အခန်း ၁၃
Vol. 2 Ch. 13
အခန်း(၁၃) - နေထိုင်တတ်ရမယ်
အမျိုးသားက နက်မှောင်တဲ့ အစိမ်းရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ခါးပတ်သားရေကြိုးက သူ့ရဲ့သန်မာတဲ့ ခါးအထက်တွင် တင်းကျပ်စွာ ပတ်ထားသဖြင့် အရပ်ရှည်ပြီး ခန့်ညားထည်ဝါသည့် သူ၏ ကိုယ်ဟန်ကို ပေါ်လွင်စေသည်။ ထိုအရှိန်အဝါကြောင့်ပင် လူအများက သူတို့ရဲ့ ကိုယ်နေဟန်ထားကို အလိုလို ပြင်လိုက်မိကြသည်။
သူ့စရိုက်က အေးစက်ပြီး စကားလုံးဖြင့် ဖော်ပြလို့မရသော သတ်ဖြတ်လိုသည့် အရှိန်အဝါအချို့လည်း ကိန်းအောင်းနေသယောင် ရှိသည်။သူ့မျက်ခုံးများတွင် အေးစက်တဲ့ အရိပ်အယောင်များ ရှိနေပြီး သူ ဝင်လာသည်နှင့် တစ်ပြိုင်နက် အခန်းတွင်းရှိ ဆူညံသံများမှာ သိသိသာသာ တိတ်ဆိတ်သွားတော့သည်။
“ဝမ်းကွဲအစ်ကို... ဒီနေ့ အလုပ်က စောစောပြီးတာလားဟင်?”
ရှဲ့နင်းထန်က တောက်ပစွာ ပြုံးလိုက်ရင်း ချက်ချင်းပင် ထရပ်လိုက်သည်။ သူမက ရှေ့သို့ တိုးသွားကာ သူကမ်းပေးသော အရာရှိဦးထုပ်ကို လှမ်းယူလိုက်၏။
“ဒီနေ့ ဝန်ကြီးဌာနမှာ အလုပ်သိပ်မများလို့ပါ”
“အပြင်မှာ နှင်းတွေ အရမ်းကျနေတာ။ အစ်ကို... ဒီနားမှာ လာပြီး မီးလှုံပါဦး”
ရွှယ်နင်သည် ခေါင်းကို အမြန်ငုံ့လိုက်ပြီး လက်ထဲက လက်ကောက်ကို အင်္ကျီလက်ထဲ တိတ်တဆိတ် ထိုးထည့်လိုက်မိသည်။
စုကျန်းက အခန်းထဲရှိ လူကြီးများကို နှုတ်ဆက်လိုက်သည်။ သူ့အကြည့်က စားပွဲပေါ်က မက်မွန်ကိတ်မုန့်များဆီသို့ တစ်ချက်ဝဲသွားပြီးမှ... ခေါင်းငုံ့ကာ ငြိမ်သက်နေတဲ့ ရွှယ်နင်ဆီသို့ ရောက်သွား၏။
သူ့စိတ်ထဲတွင် စိတ်တိုဒေါသထွက်မှုအချို့ ရုတ်တရက် တိုးဝင်လာသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူမက သူ့ကို တကယ့်ကို အလိုက်သိစွာ ရှောင်ရှားခဲ့ပြီး သူ့ရှေ့ကိုတောင် ပေါ်မလာတော့ချေ။
အဲ့ဒီနေ့က အအေးမိဖျားနာပြီးတဲ့နောက် သူမ နောက်ဆုံးတော့ လိမ်လိမ်မာမာ။နေထိုင်တတ်သွားပြီလို့ သူ ထင်ခဲ့မိတာ။
ဒါပေမဲ့ မဟုတ်သေးဘူး။သူမက “ရှေ့တိုးဖို့ တစ်လှမ်းဆုတ်” လိုက်ခြင်းပင်။
ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် သူမက ချိုးရွှေခြံဝင်းကို ပြန်ရောက်လာပြန်ပြီ။ မုန့်များ သို့မဟုတ် စွပ်ပြုတ်များ ပုံမှန်လာပို့နေပြီး တစ်ခါတစ်ရံ ညစာစားပြီးမှ ပြန်တတ်သည်ဟုလည်း ကြားရ၏။
ဒါက သူနဲ့တွေ့ဖို့ တမင်တကာ ရည်ရွယ်တာမဟုတ်ရင်... အခြား ဘာဖြစ်နိုင်ဦးမှာလဲ?
