← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀) - လီချန်ချဲ့

ပေါင်ချန်သည် ရင်ကွဲမတတ် ငိုကြွေးနေပြီး သူမရဲ့အသံကလည်း ရှိုက်ကြီးတငင် ငိုယိုလွန်းသဖြင့် အသံပင် ဝင်နေပြီဖြစ်သည်။ရေထဲတွင် ရုန်းကန်နေတဲ့ ပုံရိပ်လေးက ရေမျက်နှာပြင်အောက် တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်သွားတာကို မြင်လိုက်ရတဲ့အခါ၊ သူမ အရမ်း ထိတ်လန့်သွားပြီး ရေထဲကို ကိုယ်တိုင် ခုန်ဆင်းရန်ပင် ပြင်လိုက်တော့သည်။

အဲ့လိုမျိုး အရေးကြုံနေတဲ့ အချိန်မှာပဲ ဘယ်ကမှန်းမသိတဲ့ ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာပြီး သူမရဲ့ ပုခုံးကို လက်တစ်ဖက်ဖြင့် ခိုင်ခိုင်မာမာ ဖိထားလိုက်သည်။

ပေါင်ချန်သည် နီမြန်းနေတဲ့ မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်၏။ ထိုယောကျာ်းရဲ့ ချောမောတဲ့ မျက်နှာကို သဲသဲကွဲကွဲ မမြင်လိုက်ရခင်မှာပင်၊ သူက ရေထဲ တိုက်ရိုက် ခုန်ဆင်းသွားတာကိုသာ တွေ့လိုက်ရသည်။

မကြာခင်မှာပင် ထိုအမျိုးသားက ရေနက်ထဲ နစ်မြုပ်သွားတဲ့ ရွှယ်နင်ကို ပွေ့ချီကာ ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

“အဲဒီလူက ဘယ်သူလဲ...?”

“သခင်မလေးရွှယ်က သူ(မ)ရဲ့ ဂုဏ်သိက္ခာကိုရော ဂရုစိုက်သေးရဲ့လား?”

“ငါသာဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်ကို သူစိမ်းတစ်ယောက် အထိခံရမယ့်အစား သေတာကမှ မြတ်ဦးမယ်”

“ကံကောင်းတာက ဆောင်းတွင်းဝတ်စုံတွေက ထူနေလို့ပဲ—”

သို့သော် ဘယ်လောက်ပဲ ထူထဲသည့် ဝတ်စုံဖြစ်ပါစေ၊ ရေစိုသွားသည့်အခါတွင်တော့ ထိုအမျိုးသမီး၏ နုနယ်လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို အထင်သား ပေါ်လွင်စေတော့သည်။

ရွှယ်နင်သည် နဂိုကတည်းကပင် အတုမရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် အခုလိုမျိုး ကိုယ်လုံးကိုယ်ပေါက် အထင်သား ပေါ်လွင်နေတာဟာ.. မြင်သူတကာအတွက် ရင်သပ်ရှုမောဖွယ် စွဲမက်စရာ ကောင်းလှသည်။

ကမ်းပေါ်တွင် ကြည့်ရှုနေသူများစွာ ရှိ၏။ ထိုအမျိုးသားက ကုန်းပေါ်သို့ ရောက်သည်နှင့် သူချွတ်ထားခဲ့တဲ့ ဝတ်ရုံဖြင့် ရွှယ်နင်ကို တင်းတင်းကြပ်ကြပ် ပတ်ပေးလိုက်သည်။

ပေါင်ချန်က အပြေးအလွှား ရောက်လာသည်။

“သခင်မလေး... သခင်မလေး၊ အဆင်ပြေရဲ့လားဟင်?”

