒါပေမဲ့ သူမက လိမ္မာပါးနပ်စွာဖြင့် ဘာမှပြန်မမေးဘဲ အရိုအသေပြုကာ အထဲသို့ ခြေသံဖွဖွဖြင့် လှမ်းဝင်သွားလိုက်သည်။

ဘုရားဆောင်က အနည်းငယ် သေးငယ်ပြီး ထူထဲသော လိုက်ကာများဖြင့် ကာရံထားသည်။

သူမ အထဲသို့ ဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်က မှောင်မှိုင်သွားသလို ခံစားလိုက်ရပြီး လေထုထဲတွင် အမွှေးတိုင်နံ့များ သင်းပျံ့နေသည်။

သူမ ဘုရားကျောင်းဆောင် ရှေ့သို့ ရောက်သွားချိန်တွင် ဇီတန်သစ်သားစားပွဲဘေး၌ တစ်စုံတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရသည်။

သူမ ခြေနှစ်လှမ်းလောက် တိုးကြည့်လိုက်ပြီး သန့်ရှင်း၊ ချောမောလွန်းတဲ့ အမျိုးသားတစ်ဦး၏ မျက်နှာကို မြင်လိုက်ရတဲ့အခါ ဗီဇအရပင် နောက်သို့ ခြေလှမ်းပျက်ကာ ဆုတ်လိုက်မိသည်။

အဲ့ဒီခံစားချက်... အသားအရေတွေ မီးလောင်သလို ပူလောင်လာသည့် ခံစားချက်က ပြန်လည် မြင့်တက်လာပြန်သည်။

သူမ၏ အသက်ရှူသံများပင် တင်းကျပ်လာ၏။

"အခုမှ ရောက်ပြီး ပြန်တော့မလို့လား? အဘွားအတွက် ကျမ်းစာကူးပေးမယ်ဆိုတဲ့ မင်းရဲ့ စေတနာက ဒါပဲလား?"

သူမ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။

"အစ်ကိုကြီး....အစ်ကိုကြီးက ဘာလို့ ဒီမှာ ရှိနေတာလဲ...?"

စုကျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

"ငါ ဒီမှာ ရှိနေမှန်း မင်း သိနေလို့ တမင်လာခဲ့တာ မဟုတ်ဘူးလား?"

"ကျွန်... ညီမက..."

ရွှယ်နင် ငိုချင်စိတ်တောင် ပေါက်သွားပြီ။

စောစောက သူမ ကျမ်းစာကူးမယ့်အကြောင်း ပြောလိုက်တဲ့အချိန် သူက သူမကို ဘာလို့ အဲ့လိုကြည့်ခဲ့မှန်း... သခင်မကြီးရှဲ့ကလည်း ဘာလို့ မကျေမနပ်ဖြစ်သွားမှန်း... အခုမှ နားလည်သွားတော့တယ်။

သူတို့အားလုံးက သူမက စုကျန်းအနားကို ချဉ်းကပ်ရန်အတွက် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာခဲ့တာလို့ ထင်နေကြခြင်းပင်။

ဒါပေမဲ့ သူမ အမှန်တကယ် မရည်ရွယ်ခဲ့ဘူး။

သူမရဲ့ အရင်ဘဝတုန်းက စုကျန်းနဲ့ ဆယ်နှစ် လက်ထပ်ပေါင်းသင်းခဲ့ရတယ်။ ပြန်လည် မွေးဖွားလာပြီးနောက်မှာ နှစ်တွေအကြာကြီး ဖြစ်သွားပြီမလို့ သူမ အကုန်မေ့နေခဲ့တာ။ ဒီအချိန်ကာလတုန်းက စုကျန်းက သခင်မကြီးရှဲ့ ကျန်းမာစေရန်အတွက် နေ့တိုင်း ဒီနေရာမှာ ကျမ်းစာလာကူးပေးလေ့ရှိတယ်ဆိုတာကို မေ့သွားခဲ့တယ်။

