အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇) - သူမကို စောင့်နေတာ
စုကျန်းသည် အချိန်ခဏလောက် မှင်သက်သွားကာ ရွှယ်နင်ကို ပြန်ကြည့်လိုက်မိသည်။
“သူ(မ)ပြောတာ တကယ်ပဲလား?”
ရွှယ်နင် ခါးသက်သက် ပြုံးလိုက်မိ၏။ ရင်ထဲမှာတော့ စူးခနဲ နာကျင်နေရသည်။
သူ့ရှေ့မှာ နောက်ထပ်တစ်ကြိမ် အားနည်းချက်တွေ မပြတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် သတိပေးခဲ့ဖူးတယ်။
ဒါပေမဲ့ အခုလို စကားမျိုး ကြားလိုက်ရတဲ့ အချိန်မှာတော့ မျက်ဝန်းတွေ ပူနွေးလာတာကို သူမ မတားဆီးနိုင်ခဲ့ချေ။
ဒါဆို... သူ ဘာမှမမှတ်မိတော့ဘူးပေါ့။
မနှစ်ကမှ သူမ ကျန့်ကော်ဘုရားကျောင်းကို လိုက်ပို့ပေးဖို့ သူ့ကို အတင်းအကျပ် ပူဆာခဲ့သေးတယ်။
တစ်နှစ်အတွင်းမှာတင် သူ အရာအားလုံးကို မေ့သွားခဲ့ပြီ။
ထားလိုက်ပါတော့လေ... သူမက သူ သဘောကျတဲ့သူမှ မဟုတ်တာ၊ သူမနဲ့ ပတ်သက်တာတွေကို သူ ဘာလို့ မှတ်ထားရမှာလဲ?
ရင်ထဲက လှိုက်တက်လာတဲ့ ခါးသီးမှုများကို ထိန်းချုပ်လိုက်ရင်း၊ ထိုအမျိုးသား၏ နက်ရှိုင်းသည့် မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်ကာ သူမက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“အစ်ကိုကြီး... အထဲကိုဝင်ပြီး ညီမမိဘတွေနဲ့ အစ်ကို့ကို ဂါရဝပြုဦးမလားဟင်?”
စုကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး အတွင်းဆောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သူက အဆောင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်သွားပြီး မြောက်ပိုင်းစစ်သူကြီးနှင့် ဇနီးသည်တို့၏ အောက်မေ့ဖွယ် ကမ္ပည်းပြားများရှေ့တွင် လတ်ဆတ်တဲ့ ပန်းများနှင့် သစ်သီးဝလံများ တင်ထားတာကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။
အခုမှ သူ ပြန်သတိရလာတော့တယ်—နှစ်တိုင်း ဒီအချိန်ဝန်းကျင်ရောက်ရင် ရွှယ်နင်က မင်ယွဲ့ဆောင်ကို ပုံမှန်ထက် ပိုပြီး မကြာခဏ လာတတ်သည်။
သူမသည် ငယ်စဉ်ကတည်းက အပြင်ထွက်ရတာကို မနှစ်သက်ဘဲ ကြောက်တတ်သော်လည်း၊ သူမ၏ မိဘများရဲ့ ကမ္ပည်းပြားများကို ကျန့်ကော်ဘုရားကျောင်း၌ ပူဇော်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် သူမကို လိုက်ပို့ရန် သူမက သူ့ကို အမြဲတောင်းဆိုတတ်သည်။
ဒါပေမဲ့ ယခုတစ်ကြိမ်မှာ ရွှယ်နင်က သူ့ကို ဘာမှမပြောခဲ့သလို၊ လိုက်ပို့ရန်လည်း မပူဆာခဲ့ပေ။
သူ့နောက်ကနေ တကောက်ကောက် လိုက်နေတတ်တဲ့ ထိုအရိပ်ကလေးက အခုတော့ သူနှင့်အတူ အဆောင်ထဲသို့ လိုက်မလာခဲ့တော့ပေ။
သူ စိတ်မသက်မသာဖြစ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး၊ အမွှေးတိုင်နှင့် ဖယောင်းတိုင်များ ယူလာရန် မော့ပိုင်ကို ညွှန်ကြားလိုက်သည်။ ထို့နောက် ကမ္ပည်းပြားများရှေ့တွင် သုံးကြိမ်တိုင်တိုင် လေးနက်စွာ ဂါရဝပြုလိုက်တော့သည်။
ထို့နောက် အပြင်သို့ ပြန်ထွက်လာတဲ့အခါ ရွှယ်နင်နှင့် ပေါင်ချန်တို့က ထိုနေရာတွင် မရှိတော့ချေ။
“သူတို့ ဘယ်ရောက်သွားလဲ?”
