အခန်း ၁၂
Vol. 2 Ch. 12
အခန်း(၁၂)- ကောင်းချီး
“တကယ်တော့ ရှီဇီက(အမွေဆက်ခံသူ) လူကောင်းတစ်ယောက်ပါပဲ။ ညသန်းခေါင်ကြီးတောင် သခင်မလေးအတွက် သမားတော်ကို ကိုယ်တိုင်ခေါ်ပေးခဲ့တာ”
ပေါင်ချန်က တတွတ်တွတ် ပြောနေသည်။
“အဲဒီတုန်းက ကျွန်မ တကယ်ကြောက်သွားတာ။ သခင်မလေးရဲ့ မျက်နှာက မီးလိုရဲနေပြီး တစ်ကိုယ်လုံးလည်း ပူကျစ်နေတာပဲ။ စိုးရိမ်လွန်းလို့ ချိုးရွှေ့ခြံဝင်းကို ပြေးသွားမိတာ... ရှီဇီ အပြင်ထွက်လာတာနဲ့ အမှတ်မထင် ဆုံမိမယ်လို့လည်း မထင်ထားဘူး”
“နောက်ဆို ဒါမျိုး ထပ်မလုပ်နဲ့တော့”
ရွှယ်နင်က ပြောလိုက်သည်။
“နောင်ကို ငါသေလုမျောပါး ဖြစ်နေရင်တောင် ရှီဇီရှေ့ကို မသွားရဘူး၊ နားလည်လား?”
ပေါင်ချန်းက နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
“ဒါပေမဲ့ သခင်မလေးရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပဲဥစ္စာ—”
ရွှယ်နင်က မျက်လွှာပင့်ကြည့်ပြီး ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။
“ဒါတောင်မှ လူဆိုတာ သိက္ခာတော့ ရှိရဦးမယ်လေ။ သူကိုယ်တိုင် ပြောသလိုပဲ၊ ငါလည်း အရွယ်ရောက်နေပြီ။ နှစ်သစ်ကူးပြီးရင် အိမ်ထောင်ရေးကိစ္စတွေ စကားပြောရမယ့် အရွယ်ရောက်ပြီလေ။ သွေးမတော် သားမစပ်တဲ့ အမျိုးသားတစ်ယောက်နဲ့ ဘယ်လိုလုပ် ဒီလောက်အထိ နီးနီးကပ်ကပ် နေလို့ဖြစ်ပါ့မလဲ?”
ပေါင်ချန်က မတင်မကျဖြင့် ခေါင်းညိတ်ပြသည်။
“နားလည်ပါပြီ သခင်မလေး”
ရွှယ်နင်သည် ခါးသက်တဲ့ ဆေးရည်ကို ဂရုတစိုက် သောက်လိုက်၏။ ရေချိုးသန့်စင်ပြီးနောက် ခုတင်ပေါ်တွင် ပြန်လှဲလိုက်သည်။
ဖျားနာထားသည့်ဒဏ်ကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနေပြီး ခေါင်းထဲတွင်လည်း တဆစ်ဆစ် နာကျင်နေဆဲပင်။
သူမ အိပ်မပျော်နိုင်ဘဲ သူမရဲ့ ပြားချပ်နေတဲ့ ဝမ်းဗိုက်အောက်ပိုင်းကိုသာ ငေးကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။
ဘာပဲဖြစ်ဖြစ်... ဒီလောကထဲကို ရောက်မလာခဲ့ရတဲ့ ကလေးလေးအတွက်... ဒါက သူ့အတွက် ကောင်းချီးတစ်ခု ဖြစ်နိုင်တယ်။
ဒီလိုမှမဟုတ်ရင်... ဂရုမစိုက်တဲ့ ဖခင်နဲ့ သူ့ကိုကာကွယ်ပေးဖို့ အစွမ်းအစမရှိတဲ့ မိခင်တို့ကြားမှာ သူ့ဘဝက ကောင်းမွန်မှာမဟုတ်ဘူး။
အလကားသက်သက် ဆင်းရဲဒုက္ခ ခံရရုံပဲ ရှိမှာ။
ထိုအတွေးနှင့်အတူ သူမ နောက်ဆုံးတော့ ဝေဝေဝါးဝါး အိပ်ပျော်သွားတော့သည်။
