အခန်း ၁၈
Vol. 2 Ch. 18
အခန်း (၁၈) - စိတ်နေစိတ်ထား
လက်ရှိအချိန်တွင် သူမက အရာရာကို အများကြီးတွေးတောမနေတော့ဘဲ မျက်လွှာချကာ ယဉ်ကျေးစွာပဲ ပြောလိုက်သည်။
“အားနင် ဒီညတော့ အဖေတို့၊ အမေတို့နဲ့အတူ ဒီမှာပဲ နေခဲ့ချင်ပါတယ်။ အစ်ကိုကြီးပဲ အရင်ပြန်နှင့်ပါ”
ရွှယ်နင်၏ စကားကြောင့် စုကျန်းရဲ့ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
သူ့ရဲ့ ချောမောခန့်ညားပြီး ထင်ရှားပြတ်သားတဲ့ မျက်နှာထားမှာ မုန်တိုင်းမလာခင် ညကဲ့သို့ပင် လေးလံထိုင်းမှိုင်းသွား၏။
သို့သော်လည်း ရွှယ်နင်ကတော့ နားမလည်နိုင်သေးပေ။
စုကျန်းက သူမကို မုန်းနေတာ မဟုတ်ဘူးလား? သူ ဒီအတိုင်း ပြန်သွားလိုက်ရုံပဲလေ။
ဒီတစ်ကြိမ်တော့ သူမက သူ့ကို အတူနေပေးဖို့ အတင်းအကျပ် မပူဆာခဲ့ဘူး။
စုကျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“မင်း တကယ်မလိုက်ဘူးဆိုရင် ငါ တကယ်ပဲ တစ်ယောက်တည်း ပြန်တော့မှာနော်”
ရွှယ်နင်က လိမ်လိမ်မာမာ ပြန်ဖြေလိုက်သည်။
“အစ်ကိုကြီး သဘောအတိုင်းပါပဲ”
“ရွှယ်နင်—”
ရွှယ်နင် မော့ကြည့်လိုက်တဲ့အခါ ထိုအမျိုးသား၏ အေးစက်စက် အကြည့်နှင့် ဆုံတွေ့သွားသဖြင့် သူမ၏ လက်ချောင်းလေးများကို ပို၍ တင်းတင်းဆုပ်ထားမိသည်။
အရင်တုန်းကဆိုရင် သူမက သူ့အနားမှာ ရှိနေခွင့်ရဖို့ အမြဲတမ်း တမ်းတခဲ့ဖူးပေမယ့် အခုတော့ သူနဲ့အတူရှိနေရတဲ့ မိနစ်တိုင်က သူမအတွက် နေရခက်လွန်းတယ်။
သူမသည် နှုတ်ခမ်းကို ဖိကိုက်ထားရင်း ရိုသေစွာဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် အစ်ကိုကြီး ပြန်တာကို လိုက်ပို့ပေးပါ့မယ်”
စုကျန်း၏ ပါးလွှာတဲ့ နှုတ်ခမ်းများ တင်းတင်းစေ့သွားပြီး ခန့်ညားတဲ့ သူ့မျက်နှာမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေ၏။
ရွှယ်နင်ကတော့ ထိုအရာကို မမြင်ချင်ယောင်ဆောင်ကာ ကျောင်းတော်မုခ်ဦးအထိ သူ့ကို တိတ်ဆိတ်စွာ လိုက်ပို့ပေးခဲ့သည်။
စုကျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
“ရွှယ်နင်... မင်း အခု ဘာလို့ ဒီလောက်တောင် ကလေးကလား စိတ်ကောက်နေရတာလဲ?”
ရွှယ်နင်က နှုတ်ခမ်းကို တွန့်လိုက်၏။
“ညီမ စိတ်ကောက်နေတာ မဟုတ်ပါဘူး။ ညီမရဲ့မိဘတွေနားမှာ အချိန်နည်းနည်းလောက် ပိုပြီး နေချင်ရုံတင်ပါ”
စုကျန်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ -
“မိန်းကလေးတစ်ယောက်က ညဘက်ကြီး ဘုရားကျောင်းမှာ ကျန်နေခဲ့မယ် ဟုတ်လား?”
