← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂) - စစ်မေးခြင်း

ရွှယ်နင်သည် မတ်တပ်ရပ်လိုက်ပြီး လီချန်ချဲ့၏ ဝတ်ရုံကို သေသေချာချာ သိမ်းလိုက်သည်။ သူမက ထိုဝတ်ရုံကို ခဏလောက် ငေးကြည့်နေပြီးမှ နောက်မှ လျှော်ဖွတ်ပြီး ပြန်ပေးမယ်လို့ တွေးကာ သူမ၏ အထုပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။

ပေါင်ချန် ရေနွေးယူပြီး ပြန်ရောက်လာတဲ့အခါ ရွှယ်နင်က အေးစက်တောင့်တင်းနေတဲ့ သူမရဲ့ မျက်နှာလေးကို ညင်သာစွာ ဆေးကြောပြီးနောက် အခန်းထဲကနေ ထွက်လာခဲ့သည်။

စုကျန်းက သူမကို တစ်ချက်တောင် လှည့်မကြည့်ပေ။

မြင်းရထားပေါ် တက်ပြီးသည်နှင့် သူက မျက်လုံးများကို မှိတ်ကာ အနားယူနေသည်။

သူ့မျက်နှာက ကျောက်စိမ်းကို ထုဆစ်ထားသလိုမျိုး အချိုးအစားကျနလှပပြီး ထင်ရှားပေါ်လွင်တဲ့ ရုပ်ရည်ရှိသူဖြစ်သည်။ အထူးသဖြင့် နက်ရှိုင်းသည့် သူ့မျက်ဝန်းများက အောက်ခြေမမြင်ရသည့် ရေကန်ကြီးနှင့် တူသည်။ သူက ပြုံးခဲပြီး ငြိမ်သက်နေတဲ့အချိန်တွင် သူ့ရဲ့တည်ရှိမှုက ငရဲပြည်မှ တရားသူကြီးလိုမျိုး ခန့်ညားထည်ဝါပြီး ကြောက်စရာကောင်းသည်။

တစ်အိမ်လုံးမှာ သူ့ကို မကြောက်တဲ့သူ တစ်ယောက်မှ မရှိပေ။

အချစ်ဦး အချစ်သစ် စတင်နေကြတဲ့ မိန်းမပျိုများနှင့် အမျိုးသမီးများကတော့ သူ့ကို ကြောက်ရွံ့သလို တစ်ဖက်ကလည်း စွဲလမ်းနှစ်သက်ကြသည်။

တစ်ချိန်က ရွှယ်နင်လည်း သူ့ရဲ့အဲ့လိုမျိုး အေးစက်ခန့်ညားမှုကို ချစ်မြတ်နိုးခဲ့ပေမယ့် အခုတော့ ကောင်းကင်မှာ မြင့်မားစွာ ချိတ်ဆွဲထားတဲ့ လမင်းကြီးက ဘယ်လောက်ပဲ လှပပါစေ၊ သူမလို လူမျိုးက မြေကြီးပေါ် အတင်းအကျပ် ဆွဲမချသင့်ဘူးလို့ ခံစားလိုက်ရသည်။

ဒါကြောင့် သူမက သူနှင့် ပတ်သက်တဲ့ သံယောဇဉ်ကြိုးကို စိတ်ထဲကနေ လုံးဝ ဖြတ်တောက်လိုက်ပြီ။

စုကျန်းက နှုတ်ဆိတ်နေသဖြင့် မြင်းရထားအတွင်း၌ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ ရွှယ်နင်သည် သူမ သဘောနှင့်သူမ ဆောင်ရွက်ခဲ့ခြင်းအတွက် သူက သူမကို အမြင်မကြည်ဖြစ်နေတာကို နားလည်သဖြင့် သူမဘက်ကလည်း စကားမစပေ။

ထို့အပြင် သူမက အအေးမိထားတာ‌ကြောင့် ခေါင်းထဲလည်း မူးဝေနောက်ကျိနေသည်။

မြင်းရထား ထွက်ခွာလာပြီး သိပ်မကြာမီမှာပင် သူမသည် ပေါင်ချန်၏ ပခုံးကို မှီကာ အိပ်ငိုက်လာတော့သည်။