ရွှယ်နင်သည် နွေးထွေးတဲ့ ရင်ခွင်တစ်ခုထဲမှာ ဝေဝေဝါးဝါး လှဲနေမိပြီး၊ အအေးဒဏ်ကြောင့် ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်အောင် တုန်ယင်နေသည်။သူမ၏ သွားများကလည်း အချင်းချင်း ရိုက်ခတ်နေပြီး၊ ထူထဲကာ နက်မှောင်သည့် မျက်တောင်များကို အားယူပင့်မော့လျက် သူမကို ပွေ့ချီထားသူကို ကြည့်လိုက်မိသည်။

အချိန်ခဏလောက် သူမရဲ့အတိတ်ဘဝက လူတစ်ယောက်ကို မြင်လိုက်ရတယ်လို့ ထင်မှတ်သွားမိ၏။

“အသက်ရှူလို့ ရသေးရဲ့လား?”

ထိုအမျိုးသားရဲ့ အသံက နားဝင်ချိုပြီး သူက နူးညံ့စွာ ပြုံးပြနေသည်။

သူ့ရဲ့ကြီးမားတဲ့ လက်များက နဂိုတုန်းက သူမ၏ ရင်ဘတ်ကို ဖိညှစ်၍ ဗိုက်ထဲမှ ရေများကို ထွက်လာအောင် လုပ်ရန် ရည်ရွယ်ထားပုံရသော်လည်း၊

ခဏလောက် စဉ်းစားပြီးနောက် သူမရဲ့ ပါးလေးကိုပဲ အသာလေး ဆွဲညှစ်လိုက်သည်။

ရွှယ်နင်သည် ဖြူလျော်နေတဲ့ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး ဘေးဘက်သို့ ရေများ ပြန်အန်ထုတ်လိုက်၏။ သတိပြန်ဝင်လာသည့်အခါတွင်တော့ သူမကို ကယ်တင်ခဲ့တဲ့ အမျိုးသားကို ကြောင်စီစီဖြင့် ငေးကြည့်နေမိသည်။

သူက သဘာဝအတိုင်း ချောမောပြေပြစ်တဲ့ မျက်နှာထားကို ပိုင်ဆိုင်ထားသည်။မျက်ခုံးရိုးင မြင့်ပြီး မျက်ဝန်းများက နက်ရှိုင်းကာ၊ ရှည်လျားသည့် မျက်ခုံးတန်းများမှာ နားထင်ဘက်သို့ ဦးတည်နေ၏။

မေးရိုးက ပြေပြစ်ပြီး နှာတံက ပေါ်လွင်ဖြောင့်စင်းနေကာ၊ နှုတ်ခမ်းများကလည်း စိုပြည် ပြည့်ဖြိုးသည်။

သူ၏ နက်မှောင်တဲ့ ဆံပင်အဖျားများမှ ရေစက်များ တဖျတ်ဖျတ် ကျနေပြီး သူမရဲ့ ဖြူဖျော့နေသည့် လက်ကလေးများပေါ်သို့ တစ်စက်ချင်းစီ ကျဆင်းနေသည်။

ဒီလောက်အထိ အေးစက်တဲ့ ရာသီဥတုမှာ ထိုရေစက်လေးများက ထူးထူးခြားခြား နွေးထွေးနေသလို ခံစားရသည်။

“သခင်မလေးက ငါ့ရဲ့ မျက်နှာချောချောကို ကြည့်ပြီး ငေးနေလိုက်တာ သတိတောင် လွတ်သွားတာလား?”

ထိုအမျိုးသားက နောက်ပြောင်ကျီစယ်သည့် အပြုံးဖြင့် ပြောလိုက်တဲ့အခါ အနည်းငယ် ပင့်တက်နေတဲ့ သူ့နှုတ်ခမ်းထောင့်များတွင် လူဆိုးတစ်ယောက်ကဲ့သို့ အပြုံးမျိုး ပေါ်လွင်နေသည်။

ထိုအရာက ပန်းချီကားတစ်ချပ်လိုမျိုး လှပလွန်းတဲ့ သူ့မျက်နှာကို ပို၍ သက်ဝင်လှုပ်ရှားစေသည်။

“ကျွန်မ... အဲလို မဟုတ်—”

“သခင်မလေး အဆင်ပြေသွားပြီဆိုရင်တော့... လာဦး ကောင်မလေး၊ နင့်သခင်မလေးကို ကူညီပေးလိုက်ဦး”