ရွှယ်နင်၏ လေသံက နူးညံ့နေဆဲပင်။
“အားနင် တစ်ယောက်တည်း မဟုတ်ပါဘူး။ အထိန်းတော်ဟောက်နဲ့ ပေါင်ချန်လည်း ပါတာပဲ။ သခင်မကျန်းကလည်း အစောင့်တွေ စီစဉ်ပေးထားပါတယ်။ အစ်ကိုကြီးအနေနဲ့ အားနင်ရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူနေဖို့ မလိုပါဘူး”
ကြည့်ရတာ သူကပဲ သူများကိစ္စကို ဝင်ပါနေသလို ဖြစ်သွားသည်။
စုကျန်းက ထိုမိန်းကလေး၏ စကားကြောင့် ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားတော့သည်။
“မင်းက ဒီလောက်တောင် စကားတတ်မှန်း ငါ အရင်က ဘာလို့ သတိမထားမိခဲ့ပါလိမ့်?”
ရွှယ်နင်ကတော့ ထိုအမျိုးသားကို ထပ်ပြီး ဒေါသမဆွချင်တော့တာကြောင့် ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေလိုက်တော့သည်။
သူမရဲ့ ခေါင်းငုံ့ကာ ငြိမ်သက်နေတဲ့အမူအရာကြောင့် စုကျန်းက ဒေါသထွက်ရမလား၊ ဘာလုပ်ရမလဲဆိုတာ မဝေခွဲနိုင်ဖြစ်သွားသည်။
သူက နဂိုကတည်းက သူမရဲ့ ဆန္ဒများကို အလိုလိုက်တတ်သူ မဟုတ်ပေ။ သူ့ရဲ့ခန့်ညားတဲ့ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားကာ သူမကို နက်နက်နဲနဲ တစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားတော့၏။
ထိုအမျိုးသား ထွက်သွားပြီးနောက်မှသာ ရွှယ်နင်သည် စိတ်ပေါ့ပါးသွားကာ အသက်ရှူရတာ ပို၍ ချောမွေ့လာတော့သည်။
အရင်တုန်းကဆိုရင် သူ ဒီလို စိတ်မကြည်မလင် ဖြစ်နေတဲ့အခါတိုင်း သူမက သူ့ကို ပြုံးပြကာ ချော့မော့ခဲ့ရဖူးတယ်။
ဒါပေမဲ့ အခုတော့ သူ့ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေစရာ မလိုတော့တာကြောင့် အမှန်တကယ်ပင် လွတ်လပ်မှုကို ခံစားလိုက်ရသည်။
ထိုအမျိုးသားသည် အရပ်ရှည်ပြီး ခြေတံရှည်ကာ ခိုင်ခံ့တောင့်တင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိသူ ဖြစ်သည်။ မှင်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူက အလွန်ချောမောခန့်ညားပြီး၊ မကြာမီမှာပင် သူ့ရဲ့ ပုံရိပ်က မှောင်မိုက်နေတဲ့ ညထဲမှာ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
စုကျန်း၏ ကျောပြင်ကို သူမ ငေးကြည့်နေခဲ့ရတာ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပေ။
ခဏအကြာမှ သူမက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
ပေါ့င်ချန်သည် ဆေးသုတ်ထားတဲ့ တံခါးကြီးနောက်မှနေ၍ သူမရဲ့ ခေါင်းလေးကို အသာပြူထွက်ကာ ချောင်းကြည့်လိုက်သည်။
“သခင်မလေး... ရှီဇီ တကယ်ပဲ ပြန်သွားပြီလားဟင်?”
“အင်း... ပြန်သွားပြီ”
“တကယ်တော့ ရှီဇီ ဒီမှာရှိနေတာက ပိုကောင်းပါတယ်”
ပေါင်ချန်က အအေးဒဏ်ကြောင့် ပုခုံးလေးများကို တွန့်ကာ ပြောလိုက်သည်။
“ကျွန်မဖြင့် နည်းနည်း ကြောက်သလိုပဲ"
ရွှယ်နင်သည် အမွှေးတိုင်သုံးတိုင်ကို ထွန်းလိုက်ပြီး နဖူးထက်တွင် မြှောက်၍ ဂါရဝပြုလိုက်သည်။
"ပေါင်ချန်.. အထိန်းတော်ဟောက် ဘယ်မှာလဲ?"