သူ့မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။
မော့ပိုင်က ပြန်ဖြေလိုက်သည်။
“သခင်မလေးရွှယ်က တရားထိုင်ဆောင်မှာ ခဏနားနေမယ်လို့ ပြောသွားပါတယ်”
ရွှယ်နင်ရဲ့အေးစက်စိမ်းကားတဲ့ အပြုအမူက စုကျန်း၏ ရင်ထဲတွင် စိတ်မသက်မသာဖြစ်မှုကို စတင်ဖြစ်ပေါ်စေတော့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူမအပေါ် မှားယွင်းစွပ်စွဲမိခဲ့တာကို သူ နားလည်လိုက်သည်။ မိန်းကလေးငယ်တစ်ဦးအနေဖြင့် စိတ်ဆိုးသွားတာ သဘာဝပင်။
“သူ(မ)ကို သေချာကြည့်ထားလိုက်”
သူက ပြောလိုက်သည်။
မော့ပိုင်က ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ”
...
ရွှယ်နင်သည် အရိုးထဲထိ အေးစိမ့်နေတယ်လို့ ခံစားနေရ၏။ သူမ၏ ဆံပင်ပေါ်ရှိ နှင်းများတင်နေတဲ့ ဆံထိုးလေးမှာ အေးစက်နေပြီး လေတိုက်နှုန်းကြောင့် ဦးခေါင်းမှာလည်း အနည်းငယ် ကိုက်ခဲလာသည်။
ပေါင်ချန်သည် လက်ကိုင်ပုဝါဖြင့် သူမ၏ ဆံထိုးပေါ်မှ နှင်းပွင့်လေးများကို ဂရုတစိုက် သုတ်ပေးနေသည်။
ပေါင်ချန်က မကျေမနပ်ဖြင့် တတွတ်တွတ် ရေရွတ်နေ၏။
“ရှီဇီက တကယ့်ကို အကျိုးအကြောင်း မရှိတာပဲ။ သခင်မလေးကို အမြဲတမ်း အကြောင်းမဲ့ အထင်လွဲနေတာ။ သခင်မလေးက ဘယ်တုန်းကများ ငယ်ငယ်ကတည်းက လိမ်တတ်လို့လဲ? အဲဒီတုန်းက ကိစ္စတွေက သိသိသာသာကြီးကို...”
“တော်တော့ ပေါင်ချန်၊ဆက်မပြောနဲ့တော့”
ရွှယ်နင်၏ မျက်ဝန်းများမှာ နီမြန်းနေဆဲဖြစ်သော်လည်း မျက်ရည်တော့ ကျမလာခဲ့ချေ။
သူမ အလွန်အမင်း နာကျင်ဝမ်းနည်းရလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ပေမယ့်၊တကယ်တမ်း အဲ့လို မဟုတ်ခဲ့ပေ။
အခုအချိန်မှာ သူမ ခံစားရတာ စုကျန်းအပေါ် စိတ်ပျက်မိခြင်းသက်သက်သာ ဖြစ်၏။
ပေါင်ချန်၏ မျက်နှာလေးမှာ ဒေါသကြောင့် နီမြန်းနေသည်။
“ကျွန်မဖြင့် တကယ်ကို မခံစားနိုင်ဘူး။ ရှီဇီကက သခင်မလေးအပေါ် ဆက်ဆံပုံတွေကိုလေ”
ရွှယ်နင်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
“သခင်မကျန်းက ငါတို့အပေါ် ဘယ်လောက်ပဲ ကောင်းကောင်း၊ ငါတို့က သူများအိမ်မှာ ခိုကပ်နေရသူတွေပဲလေ။ တစ်ခါတလေကျရင် စကားပြောတာထက် တိတ်တိတ်နေတာက ပိုကောင်းသလို၊ ခါးသီးတဲ့ အမှန်တရားကို ပြောတာထက် ဖြူစင်တဲ့ လိမ်ညာမှုလေးတစ်ခု ပြောလိုက်တာက ပိုပြီး အဆင်ပြေစေတတ်တယ်”
ပေါင်ချန်သည် သူမ၏ သခင်မလေးကို ကြည့်ကာ သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။
သူမရဲ့ သခင်မလေးက ဘာလို့ ဒီလောက်အထိ ဆင်ခြင်တုံတရား ရှိနေရတာလဲ၊ ဘာလို့ အမြဲတမ်း လိမ်ညာနေရတာလဲဆိုတာကို ရှီဇီ စဉ်းစားဖူးပါ့မလား?
