အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆) - လိမ်နေတာ
စုကျန်း၏ မျက်နှာထားမှာ အနည်းငယ် ပို၍ မည်းမှောင်သွားတော့သည်။ သူက လက်တစ်ချက် ဝေ့ယမ်းလိုက်ကာ အစေခံများကို ထွက်သွားရန် အချက်ပြလိုက်၏။
ရွှီရှန်းနျန်က အနားတိုးကပ်လာပြီး သူတို့နှစ်ယောက် ကျောင်းတော်မုခ်ဦးဆီသို့ အတူတူ လျှောက်လှမ်းလာကြသည်။
“သခင်မလေးရွှယ်လား? မြောက်ပိုင်းစစ်သူကြီးရဲ့ သမီး ရွှယ်နင်ကို ပြောတာလား?”
စုကျန်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“အင်း”
ရွှီရှန်းနျန်က တဟားဟား ရယ်မောလိုက်၏။
“သူ(မ)က မင်းရဲ့ ကလေးသတို့သမီး မဟုတ်ဘူးလား? သူ(မ)က မင်းကို အသေအလဲ သဘောကျပြီး နေ့တိုင်း မင်းဘေးမှာ ကပ်နေချင်တာပဲလို့ ငါကြားဖူးပါတယ်။ အခုတော့ အဲဒါက တကယ်ပဲ ဖြစ်နေတာပဲ။ မြို့တော်ကနေ ကျန့်ကော်ဘုရားကျောင်းကို လာရင် အနည်းဆုံး တစ်နာရီလောက် ကြာတာတောင်မှ သူ(မ)က မင်းထက်စောပြီး ဒီကို အပြေးအလွှား ရောက်လာတယ်ဆိုတော့လေ”
စုကျန်း၏ မျက်ဝန်းများ အေးစက်သွားကာ ရွှီရှန်းနျန်ကို စိုက်ကြည့်လိုက်သည်။
“ရွှီ.. စကားကို ဆင်ခြင်ပြောပါ။ ငါနဲ့ သူ(မ)ကြားမှာ မောင်နှမသံယောဇဉ်ပဲ ရှိတယ်”
သူ့ရဲ့ထွက်ပေါ်လာတဲ့ ဖိအားက ပြင်းထန်လှသဖြင့် အေးစက်သည့် အကြည့်တစ်ချက်ကပင် တစ်ဖက်လူ၏ ရင်ဘတ်ကို တင်းကျပ်သွားစေရန် လုံလောက်သည်။
ရွှီရှန်းနျန်သည် စုကျန်း၏ လက်အောက်တွင် အလုပ်လုပ်နေသူဖြစ်၍ လူကဲခတ် အလွန်တော်သူ ဖြစ်သည်။ စုကျန်းက "ကလေးသတို့သမီး” ဆိုတဲ့ အသုံးအနှုန်းကို မနှစ်သက်ကြောင်း မြင်လိုက်ရတဲ့အခါ၊ စုကျန်းသည် ရွှယ်နင်အပေါ် စိတ်မဝင်စားကြောင်း သူ ချက်ချင်းပင် နားလည်သွားတော့သည်။
ထို့ကြောင့် သူက စုကျန်းရဲ့ အလိုအတိုင်း လေသံကို ပြောင်းလဲကာ ခပ်ပေါ့ပေါ့ပင် ဆိုလိုက်၏။
“ငါက စတာပါ၊ စိတ်ထဲမထားပါနဲ့။ ရွှယ်မိသားစုကလည်း မိဘမဲ့မိန်းကလေး တစ်ယောက်တည်းပဲ ကျန်တော့တာဆိုတော့၊ အခုမှ အရှိန်အဝါ တက်လာတဲ့ မင်းသားရီနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
စုကျန်းက နှုတ်ခမ်းပါးများကို တင်းတင်းစေ့ထားပြီး မည်သည့်စကားမှ ပြန်မပြောပေ။
သူ့စိတ်ထဲမှာတော့ ရွှယ်နင်က အရမ်း ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတယ်လို့သာ ခံစားနေရသည်။
သာမန်အချိန်မှာ သူမ သူ့နောက်ကို လိုက်နေတာ ကိစ္စမရှိပေမယ့် ဒီနေ့ ကျင်းပမယ့် တရားသဘင်ကို တက်ရောက်ကြမယ့်သူတွေက မြို့တော်ရှိ အထက်တန်းလွှာမျိုးနွယ်များသာ ဖြစ်သည်။
သူမလို မိန်းကလေးတစ်ယောက်က... ဒီကိုလာပြီး အရှက်ခွဲဖို့ ကြံစည်နေတာလား?
