အခန်း ၁၀
Vol. 1 Ch. 10
အခန်း (၁၀) - အိပ်မက်ဆိုး
သခင်မကျန်းက အမြဲတမ်း သူမအတွက် အကောင်းဆုံးကိုပဲ လိုချင်ခဲ့တယ်ဆိုတာ သူမ ကောင်းကောင်းသိတယ်။
မိခင်ဖြစ်သူရဲ့ ကောင်းချီးမင်္ဂလာ မပါတဲ့ အိမ်ထောင်ရေးက ဘယ်လိုမှ ကောင်းမွန်တဲ့ ရလဒ် ထွက်ပေါ်လာနိုင်မှာ မဟုတ်ပေ။
ဒါကြောင့် ဒီဘဝမှာတော့ သူမကိုယ်တိုင်ရော၊ သခင်မကျန်းကိုရော စိတ်ကျေနပ်စေမယ့် အိမ်ထောင်ဖက်မျိုးကိုပဲ ရွေးချယ်မယ်လို့ သူမ စိတ်ပိုင်းဖြတ်ထားတယ်။
သခင်မကျန်းနှင့်အတူ ခဏလောက် စကားစမြည် ပြောဆိုပြီးနောက် ရွှယ်နင် အနည်းငယ် ပင်ပန်းနွမ်းနယ်လာသဖြင့် နှုတ်ဆက်ကာ သူမနေထိုင်ရာ ချင်းယွင်ဆောင်သို့ ပြန်ရန် ပြင်လိုက်သည်။
သို့သော်လည်း သူမ လိုက်ကာကို မရည်ရွယ်ဘဲ မ လိုက်သည့် ခဏ၌ပင် တောင့်တင်းခိုင်မာတဲ့ ရင်ခွင်ကျယ်ကြီးတစ်ခုနှင့် အရှိန်ပြင်းစွာ တိုးမိသွားတော့သည်။
နာကျင်သွားတာကြောင့် နဖူးကို လက်ဖြင့် အုပ်လိုက်ရင်း သူမ ခေါင်းမော့ကြည့်လိုက်၏။
ဝတ်ရုံရှည်ကြီးကို လွှမ်းခြုံထားသည့် စုကျန််းက တံခါးဝတွင် မတ်တပ်ရပ်နေတာကို တွေ့လိုက်ရပြီး သူ အချိန်ဘယ်လောက်ကြာအောင် အဲ့ဒီနေရာမှာ ရှိနေခဲ့လဲဆိုတာကို သူမ မသိနိုင်ပေ။
ချက်ချင်းဆိုသလို သူမ တစ်ကိုယ်လုံး တင်းမာသွားပြီး နောက်ကို တစ်လှမ်းဆုတ်လိုက်မိတဲ့အချိန် တံခါးခုံနှင့် ဖနောင့်တိုက်ကာ ဟန်ချက်ပျက်သွားပြန်သည်။ ထိုအချိန်မှာ စုကျန်းပင် လက်လှမ်းကာ သူမ၏ ခါးလေးကို အသာအယာ ထိန်းကိုင်ပေးလိုက်သည်။
“ဘာလို့ ဒီလောက်တောင် ဂရုမစိုက်ရတာလဲ”
အတိတ်ဘဝမှ ရင်းနှီးနေခဲ့တဲ့ ထိုခံစားချက်များက ရွှယ်နင်၏ စိတ်ထဲ ချက်ချင်း တိုးဝင်လာပြန်သည်။
သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ရုတ်တရက် ဝဲတက်လာကာ အသက်ရှူပင် ကျပ်သွားသလို ခံစားလိုက်ရ၏။ သူမ ထိတ်လန့်တကြားဖြင့် သူ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး သုံးလှမ်းခန့် အကွာတွင် ရပ်ကာ အလျင်အမြန်ပင် ဂါရဝပြုနှုတ်ဆက်လိုက်သည်။
“အစ်ကိုကြီး.. ဘယ်တုန်းက ပြန်ရောက်တာလဲ?”
