အခန်း ၂၁
Vol. 3 Ch. 21
အခန်း(၂၁)- သူမရဲ့မျက်ရည်များ
ရွှယ်နင်သည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး အမျိုးသား၏ အေးစက်လှောင်ပြောင်တဲ့ အကြည့်များကို မရင်ဆိုင်ရဲပေ။
ထိုအမျိုးသားက ဒေါသကို အထူးတလည် ပြသစရာမလိုဘဲ အရှိန်အဝါ ကြီးမားသူဖြစ်ပြီး သူ့ဉာဏ်ပညာကလည်း သာမန်လူများထက် လွန်ကဲသည်။
အတွင်းဆောင်ထဲမှာပဲ နေခဲ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ဦးအနေဖြင့် သူမရဲ့ သေးငယ်တဲ့ အကြံအစည်လေးများက သူ့မျက်စိအောက်ကနေ ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ပေ။
ဒီနှစ်မှာ သူမက ကျန့်ကော်ဘုရားကျောင်းကို သူမနှင့်အတူ လိုက်ခဲ့ဖို့အတွက် သူ့ကို တောင်းဆိုဖို့ အစီအစဉ်မရှိခဲ့ပေ။ သို့သော် စုချင်း၏ သူမအပေါ် ရန်လိုတဲ့ အကြံအစည်များက အစစ်အမှန် ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူမက တုန်းကျင်းမြို့ကနေ မထွက်သွားခင် အထိန်းတော်ဟောက်၏ ကွယ်ရာ၌ တရားသူကြီးရုံးသို့ တိတ်တဆိတ် သွားခဲ့သည်။ စုကျန်း၏ အမည်ကို အသုံးပြု၍ တစ်ယောက်ယောက်က သူ့ကို ရန်ပြုရန် ကြံစည်နေကြောင်း သတင်းပေးကာ ကျန့်ကော်ဘုရားကျောင်းတွင် ကြိုတင်ခြုံခိုတိုက်ခိုက်ရန် အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် စုကျန်း၏ နာမည်ဂုဏ်သတင်းက အမှန်တကယ်ပင် ဩဇာညောင်းသည်။
သူမ အရင်ဘဝတုန်းက စုချင်း ခင်းထားတဲ့ ထောင်ချောက်ကို အောင်အောင်မြင်မြင် ရှောင်လွှဲနိုင်ခဲ့ပြီး သူမရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းနိုင်ခဲ့သည်။
“မင်း ငါ့ကွယ်ရာမှာ ဘာတွေလုပ်ခဲ့လို့ ‘ရွှမ်ယင်း’ ကိုယ်ရံတော်တွေကိုတောင် အမိန့်ပေးနိုင်တဲ့အထိ ဖြစ်သွားတာလဲ”
“ရွှယ်နင်... မင်းက တော်တော် သတ္တိကောင်းတာပဲ။ မင်းရဲ့ ကောက်ကျစ်မှုတွေနဲ့ အကြံအစည်တွေကို ငါ အရင်က တကယ်ပဲ အထင်သေးခဲ့မိတာပဲ”
ထိုအမျိုးသားရဲ့အသံက တိုးသော်လည်း မေးခွန်းတိုင်းက ထက်ရှကာ စူးရှလှသည်။ သူ့ရဲ့ကဲ့ရဲ့ရှုံ့ချတဲ့ စကားလုံးများက သူမရဲ့အရင်ဘဝက ခါးသီးတဲ့ အမှတ်ရစရာများနှင့် ထပ်တူကျနေပြီး သူမကို နစ်မွမ်းသွားစေရန် တိုက်ခိုက်နေသည့် မိုးသည်းထန်စွာ ရွာသွန်းမှုကြီးကဲ့သိူ့ ခံစားရစေသည်။
“ဒါပေမဲ့ အဲဒါက ဘာဖြစ်လဲ”
ရွှယ်နင်သည် သူမ၏ လက်ဖဝါးလေးများကို တင်းတင်းဆုပ်ထားရင်း ပထမဦးဆုံးအကြိမ်အဖြစ် စုကျန်း၏ အကြည့်များကို တည့်တည့်ရင်ဆိုင်ကာ ခေါင်းမော့လိုက်သည်။ သူမရဲ့ လေသံက တိုးညင်းသော်လည်း စွပ်စွဲချက်များဖြင့် ပြည့်နှက်နေသည်။
