အခန်း ၁၁
Vol. 2 Ch. 11
အခန်း(၁၁) - ဆုံးရှုံးခြင်း
အမျိုးသားရဲ့ အသံက ရေခဲလို အေးစက်နေပြီး သူ့အကြည့်များတွင်လည်း ရွံရှာမုန်းတီးမှုများ အပြည့်ရှိနေသည်။
စကားလုံးတစ်လုံးချင်းစီက ထက်ရှတဲ့ ဓားတစ်စင်းလိုမျိုး သူမရဲ့ နှလုံးသားကို တည့်တည့်မတ်မတ် ထိုးစိုက်နေတဲ့အတိုင်းပင်။
ကိုက်ခဲနာကျင်နေတဲ့ ဝမ်းဗိုက်အောက်ပိုင်းကို ဖိထားရင်း၊ သူမက ဖြူလျော်နေတဲ့ မျက်နှာကို မော့ကာ အဝေး ထွက်သွားတဲ့ သူ့ရဲ့ကျောပြင်ကို ကြည့်နေမိသည်။ မျက်ရည်များမှာလည်း ထိန်းမရအောင် စီးကျနေတော့၏။
ထိုအချိန်မှာပဲ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။
သူမက အားအင်ချည့်နဲ့စွာဖြင့် ခုတင်ပေါ်တွင် လှဲနေ၏။
ပေါင်ချန်က သူမဘေးတွင် ကြောက်လန့်တကြား ငိုယိုနေသည်။
“သခင်မလေး... သခင်မလေးရဲ့ ကလေး... မရှိတော့ဘူး”
“ဘာ... ဘာပြောတယ်?”
ပေါင်ချန်၏ စကားကြောင့် သူမ ကြောင်အသွားသည်။
လွန်ခဲ့တဲ့ရက်တွေက သူမ အစားအသောက်ပျက်ပြီး စားသမျှ အော့အန်ချင်သလိုပဲ ခံစားခဲ့ရတယ်။ ရှဲ့နင်းထန်မှာ စုကျန်းရဲ့ ရင်သွေးရှိနေတယ်ဆိုတဲ့ အသိကြောင့်လည်း သူမ ညမအိပ်နိုင်လောက်အောင် ပူပန်ကြောက်လန့်ခဲ့ရ၏။
သူမရဲ့ ခန္ဓာကိုယ်က နေမကောင်းဖြစ်နေရုံသာဟု အမြဲတွေးခဲ့မိတာ ဖြစ်သည်။
သူမကိုယ်တိုင်လည်း စုကျန်းရဲ့ ရင်သွေးကို လွယ်ထားရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
သူတို့နှစ်ယောက်ကြား လင်မယားဆက်ဆံရေးဆိုတာက အလွန်ပင် ရှားပါး၏။ မကြာသေးခင်က သူ မူးရူးပြီး သတိမကပ်ဘဲ ပြန်လာခဲ့တဲ့ အဲ့ဒီတစ်ကြိမ်သာ ရှိခဲ့ဖူးသည်။
တစ်ကြိမ်တည်းနှင့်တင်...
သူမက ပြားချပ်နေတဲ့ သူမရဲ့ဝမ်းဗိုက်ကို ငေးကြောင်ကြည့်နေမိသည်။
ခဏလောက် ငိုဖို့တောင် မေ့နေမိ၏။
“သခင်မလေး... နိုးပါဦး”
“သခင်မလေး... အိပ်မက်ဆိုးတွေ မက်နေတာလားဟင်?”
“သခင်လေး ရောက်နေတယ်... သခင်မလေး နိုးပါတော့...”
ပေါင်ချန်ရဲ့အသံက ဝေးတစ်လှည့် နီးတစ်လှည့်ဖြင့် ထွက်ပေါ်နေသည်။
အိပ်မက်ထဲမှာ ရွှယ်နင်က သူမရဲ့ဝမ်းဗိုက်ကိုပဲ စိုက်ကြည့်နေဆဲပင်။ သူမက ခုတင်ပေါ်မှ လူးလဲထကာ စင်ပေါ်တွင် ချိတ်ထားသော သွေးစွန်းနေသည့် ဝတ်စုံကို ကြည့်လိုက်သည်။
ဒါ သူမရဲ့ ကလေးလေး...