အထိန်းတော်ဟောက်အကြောင်း ပြောလိုက်သည်နှင့် ပေါင်ချန်က ကြောက်စိတ်များကိုပင် မေ့သွားပုံရသည်။ သူမက အပြင်ထွက်၍ အကဲခတ်ကြည့်ပြီးနောက် ပြန်လာကာ ပြောလိုက်သည်။
"အထိန်းတော်ဟောက်က တရားထိုင်ဆောင်ထဲမှာ အိပ်နေပြီ။ သူ(မ)က အထိန်းတော်တစ်ယောက်ပဲ ဖြစ်ပြီး သခင်မလေးကို ပြုစုဖို့ မစဉ်းစားဘဲ အပူအပင်မရှိ အိပ်ပျော်နေတာပဲ။ သခင်မလေးလောက် စိတ်သဘောထားကောင်းတဲ့သူ ဘယ်မှာရှိဦးမှာလဲ? ကျွန်မတို့ အဆောင်က အစေခံတွေကပဲ သခင်မလေးကို ဒီလောက်အထိ အထင်သေးရဲကြတာ"
ရွှယ်နင်၏ မျက်ဝန်းများမှာ တည်ငြိမ်နေသော်လည်း ညနေပိုင်းက တရားထိုင်ဆောင်မှ ထွက်လာတဲ့အချိန် တံခါးအပြင်ဘက်၌ သံသယဖြစ်ဖွယ် ချောင်းမြောင်းနေတဲ့သူတစ်ဦးကို မြင်လိုက်ရတာကို ပြန်အမှတ်ရသွားသည်။
ထိုလူက အညိုရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာညိုညိုနှင့် ပါးစပ်ထောင့်တွင် မှဲ့တစ်လုံးရှိသည်။
သခင်မကျန်းရဲ့ မွေးနေ့ပွဲတုန်းက အဲ့ဒီလူကို သူမ မြင်ဖူးတယ်။ သူက သခင်မတုန်းနဲ့ အမျိုးတော်စပ်ပြီး အခြေအနေ ကျဆင်းနေတဲ့ ကျိချင်းနယ်စားအိမ်တော်မှ အကျင့်စာရိတ္တ ပျက်ပြားတဲ့ သခင်လေး ချောင်ကျင်၏ အနီးကပ်အစေခံ ဖြစ်သည်။
ထိုအချိန်တုန်းက အဲ့ဒီသခင်လေးက သူမကို အဝေးမှနေ၍ လှောင်ပြောင်သလိုလို၊ ရမ္မက်ဆန္ဒ ပါသလိုလို အကြည့်မျိုးဖြင့် ခဏခဏ ကြည့်တတ်သည်။
ထိုအချိန်က သူမက စုကျန်းကို ဘယ်လို ရရှိအောင် ကြံစည်ရမလဲဆိုတဲ့အပေါ်မှာသာ အာရုံစိုက်နေခဲ့တာကြောင့် ထိုသူရဲ့ ယုတ်မာတဲ့ အကြည့်များကို ဂရုမထားမိခဲ့ပေ။
အခုတော့ အရင်ဘဝက စုချင်းရဲ့ ယုတ်မာတဲ့ အကြံအစည်များကို ပြန်လည်စဉ်းစားမိတဲ့အခါ အရာအားလုံးက သူမရဲ့ ဦးနှောက်ထဲမှာ ရှင်းလင်းသွားတော့သည်။
ကျိချင်းနယ်စားအိမ်တော်မှ ချောင်ကျင်သည် ကျန့်ကော်ဘုရားကျောင်းသို့ မနေ့ကတည်းက ရောက်နေခြင်းမှာ အမွှေးတိုင်ထွန်းရန် သို့မဟုတ် တရားနာရန် မဟုတ်ဘဲ သူမကို အပိုင်ကြံရန် သီးသန့်လာခဲ့ခြင်း ဖြစ်၏။
အရင်ဘဝက စုကျန်းနှင့် စေ့စပ်ပြီးခါစတွင် သူမ နောက်တစ်ကြိမ် ဆေးခတ်ခံခဲ့ရပြီး ဝေဝေဝါးဝါးနှင့် ချောင်ကျင်၏ အိပ်ရာထဲသို့ ရောက်သွားခဲ့ရသည်။
သူတို့နှစ်ယောက်ကြား တကယ့်အမှားမျိုး မကျူးလွန်ခဲ့မိတာ သေချာပေမယ့် စုမိသားစု၏ အမြင်မှာတော့ သူမက အရှက်ကင်းမဲ့ကာ ဖောက်ပြန်တတ်တဲ့ မိန်းမတစ်ဦး ဖြစ်သွားခဲ့ရသည်။ သခင်လေးနှင့် စေ့စပ်ထားလျက်နှင့် အခြားယောကျာ်းတစ်ယောက်နှင့် ပတ်သက်မှုရှိသည့် ဂုဏ်သိက္ခာမဲ့တဲ့ မိန်းမပျက်တစ်ဦးအဖြစ် အထင်ခံခဲ့ရသည်။
ထို "ဖောက်ပြန်မှု" ကို ရှာဖွေတွေ့ရှိသွားတဲ့အခါ သခင်မကျန်းသည် သူမအပေါ် လုံးဝ စိတ်ပျက်သွားခဲ့သလို၊ စုကျန်း၏ အကြည့်များမှာလည်း တစ်နေ့ထက်တစ်နေ့ ပို၍ အေးစက်လာခဲ့သည်။