သို့သော် လူကြီးများ ရှေ့ဖြစ်နေ၍ သူမကို ပေါ်တင်ကြီး အပြစ်မတင်နိုင်ပေ။
ထို့ကြောင့် သူက လျှောစောင်းထိုင်ခုံပေါ်တွင် အေးစက်စက် မျက်နှာထားဖြင့် ထိုင်လိုက်ပြီး လက်ဖက်ရည်ပူတစ်ခွက်ကို ဖြည်းဖြည်းချင်း မော့သောက်လိုက်သည်။
နွေးထွေးမှုက လည်ချောင်းတစ်လျှောက် စီးဆင်းသွားကာ သူ့ခန္ဓာကိုယ်ထဲရှိ အအေးဒဏ်ကို ပြေလျော့စေသည်။
ရှဲ့နင်းထန်က ချက်ချင်းပင် အနားသို့ တိုးကပ်သွားပြီး တရားရေးဝန်ကြီးဌာနတွင် မကြာသေးခင်က စိတ်ဝင်စားစရာကောင်းတဲ့ အမှုအခင်းများ ရှိသလားဟု မေးမြန်းတော့သည်။
စုကျန်းသည် အမြဲတမ်း ခံစားချက်ကင်းမဲ့ပြီး အထူးသဖြင့် အမျိုးသမီးများအပေါ် အေးစက်သည်။ ရှဲ့နင်းထန်မှလွဲပြီး ဘယ်သူ့ကိုမှ နွေးနွေးထွေးထွေး မဆက်ဆံခဲ့ဖူးချေ။ သူမက သူ့အမေ ရွေးချယ်ပေးထားတဲ့ စေ့စပ်ထားသူ ဖြစ်နေသည့်အပြင်၊ သူမရဲ့ မျိုးရိုးအမည်က ရှဲ့ ဖြစ်ပြီး ဖခင်ကလည်း စစ်တပ်အာဏာကို ဆုပ်ကိုင်ထားတဲ့ စစ်ဦးစီးချုပ် မင်းသားရီ ဖြစ်တာကြောင့်သာ သူမကို အခြားအမျိုးသမီးများထက် အနည်းငယ် ပိုပြီး ကောင်းမွန်စွာ ဆက်ဆံပေးခြင်း ဖြစ်သည်။
“မြို့တော်က အေးအေးဆေးဆေးပါပဲ။ ထွေထွေထူးထူး ပြောစရာမရှိဘူး”
အမျိုးသမီးများက အတင်းအဖျင်း ပြောရတာကို နှစ်သက်ကြသော်လည်း အမျိုးသားများကတော့ ထိုသို့မဟုတ်ကြပေ။
ရှဲ့နင်းထန်က သဘောပေါက်လိုက်သဖြင့် ထပ်မမေးတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်၏။
“အစ်ကို... မနေ့က ညီမမှာလိုက်တာ ဝယ်ခဲ့ရဲ့လား?”
စုကျန်းက သူ့အင်္ကျီလက်ထဲမှ ကတ္တီပါသေတ္တာလေးတစ်လုံးကို ထုတ်ကာ သူမကို ကမ်းပေးလိုက်သည်။
“အင်း”
သူမ စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ကြည့်လိုက်တဲ့အခါအတွင်းထဲ၌ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် စံပယ်ပန်းပုံသဏ္ဍာန် ဆံထိုး တစ်ခု ရှိနေသည်။
အခန်းတွင်းရှိ အမျိုးသမီးများက မျက်နှာအမူအရာအမျိုးမျိုးများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
စုချင်းသည် ရွှယ်နင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တမင်တကာပင် အသံမြှင့်၍ ချီးကျူးလိုက်သည်။
“အစ်မထန်... ဆံထိုးလေးက တကယ့်ကို လှတာပဲ။ ဝမ်းကွဲအစ်ကိုက တကယ်ကို အမြင်ရှိတာပဲနော်။ နှမြောစရာကောင်းတာက သူက ညီမအတွက်တော့ ဘာမှဝယ်မပေးဖူးဘူး... အစ်မအတွက်ပဲ ဝယ်ပေးတာ”
သူမရဲ့ စကားလုံးများကရွှယ်နင်ကို ရည်ရွယ်၍ တိုက်ခိုက်လိုက်ခြင်းပင်။
