အခန်း ၁၉
Vol. 2 Ch. 19
အခန်း (၁၉)- မမျှော်လင့်ထားတဲ့ အဖြစ်အပျက် အပြောင်းအလဲ
အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက်တွင် ချောင်ကျင်သည် အတော်လေး အလျင်စလိုဖြင့် ရောက်ရှိလာသည်။ အထိန်းတော်ဟောက်ကို မြင်တာနှင့် သူက ပါးစပ်မစိအောင် ပြုံးကာ မေးတော့သည်။
"ဘယ်မှာလဲ? သူ(မ) ဘယ်မှာလဲ?"
အထိန်းတော်ဟောက်၏ မျက်နှာ ပျက်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ ဘယ်သူမှမရှိတာကို သေချာမှ စိတ်မရှည်ဖြစ်နေတဲ့ ထိုအမျိုးသားကို အမြန်ဆွဲကာ သတိပေးလိုက်ရသည်။
"အထဲမှာ အိပ်နေတာက ရွှမ်းယီနယ်စားမင်းရဲ့ သမီးပဲ၊ ရှီဇီ.. အသံကို လျှော့ပါဦး၊ ဆူဆူညံညံတွေ မလုပ်ပါနဲ့"
"ဆူညံအောင် မလုပ်ရင် ငါတို့နှစ်ယောက် အတူအိပ်ခဲ့တယ်ဆိုတာကို အပြင်လူတွေ ဘယ်လိုလုပ် သိမှာလဲ?"
ချောင်ကျင်က မကျေမနပ်ဖြင့် ပြန်ပြောကာ လျှာဖြင့် နှုတ်ခမ်းကို သပ်ရင်း စိတ်အားထက်သန်နေတော့သည်။
"မင်းရဲ့ သခင်မလေး ဒီနေ့ ကောင်းကင်ဘုံကို ရောက်သွားသလို ခံစားရစေဖို့ ငါ သေချာလုပ်ပေးမှာပါ။ နင့်လို အဘွားကြီးက ငါ့ကို သတိပေးနေစရာ မလိုဘူး၊ ဒီသခင်လေး ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်"
အထိန်းတော်ဟောက်က စိတ်ထဲမှနေ၍ မျက်လုံးလှန်လိုက်မိသည်။
"ရှီဇီ... သူ(မ)ကို သေအောင်တော့ မလုပ်ပါနဲ့ဦး"
ရွှယ်နင်၏ ဖြူဖွေးနုနယ်တဲ့ အသားအရေကို တွေးမိသည်နှင့် ချောင်ကျင် ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားသည်။ သူ့မျက်ဝန်းထဲတွင် ရမ္မက်ခိုးများ လျှံတက်လာသည်။
"စိတ်မပူပါနဲ့၊ ငါ သူ(မ)ကို မသတ်ပါဘူး။ သူ(မ)ကို ငါ့မိန်းမအဖြစ် လက်ထပ်ယူဖို့အထိတောင် စောင့်နေတာ!"
အထိန်းတော်ဟောက် တားမရသည့်အဆုံး တုန်တုန်ရီရီဖြင့် လွှတ်ပေးလိုက်ရတော့သည်။
ချောင်ကျင်သည် ခြေလှမ်းအနည်းငယ်ဖြင့်ပင် တရားထိုင်ဆောင် တံခါးဝသို့ ရောက်သွားကာ မျက်မှောင်ကြုတ်လျက် အနံ့ကို အားပါးတရ ရှူရှိုက်လိုက်သည်။
လေထုထဲတွင် မိန်းကလေးငယ်တစ်ဦး၏ နုပျိုချိုသာတဲ့ ရနံ့များ ပြည့်နှက်နေသလို သူ ခံစားလိုက်ရ၏။
ရွှယ်နင်က ဘယ်လောက်အထိ လှပပြီး မွှေးပျံ့လဲဆိုတာကို သူ ကောင်းကောင်းသိတယ်။ သူမအနားကနေ ဖြတ်လျှောက်ရုံမျှဖြင့်ပင် စိတ်ကို မူးယစ်စေကာ ထိုရနုံ့က ဝိညာဉ်ထဲအထိ စိမ့်ဝင်သွားစေခဲ့တယ် မဟုတ်လား။
နှမြောစရာကောင်းတာက ရွှမ်းယီနယ်စားမင်းအိမ်တော်ရှိ သခင်မရဲ့ မွေးနေ့ပွဲတုန်းက အဲ့လိုမျိုး နုနယ်ချောမောတဲ့ အလှနတ်သမီးလေးကို အဝေးမှသာ ငေးကြည့်ခဲ့ရပြီး ထိတွေ့ခွင့် မရခဲ့ခြင်းပင်...