အချိန်ဘယ်လောက် ကုန်ဆုံးသွားလဲဆိုတာကို မသိလိုက်ဘဲ မြင်းရထား ရပ်တန့်သွားတဲ့ အသံကြားမှသာ သူမ နိုးလာခဲ့သည်။

သူမရဲ့ ခန္ဓာကိုယ်လေးက ယိမ်းခါသွားပြီး ရှေ့သို့ မှောက်ကျလုနီးပါး ဖြစ်သွားသည်။

သန်မာတဲ့ လက်မောင်းတစ်ဖက်က သူမ၏ ခါးကို ဖမ်းထိန်းလိုက်သည်။

ဝေဝါးနေတဲ့ မျက်လုံးများဖြင့် ကြည့်လိုက်တဲ့အခါ အမျိုးသား၏ နက်ရှိုင်းသည့် အကြည့်များနှင့် ဆုံမိတော့မှ သူမက သူ့ရင်ခွင်ထဲ ဘယ်လိုရောက်နေလဲဆိုတာကို သိလိုက်ရသည်။

ရွှယ်နင် အရမ်းရှက်သွားပြီး ထိုအမျိုးသား၏ ပေါင်ပေါ်ကို လက်တစ်ဖက်ဖြင့် ထောက်ကာ အမြန်ထရန် ကြိုးစားလိုက်သည်။

သို့သော် မြင်းရထားအတွင်းက မှောင်ရိပ်သန်းနေပြီး သူမကိုယ်တိုင်ကလည်း ပျာယာခတ်နေတာကြောင့် သူမရဲ့လက်ချောင်းများက မထိသင့်တဲ့ နေရာတစ်ခုကို မတော်တဆ ထိမိသွားသည်။

ထိုအခါ အမျိုးသားက ဘေးသို့ စောင်းငဲ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

"ရွှယ်နင်!"

သူက အံကြိတ်၍ ခေါ်လိုက်ပြီး သူ့အကြည့်များက စိမ်းကားနေသည်။

ရွှယ်နင်က ဘာဖြစ်သွားတယ်ဆိုတာကို ရုတ်တရက် သဘောပေါက်လိုက်ပြီး သူမရဲ့ လက်ချောင်းလေးများက ရှက်စိတ်ကြောင့် ပူထူသွားတော့သည်။

ယဉ်ကျေးမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လက်ကို အမြန်ရုပ်ကာ မတ်မတ်ထိုင်လိုက်၏။

"အစ်ကိုကြီး... ညီမ အိပ်ချင်မူးတူးဖြစ်သွားလို့ပါ။ တောင်းပန်ပါတယ်... ညီမ တမင်လုပ်တာ မဟုတ်ပါဘူး..."

အမျိုးသားက သူ့ရဲ့ပါးလွှာတဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး— "ထွက်သွားတော့" ဟု ပြောသည်။

ရွှယ်နင်ကလည်း အမြန်ပြန်ပြောလိုက်၏။

"ဟုတ်ကဲ့... ညီမ အခုပဲ ဆင်းပါ့မယ်"

သူမက ပထမဆုံးအကြိမ်အဖြစ် အခုလိုမျိုး လိမ်လိမ်မာမာ ဖြစ်နေပေမယ့် စုကျန်းရဲ့ စိတ်ထဲမှာတော့ မတည်မငြိမ် ဖြစ်နေရသည်။

သူ မျက်လုံးကို မှိတ်လိုက်သည်။

ထိုနူးညံ့တဲ့ လက်ဖျားလေးကြောင့် ဖြစ်ပေါ်လာတဲ့ ဂနာမငြိမ်မှုနှင့် အပူရှိန်က တောက်လောင်နေဆဲပင်။

သေချာတာ သူက သူမကို အရေးမပါတဲ့ ညီမငယ်တစ်ဦးလိုပဲ သတ်မှတ်ထားတာ။ဒါပေမဲ့ သူမရဲ့ သေးငယ်တဲ့ အပြုအမူလေးတစ်ခုက ဘာလို့ သူ့စိတ်ထဲမှာ အဲ့လိုမျိုး စိတ်ရိုင်းတွေကို နိုးကြွစေရတာလဲ။