ထိုသို့ တွေးမိသည်နှင့် သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အနီးကပ်အစေခံ မော့ပိုင်ကို ခေါ်ယူလိုက်သည်။
“သခင်မလေးရွှယ်ကို ချက်ချင်းရှာပါ။ သူ(မ) ငြိမ်ငြိမ်သက်သက် နေနိုင်မယ့် နေရာတစ်ခုမှာ ထားလိုက်။ တရားသဘင်ထဲကို ထွက်လာပြီး အလှောင်ပြောင် ခံရတာမျိုး မဖြစ်စေနဲ့”
မော့ပိုင်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး”
သူက လှည့်ထွက်သွားပြီး ဗုဒ္ဓရုပ်ပွားတော်ဆောင်ကြီး၏ ညာဘက်ဘေးဆောင်ထဲသို့ ဝင်သွားတော့သည်။
ရွှယ်နင်သည် သူမ၏ မိဘများနှင့် အစ်ကိုဖြစ်သူ၏ ကမ္ပည်းပြားများရှေ့တွင် ဒူးထောက်နေသည်။ သူမသည် မျက်လုံးများ နီမြန်းနေလျက် ဦးသုံးကြိမ် ဂါရဝပြုလိုက်ရာ၊ တစ်ကြိမ်စီတိုင်းမှာ တည်ငြိမ်ပြီး လေးနက်သည်။
သူမ နှစ်ပေါင်းများစွာ ရင်ထဲမှာ သိုဝှက်ထားခဲ့တဲ့ လွမ်းဆွတ်မှုများကို ရင်ဖွင့်တိုင်တည်ပြီးနောက်၊ ကမ္ပည်းပြားများပေါ်ရှိ ဖုန်မှုန့်များကို ဂရုတစိုက် သုတ်သင်ကာ လတ်ဆတ်တဲ့ ပန်းများနှင့် သစ်သီးဝလံများကို ပြင်ဆင်လိုက်သည်။
ဖယောင်းတိုင်များ၏ တဖျတ်ဖျတ် မြည်သံမှလွဲ၍ ဘေးဆောင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။
အဆောင်တံခါးပြင်ပတွင်မူ နှင်းများက အဆက်မပြတ် ကျဆင်းနေဆဲပင်။
ရွှယ်နင်သည် ကော်ဇောပေါ်တွင် ဒူးထောက်လျက်၊ သူမ၏ တကယ့်မိသားစုဝင်များဖြစ်တဲ့ ကမ္ပည်းပြားများရှေ့တွင် တိုးတိတ်စွာ စကားပြောနေမိသည်။
“အဖေ၊ အမေ၊ အစ်ကို... စိတ်မပူကြပါနဲ့တော့နော်။ သမီး အခု အဆင်ပြေပြေ နေထိုင်နေပါတယ်။”
“ဒီနှစ်မှာ သမီး ဆံထိုးတင်ပွဲ (အရွယ်ရောက်ပွဲ) လုပ်ရတော့မယ်။ သမီး လက်ထပ်ပြီး နယ်စားမင်းအိမ်တော်ကနေ ထွက်သွားတဲ့အခါ—ကိုယ်ပိုင်အိမ်လေး ရှိလာတဲ့အခါ—အဖေတို့ရဲ့ ဝိညာဉ်ကမ္ပည်းပြားတွေကို သမီးနဲ့အတူ ပြန်သယ်သွားပြီး ကောင်းကောင်းမွန်မွန် ပူဇော်ပေးပါ့မယ်။”
“သခင်မကျန်းက သမီးကို သူ့သမီးအရင်းလိုပဲ ဆက်ဆံပါတယ်။ အမေ အရင်က သူ့အပေါ် ထားခဲ့တဲ့ ကျေးဇူးတွေက အလကား မဖြစ်ခဲ့ပါဘူး။”
သူမက အမေဖြစ်သူရဲ့နာမည်ကို လက်ချောင်းလေးများဖြင့် ညင်သာစွာ ပွတ်သပ်ရင်း ကလေးငယ်တစ်ယောက်လို ပြုံးလိုက်မိသည်။