ထိုအမျိုးသားသည် သူမကို လွှတ်ပေးလိုက်ပြီး သွက်သွက်လက်လက်ပင် မတ်တပ်ထရပ်လိုက်သည်။

ရေများ စိုရွှဲနေတာကြောင့် သူ့ရဲ့ မြင့်မားပြီး တောင့်တင်းသည့် ကိုယ်လုံးကိုယ်ပေါက်က သိသာထင်ရှားစွာ ပေါ်လွင်နေသည်။သူ့ရဲ့ ထူးခြားတဲ့ မျက်နှာထားနှင့် ပေါင်းစပ်လိုက်သည့်အခါ ထိုသူက ပတ်ဝန်းကျင်ရှိ မိန်းကလေးငယ်များစွာကို တိတ်တဆိတ် ရှက်သွေးဖြာသွားစေခဲ့သည်။

မိန်းကလေးအတော်များများက သူရှိရာဘက်ကို ခိုးကြည့်နေကြပေမယ့် ထိုအမျိုးသားကတော့ ရိုးရိုးရှင်းရှင်း အပြာရောင် ပိတ်ဝတ်ရုံကို ဝတ်ဆင်ထားကာ မတ်တပ်ရပ်နေပုံမှာ ဖြောင့်စင်းပြီး တည်ငြိမ်အေးစက်တဲ့အတွက် မည်သည့် မသင့်လျော်သည့် အမူအရာမျှ မရှိပေ။

ရွှယ်နင်သည် မျက်တောင်ခတ်ရင်း နှင်းမြူများကြားမှ သူ့မျက်နှာကို သဲသဲကွဲကွဲမြင်ရအောင် ကြည့်လိုက်တဲ့အခါ သူမရဲ့ ဦးနှောက်ထဲ ခဏ‌လောက် ဗလာဖြစ်သွားသည်။

ထို့နောက် သူမရဲ့ မျက်ဝန်းများ ပူနွေးလာကာ အလျင်အမြန်ပင် မေးလိုက်မိသည်။

"ရှင်... ရှင်လား?"

အရင်ဘဝတုန်းက ယုံကျိုးပြည်နယ်၊ ဆွေယဲ့မြစ်ထဲကနေ သူမကို ကယ်တင်ခဲ့ဖူးတဲ့ အဲ့ဒီအမျိုးသား။

သူမကို ကယ်တင်ပြီးနောက် ဆေးခန်းကို ပွေ့ချီသွားပေးခဲ့သူမှာလည်း သူပင်။

သူက သူမရဲ့ ဝတ်စုံများကို လဲလှယ်ပေးခဲ့ပြီး၊ ဆေးဝယ်ပေးခဲ့သည့်အပြင် စားစရာများစွာကိုလည်း ဝယ်ကျွေးခဲ့ဖူးသည်။

ယုံကျိုးရှိ အိမ်ဟောင်းသို့ ရောက်ရှိလာပြီးနောက်ပိုင်း ထိုမျှလောက် အရသာရှိပြီး ဗိုက်ဝစေမည့် အစားအစာမျိုးကို သူမ ပထမဆုံးအကြိမ် စားခဲ့ရခြင်းဖြစ်သည်။

သူမက ငိုရင်းစားနေစဉ် ထိုအမျိုးသားက သူမရဲ့ခေါင်းကို အသာအယာ ပုတ်ပေးကာ၊ နောင်မှာ တစ်ခုခုစားချင်ရင် သူ့ကိုပြောဖို့၊ သူ့မှာ ငွေရှိသရွေ့ သူမရဲ့ဆန္ဒများကို အကန့်အသတ်မရှိ ဖြည့်ဆည်းပေးမယ်လို့ ပြောခဲ့ဖူးသည်။

ထိုအမျိုးသားသည် သူ့ရဲ့ အပြာနုရောင် အင်္ကျီလက်ကို ပြင်နေတဲ့ လက်ကြီးများက ခဏလောက် ရပ်တန့်သွားပြီးမှ ပြန်လှည့်ကြည့်လာသည်။

"သခင်မလေးက ကျွန်တော့်ကို သိလို့လား?"