ဒါမှမဟုတ် သူမက သူ့ကို ဖြားယောင်းဖို့အတွက် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလား။

အမှန်တကယ်လည်း သူအသေအချာ မြင်တွေ့ခဲ့ရတာ ထိုမာယာများတဲ့ မိန်းကလေးက နောင်တစ်ချိန်မှာ ချွေးမဖြစ်မည့်သူကို ပေးဖို့အတွက် ရည်ရွယ်ထားသည့် စုမိသားစု၏ အမွေအနှစ် ကျောက်စိမ်းလက်ကောက်ကို သူ့မိခင်ဆီကနေ လှည့်ဖြားရယူထားသည်။

ဘာတဲ့... သမီးအဖြစ် အသိအမှတ်ပြုပွဲ ဆိုတာလား၊ သူ့ကို အကွာအဝေးတစ်ခုမှာ ထားချင်တာလား၊ သူမရဲ့ ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ချင်တာလား၊ ဒါမှမဟုတ် သူ့ကို အစ်ကိုတစ်ယောက်လိုပဲ မြင်တာလား—

ဒါတွေအားလုံးက သူမရဲ့ အလိမ်အညာစကားတွေပဲ။

ကျန့်ကော်ဘုရားကျောင်းမှာ လုပ်ခဲ့တဲ့ ရဖို့ခက်ခဲသလို ဟန်ဆောင်သည့် သူမရဲ့ နည်းဗျူဟာက အလွန်ပင် ပြောင်မြောက်သည်။

သူ့အပေါ် ထားရှိတဲ့ သူမရဲ့ရည်ရွယ်ချက်တွေက အခုဆို အရမ်းထင်ရှားနေပြီ။

ယောကျ်ားတစ်ယောက်ကို ဒီလိုမျိုး ဖြားယောင်းရဲတဲ့အထိ။

ထိုသို့ တွေးမိသည်နှင့် စူကျန်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး မျက်ခုံးများကြားတွင် စိတ်မရှည်မှုနှင့် ဒေါသအရိပ်အယောင်များ ယှက်သန်းလာတော့သည်။

"ရှီဇီ.. သခင်မလေးရွှယ် အိမ်ထဲကို ဝင်သွားပါပြီ"

မြင်းရထား လိုက်ကာအပြင်ဘက်မှ မော့ပိုင်၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။

စုကျန်းသည် စိတ်ကို ခဏလောက် ထိန်းချုပ်လိုက်ပြီးမှ မှောင်မိုက်နေတဲ့ အမှောင်ထုထဲတွင် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

"အင်း"

..........

နယ်စားမင်းစံအိမ်သို့ ပြန်ရောက်တဲ့အချိန် ကောင်းကင်ယံမှာ လုံးဝ မှောင်မည်းမသွားသေးပေ။

ရှဲ့လောင်ဖူးရန်(သခင်မကြီးရှဲ့) သည် အထိန်းတော်စုန့်အား အစေခံမလေးအချို့နှင့်အတူ ဒုတိယဝင်း၏ လခြမ်းတံခါးဝတွင် စောင့်ကြိုနေရန် အမိန့်ပေးထားခဲ့သည်။

ရွှယ်နင် စံအိမ်သို့ ပြန်ရောက်သည်နှင့် သူမကို ဝမ်ရှိုဆောင်သို့ ချက်ချင်း ခေါ်ဆောင်သွားကြသည်။

အချိန်နောက်ကျနေပြီဖြစ်သော်လည်း ဝမ်ရှိုဆောင်အတွင်း၌ လူများဖြင့် ပြည့်နှက်နေဆဲပင်။

သခင်မကျန်းနှင့် သူမ၏ ယောင်းမ နှစ်ယောက်လုံးက သခင်မကြီးကို ပြုစုစောင့်ရှောက်နေကြပြီး စုရှီးနှင့် သူမရဲ့ ညီမများကတော့ စင်မြင့်အောက်တွင် ထိုင်နေကြသည်။ အမှန်ပင် မင်းသမီး ရှို့နင်းလည်း ထိုနေရာတွင် ရှိနေ၏။