ဒါပေမဲ့ ဒီနေ့တော့ ရွှယ်နင်နှင့် သူ့ကို ဖူးစာဆုံစေချင်တဲ့ သူ့ရဲ့ ဝမ်းကွဲညီမလေးက ဒီပြီးပြည့်စုံတဲ့ အခွင့်အရေးကို ဖန်တီးပေးခဲ့ပြီ။ သဘာဝကျစွာပဲ သူက ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပေ။
မကြာခင်မှာပဲ ရွှယ်နင်က သူ ဘယ်လောက်အထိ စွမ်းဆောင်နိုင်တဲ့သူဖြစ်ကြောင်း နားလည်သွားစေရမယ်။
ဤသို့ တွေးတောရင်း ချောင်ကျင်သည် ရွှယ်နင်ရှိရာ အခန်းတံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။
အခန်းထဲရှိ ဖယောင်းတိုင်များမှာ ငြိမ်းသတ်ပြီးသား ဖြစ်နေသည်။ အရုဏ်ဦးအလင်းတန်း မပေါ်သေးသော်လည်း ပွင့်ဟနေတဲ့ ပြတင်းပေါက်မှတစ်ဆင့် နှင်းမှုန်အချို့က တိုးဝင်နေ၏။ တရားထိုင်ဆောင်မှာ သိပ်သည်းလှသည့် သစ်တောများဖြင့် ဝန်းရံထားသဖြင့် အခန်းတွင်းမှာ မှောင်မည်းကာ အရိပ်များဖြင့် ပြည့်နှက်နေသည်။
သူက အိပ်ရာဆီသို့ စမ်းတဝါးဝါးဖြင့် သွားကာ သူ့ရဲ့ လက်ကြီးဖြင့် နူးညံ့တဲ့ စောင်ကို ထိလိုက်မိသည့်အခါ ရွှယ်နင်၏ စွဲမက်ဖွယ် ရနံ့များက သူ့ကို လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။
"သခင်မလေးရွှယ်... မင်းဆီက အနံ့က တကယ့်ကို နတ်သုဒ္ဓါလိုပဲ..."
"ဒီသခင်လေးက မင်းကို ပြုစုဖို့ ရောက်လာပြီနော်။ စိတ်မပူနဲ့... မင်း သက်တောင့်သက်သာ ဖြစ်စေရမယ်"
သူ့မျက်လုံးများ တောက်ပလာပြီး တံတွေးကို မြိုချကာ စောင်အောက်သို့ လက်ကို အသာလျှိုသွင်းလိုက်သည်။
"ဟင်?"
နုနယ်တဲ့ မိန်းကလေးရဲ့ ခန္ဓာကိုယ်အစား သူ ထိတွေ့လိုက်မိတာက မာကြောပြီး လှုပ်ရှားမှုမရှိတဲ့ အရာတစ်ခုသာ ဖြစ်နေသည်။
သူ ဘာဖြစ်တာလဲဟု မစဉ်းစားနိုင်ခင်မှာပင် ပြတင်းပေါက်အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ စူးရှတဲ့ အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ကယ်ကြပါဦး! သူခိုးကို ဖမ်းကြပါဦး!"
"တစ်ယောက်ယောက်က တရားထိုင်ဆောင်ထဲကို ဖောက်ထွင်းပြီး ခိုးဖို့ ကြိုးစားနေတယ်!"
"မြန်မြန်လာကြပါဦး! လူတစ်ယောက် ရှိနေတယ်!"