ရှဲ့နင်းထန်၏ ပါးပြင်လေးများက အနည်းငယ် နီမြန်းသွားပြီး ဆံထိုးကို ဆံပင်များကြား ထိုးစိုက်လိုက်သည်။ အခန်းထဲရှိ လူကြီးများကလည်း သူမရဲ့ လှပမှုကို ဝိုင်းဝန်းချီးမွမ်းကြတော့သည်။
သူမက အလွန်ဝမ်းသာသွားကာ စုကျန်းကို ကြင်နာယုယမှုများ ပြည့်နှက်နေတဲ့ မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။
သခင်မတုန်းက စနောက်လိုက်သည်။
“နင်နင့်ကို အသိအမှတ်ပြုတဲ့ အခမ်းအနားပြီးရင်တော့ ငါတို့မိသားစုရဲ့ ပထမဆုံး မင်္ဂလာပွဲကြီးကို ကျင်းပရတော့မယ် ထင်တယ်”
စုမိသားစုသည် မြို့တော်တွင် ကြာမြင့်စွာကတည်းက ရိုသေလေးစားခြင်း ခံရတဲ့ မျိုးရိုးကြီးမိသားစု ဖြစ်သည်။
သခင်မကြီးရှဲ့သည် ကျော်ကြားတဲ့ ဝမ်ရှဲ့မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး သူမရဲ့အစ်ကိုက သာ့ယုံအင်ပါယာ၏ ပထမဆုံးသော တော်ဝင်မျိုးနွယ်မင်းသားမဟုတ်သည့် မင်းသားရီ ဖြစ်သည်။
လက်ရှိ ရွှမ်းယီနယ်စားမင်းကလည်း ထိပ်တန်းပညာရှိ အရာရှိတစ်ဦး ဖြစ်သည့်အတွက် စုမိသားစုကို အမှန်တကယ် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိတဲ့ အိမ်တော်အဖြစ် တည်ဆောက်နိုင်ခဲ့သည်။
အထူးသဖြင့် စုကျန်းက တော်ဝင်စာမေးပွဲ သုံးဆင့်စလုံးတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်တွင်တော့ စုမျိုးနွယ်၏ အဆင့်အတန်းက အဆောင်အယောင်သာရှိပြီး အာဏာမရှိတဲ့ အခြားမှူးမတ်မျိုးနွယ်များထက် များစွာ သာလွန်သွားခဲ့သည်။
ထို့ကြောင့်ပင် အပျိုဖော်ဝင်စ သမီးပျိုရှိသည့် မှူးမတ်မျိုးနွယ်တိုင်းက သူတို့နှင့် ဆွေမျိုးတော်စပ်ရန် နည်းလမ်းရှာနေကြခြင်း ဖြစ်၏။
သို့သော် ဘယ်မိန်းကလေးကိုမှ သခင်မကြီးက သဘောမကျခဲ့ပေ။
ထို့ကြောင့်ပင် လင်ကျိုးမင်းသားအိမ်တော်မှ ရှဲ့နင်းထန်ကို စုအိမ်တော်သို့ ခေါ်ယူကာ စုကျန်းနှင့် ပိုမိုနီးစပ်စေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သခင်မကျန်းလည်း ဒီအဓိပ္ပာယ်ကို သဘောပေါက်ထားသည်။ သူမက စုကျန်းကို သီးသန့်မေးမြန်းဖူးရာ သူကလည်း ကန့်ကွက်ခြင်း မရှိခဲ့ပေ။
ဤကိစ္စမှာ အခြေခံအားဖြင့် အတည်ဖြစ်နေပြီဟု ဆိုနိုင်သည်။ အချိန်အတန်ကြာလျှင် နှစ်ဖက်မိသားစုက ဇာတာများ လဲလှယ်ပြီး တရားဝင် ဆက်လက်ဆောင်ရွက်ကြလိမ့်မည်။
သခင်မလျိုက ရွှယ်နင်ကို ပြုံးကြည့်ရင်း -
“ကျန်းအာက အကြီးဆုံးလေ။ သူ့ရဲ့ အိမ်ထောင်ရေးက မျိုးဆက်သစ်တွေထဲမှာ အရေးအကြီးဆုံးပဲ”
သခင်မတုန်းကလည်း ထပ်ပြောလိုက်သည်။
“ဆယ်လနောက်ပိုင်းမှာ မင်္ဂလာရက်ကောင်းတွေ အများကြီးရှိတယ်။ ရက်ကောင်းရက်မြတ် ရွေးပြီး စေ့စပ်ပွဲလုပ်လို့ ရတာပေါ့။ နှစ်သစ်ကူးပြီးရင်တော့ သတို့သမီးအသစ်ကို ကြိုဆိုရုံပဲ”