သူမရဲ့လွန်ကဲတဲ့ စည်းကမ်းရိုသေမှုများက ဒီအိမ်တော်မှာ သူမ ခံစားခဲ့ရတဲ့ မရေမတွက်နိုင်သည့် နစ်နာမှုများကြောင့် ဖြစ်ပေါ်လာခြင်းပင်။
သူမ လိမ်ညာခဲ့တာလည်း သခင်မကျန်းနှင့် သူ့ကို အလုပ်မရှုပ်စေချင်တာကြောင့်သာ ဖြစ်၏။
သူမရဲ့သခင်မလေးက အခြားသူများအပေါ် အမြဲတမ်း ကြင်နာတတ်ပြီး နယ်စားမင်းအိမ်တော်ရှိ လူတိုင်းနှင့် အဆင်ပြေအောင် အစွမ်းကုန် ကြိုးစားနေထိုင်ခဲ့သူ မဟုတ်လား။
ရွှယ်နင်က ပြုံးလိုက်ပြီး ပေါင်ချန်၏ ပါးလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ ထို့နောက် တရားထိုင်ဖျာပေါ်မှ ထလိုက်ကာ အနားတွင် စောင့်နေတဲ့ အထိန်းတော်ဟောက်ကို ခေါ်လိုက်သည်။
အထိန်းတော်ဟောက်သည် နယ်စားမင်းအိမ်တော်သို့ ရွှယ်နင် စရောက်ကတည်းက သူမကို ပြုစုစောင့်ရှောက်လာခဲ့တဲ့ အစေခံအိုကြီး တစ်ဦးဖြစ်သည်။
ရွှယ်နင်သည် အထိန်းတော်ဟောက်ကို ငွေအချို့ ပေးလိုက်ကာ ကိုရင်လေးတစ်ပါးထံတွင် တရားထိုင်ဆောင် သုံးဆောင် စီစဉ်ပေးရန် ညွှန်ကြားလိုက်၏။
အခန်းတစ်ခန်းက သူမနှင့် ပေါင်ချန်အတွက်၊ နောက်တစ်ခန်းက ရထားလုံးမောင်းသူနှင့် အစောင့်နှစ်ဦးအတွက်ဖြစ်ပြီး ကျန်တစ်ခန်းမှာမူ သူမ(ရွှယ်နင်)အတွက်ပင်။
အထိန်းတော်ဟောက်က ပြုံးကာ “ဟုတ်ကဲ့ပါ” ဟု ဆိုကာ တင်ပါးများ လှုပ်ယမ်း၍ ထွက်သွားတော့သည်။
ရွှယ်နင်သည် ထွက်သွားတဲ့ အထိန်းတော်ဟောက်၏ ကျောပြင်ကို အကြာကြီး ငေးကြည့်နေမိ၏။
“သခင်မလေး... ဘာကြည့်နေတာလဲဟင်?”
