← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း(၈)- မင်းသမီး

မကြာမီမှာပင် ဘုရားဆောင်အတွင်း တိတ်ဆိတ်သွားပြီး စက္ကူပေါ်တွင် စုတ်တံခြစ်သည့် အသံသာ ကျန်တော့သည်။

အပြင်ဘက်တွင် နှင်းများက တဖွဲဖွဲ ကျဆင်းနေဆဲပင်။

စုကျန်းက သူမ၏ လက်ရေးများကို ရံဖန်ရံခါ ဘေးစောင်းကြည့်တတ်သည်။

သူမရဲ့ လက်ရေးများက သူကိုယ်တိုင် သင်ကြားပေးခဲ့ခြင်းဖြစ်တာကြောင့် သူ့လက်ရေးဟန်နှင့် အနည်းငယ် ဆင်တူနေသည်။

အရင်တုန်းကဆိုရင် သူမက သူ့ဘေးမှာ ဒီလောက်အထိ ငြိမ်သက်နေလေ့မရှိပေ။ သူ စိတ်ကြည်လင်လာစေဖို့ ဒါမှမဟုတ် သူ တစ်ခုခု တုံ့ပြန်လာစေဖို့အတွက် အမြဲတမ်း သူ့ကိုချော့မော့ဖို့ ကြိုးစားတတ်သည်။

သို့သော် ယနေ့တွင် သူမက အလွန်အမင်း တည်ငြိမ်နေပြီး စိမ်းသက်နေသလိုပင် ခံစားရ၏။

သူက သူမရဲ့ ကျောက်စိမ်းလို လှပအေးဆေးနေတဲ့ မျက်နှာလေးကို ကြည့်ရင်း... ခဏလောက် ငေးမောသွားမိသည်။

ရွှယ်နင်ကတော့ သူ ရှိနေတာကို ဂရုမစိုက်နိုင်အောင် တရားတော်များအပေါ်တွင်သာ အာရုံစိုက်ထားရန် ကြိုးစားနေသည်။

ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါက သိပ်ကို ပြင်းထန်လွန်းတယ်။ သူတို့နှစ်ယောက်ကြားမှာ ထိုင်ခုံခေါင်းအုံး တစ်ခုသာ ခြားထားသည်။

သူ့ဆီကနေ ထွက်ပေါ်နေတဲ့ စန္ဒကူးနံ့ သင်းသင်းက သူမရဲ့ နှာခေါင်းထဲ တိုးဝင်လာပြီး အတွေးများကို နှိုးဆွပေးနေသည်။

သူမ တစ်ချိန်က သူ့ကို သိပ်ချစ်ခဲ့ဖူးတဲ့အတွက် သူနဲ့ ပတ်သက်သမျှ အရာအားလုံးကို သိထားတယ်။

အဲ့ဒီအနံ့က သူမကို ထိုညက အဖြစ်အပျက်ဆီ ပြန်လည် ခေါ်ဆောင်သွား၏... ကာမစိတ်ကြွဆေးရဲ့ အရှိန်အောက်မှာ....

သူ့ရဲ့သန်မာတဲ့ ခန္ဓာကိုယ်က သူမအပေါ် ဖိထားပြီး.....

တင်းကျပ်သည့် ကျင့်ဝတ်စည်းကမ်းများအောက်တွင် ကြီးပြင်းလာသူများ ဖြစ်ကြသည့်အတိုင်း သူတို့နှစ်ယောက်က အဲ့လောက်အထိ နီးကပ်ခဲ့ဖူးခြင်း မရှိခဲ့ပေ။

သူက ဘယ်တုန်းမှ အဲ့ဒီညကလိုမျိုး သူ့စိတ်ရိုင်းများကို တစ်ခါမှ မလွှတ်ပေးခဲ့ဖူးပေ။

သူက သူမကို သူ့အရိုးတွေထဲအထိ ထည့်သွင်းဖို့ ကြိုးစားနေတဲ့အတိုင်း... ထပ်ခါတလဲလဲ လှုပ်ရှားခဲ့တယ်။

သူတို့ လက်ထပ်ပြီးနောက်ပိုင်းမှာတောင် တစ်ခါတစ်ရံ ကုတင်တစ်ခုတည်းမှာ အတူအိပ်ခဲ့ဖူးသည်။

သူ့ရဲ့ဝတ်ရုံအောက်ရှိ ခန္ဓာကိုယ်က သန်မာကျစ်လျစ်ပြီး အချိုးအစားကျကာ လိုင်းတစ်ခုချင်းစီတိုင်းက ခွန်အားတို့ဖြင့် ပြည့်နှက်နေ၏။

ရွှယ်နင်၏ စုတ်တံ လှုပ်ရှားမှု ရပ်တန့်သွားသည်။

သူမ၏ မျက်နှာတစ်ခုလုံး နီရဲတောက်လာ၏။

ဘုရားရှေ့မှာမှ ဒီလိုအရာတွေကို သူမ ဘယ်လိုများ တွေးနေမိပါလိမ့်? တကယ်ကို မလေးမစားရာ ရောက်ချေပြီ!