ဖျားနာပြီးကတည်းက ရွှယ်နင်သည် ချင်းယွင်ဆောင်တွင်သာ ရက်အတော်ကြာ ငြိမ်သက်စွာ နေထိုင်ခဲ့၏။
ခန္ဓာကိုယ် အနည်းငယ် သက်သာလာသည်နှင့် ဝမ်ရှိုခန်းမသို့ မနက်၊ ည ဂါရဝပြုရန် ပြန်လည်သွားရောက်ခဲ့သည်။
သူမက လက်ရာကောင်းပြီး မုန့်လုပ်ရတာကို အလွန်ဝါသနာပါသည်။
ဝမ်ရှိုခန်းမသို့ သွားသည့်အခါတိုင်း သခင်မကြီးအတွက် ကိုယ်တိုင်လုပ်ထားသည့် မုန့်ဘူးလေးကို အမြဲယူဆောင်သွားတတ်သည်။
သခင်မကြီးရှဲ့သည် သူမ၏ ဂရုစိုက်မှုကို သတိထားမိလာပြီး တဖြည်းဖြည်းနှင့် သူမအပေါ် အေးစက်စွာ ဆက်ဆံခြင်း မရှိတော့ဘဲ စိတ်ရှည်သည်းခံမှု အနည်းငယ်ပင် ပြသလာသည်။
ဒါပေမဲ့ ထိုဖြစ်ရပ်ပြီးနောက်တွင် ရွှယ်နင်က စုကျန်း ထိုနေရာမှာ မရှိကြောင်း အသေအချာ အတည်ပြုနိုင်မှသာ ကျမ်းစာကူးဖို့အတွက် သူမဘာသာ ကမ်းလှမ်းတတ်တော့သည်။ အဲ့လိုသေချာမှသာ ဘုရားကျောင်းဆောင်သို့ သွားလေ့ရှိ၏။
ဂါရဝပြုရန်သွားသည့် အခါတွင်လည်း သူမက အမြဲတမ်း အစောဆုံးရောက်ပြီး နောက်ဆုံးမှ ပြန်တတ်သည်။ စုမန့်နှင့် စကားပြောတာကလွဲပြီး အိမ်တော်ထဲရှိ အခြားသခင်မလေးများနှင့် ခပ်ခွာခွာသာ နေထိုင်သည်။
ပြီးတော့ သူမက အရင်ကလိုမျိုး စုကျန်းအနားကို တွယ်ကပ်နေပြီး မျက်နှာသာရအောင် လုပ်တာမျိုး မရှိတော့ပေ။
တစ်ခါတစ်ရံ သူနှင့်မဆုံမိအောင် တမင်တကာ ရှောင်ရှားတတ်ပြီး သူထွက်သွားမှသာ သူမ ထွက်လာတတ်သည်။
သခင်မကြီးက သူမရဲ့ အလိုက်သိမှုကို သဘောကျလာပြီး သခင်မကျန်းနှင့် တိုင်ပင်ကာ သူမကို တရားဝင် အသိအမှတ်ပြုသည့် အခမ်းအနားအတွက် မင်္ဂလာရက်ကို သတ်မှတ်လိုက်ကြသည်။
စောလွန်းခြင်း၊ နောက်ကျလွန်းခြင်း မရှိစေရန် ဆယ်လပိုင်းကုန်တွင် သတ်မှတ်လိုက်ခြင်းဖြစ်တဲ့အတွက် ထိုအချိန်က လုမိသားစု မြို့တော်ပြန်ရောက်မည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
တရားဝင် အသိအမှတ်ပြုပြီးသည်နှင့် သူမက ရွှမ်းယီနယ်စားမင်း အိမ်တော်ရဲ့ တကယ့်သခင်မလေး တစ်ဦး ဖြစ်လာတော့မည်။
နောက်နှစ်တွင် သခင်မကျန်းက။သူမအတွက် အိမ်ထောင်ဖက်များကို စတင်ရွေးချယ်ပေးတော့မည် ဖြစ်၏။
နောင်တစ်ချိန်တွင် သူမက နယ်စားမင်း အိမ်တော်၏ အမည်ဖြင့် ထိမ်းမြားလက်ထပ်ရလိမ့်မည်။
ရွှယ်နင်က သခင်မကြီးရဲ့ကြင်နာမှုကို ကျေးဇူးတင်စကား ပြောလိုက်ပြီးတဲ့နောက် ချိုးရွှေခြံဝင်းသို့ မုန့်များ ယူဆောင်သွားခဲ့သည်။