“ဘာမှမဟုတ်ပါဘူး ပေါင်ချန်ရယ်။ ဒီညတော့ ငါပြောထားတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
“ဟုတ်ကဲ့”
တရားထိုင်ဆောင်များ စီစဉ်ပြီးသောအခါ၊ သူမသည် ကျောင်းတော်ထဲတွင် စုကျန်းနှင့် ပြန်ဆုံမှာကို စိုးရိမ်သဖြင့် အပြင်သို့ ထပ်မထွက်တော့ဘဲ အခန်းထဲတွင်သာ အနားယူနေခဲ့သည်။
ညနေစောင်းသောအခါ နေဝင်ရီတရော အချိန်သို့ ရောက်လာပြီး နှင်းများလည်း ကျခြင်း ရပ်သွားတော့သည်။
ဆရာတော် မြောင်လင်၏ တရားဟောကြားပွဲ ပြီးဆုံးသွားသောအခါ—
သူမသည် ပေါင်ချန်ကို ခေါ်ကာ မိဘများ၏ ကမ္ပည်းပြားများရှိရာ ဘေးဆောင်သို့ ပြန်သွားခဲ့သည်။
အရင်ဘဝက ကျန့်ကော်ဘုရားကျောင်းမှာ မီးလောင်မှု ဖြစ်ပွားတဲ့အချိန်တုန်းက သူမက မြို့တော်ရှိ နယ်စားမင်းအိမ်တော်မှာ ဝေးကွာနေခဲ့သဖြင့်၊ ထိုမီးမှာ မငြိမ်းနိုင်တဲ့ ဆီမီးခွက်မှတစ်ဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသာ ကြားသိခဲ့ရသည်။
အခုတစ်ကြိမ်မှာတော့ သူမ ပေါ့ဆလို့ မဖြစ်တော့ဘူး။
သူမသည် ထိုဘေးဆောင်လေးထဲတွင် တစ်ညလုံး မအိပ်ဘဲ စောင့်ကြပ်နေရန် ပြင်ဆင်ထားလိုက်တော့သည်။
...
ကောင်းကင်ယံမှာလည်း မှောင်စပြုနေပြီ ဖြစ်၏။
တရားသဘင်မှာလည်း အတော်အတန် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
စုကျန်းနှင့် ရွှီရှန်းနျန်တို့သည် ဗုဒ္ဓရုပ်ပွားတော်ဆောင်ကြီးအတွင်းမှ ထွက်လာကြသည်။
ယခုအချိန်တွင် အဆောင်မကြီးအတွင်းရှိ ဂုဏ်သရေရှိ ဧည့်သည်တော်အများစုက ပြန်လည်ထွက်ခွာသွားကြပြီဖြစ်သည်။
အချို့မိသားစုများက တစ်ညတာအနားယူရန် တရားထိုင်ဆောင်များတွင် တည်းခိုကျန်ရစ်ခဲ့ကြပြီး၊ အချို့မှာမူ တုန်းကျင်းမြို့သို့ ညတွင်းချင်းပင် ပြန်ကြလေသည်။
ရွှီရှန်းနျန်သည် စုမိသားစု၏ ရထားလုံးဖြင့် လိုက်ပါလာခဲ့သူဖြစ်တာကြောင့် အခု စုကျန်း၏ အစီအစဉ်ကို မေးနေခြင်းဖြစ်သည်။
စုကျန်းသည် စောစောက ရွှယ်နင်အပေါ် မှားယွင်းစွပ်စွဲခဲ့မိသဖြင့်၊ မထွက်သွားခင်က မြင်တွေ့ခဲ့ရတဲ့ သူမ၏ နီမြန်းနေသည့် ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများကို သူ့မျက်စိထဲတွင် မြင်ယောင်နေဆဲပင်။
ထိုမိန်းကလေးငယ်က အသက် ၁၅၊ ၁၆ နှစ်ခန့်သာရှိသေးပြီး တစ်ယောက်တည်း ခရီးဝေးတစ်ခါမျှ မသွားဖူးချေ။