စုကျန်း၏မျက်ခုံးနှစ်ဖက်က သိသိသာသာမဟုတ်သော်လည်း အနည်းငယ် ကျုံ့သွားမိသည်။
သူ ပြန်ရောက်တာ ကြာပြီဖြစ်ပြီး “မောင်နှမသံယောဇဉ်” ဆိုတဲ့ စကားကိုလည်း ကြားတယ်။ အဲ့ဒီနောက်တော့ သူ အခန်းထဲသို့ မဝင်ခဲ့ပေ။
နောက်ပိုင်းတွင် သူ့အမေက သူမနှင့် အားမန်တို့ကို အောင်သွယ်ပေးမည့်အကြောင်း ပြောဆိုနေတာကို ကြားလိုက်ရသည်။
သူမရဲ့အဖြေကို သိချင်နေမိတာကြောင့်သာ သူ တံခါးဝသို့ တစ်ခေါက် ပြန်လာခဲ့ခြင်းဖြစ်သည်။
“အမေ လက်ထပ်စေချင်တဲ့သူကိုပဲ အားနင် လက်ထပ်ပါ့မယ်” ဟု သူမရဲ့ပါးစပ်ကနေ ထွက်လာလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
အဘွားရှေ့မှာ အဲ့လောက်အထိ ရဲတင်းတဲ့ တောင်းဆိုမှုကို ပြုလုပ်ရဲတာ အံ့ဩစရာ မရှိတော့ဘူး။ သူမက ထွက်ပေါက်ကို ကြိုတင် ပြင်ဆင်ထားပြီးသားကိုး။
ရွှယ်မိသားစုတစ်ခုလုံး စစ်မြေပြင်မှာ ကျဆုံးခဲ့ကြပြီး နယ်စပ်တွင် တာဝန်ကျနေတဲ့ ဝေးကွာလှသည့် ဦးလေးနှင့် ဝမ်းကွဲအစ်ကိုတို့သာ ကျန်တော့သည်။
နောက်ဆုံးတော့ သူမရဲ့ အိမ်ထောင်ရေးက သူ့အမေအပေါ်မှာပဲ မူတည်နေလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူမကသာ ငိုယိုပြီး သူ့ကို လက်ထပ်ဖို့ အတင်းအကျပ် တောင်းဆိုလာပါက သူ့အမေက ဘယ်လိုလုပ် ငြင်းပယ်နိုင်ပါ့မလဲ။
ဤသို့ တွေးမိလိုက်သည်နှင့် စုကျန်း စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်မိသွားသည်။
သူက ရွှယ်နင်ကို ညီမလေးတစ်ယောက်လိုပဲ မြင်ပြီး ဘာအချစ်ခံစားချက်မျိုးမှ မရှိပေ။
ဒီမိန်းကလေးက ငယ်လွန်းသေးပြီး လူလားမမြောက်သေးပေ။ သူမ အရွယ်ရောက်လာပြီး ပြင်ပလောကမှာ ထူးချွန်ထက်မြက်တဲ့ အမျိုးသားများနှင့် ဆုံတွေ့သည့်အခါ သူ့အပေါ် ထားရှိတဲ့ စိတ်ကူးများ ပျောက်ကွယ်သွားလိမ့်မည်ဟု သူ ထင်မိသည်။
“ငါ ပြန်ရောက်တာ ကြာပြီ”
“ဒါဆို...”