“အစ်ကိုကြီးက ညီမ အစ်ကို့နာမည်ကိုသုံးပြီး တရားသူကြီးရုံးကို ကြိုတင်သတင်းပို့ခဲ့တာကို အပြစ်တင်ချင်တာလား”
စုကျန်း ခဏလောက် မှင်သက်သွားသည်။ ရွှယ်နင်က အခုလိုမျိုး ပြန်လည် ချေပပြောဆိုလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“အစ်ကိုကြီး တစ်ခါလောက် စဉ်းစားပေးဖူးလား... တကယ်လို့သာ ညီမက ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူးဆိုရင် ဒီနေ့ ညီမ ကြုံတွေ့ရမှာက ရေထဲပြုတ်ကျရုံလောက်တင် မဟုတ်ဘူးဆိုတာကိုရော”
“တစ်ယောက်ယောက်က ညီမရဲ့ သောက်ရေထဲမှာ ဆေးခတ်ခဲ့တယ်၊ တစ်ယောက်ယောက်က ညီမကို အရှက်ခွဲချင်ခဲ့တယ်၊ တစ်ယောက်ယောက်က ညီမရဲ့ အကာအကွယ်မဲ့နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ဘဝပျက်အောင် ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတာ။ ညီမအနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မကြိုးစားသင့်ဘူးလား”
စုကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး-
“ဘယ်သူက မင်းကို ရန်ပြုချင်ရမှာလဲ၊ အဲဒါတွေက မင်းရဲ့ ...”
“အစ်ကိုကြီးက တကယ် နှလုံးသားမရှိတဲ့သူပဲ”
ရွှယ်နင်က ဒေါသတကြီးဖြင့် သူ့စကားကို ဖြတ်ပြောလိုက်ပြီး သူမရဲ့ မျက်နှာလေးကလည်း နီမြန်းလာသည်။
“အစ်ကိုက အမြဲတမ်း ညီမရဲ့ စိတ်ကူးယဉ်မှုလို့ပဲ ပြောနေတယ်၊ ဒါပေမဲ့ ချောင်ကျင်က ညီမရဲ့ တရားထိုင်ခန်းထဲကို တကယ်ပဲ ခိုးဝင်ခဲ့တာလေ။ တကယ်လို့ ညီမသာ ကြိုမသိခဲ့ဘူးဆိုရင် သူက ညီမရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပြီးနေလောက်ပြီ။ အဲဒီလို ဖြစ်သွားခဲ့ရင် ညီမက ဘယ်လိုမျက်နှာနဲ့ ရှင်သန်ရမှာလဲ။ အရှက်တကွဲ အကျိုးနည်းနဲ့ တုန်းကျင်းကို ပြန်ရမှာလား၊ သခင်မကြီးရဲ့ ငြိုငြင်မှုကို ခံရပြီး စုမိသားစုဝင်အားလုံးရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေကြားမှာ ချောင်ကျင်ဆီကိုပဲ အတင်းအကျပ် အိမ်ထောင်ပြု ပေးစားခံရမှာလား”
စုကျန်း တိတ်ဆိတ်သွားသည်။
“ဒါပေမဲ့ ညီမ ငြင်းတယ်! နယ်စားမင်းအိမ်တော်တစ်ခုလုံးက ညီမကို အကာအကွယ်မပေးချင်ဘူးဆိုရင်တောင် ညီမရဲ့ ဘဝအတွက် ညီမဘာသာ အစီအစဉ်ဆွဲရမှာပဲ”
စကားများကို အော်ဟစ်ပြောဆိုပြီးနောက် ရွှယ်နင်၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲတက်လာသည်။ သို့သော် သူမ၏ နီမြန်းနေတဲ့ အကြည့်များက ထိုအမျိုးသား၏ အေးစက်စက် အကြည့်များမှ ဖယ်ခွာမသွားခဲ့ပေ။