“ဘာပဲဖြစ်ဖြစ်... သမီးကို ကောင်းချီးပေးကြပါဦး။ ဒီတစ်ကြိမ်မှာတော့ သမီးအတွက် ကောင်းမွန်တဲ့ ခင်ပွန်းတစ်ယောက် ရှာတွေ့နိုင်အောင် ကူညီပေးကြပါဦးနော်။”
အရင်ဘဝက သူမ အိမ်ထောင်ရေး ကံမကောင်းခဲ့ချေ။ ထို့ကြောင့်လည်း သူမ၏ မိသားစုကို အိမ်သို့ ပြန်မခေါ်နိုင်ခဲ့ခြင်း ဖြစ်၏။
အခုတစ်ကြိမ်မှာတော့ သူမရဲ့ ဘဝကို သေချာစီစဉ်တော့မယ်။
တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ ပေါင်ချန်သည် သူမရဲ့ သခင်မလေးက ကွယ်လွန်သူ မိသားစုဝင်များကို တိုးတိုးလေး ရင်ဖွင့်နေတာကို ကြားတဲ့အခါ၊ အကြောင်းပြချက် မရှိဘဲ ရင်ထဲတွင် တင်းကျပ်ကာ ဝမ်းနည်းလာပြီး ပါးပြင်ပေါ် မျက်ရည်များ စီးကျလာတော့သည်။
မျက်ရည်များကို သုတ်လိုက်စဉ်မှာပင် မော့ပိုင်က သူ့ထုံးစံအတိုင်း အေးစက်စက် မျက်နှာထားဖြင့် ရုတ်တရက် ပေါ်လာ၏။
သူက မျက်မှောင်ကြုတ်လိုက်သည်။
“သခင်မလေးရွှယ် အထဲမှာ ရှိလား?”
မော့ပိုင်သည် သူ့သခင်ကဲ့သို့ပင် စိတ်ရှည်မှု မရှိသလို နွေးထွေးမှုလည်း မရှိချေ။ သူက စကားကို လိုရင်းသာ ပြောလေ့ရှိပြီး အမြဲတမ်း အေးစက်တဲ့ လေသံကိုသာ သုံးတတ်သည်။
ပေါင်ချန်က လန့်သွားပြီး တုန်တုန်ရီရီဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဟု... ဟုတ်ကဲ့... အထဲမှာ ရှိပါတယ်။”
မော့ပိုင်က သူမကို စိတ်ပျက်သလို တစ်ချက်ကြည့်လိုက်ပြီး -
“ဘယ်နားမှာလဲ?”
ပေါင်ချန်က ပြန်ဖြေရန် ပါးစပ်ဟလိုက်စဉ်မှာပင် အဆောင်ထဲကနေ ထွက်လာတဲ့ သူမရဲ့ သခင်မလေးကို တွေ့လိုက်ရသည်။
တောင်ပေါ်လေက အေးစက်လွန်း၏။ နှင်းပွင့်ဖြူဖြူလေးများက အစီအရီ ကျဆင်းနေသည်။ ထိုနှင်းများကြားတွင် ပွင့်လန်းနေတဲ့ မက်မွန်ပန်းလေးတစ်ပွင့်ကဲ့သို့ နုနယ်ကာ နှုတ်ခမ်းနီနီလေးနှင့် မိန်းကလေးမှာ မတ်တပ်ရပ်နေသည်။
ရွှယ်နင်သည် မော့ပိုင်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်ကာ မျက်တောင်တဖျတ်ဖျတ် ခတ်နေမိသည်။
မော့ပိုင် ဒီမှာရှိနေရင်... စုကျန်းလည်း ဒီကို ရောက်နေတာပဲ ဖြစ်ရမယ်။
သူမ၏ မျက်နှာက ချက်ချင်းပင် အရောင်ပြောင်းသွားကာ နှုတ်ခမ်းများလည်း တုန်ရီလာတော့သည်။
“မော့ပိုင်... ငါ့ကို ရှာနေတာလား?”
မော့ပိုင်၏ လေသံက အေးစက်လှသည်။
“ဘာဖြစ်မယ် ထင်လို့လဲ?”
“ငါ...”