ရွှယ်နင်သည် သူမ၏စကားများကို သူ ကြားသွားမှာ အမှန်တကယ်ပင် စိုးရိမ်နေမိသည်။
သို့သော် ထပ်မံစဉ်းစားကြည့်ပြန်လျှင်လည်း သူက သူမအပေါ် လုံးဝ ဂရုစိုက်မည်မဟုတ်ကြောင်း နားလည်လိုက်သည်။
“ဒါဆိုရင် ညီမ အခန်းကို ပြန်ပြီး နားပါတော့မယ်။ အစ်ကိုကြီးလည်း သက်သောင့်သက်သာပဲ နေပါဦး”
မိန်းကလေးငယ်၏ မျက်ဝန်းအိမ်တွင် ဝဲတက်လာသည့် မျက်ရည်စများကို မြင်လိုက်ရသည့်အခါ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း သူမ ဘာများဖြစ်ခဲ့သလဲဆိုတာ သူ မတွေးဘဲ မနေနိုင်တော့ပေ။
သူမက သူ့ကို မြင်တိုင်း ကပ်ရောဂါဆိုးတစ်ခုကို မြင်လိုက်ရသလို ရှောင်ဖယ်နေတတ်ပြီး ငိုတော့မယ့်ရုပ်နှင့် အမြဲရှိနေတတ်သည်။
နယ်စားမင်းအိမ်တော်ကို သူမ စတင်ရောက်ရှိလာတဲ့ အချိန်တုန်းကအတိုင်း သနားစဖွယ် ကောင်းနေပြန်သည်။
ကျောက်ခဲလို မာကျောသည့် သူ့နှလုံးသားပင် အနည်းငယ် ပျော့ပြောင်းသွားကာ သူ့လက်ဖဝါးဖြင့် ရွှယ်နင်၏ ဆံနွယ်များကို အသာလေး ပွတ်သပ်လိုက်သည်။
“ရာသီဥတုက အေးတယ်။ မနေ့ကမှ ရေထဲ ပြုတ်ကျထားတာဆိုတော့ ဒီနေ့တော့ အခန်းထဲမှာပဲ သေချာနားနေပါ။ သတိလက်လွတ် မဖြစ်စေနဲ့ဦး”
စုကျန်းရဲ့ အပြုအမူက နူးညံ့ပြီး အကြည့်များက ကြင်နာမှု ရှိနေပေမယ့် ရွှယ်နင်ကတော့ တစ်ကိုယ်လုံး တောင့်တင်းသွားကာ ဦးရေပြားပင် တစိမ့်စိမ့်နှင့် ထုံကျင်လာသလို ခံစားလိုက်ရသည်။
သူမက ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ရပ်နေမိသည်။
စုကျန်းက နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်ကာ သူမ၏ နူးညံ့တဲ့ ပါးပြင်လေးကို အသာလေး ဆွဲလိုက်ရင်း ပြောလိုက်သည်။
“ပြန်ပြီး နားတော့လေ”
ရွှယ်နင်က အလျင်အမြန်ပင် ခေါင်းငြိမ့်ပြကာ အပြင်ဘက်သို့ သုတ်ခြေတင် ပြေးထွက်သွားတော့သည်။
ပျာပျာသလဲ ထွက်ပြေးသွားတဲ့ ထိုမိန်းကလေးငယ်၏ ကျောပြင်ကို ကြည့်ရင်း စုကျန်း အနည်းငယ် ပြုံးမိသွားကာ သခင်မကျန်း၏ အခန်းထဲသို့ ဝင်သွားတော့သည်။
....
ချင်းယွင်ဆောင်သို့ ပြန်ရောက်သည့်အခါ ရွှယ်နင်က သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဖိထားမိသည်။
ထိုယောကျာ်းရဲ့ အဝတ်အစားတွေကနေ စွဲကျန်နေတဲ့ အနံ့သင်းသင်းက သူမ၏ နှာခေါင်းထဲတွင် ဝဲနေဆဲ ဖြစ်သလို သူမရဲ့ စိတ်ထဲမှာလည်း လေးလံဝမ်းနည်းနေမိသည်။
သူမ၏ စိတ်ကို အတန်ကြာအောင် ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ရပြီးမှ စိတ်ပျက်လက်ပျက်ဖြင့် လက်ရှိကမ္ဘာသို့ ပြန်ရောက်လာတော့သည်။
သူနဲ့ ဝေးဝေးမှာနေဖို့ အသည်းအသန် ကြိုးစားနေပေမယ့် ဘာလို့များ သူနဲ့ပဲ ခဏခဏ ဆုံနေရတာလဲ။
သူမကို မြင်ရင် အလိုလို အောက်ကျို့ပြီး မြှောက်ပင့်နေတတ်သည့် ခွေးလေးတစ်ကောင်လို သူ့စိတ်ထဲမှာ အထင်သေးနေဦးမှာကို သူမ စိုးရိမ်မိသည်။
ပေါင်ချန်က မြေခွေးသားမွေး ဝတ်ရုံကို ချွတ်ပေးရင်း ပြုံးလျက် မေးလိုက်သည်။
“သခင်မလေးက အခုထိ အိမ်မက်ထဲက မနိုးသေးဘူးလား?”