ပုံသဏ္ဍာန်တောင် မပေါ်သေးခင်၊ အဖေအရင်းရဲ့ ကန်ကျောက်မှုကြောင့် ပျက်စီးသွားရရှာတဲ့ ကလေးလေး။
သူမက စွန်းထင်းနေတဲ့ သွေးကွက်များကို ငေးကြည့်ရင်း မျက်ရည်များ အတားအဆီးမဲ့ စီးကျလာပြန်သည်။ သူမ ဘယ်လိုပဲ သုတ်ပါစေ၊ မျက်ရည်များက မဆုံးနိုင်အောင် ထွက်ကျလာမြဲပင်။
“အမေ တောင်းပန်ပါတယ်...”
“ကလေးလေး... အမေ့ကို ခွင့်လွှတ်ပါ..."
“သခင်မလေး! ဘာတွေ ပြောနေတာလဲ!”
ပေါင်ချန်က ပျာပျာသလဲဖြင့် ခုတင်ဘေးသို့ တိုးကပ်လာသည်။ ကလေးငယ်တစ်ယောက်လိုမျိုး အကူအညီမဲ့စွာ ငိုယိုနေတဲ့ သူမကို ကြည့်ပြီး၊ အနီးအနားတွင် ရပ်နေတဲ့ အမျိုးသားကို အားနာတကြီး လှမ်းကြည့်လိုက်မိသည်။
“သခင်လေး... သခင်မလေးက အိပ်မက်ဆိုးမက်ပြီး ယောင်နေတာပါ”
စုကျန်းက သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
“ဆေး ယူခဲ့”
ပေါင်ချန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
“ဟုတ်ကဲ့ပါ”
ထို့နောက် စုကျန်းက လက်လှမ်းလိုက်ပြီး ရွှယ်နင်၏ ချွေးစိုနေတဲ့ နဖူးပြင်ကို စမ်းကြည့်လိုက်သည်။
မိန်းကလေးက အသည်းအသန် ငိုကြွေးနေဆဲပင်။ အိပ်မက်ထဲမှာ ဘာတွေမြင်နေရတာလဲမသိ၊ သူမက “အမေ” ဟု ဆက်တိုက်ခေါ်နေပြီး “ကလေး” အကြောင်းကိုလည်း ထပ်တလဲလဲ ပြောကာ တောင်းပန်နေသည်။
သူမက ငယ်ငယ်လေးရှိသေးတာကို... သူမရဲ့ခေါင်းထဲမှာ နေ့တိုင်း ဘယ်လိုလုပ် ရှုပ်ထွေးပွေလီတဲ့ အရာတွေ ပြည့်နှက်နေတာလဲ?
သူ့စိတ်ထဲ ပို၍ စိတ်မရှည်ဖြစ်လာသည်။ သူက သူမကို ဆွဲထူလိုက်ပြီး သူ့ရင်ခွင်ထဲတွင် မှီထားခိုင်းလိုက်၏။
ပေါင်ချန်က တုန်ရင်နေတဲ့ လက်များဖြင့် ဆေးပန်းကန်ကို ကိုင်ကာ ရောက်လာသည်။ စုကျန်း ဆေးပန်းကန်ကို လှမ်းယူလိုက်ပြီး ရွှယ်နင်၏ နှုတ်ခမ်းများကို အတင်းဟစေကာ ဆေးရည်များကို တိုက်တော့သည်။
ပေါင်ချန်က တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်သွား၏။
စုကျန်းက ဘယ်လိုခံစားချက်မျိုးမှ မပြပေ။ ဆေးရည်အချို့ စိုကျလာတဲ့အခါ သူ့လက်မဖြင့် သူမနှုတ်ခမ်းများကို သုတ်ပေးလိုက်သည်။
ငယ်ငယ်ကတည်းက နုနယ်စွာ ပြုစုပျိုးထောင်ခံခဲ့ရသူမလို့ သူမရဲ့အသားအရေက အလွန်နုနယ်သည်။
သူ့လက်ချောင်းများ၏ ဖိအားအောက်တွင် သူမ၏ ဖြူလျော့နေတဲ့ နှုတ်ခမ်းလေးများက နီရဲတက်လာပြီး ရေစက်လေးများ ထွက်ကျလာတော့မည့်အတိုင်း စိုအိနုနယ်နေသည်။