စုယွီအပြင်၊ အရင်က ယုံကျိုးသို့ အလုပ်ကိစ္စဖြင့် သွားခဲ့တဲ့ စုမိုင်မှာလည်း ပြန်ရောက်နေပြီဖြစ်သည်။ သူက စုယွီ၏ ဘယ်ဘက်ရှိ ကုလားထိုင်တွင် ထိုင်နေပြီး သူ့ရဲ့တောက်ပတဲ့ မျက်ဝန်းများက တံခါးဝဆီ အာရုံစိုက် စိုက်ကြည့်နေလေသည်။

ရွှယ်နင်သည် လေနှင့်နှင်းများကို အံတုကာ စင်္ကြံလမ်းသို့ ရောက်ရှိလာသည်။ အထိန်းတော်စုန့်က လိုက်ကာကို မတင်ပေးလိုက်တဲ့အခါ အထက်တန်းလွှာ အမျိုးသမီးကြီးများ၏ ဝတ်ရုံစများကို တစ်စေ့တစ်စောင်း မြင်လိုက်ရသည်။

ဒီလို စုံစုံလင်လင် ရှိနေကြတာကို မြင်ရတဲ့အခါ ရှဲ့လောင်ဖူးရန်နှင့် အခြားအမျိုးသမီးကြီးများက သူမကို ဘာအကြောင်း ပြောဆိုကြတော့မယ်ဆိုတာကို သူမ ကြိုတင် ခန့်မှန်းမိလိုက်သည်။

သူမက အထဲဝင်လာပြီးနောက် သခင်မကြီးကို အရင်ဆုံး ဂါရဝပြုလိုက်ပြီး တောင်းပန်စကားဖြင့် စတင်လိုက်လေသည်။

"သခင်မကြီး... အားနင် အရမ်းပေါ့ဆသွားလို့ အမေပေးတဲ့ ကျောက်စိမ်းလက်ကောက်လေး ပျောက်လုနီးပါး ဖြစ်ခဲ့ရတယ်။ ကံကောင်းတာက အစ်ကိုလည်း အဲဒီအချိန်မှာ ကျန့်ကော်ဘုရားကျောင်းမှာ ရှိနေလို့။ အစ်ကိုကြီးက အဲဒီလူယုတ်မာ ချောင်ရှီဇီကို ဖမ်းပေးခဲ့လို့ အမေပေးတဲ့ လက်ကောက်လေးလည်း အားနင်ရဲ့ လက်ကောက်ဝတ်ပေါ်ကို ဘာမှမဖြစ်ဘဲ ပြန်ရောက်လာပါပြီ"

သူမသည် စကားပြောရင်း သူမ၏ ဖြူဖွေးသွယ်လျတဲ့ ဘယ်ဘက်လက်ကလေးကို မြှောက်ပြလိုက်သည်။

အားလုံးက ဝိုင်းကြည့်လိုက်ကြတဲ့အခါ ကျောက်စိမ်းလက်ကောက်က အမှန်ပင် သူမ၏ လက်တွင် ရှိနေတာကို တွေ့လိုက်ရသည်။

သို့သော် သခင်မကြီး၏ မေးခွန်းက လက်ကောက်အကြောင်း မဟုတ်တာကို အားလုံးက ကောင်းကောင်းကြီး နားလည်နေကြသည်။

"အမေ့ရဲ့ အသုံးအဆောင်တွေကို အားနင် သေသေချာချာ ထိန်းသိမ်းမှာပါ။ သခင်မကြီးအနေနဲ့ အားနင် စိတ်ဆိုးမယ်ဆိုရင်လည်း ဆိုးပိုင်ခွင့်ရှိပါတယ်။ မိဘတွေကို ကန်တော့ဖို့ ကျန့်ကော်ဘုရားကျောင်းကို တစ်ယောက်တည်း သွားခဲ့တာက အားနင် တကယ်ပဲ အဆင်အခြင်မဲ့ခဲ့တာပါ။ အားနင်က သားသမီးဝတ်မကျေတဲ့လူဖြစ်လို့ သခင်မကြီးနဲ့ သခင်မတို့ကို စိတ်ပူအောင် လုပ်မိသွားပါတယ်"