ထိုအမျိုးသမီး၏ အော်ဟစ်သံကြောင့် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဘုရားကျောင်းဝန်းတစ်ခုလုံး ရုတ်တရက်ပင် ဆူညံပွက်လောရိုက်သွားတော့သည်။
အထိန်းတော်ဟောက်၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများက လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်သွားသည်။ သူမ အလန့်တကြား ထရပ်လိုက်သော်လည်း တံခါးကိုတွန်းဖွင့်၍ အပြင် မထွက်ခင်မှာပင် ခါးတွင် ဓားရှည်များ ချိတ်ဆွဲထားသည့် စစ်သည်များက သူမ ရှေ့မှနေ၍ တရားထိုင်ဆောင်အတွင်းသို့ ပြေးဝင်သွားကြတာကို မြင်လိုက်ရသည်။ သူတို့င ကြောက်လန့်တုန်ရီနေတဲ့ ချောင်ကျင်ကို အပြင်သို့ ဆွဲထုတ်လာကြ၏။
ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေများကြောင့် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူမ သိလိုက်သည်။ သူမက ခန္ဓာကိုယ်ကိုလှည့်၍ ပုန်းကွယ်ရန် ကြိုးစားလိုက်၏။
သို့သော် သူမ လှည့်ကြည့်လိုက်တဲ့အခါတွင် ရွှယ်နင်က တရားထိုင်ဆောင် အပြင်ဘက်မှနေ၍ ဝင်းအတွင်းသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာတာကို တွေ့လိုက်ရသည်။
အထိန်းတော်ဟောက်၏ မျက်နှာမှာ ချက်ချင်းပင် သွေးမရှိသလို ဖြူဖျော့သွားကာ စကားများပင် ထစ်ကုန်တော့သည်။
"သ... သခင်မလေး... ဘာလို့ အပြင်မှာ ရောက်နေတာလဲ?"
ရွှယ်နင်၏ မျက်နှာထားက တင်းမာနေပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"အထိန်းတော်ဟောက်... အဘွား ဘယ်လိုများ တံခါးစောင့်နေတာလဲ? ကျွန်မ ခြံဝင်းထဲကို သူခိုးဝင်လာတာတောင် ဘာလို့ တစ်ချက်မှ မသိရတာလဲ?"
အရာရှိများ၏ ဖမ်းဆီးခြင်းကို ခံထားရတဲ့ ချောင်ကျင်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"ငါက ကျိချင်းနယ်စားမင်းအိမ်တော်က သခင်လေးပဲ! ငါက သူခိုးမဟုတ်ဘူး!"
ရွှယ်နင်က သူမရဲ့ ဖြူဖွေးပြီး နုနယ်တဲ့ မျက်နှာလေးကို မော့လိုက်ကာ -
"ရှင်က သူခိုးမဟုတ်ဘူးဆိုရင်... ဘာလို့ ငါ့ရဲ့ တရားထိုင်ဆောင်ထဲကို ခိုးဝင်ရတာလဲ?"
ချောင်ကျင် ဆွံ့အသွားပြီး ရွှယ်နင်၏ လှပနုနယ်တဲ့ မျက်နှာလေးနှင့် ဆုံမိသည့်အခါ မျက်နှာမှာ နီမြန်းလာတော့သည် -
"ဒီသခင်လေးက... အဲဒါက..."
သူက အချိန်အတော်ကြာအောင် စကားများ ထစ်နေသော်လည်း ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုမှ မပေးနိုင်ခဲ့ချေ။
ဘုရားကျောင်းတွင် တစ်ညအိပ် တည်းခိုနေကြသည့် မှူးမတ်မျိုးနွယ်များ အပါအဝင် ကြည့်ရှုသူ လူအုပ်ကြီးမှာ ပို၍ များပြားလာသည်။
သူ့ရဲ့ယုတ်မာတဲ့ ရည်ရွယ်ချက်အမှန်ကို သူ ထုတ်ပြောရဲမှာ မဟုတ်ကြောင်း ရွှယ်နင် ကြိုတင်တွက်ဆထားပြီးသားဖြစ်ရာ၊ သူမက သူ့ကို အလွယ်တကူ လွှတ်ပေးရန် အစီအစဉ်မရှိပေ။ သူမက ချောင်ကျင်၏ လက်ထဲတွင် ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ ကျောက်စိမ်းလက်ကောက်ကို ဆွဲယူလိုက်ပြီး ရွှမ်ယင်းကိုယ်ရံတော် တပ်မှူးထံသို့ ကမ်းပေးလိုက်သည်။
"အရာရှိမင်း... ဒါက သခင်လေးချောင် လိုချင်တပ်မက်နေတဲ့ အရာပါ။ ဒါက ရွှမ်းယီနယ်စားမင်းကတော်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခုပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နယ်စားမင်းအိမ်တော်မှာ ကျင်းပတဲ့ မွေးနေ့ပွဲကို ချောင်ကျင် လာတုန်းက ဒီလက်ကောက်ကို သူ မျက်စိကျသွားခဲ့တာ။ အခုတော့ ဒါကို ခိုးယူဖို့အတွက် ကျန့်ကော်ဘုရားကျောင်းအထိ ကျွန်မ နောက်ကို လိုက်လာလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး။ အကယ်၍ အရာရှိမင်းက မယုံဘူးဆိုရင် ဒီလက်ကောက်ကို နယ်စားမင်းကတော် သခင်မကျန်းနဲ့ ရှီဇီ စုကျန်းတို့ဆီကို ယူသွားပြီး အတည်ပြုနိုင်ပါတယ်"
ကျောက်စိမ်းလက်ကောက် တစ်ကွင်းတည်းနှင့်တော့ ကြီးမားတဲ့ ပြဿနာတစ်ခု မဖြစ်နိုင်ပေ။
သို့သော် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် တရားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်လာသည့် စုကျန်း၏ အမည်ကို ကြားလိုက်ရသည်နှင့် ရှိနေသူအားလုံး၏ မျက်နှာထားမှာ လေးနက်သွားကြတော့သည်။
ရွှမ်ယင်းကိုယ်ရံတော် တပ်မှူးသည် လက်ကောက်ကို တစ်ချက်ကြည့်လိုက်ပြီး ချောင်ကျင်ကို ပို၍ တင်းတင်းကြပ်ကြပ် ဖမ်းဆီးလိုက်ရာ၊ ချောင်ကျင်သည် နာကျင်လွန်းတာကြောင့် အော်ဟစ်မိတော့သည်။
"ငါ မလုပ်ဘူး! ငါ့ကို အခုချက်ချင်းလွှတ်! မဟုတ်ရင် မင်းတို့ နောင်တရစေရမယ်!"