သူ့ရှေ့မှာ အားနည်းလွန်းတယ်လို့ မထင်စေချင်တာကြောင့် သူမက ခေါင်းမာစွာဖြင့် ပြုံးရန် ကြိုးစားလိုက်သည်။
ဒါပေမဲ့ အခုအချိန်မှာ ခံစားနေရတဲ့ မတရားမှုက သူမရဲ့ တစ်သက်လုံး မကြုံစဖူး ခံစားချက်မျိုးဖြစ်သည်။
သူ့ဆီက အကူအညီကို မမျှော်လင့်တော့ပေမယ့် သူမကို ကောက်ကျစ်စဉ်းတဲ့လဲသူလို့ စွပ်စွဲဖို့အတွက် သူ့ဆီမှာ ဘယ်လိုအခွင့်အရေး ရှိလို့လဲ။
ရွှယ်နင်သည် သွားကိုတင်းတင်းကြိတ်ကာ သူမရင်ထဲတွင် စုပြုံနေသမျှ ဒေါသနှင့် အားငယ်မှုများကို ပေါက်ကွဲထုတ်လိုက်ပြီး ငိုရှိုက်ရင်း မေးလိုက်သည်။
“အစ်ကိုကြီးက ညီမကို ကူညီဖို့ လက်တစ်ချောင်းတောင် မလှုပ်ချင်ဘဲ ချောင်ကျင်ရဲ့ လက်ထဲမှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားတာကိုပဲ ထိုင်ကြည့်နေချင်တာလား”
ကြာကန်နံဘေးတွင် လူအချို့ ရှိနေသေးသည်။ ပေါင်ချန်လည်း အနီးနားတွင် ခေါင်းလေးပုကာ ကြောက်ရွံ့စွာ ရပ်နေပြီး လူတိုင်းက အသက်ပင် မရှူရဲကြပေ။
စုကျန်းသည် မျက်ရည်များ ဝဲနေတဲ့ သူမ၏ မျက်ဝန်းဝိုင်းလေးများကို စိုက်ကြည့်နေသည်။ သူ့မျက်ဝန်းများက မှောင်မှိုက်ကာ လှုပ်ခတ်သွားပြီးနောက်မှ ခန့်မှန်းရခက်တဲ့ တည်ငြိမ်မှုတစ်ခုအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။
ရွှယ်နင်သည် သူ့ရှေ့မှာ ဒေါသထွက်ခဲတယ်။ သူမက ငယ်ပေမယ့် နေ့တိုင်း အမြဲတမ်း ပြုံးရွှင်နေတတ်သူ ဖြစ်သည်။
သူမ ငိုသည့်တိုင်အောင် မျက်ရည်များကို သုတ်ပစ်ကာ သူ့ရှေ့တွင် သန်မာဟန်ဆောင်နေတတ်သူ ဖြစ်၏။
မိန်းမတွေရဲ့စိတ်ကို သူနားမလည်ဘူး ဆိုပေမယ့် အခုအချိန်တွင် သူမကို ငိုအောင်လုပ်ခဲ့တဲ့သူက သူကိုယ်တိုင်ပဲဆိုတာ သူသိတယ်။
“ဘာလို့ ငိုနေတာလဲ၊ ငါက မင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး”
သူက လက်လှမ်းလိုက်ကာ သူမရဲ့ ပုခုံးပေါ်ရှိ စုတ်ပြဲနေတဲ့ ဝတ်ရုံကို သူ့လက်ချောင်းများဖြင့် ခပ်ဖွဖွ ထိတွေ့လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် ရွံရှာတဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
“ငါက မင်းအတွက် စိုးရိမ်လို့ပါ”
သူက ထိုဝတ်ရုံကို ရွှယ်နင်၏ ကိုယ်ပေါ်မှ ဖယ်ရှားပေးကာ သူ့ဝတ်ရုံဖြင့် လဲလှယ်ပေးရန် ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။ သို့သော် မျက်တောင်နီနီလေးများဖြင့် မိန်းမပျိုလေးက ဘေးသို့ ရှောင်ထွက်သွားပြီး သူ့အပြုအမူကို ငြင်းဆန်လိုက်သည်။
“အစ်ကိုကြီးက ညီမအပေါ် ဒေါသမထွက်ဘူးဆိုရင်တော့ အားနင် အဝတ်အစား သွားလဲလိုက်ပါဦးမယ်”