သခင်မကျန်း၏ ကျန်းမာရေးက အမြဲတမ်း နုနယ်လှပြီး ဆောင်းတွင်းရောက်တိုင်း ခေါင်းကိုက်ဝေဒနာ ခံစားရသည်။
ဒုတိယသခင်မ လျိုရှီနှင့် တတိယသခင်မ တုန်းရှီတို့က အဲ့ဒီနေရာမှာ ရှိနေကြပြီး အခမ်းအနားအသေးစိတ်များကို ဆွေးနွေးနေကြ၏။
မင်းသမီး ရှို့နင်းလည်း ရှိနေပြီး သခင်မကျန်းကို မှီကာ ရယ်မောပျော်ရွှင်စေမယ့် စကားများ ပြောနေသည်။
ရွှယ်နင်သည် တံခါးဝတွင် ခဏမျှ ရပ်နေပြီးမှ မျက်လွှာချကာ အထဲသို့ ဝင်ခဲ့၏။ သူမရဲ့ ခြုံထည်ကို ချွတ်ပြီး အစေခံမိန်းကလေးကို ကမ်းပေးလိုက်သည်။
“အိုး... သခင်မလေးရွှယ် ရောက်လာပြန်ပြီပဲ၊ ရှီဇီ မရှိတာ နှမြောစရာပဲ”
သူမကို မြင်မြင်ချင်း လျိုရှီက မျက်လုံးများ အရောင်တောက်ကာ ချက်ချင်းပင် ပြောလာသည်။
“ရှိရင်တော့ မင်း လုပ်လာတဲ့ မုန့်တွေကို မြည်းစမ်းကြည့်လို့ ရတာပေါ့”
ရွှယ်နင် လုပ်သမျှ မုန့်တိုင်းကို စုကျန်း စားလေ့မရှိဘူးဆိုတာ လူတိုင်းအသိပင်။
လျိုရှီ၏ စကားက သူမကို လှောင်ပြောင်ရန် ရည်ရွယ်ထားမှန်း သိသာသည်။
စုကျန်းက တရားရေးဝန်ကြီးဌာန၏ အမှုကိစ္စများဖြင့် အလုပ်ရှုပ်နေသည်။ အထူးသဖြင့် ဆောင်းရာသီ အေးစက်လှတဲ့ အချိန်မျိုးတွင် အမှုများက တောင်ပုံရာပုံ ရှိနေတတ်သည်။
မကြာခင် မြို့တော်မှာ အမှုကြီးတစ်ခု ဖြစ်ပွားတော့မယ်ဆိုတာ ရွှယ်နင် သိနေသည်။ ထိုအမှု စုံစမ်းစစ်ဆေးစဉ်အတွင်း စုကျန်း အသက်ပင် ဆုံးလုနီးပါး ဖြစ်ခဲ့ရသေးသည်။
ထို့နောက်တွင်မှ သူက ကြီးကျယ်တဲ့ အောင်မြင်မှုများ ရရှိကာ ဝန်ကြီးဌာနတွင် ရာထူးများ ဆက်တိုက် တိုးလာခဲ့ခြင်း ဖြစ်သည်။
ဒါကြောင့်လည်း သူ အိမ်မှာ မရှိလောက်မယ့် အချိန်မျိုးကို ရွေးပြီးမှ သူမ လာခဲ့ခြင်း ဖြစ်၏။
ရွှယ်နင်သည် လျိုရှီ၏ ရန်စမှုကို ဂရုမစိုက်ဘဲ ပေါင်ချန်ကို ကိတ်မုန့်များ စားပွဲပေါ်တင်ခိုင်းလိုက်ပြီး သခင်မနှစ်ဦးကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“အဒေါ်တို့... နေကောင်းကြရဲ့လား”
အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ရိုးသားတဲ့ တုန်းရှီက ပြုံးလိုက်သည်။
“နင်နင်က တဖြည်းဖြည်းနဲ့ ပိုပြီး အလိုက်သိလာတာပဲ။ ကြည့်ပါဦး... အမူအရာတွေက ငါ့ယောင်းမရဲ့ သမီးအရင်းအတိုင်းပဲ”
သခင်မကျန်း၏ မျက်နှာထား နူးညံ့ပျော့ပျောင်းသွားသည်။ သူမက ရွှယ်နင်ကို ဘေးနားတွင် ထိုင်ရန် လက်ဟန်ပြလိုက်၏။