"ကျိချင်းနယ်စားအိမ်တော်က သခင်လေးပဲ..."
ရွှမ်ယင်းကိုယ်ရံတော် တပ်မှူးက နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
"ရွှမ်းယီနယ်စားမင်းအိမ်တော်က ပစ္စည်းကို ခိုးယူတာကို မင်းက ဝန်မခံဘူးဆိုမှတော့၊ မင်းရဲ့အဖေကို ချက်ချင်းခေါ်ပြီး မင်းကိုယ်စား လာဖြေရှင်းခိုင်းရမှာပေါ့"
"မလုပ်နဲ့!"
ချောင်ကျင် အလန့်တကြား အော်ဟစ်လိုက်သည်။
ချောင်ကျင်သည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာက ဖြူဖတ်သွားတော့သည်။
နယ်စားမင်းအိမ်တော်ရှိ တတိယအိမ်တော်ခွဲနှင့် ပူးပေါင်းကာ ယုတ်မာတဲ့ ရည်ရွယ်ချက်များဖြင့် ဤအကြံအစည်ကို ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သူ မဝန်ခံရဲပေ။
ကံကောင်းတာက သူ့အတွက် ကျောက်စိမ်းလက်ကောက်တစ်ကွင်း ခိုးယူတာက ကြီးလေးတဲ့ ပြစ်မှုမဟုတ်ချေ။
တုန်းကျင်းသို့ ပြန်ရောက်သည်နှင့် သူ့အစေခံကို ငွေပေး၍ လွှတ်ပေးရန် စီစဉ်ခိုင်းရုံသာ ဖြစ်၏။
“လက်ကောက်တစ်ကွင်းတည်းပါပဲ။ ငါက မျက်စိကျလို့ ယူလိုက်တယ်ဆိုရင်ရော ဘာဖြစ်လဲ?”
ရွှမ်ယင်းကိုယ်ရံတော် တပ်မှူးက အေးစက်စွာ ရယ်မောလိုက်ပြီး ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
“သူ့ကို ဖမ်းသွားကြ။ မြို့ဝန်မင်းရဲ့ စီရင်ချက်ကို စောင့်ခိုင်းလိုက်!”
ချောင်ကျင်က ကံကြမ္မာကို လက်ခံရန်မှတစ်ပါး အခြားမရှိတော့ဘဲ အထိန်းတော်ဟောက်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
အထိန်းတော်ဟောက်သည် ခေါင်းကိုငုံ့ထားကာ စကားတစ်လုံးမှ မဟရဲပေ။
ထို့နောက် ချောင်ကျင်သည် ရွှယ်နင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး၊ သူ့စိတ်ထဲ၌ ဒေါသများက ပုရွက်ဆိတ်ထောင်ချီ ကိုက်ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။
သူ ရွှယ်နင်အပေါ် စွဲလန်းနေခဲ့တာ ကြာပြီ။ ဒီဘဝမှာ သူမကို အပိုင်ရရမယ်လို့ ကျိန်ဆိုထားတာ။
ဒီနေ့ သူ့အစီအစဉ် အောင်မြင်ခါနီးမှ ရွှယ်နင်နှင့် လက်ကောက်တစ်ကွင်းကြောင့် ပျက်စီးသွားခဲ့ရသည်။
အားနည်းပုံရတဲ့ ဒီမိန်းကလေးက ထင်ထားတာထက် ပိုပါးနပ်နေတယ်။
သူသည် နာကျည်းမှုများဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ဤနေရာရှိ တရားထိုင်ဆောင် အချို့မှာ ရေကန်အနားတွင် ရှိနေပြီး၊ ဘေးတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကြာကန်ကြီးတစ်ခု ရှိသည်။
ရွှမ်ယင်းကိုယ်ရံတော်များက သူ့လက်များကို ကြိုးဖြင့်တုပ်လိုက်ကြသည်။
သူတို့နောက်ကို ခြေလှမ်းအနည်းငယ် လိုက်သွားဟန်ဆောင်ရင်း၊ ချောင်ကျင်သည် ရုတ်တရက် လှည့်ကာ ရွှယ်နင်ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်လိုက်သံ ထွက်ပေါ်လာ၏။
“အား—”
“သခင်မလေး... သတိထားပါ!”