“သခင်လေးက မှာလိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိက္ခာရှိအောင်နဲ့ ဆင်ခြင်တုံတရားရှိအောင် နေပါတဲ့။ သူ့ဆီကို အတင်းပြေးမလာပါနဲ့ဦး။ အပြင်လူတွေ မြင်သွားရင် နယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေလိမ့်မယ်။”
မော့ပိုင်က နှုတ်ခမ်းကို တွန့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် အထင်အမြင်သေးမှုများ အရိပ်ထင်နေ၏။
ရွှယ်နင်က လှတာ အမှန်ပဲ—ဒါပေမဲ့ ဘယ်လောက်ပဲ လှပနေပါစေ၊ သူ့သခင်နောက်ကို တကောက်ကောက် လိုက်နေတဲ့အချိန်တိုင်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်။ ပိုဆိုးတာက စုကျန်း ဘယ်မှာရှိလဲဆိုတာကို မေးရန်အတွက် မင်ယွဲ့ဆောင်သို့ ခဏခဏ လာတတ်ခြင်းပင်။ သခင်လေးက သူမကို မကြိုဆိုပေ။
ထိုအခါတွင် အခက်တွေ့ရသူမှာ သူမကို ရင်ဆိုင်ဖြေရှင်းနေရသည့် အစေခံများသာ ဖြစ်၏။
ရွှယ်နင်၏ ဖြူလျော်နေတဲ့ နှုတ်ခမ်းလေးများ ဟသွားသည်။ သူမက ဘာစကားမှ ပြန်မပြောနိုင်ဘဲ သူ့ကို ငေးကြည့်နေမိတော့သည်။
မော့ပိုင်က စိတ်မရှည်သလို သက်ပြင်းချလိုက်ပြီး၊ သူမ၏ သနားစဖွယ် အမူအရာကြောင့် စိတ်အနည်းငယ် ပျော့သွားကာ ဆက်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး သခင်မလေးရွှယ်... ဆင်ခြင်ပေးပါ။ သခင်လေးကို ထပ်ပြီး ဒုက္ခမပေးပါနဲ့တော့။”
အဲ့တော့ ဒီနှစ်များစွာတစ်လျှောက် သူမလုပ်ဆောင်ခဲ့သမျှ—သူမရဲ့ ကြိုးစားအားထုတ်မှုတိုင်း၊ ခြေလှမ်းတိုင်းက—သူ့မျက်လုံးထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုမှလွဲ၍ ဘာမှမဟုတ်ခဲ့ပေ။
ရွှယ်နင်၏ ရင်ဘတ်ထဲတွင် စူးခနဲ နာကျင်သွားကာ အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွား၏။
သူမ တစ်ခုခု ပြောရန် ကြိုးစားသော်လည်း အေးစက်လှတဲ့ လေပြင်းက သူမ၏ လည်ချောင်းကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေကာ နာကျင်မှု ဝေဒနာကြောင့် စကားလုံးများမှာ ထွက်မလာခဲ့ချေ။
မော့ပိုင်သည် လှည့်ထွက်သွားရန် ပြင်ဆင်နေစဉ်မှာပင် လေထဲသို့ တိုးဝင်လာသော အသံတစ်သံက အေးစက်ပြီး ပြတ်သားလွန်းသည်။
“ဘယ်တုန်းက ရောက်တာလဲ?”
ရွှယ်နင် တောင့်ခဲသွားပြီး ခေါင်းမော့ကြည့်လိုက်မိသည်။
စုကျန်းသည် ဘယ်အချိန်ကတည်းက ရောက်နေလဲဆိုတာ မသိဘဲ ထိုနေရာတွင် ရပ်နေ၏။ သူမရဲ့ ခန္ဓာကိုယ်ထဲမှ သွေးများပင် စီးဆင်းမှု ရပ်တန့်သွားသယောင် ခံစားလိုက်ရသည်။
တောင်ပေါ်မှာ မြို့ထဲထက် ပို၍အေးသည်။ လေပြင်းများက သစ်ပင်များကြားမှ အော်ဟစ်တိုက်ခတ်နေပြီး နှင်းပွင့်များမှာ သူမ၏ မျက်နှာကို ခဲသားများကဲ့သို့ ထိမှန်နေသည်။
အအေးဓာတ်က အရိုးထဲအထိ စိမ့်ဝင်လာ၏။
သူမ၏ လက်ကလေးများမှာ အင်္ကျီလက်ထဲတွင် တင်းတင်းဆုပ်ထားမိသည်။
ရာသီဥတုကြောင့် ချမ်းအေးနေတာလား၊ သို့မဟုတ် သူမ၏ နှလုံးသားကြောင့်လားဆိုတာကို သူမ ကိုယ်တိုင်ပင် မဝေခွဲနိုင်တော့ပေ။
“ကျွန်မ...”
သူမ ရှင်းပြရန် မစတင်မီမှာပင် စုကျန်း၏ ခံစားချက်ကင်းမဲ့တဲ့ အသံက ကြားဖြတ်ဝင်လာသည်။
“ကျန့်ကော်ဘုရားကျောင်းက ဝေးလံခေါင်သီတယ်၊ ရာသီဥတုကလည်း ဆိုးရွားတယ်ဆိုတာ မင်း သိနေတာပဲ မဟုတ်လား?”