ရွှယ်နင်က သူမရဲ့ နားထင်များကို နှိပ်ပေးလိုက်တဲ့အခါ သခင်မကျန်းက မျက်လုံးမှိတ်လျက် စိတ်ကျေနပ်သွားပုံရသည်။
“နင်နင်က ငါ့လက်ပေါ်မှာ ကြီးလာတာလေ။ မန်မန့်ထက်တောင် ပိုပြီး အလိုက်သိသေးတယ်”
တုန်းရှီက ခပ်တိုးတိုး ရယ်မောလိုက်သည်။
“အစ်မကြီးက ကလေးတွေကို တကယ် ဆုံးမတတ်တာပဲ။ ငါ့သမီးနဲ့တော့ မတူဘူး... အခုထိ မျောက်မလေးလို ဆော့နေတုန်း”
“အမေကလည်း... ဘာတွေ ပြောနေတာလဲ? သမီးက ဘယ်မှာ ဆော့လို့လဲ”
စုချင်းက ပြန်ကန့်ကွက်သော်လည်း၊ ရွှယ်နင်ကို ကြည့်လိုက်သည့် သူမ၏ အကြည့်တွင် မထီမဲ့မြင်ပြုခြင်းများ သိသာလှသည်။
သူမရဲ့အမြင်မှာ ရွှယ်နင်က မိဘမဲ့ ကောင်မလေးတစ်ယောက်ပင်။အဆုံးအမ မရှိဘဲနှင့် လှနေရုံနဲ့ ဘာအသုံးကျမှာလဲ။
သခင်မကျန်းက ပို၍ ပြုံးရွှင်သွားပြီး ရွှယ်နင်၏ လက်ကို ပုတ်ကာ -
“လိမ္မာတဲ့ ကလေး... လောလောဆယ် အလုပ်တွေ ခဏနားလိုက်ဦး။ အမေ သမီးအတွက် ပြင်ထားတဲ့ လက်ကောက်လေး လာကြည့်ပါဦး”
သူမက ကျောက်စိမ်းလက်ကောက် တစ်ကွင်းကို ထုတ်လိုက်သည်။ ထိုလက်ကောက်က ပြောင်လက်ပြီး ကြည်လင်နေကာ အရည်အသွေး အလွန်ကောင်းမွန်သည်။
ရွှယ်နင်၏ ဘေးတွင် ထိုင်နေတဲ့ မင်းသမီး ရှို့နင်းလည်း မြင်မြင်ချင်းပင် သဘောကျသွား၏။
“သခင်မ....သခင်မဆီမှာ ဒီလို ရတနာမျိုး ရှိနေတာလား? ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး”
“ဒါက အစကတော့ ငါ့ရဲ့ ချွေးမလောင်းလေးအတွက် သိမ်းထားတာပါ”
သခင်မကျန်းက ပြန်ဖြေလိုက်သည်။
မင်းသမီး ရှို့နင်း၏ မျက်နှာ အနည်းငယ် တောင့်တင်းသွားပြီး၊ နေရခက်စွာ ပြုံးလိုက်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။
ရွှယ်နင်က ချက်ချင်းပင် ပြောလိုက်၏။
“အမေ... ဒါကို နောက်ဖြစ်လာမယ့် ယောင်းမအတွက် သိမ်းထားလိုက်ပါ။ သမီးကတော့ ဘာဝတ်ဝတ် ဖြစ်ပါတယ်”
“မိန်းကလေးတစ်ယောက်ရဲ့ လက်ဝတ်ရတနာဆိုတာ ဘာဝတ်ဝတ် ဖြစ်တယ်လို့ မရှိဘူး... အထူးသဖြင့် သမီးက ပိုတောင် အရေးကြီးသေးတယ်။ သမီးက မကြာခင် ငါ့ရဲ့ သမီးအရင်း ဖြစ်တော့မှာလေ။ သမီးနဲ့ တကယ် လိုက်ဖက်မယ့်အရာတွေကိုပဲ ဝတ်ဆင်သင့်တာပေါ့”
သခင်မကျန်းက ရွှယ်နင်၏ လက်ကောက်ဝတ်လေးကို အသာအယာ ဆွဲမလိုက်သည်။
ရွှယ်နင်၏ လက်တွင် အရောင်မှိန်ကာ ဟောင်းနွမ်းနေသည့် ငွေလက်ကောက်တစ်ကွင်းကို အမြဲဝတ်ဆင်ထားတာကို သူမ သတိထားမိတာ ကြာပြီဖြစ်၏။