မျိုးရိုးကြီးများက မျိုးဆက်ပြန့်ပွားမှုကို အလေးထားကြသည်။ စုကျန်းသည် အသက်နှစ်ဆယ်ရှိပြီ ဖြစ်သော်လည်း ဇနီးသည်မရှိသေးသလို သူ့အဆောင်တွင် အပျိုတော် သို့မဟုတ် ကိုယ်လုပ်တော်ပင် မရှိချေ။
သခင်မကြီးရှဲ့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ သူ့အိမ်ထောင်ရေးနှင့် နောင်လာနောက်သား မျိုးဆက်များပင်။
ရှဲ့နင်းထန်၏ မျက်နှာလေးမှာ နီရဲသွားသည်။ သူမက စုကျန်းကို ရှက်ကိုးရှက်ကန်း လှမ်းကြည့်လိုက်ပြီး မျက်လွှာကို အမြန်ပြန်ချလိုက်သည်။
စုကျန်းက တည်ငြိမ်နေဆဲပင်။ သူ့အတွက်တော့ အိမ်ထောင်ပြုခြင်းနှင့် သားသမီးရခြင်းဆိုတာ အဘွားဖြစ်သူနှင့် မိဘများအတွက် ဖြည့်ဆည်းပေးရမည့် တာဝန်ဝတ္တရားတစ်ခုသာ ဖြစ်သည်။
“ဒါဆိုရင် အမေနဲ့ အဒေါ်တို့ကိုပဲ အားကိုးရတော့မှာပေါ့”
သခင်မတုန်းက ယဉ်ကျေးစွာ လက်ကာပြလိုက်သည်။
"ဒါ ငါတို့လုပ်ရမယ့် အလုပ်ပဲ"
စုကျန်းက သူ့အကြည့်ကို အနည်းငယ် လွှဲလိုက်သည်။
သူ အံ့ဩသွားရတာက ရွှယ်နင်က ဒီနေ့ တစ်ခွန်းမှ ဝင်မပြောခြင်းပင်။
ထိုမိန်းကလေးက တစ်ချိန်လုံး ခေါင်းငုံ့ထားပြီး သူမ၏ မျက်နှာအမူအရာကို ဖုံးကွယ်ထားသည်။
အဲ့လို ခေါင်းငုံ့ထားတဲ့အောက်မှာ သူမရဲ့ ဗာဒံစေ့မျက်ဝန်းလေးတွေက မျက်ရည်တွေ ပြည့်လျှံနေမလား?
မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို သူ အထူးတလည် ဂရုစိုက်နေတာတော့ မဟုတ်ပေ။
သူက မိခင်ဖြစ်သူရဲ့ အဆောင်မှာ ခဏလောက် ထိုင်နေပြီးနောက် အကြောင်းပြချက်ပေးကာ စာကြည့်ခန်းသို့ ထွက်သွားတော့သည်။
လူအများ ထွက်သွားကြပြီးနောက်မှသာ ရွှယ်နင်သည် သက်ပြင်းကို ခပ်တိုးတိုးချလိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်တော့၏။
သူမကို အသိအမှတ်ပြုမယ့်အခမ်းအနားကိစ္စက အခြေခံအားဖြင့် အတည်ဖြစ်သွားပြီ။ သခင်မတုန်းနှင့် သခင်မလျိုတို့လည်း မကြာမီပင် နှုတ်ဆက်ကာ ပြန်သွားကြသည်။
...
သူတို့ ချိုးရွှေခြံဝင်းမှ ထွက်လာကြချိန်တွင် စုကျန်းက စာကြည့်ခန်းသို့ အရင်ဦးအောင် သွားနှင့်နေပြီဖြစ်၏။
ရှဲ့နင်းထန်က သူ့နောက်ကို ခြေလှမ်းအနည်းငယ် လိုက်ကြည့်သော်လည်း မမှီတော့ပေ။ သူမက မြေခွေးမွေးခြုံထည်ကို တင်းတင်းဆွဲခြုံရင်း ကျဆင်းနေတဲ့ နှင်းပွင့်များကြားတွင် ရပ်နေမိသည်။
စူးချင်းက သူမရဲ့လက်ကို တွဲလိုက်ပြီး မိန်းကလေးနှစ်ဦးက လူကြီးများ၏ နောက်မှ လိုက်လာခဲ့ကြသည်။
“အစ်မထန်... ခုနက ရွှယ်နင့်မျက်နှာကို မြင်လိုက်ရဲ့လား?”