အခုတစ်ခေါက် သူမရဲ့မိဘတွေကို ဂါရဝပြုရန် တစ်ယောက်တည်း ရဲရဲဝံ့ဝံ့လာခဲ့ခြင်းက သူမကိုယ်တိုင် အမှီအခိုကင်းရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ပြသနေသည်။
ငိုထားတာကြောင့် နီမြန်းနေပေမယ့် ခေါင်းမာလိုသည့် အရိပ်အယောင်များ ယှက်သန်းနေသည့် ထိုမျက်ဝန်းများကြောင့် သူ ခဏလောက် ငေးမှိုင်သွားမိသည်။
သူမက မိဘမဲ့မိန်းကလေးတစ်ဦးဖြစ်ပြီး ရွှမ်းယီနယ်စားမင်းအိမ်တော်တွင် သူများအိမ်၌ ခိုကပ်နေထိုင်ရသူဖြစ်၏။
ထိုနှစ်များတစ်လျှောက်လုံးတွင် သူမက ရေခဲပြင်ပါးပါးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အလွန်သတိထားကာ နေထိုင်ခဲ့ရတာကို သူ လုံးဝသတိမထားမိတာတော့ မဟုတ်ပေ။
ဒါပေမဲ့ သူ့အမေနဲ့သူကိုယ်တိုင်က သူမအပေါ် လုံလောက်အောင် ကောင်းမွန်ခဲ့တယ်လို့ သူယုံကြည်ထားသည်။
သူမကိုယ်တိုင်ကသာ အရာရာကို အလွန်အကျွံတွေးတောနေခြင်းဖြစ်မယ်။ အခုလည်း သူမက ကျောင်းတော်ထဲတွင် သူလာပြီး ချော့မှာကို စောင့်နေတာ ဖြစ်လိမ့်မယ်။
ထူးထူးခြားခြားပင် ယနေ့တွင် ထိုမိန်းကလေးငယ်အပေါ် သူ စိတ်ရှည်မှု အနည်းငယ် ပိုရှိနေမိသည်။
“ညီအစ်ကိုရွှီ... မင်း ငါ့ရထားလုံးနဲ့ အရင်ပြန်နှင့်လိုက်ပါ”
ရွှီရှန်းနျန်က မေးလိုက်သည်။
“စုကျန်း.. မင်း ဒီမှာ ကျန်ခဲ့မလို့လား?”
စုကျန်းက ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ ငါ တစ်ယောက်ယောက်ကို ခေါ်ပြီးမှ အတူတူပြန်လိုက်ခဲ့မယ်”
သူပြောနေတာ ရွှယ်နင်ကို ဆိုလိုခြင်းဖြစ်မှန်း ရွှီရှန်းနျန် သိလိုက်သဖြင့် ပြုံးလျက် ယဉ်ကျေးစွာ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
စုကျန်းသည် အဆောင်မကြီး၏ အဝင်ဝတွင် အင်္ကျီလက်များကို စုစည်းလျက် ရပ်နေသည်။
“သူ(မ) ဘယ်မှာလဲ?”
မော့ပိုင်သည် သူ့သခင်လေး၏ မျက်နှာအမူအရာကို အကဲခတ်လိုက်၏။
“သခင်မလေးရွှယ်က အခု စစ်သူကြီးရွှယ်နဲ့ ဇနီးသည်တို့ရဲ့ ကမ္ပည်းပြားတွေရှေ့မှာ ရှိနေပါတယ်”
ရွှယ်နင်က သူ့အပေါ် စိတ်ကောက်နေဆဲဖြစ်မယ်လို့ တွေးကာ စုကျန်း ဘာမှမပြောဘဲ တောင်နောက်ဘက်ရှိ ဘေးဆောင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
နှင်းများကျခြင်း ရပ်သွားသော်လည်း တောင်ပေါ်လေမှာ အေးစိမ့်နေဆဲပင်။