ပေါင်ချန်သည် မျက်လုံးများ နီမြန်းလျက် သူမ၏ သခင်မလေးအတွက် ရှေ့ကနေ ပြောပေးချင်နေသည်။
ရွှယ်နင်သည် တုန်ရီနေကာ သူ့ကို မော့ကြည့်လိုက်ပြီး သူ့မျက်နှာမှာ ဆောင်းနှင်းများကဲ့သို့ အေးစက်ခက်ထန်နေသဖြင့် သူမ၏ နှလုံးသား ရပ်တန့်လုနီးပါး ဖြစ်သွားသည်။
သူမက ပေါင်ချန်ကို တိတ်တဆိတ် ပြန်ဆွဲထားလိုက်၏။ ခဏအကြာမှ ခါးသက်သက် လေသံဖြင့် အားယူကာ ပြောလိုက်သည်။
“သိပါတယ်”
စုကျန်းက အနားသို့ တိုးကပ်လာသည်။ သူ၏ မျက်ခုံးများမှာ နိမ့်ဆင်းနေပြီး၊ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးကဲ့သို့ အေးစက်လှတဲ့ မျက်ဝန်းများက သူမရဲ့ ဖြူဖတ်နေတဲ့ မျက်နှာကို နွေးထွေးမှု အစအနမရှိဘဲ ကြည့်လိုက်သည်။
ရွှယ်နင်သည် နဂိုကတည်းကပင် နုနယ်သူဖြစ်ရာ၊ သူမ မတ်တပ်ရပ်နေသည့် အရပ်မှာ သူ့ရင်ဘတ်လောက်သာ ရှိသည်။
နှင်းပွင့်များက သူမ၏ ဆံပင်များပေါ်တွင် တင်နေ၏။
သူမသည် လေထဲတွင် အချိန်မရွေး လဲကျသွားနိုင်မည့်အလား ယိမ်းထိုးနေသည်။
“ဒါတောင်မှ မင်းက ဇွတ်လာခဲ့သေးတယ်ပေါ့”
သူက အေးစက်စွာ ပြောလိုက်သည်။
“ငါကပဲ မင်းကို အလိုလိုက်လွန်းခဲ့လို့လား?”
သူ့ရဲ့ အကြင်နာတရားကင်းမဲ့တဲ့ မေးခွန်းကြောင့် သူမရဲ့ နှလုံးသား တုန်လှုပ်သွားသည်။
ဒါ သူမရဲ့ အမှားပါပဲ။ အရင်က သူ့နောက်ကို လိုက်ဖို့အတွက် အကြောင်းပြချက်တွေ အများကြီး သုံးခဲ့ဖူးတယ်။ အခု တကယ်ပဲ ဒီကိုလာဖို့ အကြောင်းပြချက် ရှိနေတဲ့အချိန်မှာတော့ ထိုအရာက နောက်ထပ် လိမ်ညာမှုတစ်ခုလိုသာ သူ ကြားနေတော့သည်။
သူမသည် ကိုယ့်ကိုယ်ကိုယ် မတ်အောင် ပြန်ပြင်လိုက်ပြီး -
“ညီမ... ဒီနေ့ ညီမမိဘတွေနဲ့ အစ်ကို့ကို ကန်တော့ဖို့ လာတာပါ”
စုကျန်းက သူမကို မယုံကြည်တာ ထင်ရှားသည်။ သူမက ဒီလိုကိစ္စများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ဖူးသလို၊ လိမ်ညာမှုများစွာကိုလည်း ပြောခဲ့ဖူးတယ်။
သူ့လေသံက လှောင်ပြောင်မှုဘက်သို့ ကူးပြောင်းသွားသည်။
“ငယ်ငယ်ကတည်းက မင်းက ဘယ်လိုလိမ်ရမလဲဆိုတာ ကောင်းကောင်း သိနေခဲ့တာပဲ”
“မဟုတ်ပါဘူး! သခင်မလေးက လိမ်နေတာ မဟုတ်ပါဘူး!”
ပေါင်ချန်က ရှေ့သို့ တစ်လှမ်းတက်ကာ အော်ဟစ်လိုက်သည်။
“သခင်လေးက မယုံဘူးဆိုရင် အဆောင်ထဲကို ဝင်ကြည့်လိုက်ပါ—သခင်ကြီး၊ သခင်မနဲ့ သခင်လေးတို့ရဲ့ အောက်မေ့ဖွယ် ကမ္ပည်းပြားတွေ အကုန်လုံး အထဲမှာ ရှိနေပါတယ်!”