ထိုဖြစ်ရပ် ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာမှာပင် ချောင်ကျင်သည် အရက်မူးပြီး ရေနစ်သေဆုံးသွားခဲ့၏။
ထိုကိစ္စကို စုကျန်းက ဖုံးဖိပေးခဲ့သဖြင့် စီစဉ်ထားသည့်အတိုင်း စုကျန်းနှင့် လက်ထပ်ဖြစ်ခဲ့သော်လည်း—
သူမ၏ နာကျင်နစ်နာမှုများကို ဘယ်သူ့ကိုမှ ဖွင့်ဟခွင့် မရခဲ့ချေ။
ဖောက်ပြန်တတ်တဲ့ မိန်းမ ဆိုတဲ့ နာမည်ဆိုးက သူမ သေဆုံးသည့်တိုင်အောင် အရိပ်တစ်ခုလို ကပ်ပါနေခဲ့တော့သည်။
"သခင်မလေး?"
ပေါင်ချန်သည် ရွှယ်နင်၏ မျက်နှာရှေ့တွင် သူမ၏ လက်ကလေးကို ဝေ့ယမ်းလိုက်သည်။
အခုနောက်ပိုင်း သူမရဲ့ သခင်မလေးက မကြာခဏဆိုသလို တစ်စုံတစ်ခုကို ငေးမောနေတတ်တာကို ပေါင်ချန် သတိပြုမိသည်။
"သခင်မလေး ဘာတွေ စဉ်းစားနေတာလဲဟင်? အထိန်းတော်ဟောက်က သခင်မလေး ကွယ်ရာမှာ တစ်ခုခု ကြံစည်နေလို့လား?"
အထိန်းတော်ဟောက်သည် စစ်သူကြီးအိမ်တော်က ပါလာသူ မဟုတ်ပေ။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကမှ သခင်မကျန်းက ရွှယ်နင်အနားတွင် ပြုစုခစားရန် ထည့်ပေးလိုက်သူ ဖြစ်သည်။
ရွှယ်နင်သည် အတွေးကမ္ဘာထဲမှ ရုတ်တရက် ပြန်နိုးထလာပြီး သူမ၏ မျက်ဝန်းထဲမှ နီမြန်းနေတဲ့ နာကျည်းမှုများကို ဖုံးကွယ်ကာ ခပ်ပါးပါးလေး ပြုံးလိုက်သည်။
"ပေါင်ချန်... ပြောပါဦး၊ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို ဒုက္ခပေးဖို့ ကြံစည်နေရင် ငါ ဘာလုပ်သင့်လဲ?"
ပေါင်ချန်က လူ့လောကအကြောင်း နားမလည်သေးတဲ့ အရွယ်ဖြစ်တာကြောင့် ပြတ်ပြတ်သားသားပင် ပြန်ဖြေလိုက်သည်။
"ဒါပေါ့ သခင်မလေးရဲ့၊ သခင်မလေးက ပြန်တိုက်ခိုက်ရမှာပေါ့"
"ဟုတ်တယ်"
ပြန်တိုက်ခိုက်ရမယ်—သူမ သေချာပေါက် ပြန်တိုက်ခိုက်ရလိမ့်မယ်။
အရင်ဘဝက စုကျန်းအပေါ် ထားရှိတဲ့ သံယောဇဉ်ကြောင့်သာ စုမိသားစုဝင် အားလုံး၏ အလိုကို လိုက်နိုင်ရန် သူမကိုယ်သူမ ပင်ပန်းနွမ်းနယ်အောင် ကြိုးစားခဲ့ရသည်။
သူမအပေါ် အမြဲတမ်း အထင်သေးခဲ့တဲ့ စုချင်းလို ညီအစ်မမျိုးကိုတောင် သူမ အလွန်အမင်း ရိုသေပြခဲ့ဖူးသည်။ သို့သော် အပြန်အလှန်အားဖြင့် သူမ ရရှိခဲ့တာက မဟုတ်မမှန် စွပ်စွဲမှုများနှင့် ကောက်ကျစ်တဲ့ အကြံအစည်များသာ ဖြစ်သည်။
ဒုတိယအကြိမ် အခွင့်အရေး ရလာတဲ့ အခုဘဝမှာတော့ သူမက အဲ့လိုမျိုး မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးထဲသို့ အကျခံတော့မှာ မဟုတ်ပေ။
ဒါ့အပြင် သူမအတွက် တရားမျှတမှု ရှာပေးဖို့လည်း စုကျန်းကို ဘယ်တော့မှ အသနားခံတော့မှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ်... သူ့မျက်လုံးထဲမှာတော့ စုချင်းက သူ့ညီမအရင်း ဖြစ်နေပြီး သူမကတော့ သူစိမ်းတစ်ယောက်ပဲ မဟုတ်လား။
"အိမ်ထဲမှာပဲ အေးအေးဆေးဆေး နေတတ်တဲ့ အားချင်းလို နူးညံ့တဲ့ မိန်းကလေးက မင်းကို ဆေးခတ်ပါ့မလား?"