ရွှယ်နင်ရဲ့ မျက်ဝန်းများက နီမြန်းနေပြီး မျက်တောင်ဖျားတွင် မျက်ရည်များ ဝဲကာ သူ့ကို စိုက်ကြည့်နေမိသည်။ ထို့နောက် ပြုံးရင်းနှင့်ပင် ခေါင်းခါပြလိုက်သည်။

"လူကြီးမင်းက မြင်ဖူးသလိုလို ရှိနေလို့ပါ... ဒါပေမဲ့ ရှင့်နာမည်ကိုတော့ ကျွန်မ မသိပါဘူး"

အမှန်တကယ်လည်း အရင်ဘဝက ဆုံတွေ့ခဲ့ဖူးပေမယ့် သူမက သူ့နာမည် ဒါမှမဟုတ် သူ ဘယ်ကလာလဲဆိုတာကို အခုထိ မသိခဲ့ပေ။

ဘာကြောင့်လဲဆိုတော့ ထိုအချိန်က အိမ်တော်ဟောင်းကနေ သူမ ထပ်ပြီး ထွက်ပြေးခွင့် မရခဲ့သလို၊ သူ့ကိုလည်း ထပ်မတွေ့ခဲ့ရဘဲ နာမည်မသိတဲ့ ယောကျာ်းတစ်ယောက်အကြောင်းကို စုံစမ်းရန်လည်း နည်းလမ်းမရှိခဲ့တာကြောင့် ဖြစ်သည်။

နှင်းပွင့်လေးများက ထိုအမျိုးသား၏ စနစ်တကျ စည်းနှောင်ထားသည့် ဆံပင်များပေါ်တွင် ကျဆင်းနေသည်။

သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ထိုအပြုံးက ယဉ်ကျေးသိမ်မွေ့ကာ သန့်စင်လွန်းတာကြောင့် နှင်းထဲမှာ ရပ်နေတဲ့ သူက ကျောက်စိမ်းဖြင့် ထုဆစ်ထားသည့် အလှတရားတစ်ခုအတိုင်း နူးညံ့ပြီး အပြစ်ပြောစရာ မရှိပေ။

ရွှယ်နင်က သူ ထပ်မံထွက်ခွာသွားမှာကို စိုးရိမ်သဖြင့် မြေပြင်ပေါ်မှ အားယူကာ အမြန်ထရပ်လိုက်သည်။

သူမက သူ့အင်္ကျီလက်ကို ဆွဲထားချင်သော်လည်း မဝံ့မရဲ ဖြစ်နေမိသည်။

သူမက သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ဂရုတစိုက် ကြည့်နေရင်း မေးလိုက်၏။

"လူကြီးမင်းရဲ့ နာမည်ကို သိခွင့်ရှိမလား?"

ထိုအမျိုးသားရဲ့ အကြည့်က ကြည့်ရှုနေသူများကို တစ်ချက်ဝေ့ကြည့်ပြီးနောက်၊ သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေတဲ့ မိန်းကလေးငယ်ထံသို့ ပြန်ရောက်လာသည်။

သူက နူးညံ့စွာ ပြုံးလိုက်ပြီး သူ့ရဲ့ ကြည်လင်တဲ့ အသံက ဘဝနှစ်ခုလုံး၏ အချိန်မြစ်ပြင်ကို ဖြတ်သန်းလာသကဲ့သို့ ခံစားလိုက်ရသည်။

"လီချန်ချဲ့"

သူ့နာမည်ကို ကြားလိုက်ရတဲ့အခါ ရွှယ်နင်၏ မျက်ဝန်းများ အနည်းငယ် ပြူးကျယ်သွားသည်။

လီချန်ချဲ့?

သူက လီချန်ချဲ့လား?