ရုတ်တရက်ဆိုသလိုပင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည့် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဝမ်းကွဲအစ်ကိုကျန်း!”

မင်းသမီး ရှဲ့နင်းထန်သည် လိုက်ကာကို ပင့်မကာ အထဲသို့ ဝင်လာသည်။ ဘုရားဆောင်အတွင်း၌ လူနှစ်ယောက် ဘေးချင်းယှဉ်ကာ တိတ်တဆိတ် ထိုင်နေတာကို မြင်တဲ့အခါ သူမက အသံကို နှိမ့်လိုက်၏။

“ဘယ်လောက်တောင် ကူးပြီးပြီလဲဟင်? အကူအညီ လိုဦးမလား?”

စုကျန်းက အေးစက်တည်ငြိမ်မြဲပင်။

“မလိုဘူး”

ရှဲ့နင်းထန်က ပြုံးလိုက်ရင်း-

“မနေ့က နင်နင်လေးက ဝမ်းကွဲကို ဘာလို့ အရက်မသောက်ခိုင်းတာလဲဆိုတာ မဆန်းတော့ပါဘူး... ဝမ်းကွဲရဲ့ လက်ရေးတွေက သိပ်လှတာပဲ”

မင်းသမီး ရောက်လာကတည်းက ရွှယ်နင်သည် ခပ်လှမ်းလှမ်းသို့ တိတ်တဆိတ် ဆုတ်ခွာသွားခဲ့ပြီး ဖြစ်သည်။

အရင်ဘဝတုန်းကလို မင်းသမီးကို အမြဲတမ်း ပြိုင်ဆိုင်တိုက်ခိုက်နေမယ့်အစား အခု သူမက လေထုထဲ ပျော်ဝင်နေသလိုမျိုး မသိမသာသာ နေလိုက်တော့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် မင်းသမီးက သူတို့နှစ်ယောက်ကြားထဲ အတင်းတိုးဝင်ထိုင်ကာ စုကျန်းဘေး၌ ဒူးထောက်လိုက်ပြီး သူ့ဘက်ကို ခန္ဓာကိုယ် အနည်းငယ် ယိမ်းထားလိုက်သည်။

“ဝမ်းကွဲအစ်ကို... ကျွန်မကို လက်ရေးလှ ရေးနည်း သင်ပေးပါဦးလား?”

“မင်းက ပညာတတ်မျိုးနွယ်ကပဲလေ... အခြေခံတွေကို ငါသင်ပေးဖို့ ဘာလို့လိုမှာလဲ?”

“ဒါပေမဲ့ ကျွန်မက အစ်ကို့ရဲ့ ပြတ်သားတဲ့ လက်ရေးဟန်မျိုးကို သင်ချင်တာပါ။ သိပ်ကို ခန့်ညားတာပဲ”

စုကျန်း ခဏတာ တုံ့ဆိုင်းသွားသည်။

“မင်းရဲ့ စုတ်တံကို ယူလာခဲ့လေ”

မင်းသမီးက ဝမ်းသာအားရဖြင့် သူမ၏ စာရေးကိရိယာများကို သွားယူတော့သည်။

ထိုအတောအတွင်း ရွှယ်နင်သည် နောက်ဆုံးစာလုံးများကို အဆုံးသတ်လိုက်ပြီး တိတ်တဆိတ်ပင် ထရပ်လိုက်၏။

“အစ်ကိုကြီး... မင်းသမီး... အားနင် မနှောင့်ယှက်တော့ပါဘူး။ အခုပဲ ပြန်ပါတော့မယ်”

စုကျန်းက မျက်လုံးပင့်ကြည့်လာသည်။

ဘယ်အချိန်ကတည်းက ပြင်ဆင်ထားသည်မသိ၊ သူမက ဖိနပ်ကိုပင် စီးထားပြီးသား ဖြစ်နေသည်။ သူမရဲ့ ပိန်ပါးတဲ့ခန္ဓာကိုယ်လေးက တံခါးဝတွင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

“ဝမ်းကွဲအစ်ကို... ဘာကြည့်နေတာလဲ?”