"ရွှယ်နင်... မင်းလိမ်ချင်ရင်လည်း အကန့်အသတ် ရှိပါစေဦး!"
"မင်းက အရင်ကတည်းက အကျင့်မကောင်းခဲ့တဲ့သူပဲ။ သဘောထားနုနယ်ပြီး ဖြူစင်တဲ့ အားချင်းနဲ့ မင်းနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ?"
အရင်ဘဝက ထိုအမျိုးသား ပြောခဲ့တဲ့ အေးစက်လှောင်ပြောင်သည့် စကားလုံးများက သူမရဲ့ မှတ်ဉာဏ်ထဲမှာ အခုထိ စွဲထင်နေဆဲပင်။ စကားလုံးတိုင်း၊ ဝါကျတိုင်းက အသွားထက်တဲ့ ဓားတစ်စင်းလိုမျိုး သူမ၏ နှလုံးသားကို ထိုးစိုက်ခဲ့သည်။
ရွှယ်နင်သည် မျက်လုံးများကို စုံမှိတ်ထားလိုက်ကာ ဝဲတက်လာသည့် မျက်ရည်များကို အတင်းပြန်ထိန်းလိုက်သည်။
"ခဏလေးပဲ ထပ်စောင့်ပါဦး—"
သူမရဲ့စိတ်နေစိတ်ထားက ဘယ်လောက်ပဲ နူးညံ့နေပါစေ၊ ခံခဲ့ရသမျှ နာကျင်မှုတိုင်းကို တစ်ခုမကျန် ပြန်လည် ပေးဆပ်စေရမယ်။
ညဉ့်နက်ပိုင်း ရောက်သောအခါ-
ရွှယ်နင်သည် ရွှယ်ဇနီးမောင်နှံ၏ ကမ္ပည်းပြားများရှေ့တွင် ဒူးထောက်နေဆဲပင်။
အထိန်းတော်ဟောက်သည် သူမဆီသို့ အကြိမ်ကြိမ် လာရောက်ကြည့်ရှုပြီး အခန်းထဲပြန်ကာ စောစောနားရန် တိုက်တွန်းနေသည်။
ရွှယ်နင်က ခေါင်းမာစွာဖြင့် ငြင်းဆန်နေခဲ့၏။
အထိန်းတော်ဟောက်က သူမရဲ့ အိုမင်းနေတဲ့ မျက်ဝန်းများကို အသာလေး မှေးလိုက်ရင်း -
"ဒါဆိုရင်လည်း အစေခံကြီးက သခင်မလေးနဲ့အတူ ဒီမှာပဲ စောင့်ပေးပါ့မယ်"
ရွှယ်နင်က "အင်း" ဟုသာ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်ပြီး သူမ၏ မိဘများနှင့် အစ်ကိုဖြစ်သူ၏ ကမ္ပည်းပြားများကိုသာ ဆက်လက်စောင့်ကြပ်နေခဲ့သည်။
အာရုဏ်ဦး၏ ခပ်ဖျော့ဖျော့ အလင်းတန်းများ ကောင်းကင်ယံတွင် ပေါ်ထွက်လာသည့်တိုင်အောင် ဘေးဆောင်အတွင်း၌ ချိတ်ဆွဲထားတဲ့ မငြိမ်းနိုင်သော ဆီမီးအိမ်များသည် ဘာအနှောင့်အယှက်မှမရှိဘဲ တည်ငြိမ်စွာ လောင်ကျွမ်းနေဆဲပင်။
ဘုရားကျောင်း၏ နံနက်ခင်း ခေါင်းလောင်းသံင ဝေးကွာတဲ့နေရာကနေ ပဲ့တင်ထပ်လာပြီး ကိုရင်လေးများမှာလည်း ကျောင်းဝင်းအတွင်း တိတ်ဆိတ်စွာ လှုပ်ရှားလာကြသည်။
အရင်ဘဝကလို ကြီးမားတဲ့ မီးလောင်မှုကြီးက အခုတစ်ကြိမ်တွင်တော့ မဖြစ်ပွားခဲ့ချေ။