နောင်တစ်ချိန်မှာ စုကျန်းနဲ့တောင် ယှဉ်နိုင်လောက်သည့် ပညာရှိကြီးဖြစ်လာမယ့်သူ၊ ပြည်သူတွေရဲ့ မျက်လုံးထဲမှာ ကြည်လင်တဲ့ မိုးကောင်းကင်အတိုင်း အားကိုးထိုက်တဲ့ "အမတ်မင်းလီ" ဆိုတာ သူလား?

လီချန်ချဲ့သည် လူအများ၏ အာရုံစိုက်မှုကို ခံယူလိုစိတ် မရှိပေ။ သူမကို ကယ်တင်ပြီးနောက်တွင်လည်း ဒီလှပတဲ့ မိန်းကလေးငယ်အတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် သူမကို တစ်ချက်ကြည့်ကာ လက်သီးဆုပ် နှုတ်ဆက်၍ ထွက်သွားတော့သည်။

ရွှယ်နင်သည် ရွှမ်ယင်းစစ်သည်များက ချောင်ကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လူအုပ်ကြီး လူစုကွဲသွားသည့်တိုင်အောင် ထိုနေရာတွင် ငေးမှိုင်လျက် ကျန်ရစ်ခဲ့သည်။

ထိုအခါမှသာ သူမက ရှုပ်ထွေးပွေလီနေတဲ့ အတွေးစများကို ရုပ်သိမ်းလိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားမှုများဖြင့် ပြုံးလိုက်မိတော့သည်။

သို့သော် သူမ လှည့်ကြည့်လိုက်သည့်အခါတွင် လူအုပ်ကြီး၏ နောက်ကွယ်မှနေ၍ သူမကို စိုက်ကြည့်နေတဲ့ စုကျန်း၏ နက်ရှိုင်းပြီး အေးစက်သည့် ဖီးနစ်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားသည်။

ထိုအမျိုးသား၏ မျက်နှာထားက ဘာခံစားချက်မှ မရှိဘဲ တည်ငြိမ်နေသော်လည်း၊ သူ့အကြည့်များက နက်ရှိုင်းပြီး အေးစက်ထက်ရှတဲ့ အမူအရာဖြင့် သူမကို စေ့စေ့ကြည့်နေ၏။

သူမရဲ့ အသက်ရှူသံများ ရပ်တန့်သွားကာ တစ်ကိုယ်လုံး ရုတ်တရက် တောင့်တင်းသွားပြီး နှုတ်ခမ်းပေါ်က အပြုံးများမှာလည်း ချက်ချင်းပင် တောင့်ခဲသွားတော့သည်။

သူ မနေ့ညကတည်းက တုန်းကျင်းကို ပြန်သွားခဲ့တာ မဟုတ်ဘူးလား?

သူ ဘာလို့ ကျန့်ကော်ဘုရားကျောင်းမှာ ရှိနေသေးတာလဲ?

မနီးမဝေး အကွာအဝေးမှနေ၍ စုကျန်းသည် ရွှယ်နင်ကို အေးစက်စွာ ကြည့်ရင်း သူမရှိရာသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

ရွှယ်နင်သည် ရေထဲကျထားသူဖြစ်တာကြောင့် အခု လေတိုက်နှုန်းကြောင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင် အေးစက်နေပြီဖြစ်သည်။

သူမသည် ဝတ်ရုံကို တင်းတင်းပတ်ထားရင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကာ ရေကန်ဘောင်အနားတွင် မဝံ့မရဲ ရပ်နေပြီး မျက်လွှာကို နှိမ့်ချထားလိုက်သည်။

ဒါပေမဲ့လည်း စုကျန်းက သူမကို ဂရုမစိုက်တာ အမှန်ပဲဖြစ်တယ်လို့ သူမ ပြန်တွေးမိသည်။

သူမ ဘာလို့ စိုးရိမ်နေရမှာလဲ?

ဒီဘဝမှာ သူမက သူ့ရဲ့ စေ့စပ်ထားတဲ့သူ မဟုတ်တော့ဘူး။

သူမက သူနှင့် သွေးမတော်သားမစပ်တဲ့ ညီမငယ်တစ်ယောက်သာ ဖြစ်သည်။

ဒီလို တွေးလိုက်မိသည်နှင့် ရွှယ်နင်သည် ဟန်မပျက်ပင် ပြုံးလိုက်သည်။

“အစ်ကိုကြီး.. အိမ်တော်ကို အခုထိ မပြန်သေးဘူးလား?”

