အခန်း ၂၃
Vol. 3 Ch. 23
အခန်း (၂၃) - သူမကို လက်မထပ်ချင်ဆုံးသူ
စုချင်းသည် အထိန်းတော်ဟောက်ကို မသိမသာ မျက်စောင်းထိုးလိုက်ပြီး သခင်မကြီး၏ စူးရှတဲ့အကြည့်များကလည်း သူမဆီ ကျရောက်လာသည်။
အထိန်းတော်ဟောက်သည် ခြေဖျားလက်ဖျားများ တုန်ယင်လာပြီး ခန်းမအလယ်တွင် ဒူးထောက်ကာ တုန်တုန်ရင်ရင် ဖြစ်နေသည်။
သူမက နဂိုတုန်းက စကားအနည်းငယ်ဖြင့် ဝေဝါးဝါးပြောဆိုကာ ရွှယ်နင့်အပေါ် ပုတ်ခတ်ပြောဆိုရန် ကြံစည်ထားခြင်း ဖြစ်သည်။
"ဒီအစေခံကြီးကတော့—"
သို့သော် သူမ စကားမပြောနိုင်ခင်မှာပင် ရွှယ်နင်က တည်ငြိမ်စွာ ကြားဖြတ်ပြောလိုက်သည်။
"အဲဒီအချိန်တုန်းက အထိန်းတော်ဟောက်ကိုယ်တိုင် ကျွန်မအခန်းရှေ့မှာ စောင့်နေတာပါ။ သူ(မ) အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မမြင်ဘဲ နေမှာမဟုတ်ပါဘူး"
အကယ်၍ သူမက ရှင်းရှင်းလင်းလင်း မမြင်ခဲ့ဘူးလို့ ပြောလိုက်ရင် ၎င်းက သူမရဲ့တာဝန်ကို ပေါ့လျော့ခြင်းနှင့် သခင်ကို စောင့်ရှောက်ရန် ပျက်ကွက်ခြင်းပင်။
ရွှမ်းယီ နယ်စားမင်းစံအိမ်သည် အိမ်တွင်းစည်းကမ်း အလွန်တင်းကြပ်၏။ အကယ်၍ အစေခံတစ်ဦးက သခင်ကို ဒုက္ခပေးခဲ့လျှင် သူတို့ကို တုန်းကျင်းမြို့ပြင်သို့ တိုက်ရိုက်မောင်းထုတ်ကာ ဘယ်တော့မှ ပြန်လာခွင့်ပေးမည် မဟုတ်ပေ။
အထိန်းတော်ဟောက်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ရွှယ်နင် ပြောချင်တဲ့ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူမ နားလည်သွားပြီး အလောတကြီး ပြောလိုက်သည်။
"သခင်မကြီး... သခင်မလေးရွှယ် ပြောတာတွေ အားလုံး အမှန်တွေပါပဲ"
စုချင်းရဲ့မျက်နှာ ပျက်ယွင်းသွားပြီး သူမ၏ နှုတ်ခမ်းကို နာနာကျင်ကျင် ကိုက်လိုက်သည်။
"ရွှယ်နင်... ငါတို့ အားလုံး ကြားပြီးသားပါ။ နင်က ချောင်ရှီဇီရဲ့ တွန်းချတာကို ခံရပြီး ရေထဲကျသွားတယ်၊ ပြီးတော့ သူစိမ်းယောကျ်ားတစ်ယောက်က နင့်ကို ကယ်ခဲ့တယ်ဆိုတာလေ။ နင်... နင့်ရဲ့ ခန္ဓာကိုယ်ကို သူများတွေ မြင်ကုန်ပြီပေါ့။ ငါတို့ နယ်စားမင်းစံအိမ်က မိန်းမပျိုလေးတွေရဲ့ ဂုဏ်သိက္ခာကို အပြင်မှာ ညှိုးနွမ်းအောင် လုပ်လိုက်တာပဲ! ငါတို့ ညီအစ်မတွေ နောင်ကျရင် ဘယ်လိုလုပ်ပြီး အိမ်ထောင်ရေးကိစ္စတွေ စီစဉ်လို့ ရတော့မှာလဲ"
ရွှယ်နင်သည် သူမကို ဒုက္ခပေးချင်သူများက ဤဖြစ်ရပ်ကို အသုံးချမှာ သေချာကြောင်း သိနေသည်။
သူမက ခပ်ဖွဖွလေး ရယ်လိုက်ပြီး စုချင်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"စတုတ္ထအစ်မက အဲဒီနေရာမှာ ကိုယ်တိုင်ရှိနေခဲ့သလိုမျိုး ပြောနေတာပဲနော်။ ဒါပေမဲ့ အစ်မက အဲဒီမှာ ရှိမနေခဲ့ဘဲနဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို သူများတွေ မြင်ခဲ့တယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ"