မင်းသမီးက မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

သူက ပြန်ဖြေလိုက်၏။

“မင်းရဲ့ လက်ရေးကိုပဲ အာရုံစိုက်စမ်းပါ”

သူမက တခစ်ခစ် ရယ်မောလိုက်သည်။

“အစ်ကိုကြီးကိုယ်တိုင် သင်ပေးနေတာဆိုတော့၊ကျွန်မ သေချာပေါက် တတ်အောင် သင်မှာပါ”

..........

အထဲမှ စကားသံများက ခပ်သဲ့သဲ့ ထွက်ပေါ်နေဆဲ ဖြစ်သည်။ စုကျန်း၏ လေသံက နူးညံ့ကာ အလိုလိုက်သည့်ဟန် အပြည့်ရှိနေသည်။

အပြင်ဘက် စင်္ကြံ၌ သည်းထန်စွာ ကျနေတဲ့ နှင်းများကို ကြည့်ရင်း ရွှယ်နင် တစ်ချက်မျှ သက်ပြင်းချလိုက်မိသည်။

ဘဝတစ်ခုကို ပြန်လည်ဖြတ်သန်းနေရပေမယ့် စုကျန်းနဲ့ မင်းသမီးတို့ ဒီလိုမျိုး နီးကပ်နေတာကို မြင်ရတာ သူမရဲ့ ရင်ထဲမှာ နာကျင်စွာ ဆွဲဆန့်ခံလိုက်ရသလိုပင်။

အတိတ်ဘဝက သူ့ရဲ့လျစ်လျူရှုမှုများက ရေခဲတုံးများကဲ့သို့ သူမ၏ နှလုံးသားကို တစ်ဖန် ပြန်လည် ထိုးဆစ်နေပြန်သည်။

တစ်ကိုယ်လုံး ပူလောင်နေသလို ခံစားနေရပြီး အအေးဓာတ်ကပဲ သူမကို ငြိမ်သက်စေနိုင်တော့မယ်။

ပေါင်ချန်က လက်နွေးအိတ်လေးကို ကိုင်ကာ ရောက်လာပြီး သူမ နှင်းထဲတွင် ရပ်နေတာကို မြင်တဲ့အခါ ထိတ်လန့်သွားတော့သည်။

“သခင်မလေး! သခင်မလေးက မနေ့ကမှ ရေထဲပြုတ်ကျထားလို့ နေမကောင်းဖြစ်နေတာလေ!”

ရွှယ်နင်က မြေခွေးမွေး ဝတ်ရုံကို ဝတ်လိုက်ရင်း အားနည်းစွာ ပြုံးပြလိုက်သည်။

“ငါ့စိတ်တွေကို အေးချမ်းသွားအောင် လုပ်နေတာပါ”

“အဲဒါအတွက်နဲ့ သခင်မလေးရဲ့ ကျန်းမာရေးကိုတော့ အထိခိုက်မခံပါနဲ့ဦး”

ပေါင်ချန်က မျက်ရည်ဝဲကာ တိုးတိုးလေး ပြောလိုက်သည်။

“နင်ပြောတာ မှန်တယ်”

ရွှယ်နင်က နူးညံ့စွာ ပြုံးလိုက်ရင်း-

“ငါ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်သင့်တာပေါ့”

သူမသည် ဝတ်ရုံ၏ ဦးထုပ်ကို ဆောင်းလိုက်ပြီး မှောင်မှိုက်နေသည့် ဘုရားဆောင်ဘက်သို့ တစ်ချက် ပြန်ကြည့်လိုက်သည်။

ထို့နောက် နောက်လှည့်မကြည့်တော့ဘဲ ထွက်လာခဲ့တော့သည်။

.................

ကျမ်းစာကူးပြီးသွားသော်လည်း အချိန်က စောသေး၏။

ရွှယ်နင်သည် ပေါင်ချန်ကိုခေါ်ကာ ချိုးရွှေဥယျာဉ်ဆီ လိမ္မာယဉ်ကျေးစွာ ဦးတည်လိုက်သည်။ မထင်မှတ်ထားတာက ဝမ်ရှိုခန်းမဆောင်၏ တံခါးဝမှ ထွက်လိုက်သည်နှင့် စုမန်နှင့် သူမ၏အစေခံမလေး ရှောင်လင်တို့က ဆီးနှင်းများထူထပ်စွာ ဖုံးလွှမ်းနေသည့် ဇီးပင်အိုကြီးအောက်တွင် သူမကို စောင့်နေကြဆဲပင်။