သူသည် ဘေးဆောင်၏ အဝင်ဝတွင် ရပ်တန့်လိုက်ပြီး ခေါင်းကို အနည်းငယ်စောင်းကာ အတွင်းသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ရွှယ်နင်သည် စစ်သူကြီးရွှယ်နှင့် ဇနီးသည်တို့၏ ကမ္ပည်းပြားများရှေ့တွင် ဒူးထောက်နေ၏။ သူမ၏ ပိန်ပါးတဲ့ ကျောပြင်လေးမှာ ခေါင်းမာမှု၊ အေးစက်စိမ်းကားမှုနှင့် အထီးကျန်မှုတို့ ရောယှက်နေပြီး၊ လက်လှမ်းမမီနိုင်တဲ့ ခံစားချက်တစ်မျိုးကို ပေးစွမ်းသည့် ဖော်ပြမတတ်သော အကွာအဝေးတစ်ခုကို ဆောင်ကြဉ်းထားသည်။
ကံကောင်းတာ သူမက စောစောက ဒေါသထွက်နေခဲ့ပေမယ့် သူ့ကို လိမ်လိမ်မာမာ စောင့်ဆိုင်းနေဆဲပင်။
သူသည် စိတ်အနည်းငယ် အေးသွားကာ အထဲသို့ ဝင်သွားခဲ့သည်။
ထိုအဆောင်ထဲတွင် အောက်မေ့ဖွယ်ကမ္ပည်းပြားများစွာမှာ စီစီရီရီ ရှိနေကြသည်။
အချို့မှာ ပိုင်ရှင်မဲ့ လေလွင့်ဝိညာဉ်များ ဖြစ်ကြပြီး၊ အချို့မှာမူ မိမိတို့နေရပ်နှင့် ဝေးရာအရပ်တွင် ကွယ်လွန်သွားကြရသော ခရီးသွားများ ဖြစ်ကြသည်။
ရွှယ်ဇနီးမောင်နှံမှာကတော့ သူတို့နှင့် မတူပေ—သူတို့က စစ်မြေပြင်တွင် ကျဆုံးခဲ့ကြခြင်းဖြစ်ပြီး၊ သူတို့၏ ရုပ်အလောင်းများကို ရန်သူ့တပ်များက သိမ်းပိုက်သွားခဲ့ကြသဖြင့် ရုပ်အလောင်းတောင် မရှိခဲ့ချေ။
သူတို့၏ ကမ္ပည်းပြားများကို ဤနေရာတွင် ပူဇော်ထားခြင်းဖြစ်တဲ့အတွက် သာမန်အရပ်သားများစွာပင် လာရောက်ဂါရဝပြုကြသည်။
သူက အမျိုးသမီးငယ်၏ နောက်ဘက်တွင် သင့်တော်တဲ့ အကွာအဝေးမှ ရပ်တန့်လိုက်သည်။
“မိုးချုပ်နေပြီ... အိမ်တော်ကို ပြန်ဖို့ အချိန်တန်ပြီ”
ထိုအမျိုးသား၏ ရင်းနှီးတဲ့ အသံနက်ကြီးကို ကြားလိုက်ရသဖြင့် ရွှယ်နင်သည် အံ့အားသင့်ကာ လှည့်ကြည့်လိုက်ပြီး စုကျန်း၏ နူးညံ့သယောင်ရှိသော်လည်း အေးစက်နေတဲ့ မျက်ဝန်းများနှင့် ဆုံတွေ့သွားတော့သည်။ သူမရဲ့ ခန္ဓာကိုယ်က အလိုလို တင်းမာသွားသည်။
“အစ်ကိုကြီး... ဘာလို့ အခုထိ ဒီမှာ ရှိနေသေးတာလဲ?”
စုကျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူမက သူ့ကို စောင့်နေခဲ့တာ မဟုတ်ဘူးလား?
ရွှယ်နင်သည် သခင်မကျန်းက စုကျန်းကို သူမအပေါ် ပိုကောင်းအောင် ဆက်ဆံရန် အမြဲသတိပေးလေ့ရှိတာကို သတိရသွားသည်။
ဘာပဲဖြစ်ဖြစ် သူက နာမည်အရတော့ သူမရဲ့ အစ်ကိုကြီး ဖြစ်နေတယ် မဟုတ်ဘူးလား။
သူမကို အိမ်တော် ပြန်ခေါ်ချင်နေတာလည်း သခင်မကျန်းအပေါ် ထားရှိတဲ့ သူ့ရဲ့ တာဝန်ဝတ္တရားကို ကျေပွန်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်။