ရှဲ့နင်းထန်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်မေးလိုက်၏။
“သူ(မ)မျက်နှာက ဘာဖြစ်လို့လဲ?”
စုချင်းက ရယ်မောလိုက်ပြီး -
“ဒေါသထွက်လွန်းလို့ မျက်နှာတစ်ခုလုံး မည်းမှောင်နေတာပဲ။ ဒီနေ့ တစ်ခွန်းမှတောင် ဝင်မပြောဘူး... အခန်းပြန်ရောက်ရင် သွားငိုနေဦးမှာ သေချာတယ်”
ရှဲ့နင်းထန်က နှုတ်ခမ်းစွန်းကို အနည်းငယ် ကွေးညွှတ်လိုက်သည်။
"သူ(မ)က ဝမ်းကွဲအစ်ကို့ကို သဘောကျနေတာဆိုတာ တကယ်ပဲလား?”
“တကယ်ပေါ့”
စုချင်းက မဆိုင်းမတွပင် ဖြေလိုက်သည်။
“သူ(မ)ငယ်ငယ်လေးကတည်းက နယ်စားမင်းအိမ်တော်ကို ရောက်လာတာ... အဒေါ်ကျန်းနဲ့ ဝမ်းကွဲအစ်ကို့ကိုပဲ အမြဲကပ်နေတာ။ နည်းနည်းကြီးလာတော့ အစ်ကို့ဆီ နေ့တိုင်း အစားအသောက်တွေ လာပို့တယ်၊ လက်ကိုင်ပုဝါတွေ၊ အမွှေးနံ့သာအိတ်တွေ၊ အင်္ကျီတွေ၊ ဖိနပ်တွေအထိပဲ... ဒီလောက် အရှက်မရှိတဲ့ မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး။ သူ(မ)ရဲ့ ရည်ရွယ်ချက်ကို ညီမတို့က ဘာလို့မသိဘဲ နေမလဲ? သူ(မ)က မိဘမဲ့လေ... တစ်နေ့ကျရင် ငါတို့အိမ်တော်ရဲ့ သခင်မ ဖြစ်ချင်ဇောနဲ့ ဝမ်းကွဲအစ်ကို့ကို ကပ်တွယ်နေတာပေါ့။ တော်သေးတာက သူ(မ)က ဝမ်းကွဲအစ်ကို့ကို ပစ်မှတ်ထားနေလို့... တကယ်လို့သာ ငါ့အစ်ကိုအရင်းကို စိတ်ဝင်စားနေတာဆိုရင်တော့ ဒီလို ယောင်းမမျိုးရမှာကို တွေးပြီးတင် စိတ်ညစ်တယ်"
စုချင်း၏ အစ်ကိုအရင်း စုမိုင်က စုမိသားစု၏ တတိယမြောက်သားဖြစ်ပြီး မိသားစုစီးပွားရေးကိစ္စဖြင့် ယုံကျိုးသို့ သွားရောက်နေသူဖြစ်သည်။
ဘာကြောင့်မှန်းမသိ၊ ရှဲ့နင်းထန်သည် စုကျန်း၏ စာကြည့်ခန်းထဲတွင် သူမ မြင်ခဲ့ရတဲ့ စုတ်ပြဲနေသည့် ဝတ်စုံစလေးကို ရုတ်တရက် သတိရသွားသည်။ တစ်စုံတစ်ဦးက လက်ရာမသေသပ်စွာဖြင့် ဖာထေးပေးထားခြင်း ဖြစ်သော်လည်း အမျိုးသမီးတစ်ဦး၏ လက်ရာဖြစ်ကြောင်း ထင်ရှားသည်။
“ဒါဆို ဝမ်းကွဲအစ်ကိုကရော? သူရော ရွှယ်နင့်ကို သဘောကျရဲ့လား?”
သူမက ခပ်တိုးတိုး မေးလိုက်သည်။
စုချင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
“မကြိုက်ပါဘူး။ သူက ရွှယ်နင့်ကို တကယ်... တကယ်ကို မုန်းတာ”