ထိုလက်ကောက်လေးက နှစ်သစ်ကူးတစ်ခုမှာ စုကျန််းက သူ့ညီမများအတွက် လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး မန်မန့်တွင်လည်း တစ်ကွင်းရှိသည်။
မန်မန်ရဲ့ လက်ကောက်ကတော့ ထိုအချိန်ကတည်းက အကြိမ်ကြိမ် အသစ်လဲလှယ်ခဲ့ပြီးပြီ ဖြစ်၏။
သို့သော် ရွှယ်နင်ကတော့ ထိုလက်ကောက်လေးကို ရတနာတစ်ခုလို တမြတ်တနိုး တန်ဖိုးထားခဲ့သည်။ ကျောက်စိမ်းလက်ကောက်ပင် မဝတ်နိုင်လောက်အောင် ဆင်းရဲလှချည်လားဟု အလှောင်ပြောင်ခံရသည့်တိုင် သူမ တစ်ခါမှ ချွတ်မပစ်ခဲ့ဖူးချေ။
ရွှယ်နင် ရေထဲကျပြီး နောက်တစ်နေ့အထိပင် ထိုလက်ကောက်လေး ရှိနေသေး၏။ သို့သော် နောက်တစ်နေ့မနက် ဝမ်ရှိုခန်းမသို့ လာသည့်အချိန်တွင် ထိုလက်ကောက်လေးက သူမလက်တွင် မရှိတော့ချေ။
အကြောင်းရင်းကို သခင်မကျန်း အတိအကျမသိသော်လည်း... နှစ်ပေါင်းများစွာ နေ့ညမပြတ် ဝတ်ဆင်လာခဲ့တဲ့ အရာတစ်ခုကို နောက်ဆုံးတွင် ချွတ်ပစ်လိုက်ပြီဆိုကတည်းက... ထိုကလေးမလေးက တစ်စုံတစ်ခုကို လက်လွှတ်လိုက်ပြီဆိုတာ ထင်ရှားသည်။
သူမက စုကျန်း အစ်ကိုအရင်းတစ်ယောက်လိုသာ အမှန်တကယ် သဘောထားလိုက်ပြီဖြစ်ကြောင်း၊ မဖြစ်နိုင်တဲ့ အိပ်မက်များကို ဆက်မမက်တော့ကြောင်း ပြလိုက်ခြင်းပင်။
ဒါပေမဲ့လည်း မကြာခင် မိခင်အရင်းကဲ့ ဖြစ်လာတော့မယ့် သခင်မကျန်းက ဒီကလေးမလေးအပေါ် မတရားသလိုမျိုး မခံစားစေချင်တော့ပေ။
ချွေးမအတွက် သိမ်းထားတဲ့ ကျောက်စိမ်းဖြစ်ဖြစ်၊ သမီးအတွက် ဖြစ်ဖြစ်.. အားလုံးက အတူတူပဲ မဟုတ်ဘူးလား။
သူမရဲ့စိတ်ထဲမှာ ရွှယ်နင်ကို ပိုပြီး သံယောဇဉ် တိုးလာမိသည်။
သခင်မကျန်းက ဒီလက်ကောက်က သမီးဖြစ်သူအတွက်ဟု ဆိုကာ ပေးမှသာ ရွှယ်နင်က လက်ခံလိုက်တော့သည်။
“နင်နင့်ရဲ့ အသားအရေက ကျောက်စိမ်းလို ဖြူစင်ဝင်းပနေတာပဲ၊ လက်ကောက်ဝတ်လေးကလည်း သေးသေးလေးဆိုတော့ ဒီလက်ကောက်နဲ့ တကယ် လိုက်ဖက်တယ်”
သခင်မကျန်းက ချီးကျူးလိုက်သည်။
စုချင်းနှင့် မင်းသမီး ရှို့နင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေကြသည်။
လျိုရှီနှင့် တုန်းရှီတို့ကလည်း ထိုလက်ကောက်က သူမနှင့် အလွန်လိုက်ဖက်ကြောင်း ဝိုင်းဝန်းထောက်ခံကာ ချီးမွမ်းကြတော့သည်။
အခန်းတွင်း၌ စည်ကားနေစဉ်မှာပင် အပြင်ဘက်မှ လိုက်ကာကြီး ပွင့်သွားသည်။
အေးစက်တဲ့ လေအေးတစ်ချက်က အထဲသို့ တိုးဝင်လာ၏။
ရွှယ်နင် လှည့်ကြည့်လိုက်မိစဉ်မှာပင်... စုကျန်းက အထဲ လှမ်းဝင်လာတာကို အချိန်ကိုက် မြင်လိုက်ရသည်။