သူမသည် လက်ချောင်းလေးများကို လိမ်ကျစ်ရင်း၊ ရှေ့သို့လည်း မတိုးနိုင် နောက်သို့လည်း မဆုတ်နိုင်ဘဲ အကျပ်ရိုက်စွာ ရပ်နေမိ၏။

အကယ်၍ သူမ အခုထွက်သွားရင်လည်း သခင်မကြီးက စိတ်ဆိုးလိမ့်မယ်။

ဒါပေမဲ့ စုကျန်းဘေးမှာ ထိုင်ပြီး ကျမ်းစာကူးဖို့ ဆိုတာလည်း... သူမ လုံးဝ အလိုမရှိပေ။

စုကျန်းက သူ့မျက်ဝန်းများကို အနည်းငယ် ပင့်လိုက်ပြီး သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို တစ်ချက် ကြည့်လိုက်သည်။

"ဘာရပ်လုပ်နေတာလဲ?"

သူမ ဆင်ခြေတစ်ခုခု ရှာဖို့ ကြိုးစားတော့တယ်။

"ညီမ... တစ်ခါမှ မလုပ်ဖူးလို့..."

"ဒီကိုလာခဲ့"

သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းရဲ့ အစ်ကိုကြီးက သင်ပေးမယ်"

မှိန်ပျပျ ဖယောင်းတိုင်အလင်းအောက်တွင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ထိုအမျိုးသားက ထင်ရှားတဲ့မျက်ခုံး၊ အေးစက်တဲ့ မျက်ဝန်းများနှင့် ထွင်းထုထားသကဲ့သို့ ပြည့်စုံတဲ့ မျက်နှာသွင်ပြင်တို့ကြောင့် ငြိမ်သက်စွာ ထိုင်နေလျှင်ပင် ခန့်ညားထည်ဝါလှသည်။

သူမက သူ့ရဲ့ တင်းကျပ်တဲ့ စည်းကမ်းများအောက်မှာ ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ ယောကျ်ားနှင့် မိန်းမကြားရှိ ချစ်ခြင်းမေတ္တာကိစ္စကို ဖယ်လိုက်လျှင် မောင်နှမအရင်းအချာကဲ့သို့ပင် သူမအနေဖြင့် သူ့ကို ငြင်းဆန်ရန် အကြောင်းမရှိပေ။

နောက်ဆုံးတော့ သူမ လက်လျှော့လိုက်ကာ ပန်းထိုးဖိနပ်များကို ချွတ်ပြီး သူ့ဘေးနားမှာ ဝင်ထိုင်လိုက်သည်။

စုကျန်းက သူမရဲ့ ခြေထောက်များကို တစ်ချက်ကြည့်လိုက်ပြီး သူမအတွက် ထိုင်ခုံခေါင်းအုံး တစ်ခုကို ပစ်ပေးကာ ရွှမ်စက္ကူ အသစ်တစ်ချပ်ကို ခင်းပေးလိုက်ပြီးနောက် စုတ်တံတစ်ခုကို ကမ်းပေးလိုက်သည်။

သူတို့နှစ်ယောက် လင်မယားမဖြစ်ကြသေးတဲ့အချိန်တုန်းက သူက သူမအပေါ် အခုလောက်အထိ ရန်လိုတာမျိုး မရှိခဲ့ပေ။ အားမန်ကို အလိုလိုက်သလို သူမကိုလည်း အတော်လေး အလိုလိုက်ခဲ့ဖူး၏။

သူမရဲ့ စိတ်ကူးယဉ် အချစ်စိတ်များကို သူသိသွားပြီးနောက်မှသာ သူ့သဘောထားများ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ရွှယ်နင် ရင်ထဲတွင် သက်ပြင်းအသာချလိုက်မိသည်။

သူမက တည်ငြိမ်အောင် ကြိုးစားရင်း စုတ်တံကို လှမ်းယူလိုက်ပြီး သူ့အနားကနေ ခပ်လှမ်းလှမ်းသို့ သိသိသာသာ နောက်ဆုတ်ကာ ထိုင်လိုက်သည်။