စုကျန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ့လက်ချောင်းများ တုန့်ခနဲ ဖြစ်သွားသော်လည်း စိတ်တော့မပျော့သွားပေ။ ကျန်ရှိနေတဲ့ ဆေးရည်များကို သူမပါးစပ်ထဲသို့ အကုန်လောင်းထည့်လိုက်၏။
ဆေးရဲ့ ခါးသက်သက် အရသာကြောင့်ပဲ ရွှယ်နင်၏ မျက်လုံးများ ပွင့်လာတော့သည်။
သူမက ရှေ့သို့ ကိုင်းညွတ်သွားပြီး သူမကိုယ်သူမ ဘယ်နေရာရောက်နေမှန်း မသိဘဲ ခံတွင်းပျက်လောက်အောင် ခါးသက်တဲ့ အရသာကိုသာ ခံစားနေရသည်။
အော့အန်ချင်စိတ်များ ငြိမ်သက်သွားချိန်တွင်မှ တစ်ယောက်ယောက်ကို မှီထားမိကြောင်း သူမ သတိပြုမိလိုက်သည်။ သူမရဲ့ပါးပြင်က ရွှေချည်ထိုးထားသည့် နက်မှောင်တဲ့ အင်္ကျီလက်ပေါ်တွင် ရောက်နေ၏။
သူမ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အကြည့်များကို ဖြည်းဖြည်းချင်း အပေါ်ကို မြှင့်ကြည့်လိုက်တဲ့အခါ... ရင်းနှီးနေပြီး၊ အေးစက်ကာ အရိပ်ကျနေသည့် ဖီးနစ်မျက်ဝန်းတစ်စုံနှင့် ဆုံမိတော့သည်။
“အစ်ကို... အစ်ကိုက ဘာလို့—”
သူ့အင်္ကျီမှာ ပေကျံသွားတာကို မြင်လိုက်ရသဖြင့် သူမ အမြန်ပင် ခန္ဓာကိုယ်ကိုမတ်လိုက်ပြီး ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး နီရဲသွားသည်။
“တောင်းပန်ပါတယ်... ညီမ တမင်လုပ်တာမဟုတ်ပါဘူး... ဆေးက အရမ်းခါးလွန်းလို့... ပေါင်ချန်၊ မြန်မြန်၊ အဝတ်တစ်ခု ယူခဲ့ပေးပါဦး”
“ဟုတ်ကဲ့”
စုကျန်းက ပေါင်ချန်ဆီမှ အဝတ်ကို လှမ်းယူပြီး အင်္ကျီပေါ်က အစွန်းအထင်းများကို စိတ်မရှည်စွာ သုတ်လိုက်သည်။
ပေါင်ချန်က ကူညီချင်ပေမယ့် ရပ်နေမိပြန်သည်။ သူမရဲ့ သခင်လေးက အမျိုးသမီးများနှင့် နီးနီးကပ်ကပ်နေရတာကို သဘောမကျဘဲ သူ့အနားမှာ အလုပ်အကျွေးပြုသည့် အစေခံမိန်းကလေးပင် မထားဘူးဆိုတာ သူမ သတိရလိုက်တာကြောင့်ဖြစ်သည်။
စုကျန်းက ထရပ်လိုက်ပြီး ရွှယ်နင်ကို တစ်ချက် ပြန်ကြည့်လိုက်သည်။
မိန်းကလေးက ခေါင်းလေးကို အနည်းငယ် ငုံ့ထားပြီး သူမရဲ့မျက်နှာလေးကလည်း ဖျားနေ၍လား သို့မဟုတ် ရှက်နေ၍လားမသိ၊ ရဲတက်နေသည်။
သူမရဲ့ ဒီလိုလှည့်ကွက်လေးများကို သူ မနှစ်သက်ပေ။
အရင်တုန်းကလည်း သူမက သူ့အာရုံစိုက်မှုကို ရဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ဖူးတယ်။
အခုလည်း တစ်ရက်နှစ်ရက်အတွင်းမှာတင် ရေထဲကျလိုက်၊ နေမကောင်းဖြစ်လိုက်နဲ့ ဖြစ်နေပြီ။