စုချင်း ဆွံ့အသွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ ရွှယ်နင် သေချာပေါက် ရှင်းပြနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ထားတာကြောင့် သူမက မေးကို ပင့်လိုက်ပြီး နှုတ်ခမ်းကို မဲ့လိုက်သည်။
"နင့်ဆံပင်တွေက အခုထိ စိုနေတုန်းပဲလေ။ နင် ရေထဲမကျခဲ့ဘူး၊ ယောကျ်ားတစ်ယောက်က နင့်ကို ပွေ့မတင်ခဲ့ဘူးလို့ နင် ရဲရဲဝံ့ဝံ့ ပြောရဲသလား"
ရွှယ်နင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ခဏလောက် စကားပြန်မပြောနိုင်ဘဲ ဖြစ်သွားသည်။
သူမရဲ့ ဆံပင်များက စိုထိုင်းနေသော်လည်း ပုံစံမပျက်ဘဲ သေသေသပ်သပ် ရှိနေဆဲပင်။
ထို့အပြင် သူမက မွေးရာပါ ထူးခြားလှပတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ ဖျော့တော့တော့ နှုတ်ခမ်းလေးများနှင့် ပုလဲရောင် သွားလေးများ ရှိသည့် သူမရဲ့မျက်နှာလေးက အလွန်ပင် နုနယ်လှသဖြင့် ရေညှစ်ယူ၍ ရနိုင်မည့်အတိုင်း ထင်မှတ်ရသည်။ သူမက ပို၍ အားနည်း၊ အေးစက်ပြီး မြင့်မြတ်တဲ့အသွင် ဆောင်လေလေ၊ သူမရဲ့အလှက ပို၍ ထင်ရှားပေါ်လွင်လေလေ ဖြစ်နေသည်။
စုချင်းသည် မနာလိုမှုနှင့် မထီမဲ့မြင်ပြုမှုတို့ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး ပို၍ ဘဝင်မြင့်လာကာ နှာခေါင်းရှုံ့လိုက်သည်။
"အဘွား... သူ(မ)က ကိုယ့်နေရာကိုယ် မသိတဲ့သူလို့ ကျွန်မ ပြောခဲ့သားပဲ မဟုတ်လား။ သူ(မ)ရဲ့ မျိုးရိုးက ရွှယ် ဆိုတော့ သူ(မ) အရှက်ကွဲတာက ဘာမှမဟုတ်ပေမဲ့၊ အခု သူ(မ)က ကျွန်မတို့ နယ်စားမင်းစံအိမ်မှာ နေနေတာလေ။ အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်တာကတော့ ကြီးလေးတဲ့ ကိစ္စပဲ။ အစ်ကိုကြီးက ဒီနှစ်မှာ အိမ်ထောင်ရေးကိစ္စ ဆွေးနွေးတော့မှာ။ အပြင်လူတွေ သိသွားရင် ကျွန်မတို့ နယ်စားမင်းစံအိမ်က မိန်းမပျိုတွေကို ဘယ်သူက လက်ထပ်ရဲတော့မှာလဲ။ ကျွန်မ အမြင်အရဆိုရင်တော့ သမီးအဖြစ် တရားဝင် အသိအမှတ်ပြုပွဲ ဆိုတာတွေ လုပ်မနေပါနဲ့တော့။ သူ(မ)ကို အမြန်ဆုံး နှင်ထုတ်လိုက်တာက ပိုကောင်းလိမ့်မယ်"
စုရှီးသည် အေးစက်စက် မျက်နှာထားဖြင့် ထိုပွဲကို မထီမဲ့မြင် အပြုံးလေးဖြင့် ကြည့်နေသည်။
သခင်မကျန်းနှင့် စုမန်တို့က စိုးရိမ်နေပုံရပြီး လျိုရှီက သခင်မတုန်းကို မသိမသာ ခိုးကြည့်နေသည်။ စုမိုင်နှင့် စုယွီတို့၏ မျက်နှာများကတော့ ဘာကို တွေးနေမှန်း မသိနိုင်အောင် တည်ငြိမ်နေကြသည်။
မင်းသမီး ရှို့နင်းသည် တုန်လှုပ်ခြင်းမရှိဘဲ တောင်တစ်လုံးကဲ့သို့ တည်ငြိမ်စွာ ထိုင်၍ ပွဲကြည့်နေလေသည်။ သူမ၏ အကြည့်များက စုကျန်းဆီသို့ တစ်ချက်တစ်ချက် ရောက်သွားတတ်သည်။