ဒီလိုမျိုး ကြောက်ကြောက်လန့်လန့်နှင့် ရှောင်ဖယ်နေတာကို မြင်တဲ့အခါ စုကျန်း မျက်မှောင်ကြုတ်သွားပြီး ကလေးဘဝတုန်းကလိုပဲ သူ့ရဲ့ သန်မာတဲ့ လက်မောင်းတစ်ဖက်ဖြင့် သူမကို သူ့အနား ဆွဲယူလိုက်ပြီး သေသေချာချာ ထိုင်ခိုင်းလိုက်သည်။

ဒါပေမဲ့ ပြန်လည်မွေးဖွားလာသူဖြစ်ပြီး သူ့ကို အလွန်အမင်း ကြောက်လန့်နေတဲ့ ရွှယ်နင်ကတော့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသည်။ သူက သူမကို ရင်ခွင်ထဲ ဆွဲသွင်းတော့မယ့်အတိုင်း ဖြစ်နေသဖြင့် သူမ အသည်းအသန် တွန်းထုတ်လိုက်မိ၏။

သို့သော် သူက အရမ်းသန်မာလွန်းသည်။

သူ့ရဲ့အသက်ရှူသံများကို သူမ ခံစားမိနေသည်။ သူမရဲ့ ခါးပေါ် ရောက်ရှိနေတဲ့ သူ့ရဲ့လက်အပူက သူမရဲ့ နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

သူမက ညစ်ပတ်တဲ့အရာတစ်ခုခုကို ထိမိလိုက်သလိုမျိုး ထိတ်လန့်တုန်လှုပ်စွာဖြင့် နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်၏။

"အစ်... အစ်ကိုကြီး... ညီမ... ညီမဘာသာညီမ လုပ်နိုင်ပါတယ်"

စုကျန်းက ခပ်အေးအေးပင် မေးလိုက်သည်။

"ဘယ်တုန်းကတည်းကလဲ?"

သူမ သူ့မျက်ဝန်းများကို တည့်တည့်မကြည့်ရဲပေ။

"မနေ့ညကတည်းက... ပါ..."

ဆိုလိုတာက ရုတ်တရက် စိတ်ကူးပေါက်သွားတာပေါ့။

အချစ်ကိုစွဲလမ်းနေတဲ့ မိန်းကလေးတွေက အမြဲတမ်း တုံးအကြတယ်။

သူမက နောက်ထပ် အကြံတစ်ခုခုကို ကြံစည်နေပြီး ဆွေမျိုးတော်စပ်တဲ့ အသိအမှတ်ပြုပွဲကို ဖျက်ဆီးကာ သူ့ဆီကို နောက်တစ်ကြိမ် တောင်းပန်လာဦးမှာပဲ။

စုကျန်း၏ ရင်ထဲတွင် လေးလံနေမှုများ အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ သူက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ခေါင်းကို ငုံ့ကာ သူမအနားသို့ တိုးကပ်လိုက်သည်။ သူမရဲ့ မျက်နှာက သွေးဆုတ်ဖြူလျော်သွားတာကို မြင်တော့ အဲ့လိုမျိူး ပျင်းစရာကောင်းတဲ့ အကွက်တွေနဲ့ သူ့ကို မြှူဆွယ်ဖို့ ကြိုးစားနေတယ်လို့ သူ ခံစားရသည်။

"သေချာ ကူးစမ်း"

သူက ပြောလိုက်သည်။

အစ်ကိုကြီး တစ်ယောက်အနေနှင့် သူက အမြဲတမ်း စည်းကမ်းကြီးလွန်းသူ ဖြစ်သည်။

သူ အဝေးသို့ ပြန်ဆုတ်သွားမှသာ သူမ အသက်ဝဝ ရှူဝံ့တော့သည်။

သူမ ကိုယ်ကို အနည်းငယ် မတ်လိုက်၏။

"... ဟုတ်ကဲ့"

All Chapters