သခင်မကြီးရှဲ့သည် လက်နွေးအိတ်ကို သူမ၏ လက်ဖဝါးထဲတွင် အသာအယာ ဆုပ်ကိုင်ထားရင်း မေးလိုက်သည်။

"ဘာလို့ မင်းရဲ့ အစ်ကိုကြီးကို အဖော်ခေါ်မသွားတာလဲ"

"အစ်ကိုကြီးမှာ တာဝန်တွေ အများကြီးရှိနေတာပါ။ အားနင် တကယ်ပဲ သူ့ကို ဒုက္ခမပေးချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစ်ကိုကြီး ကျန့်ကော်ဘုရားကျောင်းမှာ ရှိနေခဲ့လို့သာ အားနင် စံအိမ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာနိုင်ခဲ့တာပါ"

စုကျန်း ဝမ်ရှိုခန်းမ၏ အဆောင်မကြီးအတွင်းသို့ ဝင်လိုက်ချိန်တွင် သူ ပထမဆုံး ကြားလိုက်ရတာက ထိုမိန်းကလေး၏ နူးညံ့သိမ်မွေ့သော အသံလေးပင်။

သူမက အဓိကပြဿနာကို ရှောင်လွှဲပြီး သူ့ကို ဒိုင်းသဖွယ် အသုံးချနေသည်။ တစ်ဖက်ကလည်း သူမ၏ မိဘများကို သွားရောက်ကန်တော့ခြင်းက သားသမီးကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို ထပ်ခါတလဲလဲ အသားပေးပြောဆိုနေသည်။

စကားအနည်းငယ်အတွင်းမှာပင် သူမက ဘာအမှားအယွင်းမှ မရှိစေရန်နှင့် တစ်ဖက်လူက အပေါက်ရှာ၍ မရစေရန် အပြောင်မြောက်ဆုံး ပြောဆိုသွားနိုင်ခဲ့သည်။

စုကျန်းရဲ့ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ယှက်သန်းသွားပြီးနောက် သူက အဆောင်မကြီးထဲသို့ လှမ်းဝင်လိုက်သည်။

"အဘွား"

သခင်မကြီးရှဲ့က သူမရဲ့ ဇရာထောင်းနေတဲ့ မျက်ဝန်းများကို ပင့်ကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး မေတ္တာရိပ်များဖြင့် ပြည့်နှက်သွားသည်။

"ကျန်းအာ... မင်း ပြန်ရောက်ပြီလား"

စုကျန်းသည် ရွှယ်နင့်၏ ဘေးနားသို့ လျှောက်သွားကာ သခင်မကြီးကို ဂါရဝပြုပြီးနောက် သူမ၏ ညာဘက်ရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။

စုကျန်း ဝင်လာသည့်အချိန်တွင် ရွှယ်နင်၏ ကိုယ်လေး အနည်းငယ် တောင့်တင်းသွားသည်။

ထိုနေရာရှိ လူတိုင်းရဲ့ တည်ကြည်လေးနက်နေသည့် မျက်နှာထားများကို ကြည့်ရင်း လေထုက စစ်ဆေးမေးမြန်းခြင်း ခံနေရသည့်အတိုင်း ပိုမို တင်းမာလာသည်။

အရင်ဘဝက သူမနဲ့ချောင်ကျင်တို့ မသင့်တော်တဲ့ အခြေအနေမှာ အတူတူ အဖမ်းခံခဲ့ရတဲ့အချိန်တုန်းကလည်း ထိုလူများ၏ မျက်နှာထားက ဒီနေ့အတိုင်း ရှိခဲ့တာကို သူမ ပြန်အမှတ်ရမိသည်။ မျက်နှာတိုင်းက မိစ္ဆာတစ်ကောင်လိုမျိုး သူမကို အရှင်လတ်လတ် အရေခွံခွာရန် အားခဲနေကြသည့်ပုံစံမျိုးပင်။

ကွာခြားချက်က ယခုတစ်ကြိမ်မှာ ချောင်ကျင်၏ အကြံအစည် မအောင်မြင်ခဲ့ခြင်းပင် ဖြစ်သည်။

ရွှယ်နင်သည် စိတ်ကို အနည်းငယ် လျှော့ချလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် သင့်တင့်လျောက်ပတ်တဲ့ အပြုံးတစ်ခုကို ဆက်လက် ထိန်းသိမ်းထားလိုက်သည်။