မပျက်မစီးဘဲ တည်ရှိနေတဲ့ မိဘများနှင့် အစ်ကိုဖြစ်သူ၏ ကမ္ပည်းပြားများကို ကြည့်ရင်း ရွှယ်နင်သည် နောက်ဆုံးမှ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
သူမသည် ပေါင်ချန်၏ လက်မောင်းကို အားပြုကာ ထရပ်ရန် ကြိုးစားလိုက်သော်လည်း၊ တစ်ညလုံး ဒူးထောက်ထားခဲ့သဖြင့် ထုံကျင်နေတဲ့ ခြေထောက်များမှာ အနည်းငယ် တုန်ရီနေသည်။
အဲ့ဒါကို မြင်တဲ့အခါ အထိန်းတော်ဟောက်လည်း ကူညီရန် အမြန်တိုးကပ်လာတော့သည်။ ရွှယ်နင်က သူမကို အသာအယာ အကဲခတ်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“အထိန်းတော်ဟောက်... ကျွန်မ ဒီနေ့ တကယ်ကို ပင်ပန်းနေပြီ။ တုန်းကျင်းကို ပြန်ဖို့အတွက် ကျောင်းတော်မှာ နောက်ထပ် နာရီဝက်လောက် နားရဦးမယ်ထင်တယ်။ ဒါကြောင့် နောက်ထပ် နာရီဝက်လောက် စောင့်ပေးဖို့ အဘွားကို အားနာပေမဲ့ အကူအညီတောင်းပါရစေ”
ရွှယ်နင်သည် အစေခံများအပေါ် အမြဲတမ်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သူဖြစ်တာကြောင့် အခြားအစေခံများက သူမ၏ ထိုအချက်ကို အခွင့်ကောင်းယူတတ်ကြသော်လည်း အထိန်းတော်ဟောက်ကတော့ ထိုသို့မဟုတ်ပေ။ သူမက ပြုံးလျက် ပြန်ဖြေလိုက်သည်။
“သခင်မလေးရဲ့ ကျန်းမာရေးက အဓိကပါပဲ။ အစေခံကြီး စောင့်နေပါ့မယ်”
ရွှယ်နင်က ခေါင်းညိတ်ပြလိုက်ပြီး ပေါင်ချန်နှင့် အထိန်းတော်ဟောက်တို့၏ တွဲကူမှုဖြင့် တရားထိုင်ဆောင်ဆီသို့ ပြန်လာခဲ့သည်။
ထို့နောက် သူမက အရမ်းပင်ပန်းနေပြီဟု ဆိုကာ အပြင်ဝတ်ရုံကို ချွတ်၍ အနားယူရန် အိပ်ရာပေါ်တွင် လှဲလိုက်တော့သည်။
သူမ အိပ်မပျော်မီမှာပင် အထိန်းတော်ဟောက်က ရေနွေးတစ်ခွက် ယူလာပေးပြီး ရွှယ်နင် သောက်နိုင်ရန် ကူညီပေးသည်။
ရွှယ်နင်က ရေကို ခပ်ငုံငုံလေး တစ်ငုံသာ သောက်လိုက်သည်။ ထိုအခါမှ အထိန်းတော်ဟောက်က ပြုံးသွားသည်။
"ဒါဆိုရင် ကောင်းကောင်းအနားယူလိုက်ပါဦး သခင်မလေး။ အစေခံကြီး အပြင်ခန်းမှာပဲ စောင့်နေပါ့မယ်”
ရွှယ်နင်က သူမကို အရင်ထွက်သွားရန် လက်တစ်ချက် ဝေ့ယမ်း၍ အချက်ပြလိုက်သည်။