ရွှယ်နင်ကတော့ အရိုးထဲထိ အေးစိမ့်နေပြီး ခေါင်းထဲတွင်လည်း တဝီဝီ မြည်နေဆဲဖြစ်သည်။ သူမက ခန္ဓာကိုယ် အနွေးဓာတ်ရရန် မီးလင်းဖိုအနီးတွင် သွားထိုင်လိုက်၏။
သို့သော် မီးအနီးသို့ ရောက်သည်နှင့် ယုံကျိုးမြို့ရှိ စံအိမ်ဟောင်းကြီး မီးလောင်ကျွမ်းခဲ့သည့် ပုံရိပ်များက သူမ၏ အာရုံထဲသို့ တိုးဝင်လာပြန်သည်။
အဲ့ဒီအဖြစ်အပျက်က နာကျင်လွန်းတယ်။ မီးများ စတင်လောင်ကျွမ်းချိန်တွင် သူမ ဘယ်လိုမှ ရုန်းကန်လို့ မရခဲ့ပေ။
အဲ့ဒီအရာထက် ကြောက်စရာကောင်းတဲ့အရာ ဒီလောကမှာ မရှိတော့ဘူး။
သူမ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားရသဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာ ငေးငေးငိုင်ငိုင်နှင့် ရေရွတ်လိုက်သည်။
“ဘာကို အိမ်မက်မက်နေရမှာလဲ?”
ပေါင်ချန်က စနောက်သည့်လေသံဖြင့်...
“ခုနက သခင်လေး လုပ်ပေးသွားတာတွေကို ပြောတာလေ”
ရွှယ်နင်က နှုတ်ခမ်းကို အသာအယာ စေ့လိုက်ပြီး ပူတစ်လှည့် အေးတစ်လှည့် ဖြစ်နေတဲ့ သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။
“ငါ... အဲ့လို မဟုတ်ပါဘူး...”
ပေါင်ချန်က တဟားဟား ရယ်မောလိုက်၏။
“ဒီအစေခံမလေး ပြောရဲပါတယ်... သခင်လေးက သခင်မလေးအပေါ် စိတ်မရှိတာ မဟုတ်ပါဘူး။ သူကိုယ်တိုင်က သခင်မလေးကို သဘောကျနေမှန်း မသိသေးတာပဲ ဖြစ်မှာပါ”
ရွှယ်နင်၏ အကြည့်များက ဝေးလွင့်သွားတော့သည်။
အကယ်၍ ဒီဘဝက သူမရဲ့ အတိတ်ဘဝသာ ဖြစ်ခဲ့ရင် ပေါင်ချန်ရဲ့စကားတွေကို သူမ ယုံကြည်မိလိမ့်မယ်။
ဒါပေမဲ့ မသေဆုံးခင် ခံစားခဲ့ရတဲ့ အဆုံးမဲ့ မျှော်လင့်ချက်မဲ့မှုများက သူမ၏ ရင်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။ ထိုမီးတောက်ကြီးများ၊ အိမ်မှ ပေးပို့ခဲ့တဲ့ စာပေါင်း ရာနှင့်ချီသည့် အကြောင်းများကို တွေးမိတိုင်း သူမ ဝမ်းနည်းပူဆွေးမှုကလွဲပြီး ဘာမှမခံစားရတော့ပေ။
“နင် မှားနေပြီ။ သူ ငါ့ကို သဘောမကျပါဘူး၊ ဘယ်တော့မှလည်း ကြိုက်လာမှာ မဟုတ်ဘူး”
“သခင်မလေးရယ်... အဲ့လို မပြောပါနဲ့—”
ရွှယ်နင်က စကားဖြတ်ပြောလိုက်သည်။
“ပေါင်ချန်... ငါ ခေါင်းနည်းနည်း ကိုက်နေလို့ အိပ်တော့မယ်”
“ညစာ မစားတော့ဘူးလား?”
ပေါင်ချန်က မေးလိုက်၏။
“စားချင်စိတ် မရှိဘူး၊ မစားတော့ဘူး”
ရွှယ်နင်က အပြင်ဝတ်ရုံကို ချွတ်လိုက်ပြီး ကုတင်ပေါ်မှာ လှဲလိုက်သည်။
ပေါင်ချန်သည် နှင်းစိုနေတဲ့ မြေခွေးသားမွေး ဝတ်ရုံကို ကိုင်ထားရင်း ကုတင်လိုက်ကာကြားမှ စိုးရိမ်တကြီး ချောင်းကြည့်လိုက်သည်။
“ခက်တော့တာပဲ” ...