"သခင်မကြီး တခြားမေးစရာရှိသေးလို့လား။ အစ်ကိုကြီးလည်း အားနင်နဲ့အတူ ပြန်လာတာဆိုတော့ အားနင်နဲ့ ပတ်သက်သမျှ အကြောင်းစုံကို သူ အားလုံး သိပါတယ်"

စုချင်းသည် ရွှယ်နင့်ကို မနာလိုဝန်တိုစိတ်ဖြင့် တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီးနောက် မနေနိုင်တော့ဘဲ ဝင်ပြောတော့သည်။

"အဘွား... ချောင်ရှီဇီက ဘယ်လိုလုပ်ပြီး ရွှယ်ညီမလေးရဲ့ အခန်းထဲကို ရောက်သွားရတာလဲ။ သူက တကယ်ပဲ လက်ကောက် ခိုးဖို့ သက်သက်ပဲလား။ ရွှယ်ညီမလေး... နင်နဲ့ ချောင်ရှီဇီတို့ကြားမှာ ပြောမထွက်နိုင်တဲ့ ပတ်သက်မှုမျိုး ရှိနေလို့ ကျန့်ကော်ဘုရားကျောင်းမှာ တိတ်တဆိတ် သွားတွေ့တာတော့ မဟုတ်ပါဘူးနော်"

စုချင်း၏ စကားများသည် အဘွားကြီး၏ စိတ်ထဲမှာ တွေးတောနေသည့် အချက်များပင် ဖြစ်၏။

စုချင်း စကားဆုံးသည်နှင့် လူတိုင်း၏ သံသယအပြည့်နှင့် စူးရှတဲ့ အကြည့်များက ဓားမြှောင်များကဲ့သို့ ရွှယ်နင်၏ မျက်နှာပေါ် ကျရောက်လာသည်။

အထက်တန်းလွှာမိသားစုက အမျိုးသမီးငယ်တစ်ဦးအတွက် ဒါက အလွန်အမင်း အရှက်ရစရာ ကိစ္စတစ်ခုပင်။

ထို့ကြောင့် သခင်မကြီးသည် ရွှယ်နင့်ကို မျက်နှာသာပေးသောအားဖြင့် တိုက်ရိုက် မမေးမြန်းဘဲ စုချင်း၏ နှုတ်မှတစ်ဆင့် စကားလမ်းကြောင်း ခင်းလိုက်ခြင်း ဖြစ်သည်။

"စတုတ္ထအစ်မ... အစ်မ ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်မ နားမလည်ဘူး"

ရွှယ်နင်သည် ဘာမှမသိတဲ့ပုံစံဖြင့် ခေါင်းယမ်းလိုက်သည်။

"ကျွန်မနဲ့အတူ မာမားဟောက်နဲ့ ပေါင်ချန်လည်း ပါတယ်၊ ပြီးတော့ အစောင့်နှစ်ယောက်နဲ့ ရထားမောင်းသမားလည်း ပါသေးတယ်၊ အစ်ကိုကြီးနဲ့ မော့ပိုင်တို့လည်း ရှိနေတာပဲလေ။ ဘယ်လိုလုပ်ပြီး ကျွန်မ တစ်ယောက်တည်း ဖြစ်နိုင်မှာလဲ။ နောက်ပြီး ချောင်ရှီဇီကို ကျွန်မရဲ့ တရားထိုင်ဆောင်ထဲမှာ ဖမ်းမိတုန်းက ကျွန်မက အပြင်မှာလေ။ အဲဒါကို ဘယ်လိုလုပ်ပြီး ချောင်ရှီဇီနဲ့ တိတ်တဆိတ် တွေ့ဆုံနေတယ်လို့ ပြောနိုင်မှာလဲ"

သူမသည် ခေါင်းလေးကို အသာစောင်းကာ ဘေးနားရှိ အထိန်းတော်ဟောက်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"အထိန်းတော်ဟောက်... မာမားရော ဘယ်လို ထင်သလဲ”

All Chapters