အရွယ်ရောက်ခါစ မိန်းကလေးတစ်ယောက်အတွက် ဒီလိုမျိုး ဂနာမငြိမ်တဲ့ အတွေးအခေါ်မျိုးက ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ပေ။
သူ့အကြည့်များ မှောင်ကျသွားပြီး အေးစက်မှုများ ပါဝင်နေသည်။
“နိုးလာပြီဆိုတော့လည်း ဘာမှ ထွေထွေထူးထူး မဖြစ်တော့ဘူးထင်တယ်”
ရွှယ်နင်ကတော့ သူ အမြန်ဆုံး ထွက်သွားပေးရန်သာ ဆုတောင်းနေမိသည်။
“အစ်ကို... ညီမ အများကြီး သက်သာသွားပါပြီ။ ခေါင်းလည်း ကြည်သွားပါပြီ”
“အဲဒါဆိုရင်လည်း ပြီးတာပဲ”
စုကျန်းက သူမကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်၏။
သူ့ရဲ့ စိုက်ကြည့်မှုကြောင့် သူမ အတော်လေး နေရခက်သွားသည်။
အတန်ကြာမှ သူက တည်ငြိမ်စွာဖြင့် သတိပေးလိုက်သည်။
“ရွှယ်နင်... မင်းလည်း အရွယ်ရောက်လာပြီ။ ငါက မင်းရဲ့ အစ်ကိုအရင်းလည်း မဟုတ်ဘူး။ နောက်ဆိုရင် ဖျားတာနာတာလောက်နဲ့ ငါ့ဆီ လာပြီး အလုပ်မရှုပ်စေနဲ့တော့”
သူမရဲ့ မျက်နှာလေးက ချက်ချင်းပင် ဖြူဖတ်သွားတော့သည်။
“ညီမ...”
သူ့ကို အနှောင့်အယှက်ပေးဖို့ အစီအစဉ် လုံးဝမရှိဘူးဆိုတာ သူမ ပြန်ပြောချင်ပေမယ့် ခဏလောက် တုန့်ဆိုင်းသွားပြီးနောက် ထိုအကြံကို လက်လျှော့လိုက်သည်။
“ဟုတ်ကဲ့၊ညီမ နားလည်ပါပြီ။ နောက်ဆိုရင် အခုလို မဖြစ်စေရတော့ပါဘူး”
စုကျန်းက “အင်း” ဟုသာ ခပ်တိုးတိုး ပြန်ထူးလိုက်ပြီး၊ ရွှယ်နင်ကို သေချာဂရုစိုက်ရန် ပေါင်ချန်ကို မှာကြားကာ လက်ထဲက အဝတ်ကို နံ့သာပေါင်းအိုးပေါ်သို့ ပစ်တင်ပြီး အခန်းထဲက ထွက်သွားသည်။
ရွှယ်နင်လည်း အဲ့ဒီအခါမှသာ သက်ပြင်းအရှည်ကြီး ချနိုင်တော့၏။ လည်ချောင်းထဲမှာတော့ ဆေးရဲ့ ခါးသက်သက်အရသာက ကျန်ရစ်နေဆဲပင်။
သူ့စကားလုံးများက သူမရဲ့ အသိစိတ်ထဲ ပဲ့တင်ထပ်နေပြီး ရင်ထဲမှာလည်း တဆစ်ဆစ် နာကျင်နေရသည်။
ပေါင်ချန်က တုန်တုန်ရင်ရင်ဖြင့် အနားကို တိုးကပ်လာသည်။
“သခင်မလေး... ကျွန်မ တောင်းပန်ပါတယ်။”
ရွှယ်နင်က ဖျော့တော့စွာ ပြုံးလိုက်၏။
“မင်းနဲ့ ဘာဆိုင်လို့လဲ?”
ပေါင်ချန်က နှုတ်ခမ်းကို ကိုက်ထားမိသည်။
“ကျွန်မသာ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်မချခဲ့ရင် သခင်မလေး အခုလို စိတ်ဆင်းရဲရမှာ မဟုတ်ဘူး... သခင်မကျန်းသာ စောစောအိပ်မပျော်သွားခဲ့ရင် ကျွန်မ သခင်လေးဆီ သွားမှာမဟုတ်ပါဘူး... သူ ဒီလိုစကားမျိုး ပြောမယ်လို့ ကျွန်မ မထင်ထားမိဘူး... သခင်မလေး၊ အဲဒါကို စိတ်ထဲ အရမ်းမထားပါနဲ့နော်...”