ပန်းထိုးစောင်ပုံထဲမှာ အနားယူနေတဲ့ ထိုသူလေးက နတ်သမီးပန်းချီကားတစ်ချပ်လို အရမ်း လှပနေပေမယ့် သူမရဲ့ ပါးပြင်နှစ်ဖက်ကတော့ နီရဲနေကာ နဖူးမှလည်း အပူရှိန်များ ထွက်ပေါ်နေသည်။
ပေါင်ချန်က သူမသခင်မလေး၏ နဖူးကို စမ်းကြည့်လိုက်ရာ...
ထင်တဲ့အတိုင်းပဲ! ကိုယ်အပူချိန်က ပြန်တက်လာပြန်ပြီ။
နယ်စားမင်းအိမ်တော်မှာ နေထိုင်ရတဲ့ သူမရဲ့ အနေအထားအရ ရွှယ်နင်က ငယ်ငယ်ကတည်းက နေမကောင်းဖြစ်ရင်တောင် သမားတော်ခေါ်ရန် တစ်ခါမှ မတောင်းဆိုခဲ့ဖူးပေ။ သခင်မကျန်း ကိုယ်တိုင် ဝင်ရောက် စီမံပေးမှသာ ဆေးကုသခွင့် ရရှိတတ်၏။
ရောဂါအသေးအဖွဲဆိုရင် အောင့်အည်း သည်းခံနိုင်ပေမယ့် သခင်မလေးရဲ့ ခန္ဓာကိုယ်မှာ နဂိုကတည်းက အားနည်းသည်။ မနေ့ကမှ ရေထဲ ပြုတ်ကျထားသည့်အပြင် ယခုလို ကိုယ်ပူမကျပါက ဦးနှောက်ပင် ထိခိုက်သွားနိုင်သည်။
ပေါင်ချန် ဘာလုပ်ရမှန်းမသိဘဲ ပျာယာခတ်သွားတော့သည်။ သူမက မြေခွေးသားမွေးဝတ်ရုံကို ပန်းပုထုထားသည့် သစ်သားစင်ပေါ်တွင် ချိတ်ဆွဲလိုက်ပြီး ချင်းယွင်ဆောင်မှ အပြေးအလွှား ထွက်ခွာကာ သခင်မကျန်း၏ ချိုးရွှေဥယျာဉ်ဆီသို့ ဦးတည်ပြေးသွားတော့သည်။
...
ရွှယ်နင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး တစ်ကိုယ်လုံး ရေထဲမှာ နစ်မြုပ်နေသကဲ့သို့ ခံစားနေရသည်။ တစ်ခါတစ်ရံ ချမ်းတုန်အောင် အေးစိမ့်သွားပြီး တစ်ခါတစ်ရံတွင် တစ်ကိုယ်လုံး မီးလောင်မတတ် ပူပြင်းလာပြန်သည်။
တစ်ကိုယ်လုံးကလည်း နာကျင်ကိုက်ခဲနေတာကြောင့် အတော်လေး ခံရခက်၏။အဲ့ဒီလို မူးဝေနေတဲ့အချိန်မှာ သူမ အိပ်မက်တစ်ခုထဲကို မြောပါသွားတော့သည်။
အိပ်မက်ထဲမှ မြင်ကွင်းများက ထူးဆန်းပြီး လက်တွေ့မဆန်ပေ။ တစ်ခါတစ်ရံတွင် စုကျန်းနှင့် လက်ထပ်ပွဲ ကျင်းပနေသည့် ခန်းမကြီး ဖြစ်နေသော်လည်း ခဏကြာလျှင် သခင်မကျန်းကြီး၏ နာရေးခန်းမ ဖြစ်သွားပြန်သည်။
သူမက တစ်ယောက်တည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အဝတ်အစားများကို ဝတ်ဆင်ကာ သခင်မကျန်း၏ ဂူဗိမာန်ရှေ့တွင် ဒူးထောက်နေသည်။ စုကျန်းရဲ့ “ဂြိုလ်ဆိုးမ” ဆိုတဲ့ အေးစက်စက် စကားသံကို ကြားလိုက်ရသည့်အခါ သူမရဲ့ မျက်ဝန်းများကနေ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။