လေနှင့်နှင်းများကြားတွင် ရွှယ်နင်က သူမ၏မျက်လုံးများကို စူးစမ်းစွာ မော့ကြည့်လိုက်သည်။

"စန်းကျဲ... ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"

ထူထဲတဲ့ ဝတ်ရုံဦးထုပ်အောက်မှ စုမန်၏ ချစ်စဖွယ်ဝိုင်းစက်သည့် မျက်နှာလေး ပေါ်ထွက်လာသည်။

"အား... ညီမလေးနင်၊ အခုမှ ထွက်လာတာကိုး"

သူမက တက်ကြွတဲ့ အပြုံးတစ်ခုနှင့်အတူ ရွှယ်နင်၏ မေးခွန်းထုတ်လိုတဲ့ အကြည့်ကို ဆုံကာ၊ အစေခံမလေးနှစ်ယောက်ကို ချန်ထားခဲ့ပြီး ရွှယ်နင်၏ လက်မောင်းကို ချစ်ခင်ရင်းနှီးစွာ ချိတ်လိုက်သည်။

"ဒုတိယအိမ်တော်က လူတွေ ရောက်နေကြပြီလေ။ ညီမလေးနဲ့အတူတူ အမေ့ရဲ့ အဆောင်ကို အတူတူသွားဖို့ စောင့်နေတာ"

ရွှယ်နင်က စဉ်းစားဟန်ဖြင့်-

"ဒုတိယအိမ်တော်က စုရှီးလား"

စုမန်က နှုတ်ခမ်းလေးစူကာ ပြန်ပြောလိုက်သည်။

"သူ(မ)ကလွဲလို့ တခြားဘယ်သူ ရှိဦးမှာလဲ"

ရွှယ်နင် အခုမှ မှတ်မိသွားပြီ။

သခင်မကျန်းရဲ့ မွေးနေ့စားပွဲအတွင်း သူမနှင့် စုကျန်းတို့က ရင်းနှီးကျွမ်းဝင်တဲ့ အမှားတစ်ခု ပြုလုပ်မိခဲ့ကြသည်။ သခင်မကျန်းက သူမနှင့် စုကျန်းတို့၏ လက်ထပ်ပွဲကိစ္စကို စီစဉ်နေရသဖြင့် ဒုတိယအိမ်တော်ကို ဂရုမစိုက်နိုင်ဘဲ ပစ်ထားခဲ့ခြင်း ဖြစ်၏။

သူမနဲ့စုကျန်းရဲ့ မင်္ဂလာပွဲကို နောက်ထပ်နှစ်နှစ်အကြာ နွေဦး၏ တတိယမြောက်လတွင် ကျင်းပရန် သတ်မှတ်ခဲ့ကြသည်။ သို့သော် သူတို့၏ မင်္ဂလာဦးညမှာပင် သခင်မကျန်း ကွယ်လွန်သွားခဲ့သည်။ ထိုညက သူမနှင့် စုကျန်းတို့၏ အိမ်ထောင်ရေးသုခကိုပင် မခံစားရသေးမီ နယ်စားမင်းအိမ်တော်တစ်ခုလုံးရှိ အနီရောင်ပိုးထည်များကို ဖယ်ရှားကာ အဖြူရောင် နာရေးအဝတ်အထည်များဖြင့် အစားထိုးလိုက်ရသည်။

အတိတ်တုန်းက လူအချို့က သူမကို မိဘနှင့် မောင်နှမများအပေါ် ကံဆိုးမှုများ ယူဆောင်လာတဲ့ 'ဂြိုလ်ဆိုးမ' ဟု ခေါ်ခဲ့ကြပေမယ့် သခင်မကျန်းကတော့ အမြဲတမ်း သူမဘက်ကနေ မားမားမတ်မတ် ရပ်တည်ကာ ပြန်လည်ချေပပေးခဲ့ဖူး၏။

နောက်ပိုင်းတွင် စုကျန်းကိုယ်တိုင်ပင် မျက်မှောင်ကြုတ်ကာ သူမကို ' ဂြိုလ်ဆိုးမ' ဟု သတ်မှတ်လာခဲ့သည်။

အဲ့ဒီစကားများကို ကြားရတိုင်း သူမ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိခဲ့ဘဲ နှလုံးသားကို ဓားနဲ့ အမွှန်းခံရသလို နာကျင်ကာ ပါးပြင်ပေါ်တွင် မျက်ရည်များဖြင့် အမြဲစိုရွှဲနေခဲ့ရသည်။