ရင်ဘတ်ထဲမှာ အနည်းငယ် နာကျင်နေရဆဲ ဖြစ်ပေမယ့် စုကျန်းက သူမအပေါ် ဘယ်လိုမြင်လဲဆိုတာကို နားလည်ထားတာ ကြာပြီဖြစ်တဲ့အတွက် အရင်ကလောက်တော့ နာကျင်မှုက မပြင်းထန်တော့ပေ။
သူမက နှုတ်ခမ်းကို အသာလေး ကွေးညွှတ်လိုက်သည်။
“ဘာမှ ထပ်မပြောနဲ့တော့။ ခုနက ဆေးတွေ တော်တော်များများ အန်ထုတ်လိုက်မိပြီ။ ငါ အမြန်ဆုံး နေကောင်းသွားအောင် နောက်ထပ် တစ်ခွက်လောက် သွားပြင်ပေးပါဦး။”
ရွှယ်နင် သိသိသာသာ ဝမ်းနည်းမနေတာကို မြင်ရသဖြင့် ပေါင်ချန် စိတ်သက်သာရာရသွားပြီး ခေါင်းကို အမြန်ညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့၊ အခုချက်ချင်း သွားပြင်လိုက်ပါ့မယ်။”
ရွှယ်နင်သည် ခေါင်းထဲတွင် တဆစ်ဆစ် ကိုက်ခဲနေဆဲ ဖြစ်သော်လည်း အိပ်ချင်စိတ် မရှိတော့ပေ။
စုကျန်းရဲ့ စကားများကြောင့် စိတ်ထဲ မသက်မသာ ဖြစ်နေပေမယ့် သူမက အားတင်းကာ ခုတင်ပေါ်မှ ဆင်းလိုက်သည်။
ပြတင်းပေါက် အပြင်ဘက်တွင်မူ ဆောင်းလေပြင်းများက အရှိန်အဟုန်ဖြင့် တိုက်ခတ်နေပြီး နှင်းပွင့်များမှာလည်း လေထဲတွင် ဝဲပျံနေကြသည်။
သေးသွယ်လှတဲ့ မက်မွန်ပင်လေးက မုန်တိုင်းဒဏ်ကြောင့် ယိမ်းထိုးနေပြီး နှင်းထု၏ ဖိအားကြောင့် အကိုင်းအခက်များမှာ အောက်သို့ ငိုက်ကျနေရှာသည်။
နွေဦးရာသီက ဘယ်အချိန်မှာ ရောက်လာမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ချေ။
သူမက ခပ်တိုးတိုး ချောင်းဆိုးလိုက်ရင်း စားပွဲဆီ လျှောက်သွားကာ စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။ ထို့နောက် ယုံရွှယ်နယ်စပ်တွင် ရှိနေတဲ့ သူမ၏ ဦးလေးဆီ စာတစ်စောင် ရေးလိုက်သည်။
အခွင့်အရေးသာ နောက်တစ်ကြိမ် ရခဲ့မယ်ဆိုရင် သူမ စုကျန်းကို လုံးဝ လက်ထပ်မှာ မဟုတ်တော့ပေ။
ဒါဆိုရင် သူမရဲ့ ဦးလေးနှင့် ဝမ်းကွဲအစ်ကိုလည်း မြို့တော်ကို အပြေးအလွှား ပြန်လာစရာ မလိုတော့သလို၊ သူမရဲ့ ဝမ်းကွဲအစ်ကိုနှင့် စုရှီး၏ စေ့စပ်ပွဲကိုလည်း အချိန်ဆွဲထားနိုင်မည် ဖြစ်သည်။
သူမက စာကို ခေါက်ကာ တံဆိပ်ခတ်လိုက်၏။
ထိုအချိန်မှာပဲ ပေါင်ချန်သည် ဆေးပန်းကန်အသစ်ကို ကိုင်ကာ အခန်းထဲ ပြန်ဝင်လာသည်။