ရုတ်တရက် အခြေအနေ ပြောင်းလဲသွားသဖြင့် လူအုပ်ထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ရွှယ်နင်လည်း လုံးဝ သတိမထားမိလိုက်ပေ။
သူမက ရွှမ်ယင်းကိုယ်ရံတော် တပ်မှူးနှင့် စကားပြောရန်အတွက် ရေကန်ဘောင်အစွန်းတွင် ရပ်နေခြင်းဖြစ်ပြီး ရှောင်တိမ်းရန် အချိန်မရလိုက်တော့ချေ။
ချောင်ကျင်သည် သွားကို တင်းတင်းကြိတ်ကာ ရွှယ်နင်ကို အရှိန်ဖြင့် ဝင်တိုက်လိုက်တဲ့အခါ၊ သူမ ကြာကန်ထဲသို့ လွင့်စင်ကျသွားသည်။
ဗြုန်းခနဲ ရေကျသံနှင့်အတူ ရွှယ်နင်သည် အရိုးထဲထိ အေးစိမ့်တဲ့ ရေအေးများက အရပ်မျက်နှာအားလုံးမှ စီးဝင်လာပြီး၊ ပါးစပ်နှင့် နှာခေါင်းထဲသို့ ရေများ ဝင်သွားတာကို ခံစားလိုက်ရသည်။
သူမက ရေကူး သိပ်မကျွမ်းကျင်ပေ။ ရေကန်က တိမ်ပုံရပေမယ့် အောက်ခြေက ဘယ်လောက်နက်လဲဆိုတာကို မသိနိုင်ချေ။
သူမ ခဏလောက် အသည်းအသန် ရုန်းကန်သော်လည်း၊ ခန္ဓာကိုယ်က အရှိန်ဖြင့် ရေအောက်သို့ နစ်မြုပ်သွားတော့သည်။
ချောင်ကျင်က ကန်ဘောင်ပေါ်တွင် ရပ်လျက် အားရပါးရ ရယ်မောနေသည်။
“ဟားဟားဟား... တစ်ယောက်လောက် ကယ်လိုက်ကြဦး! သခင်မလေးရွှယ် ရေထဲကျသွားပြီ! လူတိုင်း မြန်မြန်လာပြီး ကယ်လိုက်ကြဦး!”
ကမ်းပေါ်ရှိ လူများက တစ်ယောက်ကိုတစ်ယောက် စိုးရိမ်တကြီး ကြည့်နေကြပြီး၊ ကိုရင်လေးများကလည်း ဝါးလုံးများယူရန် အလန့်တကြား ပြေးလွှားနေကြသည်။
လူ့အသက်ကို ကယ်တင်ဖို့က အရေးကြီးပေမယ့် သခင်မလေးရွှယ်က အမျိုးသမီးငယ်တစ်ဦး ဖြစ်နေသည်။
အမျိုးသမီးများက ဆောင်းရာသီရဲ့ အေးစက်တဲ့ ရေထဲသို့ မဆင်းရဲကြသလို၊ အမျိုးသားများကလည်း အလွန်ပင် ဝေခွဲမရ ဖြစ်နေကြသည်။ ရွှမ်းယီနယ်စားမင်းအိမ်တော်က သခင်မလေးရွှယ် ဖြစ်နေတာကို ကြားသိလိုက်ရတဲ့အခါ ဘယ်သူမှ ရှေ့ထွက်မလာရဲကြတော့ပေ။
“ကျေးဇူးပြုပြီး... ကျွန်မတို့ သခင်မလေးကို ကယ်ပေးကြပါဦး!”
“သခင်မလေး—!”