သခင်မကျန်း သေဆုံးသွားပြီးနောက်တွင်တော့ ဒီလောကကြီးထဲမှာ သူမကို ကာကွယ်ပေးမယ့်သူ သို့မဟုတ် သူမဘက်မှ ပြောပေးမယ့်သူ တစ်ယောက်မှ မကျန်တော့ပေ။

ရွှယ်နင်သည် ထိုအကြောင်းများကို ဆက်မတွေးရဲတော့ဘဲ ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်၏။ ကံကောင်းထောက်မစွာဖြင့် သူမက အချိန်မီ ပြန်လည်ရောက်ရှိလာခဲ့ပြီ။ အခုဆို အရာအားလုံးကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရှိနေသေးတယ် မဟုတ်ဘူးလား။

"အားနင်... ဘာလို့ ဒီလောက်တောင် အမြန်ပြေးနေရတာလဲ။ သတိထားဦးလေ၊ နှင်းတွေက ချော်တယ်..."

"တတိယအစ်မ... မြန်မြန်လုပ်၊ အမေ့ရဲ့ အဆောင်ကို အမြန်သွားကြရအောင်။"

သူမ ဒီထက်ပိုပြီး မြန်မြန်သွားမှ ဖြစ်မယ်။

ချိုးရွှေဥယျာဉ်သို့ ရောက်သည့်အခါ စုမန် အမောတကော ဖြစ်နေပြီ။ ရွှယ်နင်ကိုယ်တိုင်လည်း အဖျားတက်နေတာကြောင့် တစ်ကိုယ်လုံး လေးလံထိုင်းမှိုင်းနေကာ သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများမှ အသက်ရှူထုတ်လိုက်တိုင်း အဖြူရောင် မြူခိုးငွေ့များ ဆက်တိုက် ထွက်ပေါ်နေလေသည်။

စင်္ကြံလမ်းအပြင်ဘက်ရှိ ပြတင်းပေါက်မှတစ်ဆင့် ဒုတိယအိမ်တော်မှ လျိုရှီ(အမျိုးသမီးလျို)၏ အစေခံများနှင့် အထိန်းတော်ကြီးများ အပြင်ခန်းတွင် စောင့်ဆိုင်းနေကြတာကို မြင်လိုက်ရမှသာ သူမ၏ ရင်ထဲတွင် စိုးရိမ်စိတ်များ အနည်းငယ် လျော့ပါးသွားတော့သည်။

အနည်းငယ် အမောဖြေပြီးနောက် သူမက စုမန်နှင့်အတူ ချိုးရွှေဥယျာဉ်၏ အဓိကအဆောင်ထဲသို့ ဝင်ခဲ့သည်။

အခန်းတွင်း၌ မီးသွေးမီးဖိုဖြင့် အနွေးဓာတ်ပေးထားသဖြင့် တော်တော်လေး သက်သောင့်သက်သာ ရှိသည်။ သခင်မကျန်းသည် လျိုရှီနှင့် စကားပြောနေပြီး စုရှီးသည် လျိုရှီ၏ ဘေးနားရှိ ပန်းထိုးထိုင်ခုံပေါ်တွင် တည်ငြိမ်ယဉ်ကျေးစွာ ထိုင်နေကာ သူမ၏ ကြည်လင်တဲ့ မျက်ဝန်းများက ပြတင်းပေါက်ဘက်သို့ တစ်ချက်တစ်ချက် ဝေ့ကြည့်နေတတ်သည်။

"အမေ!..."

စုမန်က အရင်ဆုံး ဝင်လာပြီး သခင်မကျန်းကို ဂါရဝပြုလိုက်သည်။ သူမက ဒုတိယအိမ်တော်မှ လူများကို သဘောမကျတာကြောင့် နှုတ်ဆက်ပြီးနောက် စုရှီးကို စကားတစ်ခွန်းမှ မပြောဘဲ သူမရဲ့အမေ ဘေးနားတွင်သာ ဝင်ထိုင်နေလိုက်သည်။

ရွှယ်နင်သည် စုမန်၏ နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။ သခင်မကျန်းက သူမကို မြင်သည်နှင့် ပြုံးရွှင်စွာ လှမ်းခေါ်လိုက်၏။

"နင်နင်... မင်း အချိန်ကိုက် ရောက်လာတာပဲ။ မင်းရဲ့ ဒုတိယအဒေါ်နဲ့ ငါနဲ့က မင်းကို မိသားစုဝင်အဖြစ် တရားဝင် အသိအမှတ်ပြုတဲ့ပွဲအတွက် မင်္ဂလာရက်ကောင်း ရွေးနေကြတာ"

All Chapters