အမျိုးသမီးများ၏ မျက်ရည်မှာ ဤသို့ပင်— လွယ်လွယ်နှင့်ကျလာသလို လွယ်လွယ်နှင့်ပင် ပြန်တိတ်သွားတတ်သည်။ စကားဆုံးသည်နှင့် သူမက ကိုယ်ကိုလှည့်ကာ တရားထိုင်ခန်းရှိရာ အတွင်းဘက်သို့ အမြန်လျှောက်လှမ်းသွားတော့သည်။
စုကျန်းရဲ့ လက်က လေထဲတွင် ကို့ယို့ကားယား ကျန်ရစ်ခဲ့ပြီး သူ့စိတ်ထဲတွင် ဖော်ပြရခက်တဲ့ ခံစားချက်တစ်ခု လှုပ်ခတ်သွားသည်။
ရှီဇီ မျက်မှောင်ကြုတ်နေတာကို မြင်တဲ့အခါ မော့ပိုင်က ရှေ့တိုးလာပြီး ရယ်မောကာ ပြောလိုက်သည်။
“သခင်မလေးရွှယ်က ဒီနေ့ ဒီလို ဒေါသမျိုးရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ ရှီဇီ... စံအိမ်တော်ကို အတူတူပြန်ဖို့ သူ(မ)ကို စောင့်ဦးမှာလား”
စုကျန်း၏ အမူအရာက အေးစက်သွားပြီး တရားထိုင်ခန်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
“စောင့်မယ်”
သူမက အဲ့လောက်ထိ ငိုသွားတာကို သူက ဘယ်လိုလုပ် ပစ်ထားခဲ့နိုင်မှာလဲ။ ဒါ့အပြင် မနေ့က သူ့ရဲ့ပေါ့ဆမှုကြောင့်သာ ချောင်ကျင်က အခွင့်ကောင်းယူနိုင်ခဲ့တာ။
တစ်ယောက်ယောက်က သူမကို ရန်ပြုရန် ကြံစည်နေတယ်ဆိုတဲ့ သူမရဲ့အပြောကိုတော့ သူ အယုံအကြည် မရှိသေးပေ။ သူမရဲ့အလှအပက လူအချို့ရဲ့ မနာလိုမှုဆွဲဆောင်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု သူယူဆသည်။
ဒါပေမဲ့လည်း အဲ့ဒီလူက သူပိုင်တဲ့အရာကို လက်ဖျားနဲ့တောင် မထိသင့်ခဲ့ဘူး။
စုကျန်းသည် သူ့မျက်ဝန်းများကို အန္တရာယ်ရှိစွာ မှေးလိုက်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ သည်းခံနိုင်စွမ်းများ ပျောက်ကွယ်သွားတော့သည်။
“မော့ပိုင်... မင်းကိုယ်တိုင် ‘ကျိချင်း’ စံအိမ်တော်ကို သွားလိုက်”
ရွှယ်နင်သည် အခန်းထဲသို့ အပြေးအလွှား ဝင်လာခဲ့ပြီးနောက် နှလုံးခုန်မြန်နေတဲ့ ရင်ဘတ်ကို ထိန်းရင်း အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
သူမရဲ့ဘဝနှစ်ခုလုံးကို ပေါင်းလိုက်ရင်တောင် စုကျန်းရှေ့မှာ ဒီလိုမျိုး သတ္တိရှိရှိ တစ်ခါမှ မပြောခဲ့ဖူးဘူး။
သို့သော် ရင်ထဲတွင် စုပြုံနေတဲ့ မတရားမှုများက ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အခါ ဆည်ကျိုးကျသွားသည့် ရေအိုင်ကြီးကဲ့သို့ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
စုကျန်း ဒေါသထွက်ရင် ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာကိုတောင် မေ့သွားခဲ့တယ်။
ကံကောင်းတာ သူက ဒေါသမထွက်ခဲ့ဘဲ သူမကို အခန်းထဲသို့ အေးအေးဆေးဆေး ပြန်ခွင့်ပေးခဲ့ခြင်းပင်။
“သခင်မလေး...”