သူမ ရှင်းပြချင်ပေမယ့် ခေါင်းမော့ကြည့်လိုက်တဲ့အခါ ထိုယောကျာ်းရဲ့ ဘေးနားမှာ နီရဲတောက်နေတဲ့ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည့် ရှဲ့နင်းထန် မတ်တပ်ရပ်နေတာကို မြင်လိုက်ရသည်။
ထိုယောကျာ်းရဲ့ အရှိန်အဝါက ထျန်းရှန်းတောင်တန်းပေါ်မှ နှင်းများကဲ့သို့ပင် အေးစက်သည်။ ထက်မြက်ကာ ခန့်ညားပြီး ဘယ်သူမှ မချဉ်းကပ်ရဲတဲ့ မြင့်မြတ်မှုမျိုး ရှိပေမယ့် ရှဲ့နင်းထန်ကို ဘေးတစောင်း ငဲ့ကြည့်လိုက်တဲ့အခါမှာတော့ သူ့အကြည့်တွေက အလိုလိုက်မှုနှင့် ကြင်နာမှုတို့ဖြင့် ပြည့်နှက်နေသည်။
ရွှယ်နင်ကို ချိုသာစွာ ပြုံးပြလာပြီး “အစ်မ” ဟု ခေါ်ကာ စုကျန်း၏ ကိုယ်လုပ်တော်အဖြစ် စံအိမ်ထဲ ဝင်ခွင့်ပြုရန် တောင်းဆိုနေသည်။
ရွှယ်နင်က ထိုတောင်းဆိုချက်ကို အံကြိတ်ကာ ငြင်းပယ်လိုက်၏။
နောက်တစ်ခဏတွင် ရှဲ့နင်းထန်၏ အဖြူရောင်ဝတ်စုံဟာ သွေးအိုင်များဖြင့် စွန်းထင်းသွားတော့သည်။
“ကျွန်မရဲ့ ကလေး... အစ်ကိုကြီး စု... ကျွန်မရဲ့ ကလေးလေး မရှိတော့ဘူး”
သူမက စုကျန်းရဲ့ ရင်ခွင်ထဲသို့ အားအင်ကုန်ခမ်းစွာ လဲကျသွားသည်။ သူမ၏ မျက်တောင်ဖျားများက မျက်ရည်များဖြင့် စိုစွတ်နေကာ ဖြူဖျော့နေသော မျက်နှာမှာ တစ္ဆေတစ်ကောင်ကဲ့သို့ပင်။
ရွှယ်နင်က အခြေအနေကို သဘောပေါက်သွားပြီး စုကျန်းကို အသည်းအသန် ရှင်းပြလိုက်သည်။
“ကျွန်မ မလုပ်ဘူး... ကျွန်မ ရှဲ့နင်းထန်ကို မတွန်းချခဲ့ပါဘူး!”
သို့သော် ရှဲ့နင်းထန်ကို ပွေ့ချီထားတဲ့ ထိုယောကျာ်းက သူမ၏ ရှင်းပြချက်ကို နားမထောင်ပေ။
သူက အလွန်အမင်း ဒေါသထွက်ကာ သူမကို မြေပြင်ပေါ် ကန်ချလိုက်ပြီး ရှဲ့နင်းထန်ကို ပွေ့ချီကာ ထွက်သွားရန် ပြင်လိုက်သည်။ သူက သူမကို အထက်စီးကနေ ငုံ့ကြည့်လာပြီး သူ့မျက်နှာက နှင်းခဲများ ဖုံးလွှမ်းနေသကဲ့သို့ပင်။ သူ့အကြည့်များထဲမှ အေးစက်ခက်ထန်မှုကြောင့် သူမ၏ ဦးရေပြားပင် ထုံကျင်သွားသည်။
“မင်း တွန်းတာ ဟုတ်မဟုတ် ငါ့မျက်စိနဲ့တပ်အပ် မြင်လိုက်တာပဲ”
“ငါ့မျက်စိကများ မှားနေလို့လား?”
“ရွှယ်နင်... မင်း ငါ့ရှေ့က အခုချက်ချင်း ထွက်သွားစမ်း!”