မြေခွေးသားမွှေး ဝတ်ရုံအထူကြီးကို ဝတ်ဆင်ထားသည့် စုကျန်းက ရယ်မောလိုက်သော်လည်း သူ၏မျက်ဝန်းများကတော့ ရယ်မောခြင်းမရှိပေ။

“ငါသာ ပြန်သွားခဲ့ရင် ဒီနေ့ရဲ့ ပြဇာတ်လေးကို ဘယ်လိုလုပ် မြင်ရပါ့မလဲ?”

ရွှယ်နင်ရဲ့ မျက်နှာက ဖြူဖတ်သွားသည်။

“အစ်ကိုကြီး ဘာကို ဆိုလိုတာလဲဆိုတာ အားနင် နားမလည်ဘူး”

စုကျန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူ့ရင်ထဲမှာ မထိန်းချုပ်နိုင်တဲ့ ဒေါသတွေ ဘာလို့ ထွက်ပေါ်နေရတာလဲဆိုတာကို သူကိုယ်တိုင်တောင် ဝေခွဲမရဖြစ်နေ၏။

အဲ့ဒီဒေါသက ချောင်ကျင်ကြောင့်လား ဒါမှမဟုတ် လီချန်ချဲ့ဆိုတဲ့ ယောကျာ်းကြောင့်လား?

သူကိုယ်တိုင်တောင် ရှင်းပြနိုင်စွမ်း မရှိဘူး။

ရွှယ်နင် ရေထဲကျသွားတဲ့ အချိန်ကို မြင်လိုက်ရတုန်းက သူ့နှလုံးသားထဲ စူးခနဲ နာကျင်သွားပြီး ခြေလက်များပင် ထုံကျင်သွားခဲ့တာကိုတော့ သူသိသည်။

သူမရဲ့ အစ်ကိုတစ်ယောက်အနေဖြင့် သူက အပြေးအလွှား သွားရောက်ကယ်တင်ဖို့အတွက် ရည်ရွယ်ခဲ့ပေမယ့် လီချန်ချဲ့ဆိုတဲ့ ထိုလူက သူ့ထက် ပိုလျင်မြန်ခဲ့သည်။

သူက ရွှယ်နင်ကို အမြန်ကယ်တင်ခဲ့တဲ့အပြင် သူမကို မလွှတ်ပေးဘဲ သူ့ရဲ့စုတ်ပြတ်နေတဲ့ ဝတ်ရုံနဲ့တောင် တင်းတင်းပတ်ပေးခဲ့သေးတယ်။

ထို့နောက် ရွှယ်နင်ရဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အပြုံးတစ်ခုကို သူ မြင်လိုက်ရသည်။

သူမက အဲ့ဒီလူကို သိနေပုံရသည်။

စိတ်မသက်မသာဖြစ်နေသည့် စုကျန်းရဲ့ အသံက အနည်းငယ် အက်ရှနေပြီး သူ့ရဲ့ဖီးနစ် မျက်ဝန်းများက ထိုမိန်းကလေးကို စိုက်ကြည့်ရင်း ဒေါသမီးများ တောက်လောင်နေတော့သည်။

“မင်း နားမလည်ဘူးဆိုရင်လည်း ငါ ပိုပြီး ရှင်းအောင် ပြောပြပေးမယ်။ ရွှမ်ယင်းစစ်သည်တွေက ကျောင်းတော်မှာ အချိန်ကြိုပြီး ဘယ်လိုလုပ် ချုံခိုနေနိုင်တာလဲ? အဲဒီအကြောင်းကို အစ်ကိုကြီးက ထပ်ပြီး အကျယ်တဝင့် ရှင်းပြနေဖို့ မလိုတော့ဘူး မဟုတ်လား?”

All Chapters