ပေါင်ချန်က တံခါးကို ခေါက်လိုက်သည်။
“ကျွန်မ အပြင်မှာ ရှိနေပါတယ်”
ရွှယ်နင်သည် ပါးလွှာတဲ့ ဝတ်ရုံကို တင်းတင်းဆုပ်ကိုင်ထားရင်း မေးလိုက်၏။
“ရှီဇီရော ဘယ်မှာလဲ”
ပေါင်ချန်က အမြန်ပြန်ဖြေလိုက်သည်။
“ရှီဇီ ဒီဘက်ကို လာမနေပါဘူး”
ထိုအခါမှသာ ရွှယ်နင်သည် တံခါးကိုဖွင့်၍ ပေါင်ချန်ကို အထဲပေးဝင်လိုက်သည်။
အပြင်ဘက်တွင် ပေါင်ချန်မှလွဲ၍ အမှန်တကယ်ပင် ဘယ်သူမှ မရှိတော့ပေ။
ပေါင်ချန်က သူမ၏ လက်မကို မြှောက်ပြရင်း-
“သခင်မလေး... ခုနက တကယ်ကို အံ့ဩစရာကောင်းတယ်၊ ရှီဇီကို အဲဒီလိုမျိုး ပြောရဲမယ်လို့ကို မထင်ထားဘူး”
ထိုအခိုက်အတန့်မှာ သူမရဲ့သတ္တိများက ဝုန်းကနဲ တက်လာခဲ့ပြီး သွေးများလည်း ဆူပွက်နေခဲ့ပေမယ့် အခုအချိန်မှာတော့ ရွှယ်နင်တစ်ကိုယ်လုံး အေးစိမ့်လာကာ နှုတ်ခမ်းများ တုန်ရီနေတော့သည်။
“ပေါင်ချန်... ငါ့အတွက် ရေနွေးနည်းနည်း သွားယူပေးပါဦး”
ရွှယ်နင် အအေးမိသွားမှာကို ပေါင်ချန်လည်း စိုးရိမ်နေသည်။
“ဟုတ်ကဲ့ပါ”
ဘုရားကျောင်းတွင် နေထိုင်ရတာဖြစ်လို့ ပေါင်ချန် ထွက်သွားသည်နှင့် ရွှယ်နင်သည် ပြတင်းပေါက်မင်းတုတ်ကို အမြန်ချကာ စိုရွှဲနေတဲ့ အဝတ်အစားများကို လဲလှယ်၍ သန့်ရှင်းနွေးထွေးသည့် အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။
အဝတ်အစားလဲပြီးရုံရှိသေး၊ စုကျန်း၏ သြဇာညောင်းတဲ့ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
“မင်း ဘယ်အချိန် ထွက်ခွာဖို့ အစီအစဉ်ရှိလဲ”
ရွှယ်နင်သည် အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်မိ၏။ သူမက သူနဲ့အတူတူ ခရီးမသွားချင်ပေ။
“အစ်ကိုကြီး အလျင်လိုနေရင် အရင်သွားနှင့်လို့ ရပါတယ်၊ အားနင်နဲ့ ပေါင်ချန်က မွန်းလွဲပိုင်းမှ ပြန်မှာပါ”
စုကျန်း သူမ စိတ်ဆိုးနေဆဲဟု ထင်မှတ်ကာ မျက်မှောင်ကြုတ်လိုက်ပြီး လေသံကို အနည်းငယ် လျှော့လိုက်သည်။
“ငါ့ရဲ့ ရထားလုံးကို မနေ့က သူငယ်ချင်းတစ်ယောက် ငှားသွားလို့၊ ဒီနေ့တော့ ငါ မင်းနဲ့အတူတူပဲ ပြန်ရတော့မယ်”
ရွှယ်နင် ဘယ်လိုပြန်ပြောရမလဲဆိုတာကို မသိဘဲ ကုတင်ပေါ်တွင် နေရခက်စွာ ထိုင်နေမိသည်။
သူမရဲ့အရင်ဘဝတုန်းက သူနဲ့နီးစပ်ခွင့်ရဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် အခွင့်အရေး မရခဲ့ပေ။
ဘာလို့များ အခုဘဝမှာ သူ့ကို ရှောင်ဖို့အတွက် နည်းလမ်းမျိုးစုံ သုံးနေတဲ့ကြားကနေ ထပ်ခါတလဲလဲ ဆုံတွေ့နေရတာလဲ။
အမျိုးသားက စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးသွားဟန်ရှိကာ ထပ်မေးလာသည်။
“ဘာလို့ ဘာမှပြန်မပြောတာလဲ”
ရွှယ်နင်လည်း အခြားနည်းလမ်းမရှိတော့သလို သူ့ကိုလည်း ဒေါသမထွက်စေချင်တာကြောင့် လိုက်လျောလိုက်ရတော့သည်။
“အစ်ကိုကြီး ခဏလောက် ထပ်စောင့်ပေးပါ၊ အားနင် မျက်နှာသစ်ပြီးတာနဲ့ သွားကြတာပေါ့”
ရထားလုံး အတူတူစီးရုံပဲလေ— ပြီးတော့ အဲဒီရထားလုံးကလည်း ရွှမ်းယီ နယ်စားမင်းအိမ်တော်က ရထားလုံးပဲဟာ။