နယ်စားမင်းစုသည် အပြင်တွင် လူမှုရေးကိစ္စများဖြင့် အလုပ်ရှုပ်နေဆဲဖြစ်ပြီး၊ ဒုတိယနှင့် တတိယအိမ်ခွဲမှ ဦးလေးနှစ်ဦးမှာလည်း အတွင်းဆောင်တွင် ရှိမနေကြပေ။
ယနေ့ ကျန့်ကော်ဘုရားကျောင်းတွင် ဖြစ်ပျက်ခဲ့သမျှ သတင်းများကို သခင်မကြီး သိသိချင်း စံအိမ်အတွင်း၌ပင် ဖုံးဖိထားလိုက်ပြီးဖြစ်၏။
အခု စုချင်းက ရွှယ်နင်ကို စံအိမ်တော်ကနေ နှင်ထုတ်ရန် ကြိုးပမ်းနေသော်လည်း စုကျန်းကတော့ စကားတစ်လုံးမှ မဟသေးပေ။
သခင်မကျန်းက ရွှယ်နင်အတွက် စကားပြောပေးချင်သော်လည်း သူမ စကားစရုံရှိသေး၊ သခင်မကြီးရှဲ့က ကြားဖြတ်တားမြစ်လိုက်သည်။
သခင်မကြီးရှဲ့သည် ခဏလောက် စဉ်းစားပြီးနောက် ရွှယ်နင်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းမှာရော ဘာပြောစရာရှိလဲ"
ရွှယ်နင်က ခေါင်းငုံ့ကာ ဦးချလိုက်သည်။
"သခင်မကြီး.. ကျွန်မ အမှန်အတိုင်း ပြောပါရစေ၊ ပြောပြတဲ့အခါမှာလည်း ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့"
သခင်မကြီးရှဲ့သည် ရွှယ်နင်ကို အထူးတလည် မနှစ်သက်သော်လည်း ထိုမိန်းကလေးက နယ်စားမင်းအိမ်တော်မှာ နေထိုင်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး သူမရဲ့လက်ထဲမှာပဲ ကြီးပြင်းလာတာ ဖြစ်သည်။ အပေါင်းအသင်း မဝင်ဆံ့ဘဲ တစ်ကိုယ်တည်း နေတတ်သည်မှလွဲ၍ ကြီးမားတဲ့ ပြဿနာတစ်စုံတစ်ရာ ရှာခဲ့ဖူးခြင်း မရှိပေ။ ပုံမှန်အားဖြင့်လည်း မိဘများကို ကန်တော့ရန် အပြင်ထွက်သည်မှလွဲ၍ စံအိမ်ပြင်ပသို့ ထွက်လေ့မရှိပေ။
ထို့ကြောင့် သူမက ပြောလိုက်သည်။
"မင်းဘက်က အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ပြောနိုင်မယ်ဆိုရင် ငါလည်း နားမထောင်ဘဲ မနေပါဘူး"
ရွှယ်နင်သည် သူမ၏ မျက်ဝန်းများကို ပင့်ကြည့်လိုက်သည်။ အောက်ကျတဲ့ အမူအရာလည်း မရှိ၊ မောက်မာတဲ့ အမူအရာလည်း မရှိဘဲ တည်ငြိမ်စွာဖြင့်—
"စတုတ္ထအစ်မရဲ့ စကားအရဆိုရင်... ရေထဲကျလို့ အကယ်ခံရတဲ့ မိန်းကလေးတစ်ယောက်က ဖြူစင်မှုညှိုးနွမ်းပြီး ဂုဏ်သိက္ခာ ပျက်စီးတယ်လို့ သတ်မှတ်မယ်ဆိုရင်တော့၊ အားနင်ကို နယ်စားမင်းအိမ်တော်ကနေ နှင်မထုတ်သင့်ဘူးလို့ ထင်ပါတယ်"
သခင်မကြီးရှဲ့က ပြန်မေးသည်။
"ဒါဆို ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ"
ရွှယ်နင် ပြန်ဖြေလိုက်တာက -
"အားနင်က အစ်ကိုကြီးနဲ့ပဲ လက်ထပ်သင့်ပါတယ်"
ထိုစကားအဆုံးတွင် လူတိုင်း၏ မျက်နှာများမှာ အံ့အားသင့်မှုကြောင့် ပျက်ယွင်းသွားကြသည်။
သခင်မကြီးရှဲ့ပင် ဆွံ့အသွားပြီး မျက်မှောင်များကို တင်းတင်းကြုတ်လိုက်မိသည်။
စုချင်းသည် သူမ၏ နားနှင့်ပင် မယုံနိုင်ဘဲ နှုတ်ခမ်းကို ကိုက်ကာ—
"ရွှယ်နင်... နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ဒါက စိတ်ကူးယဉ် အိမ်မက်ပဲ! နင်လို မိဘမဲ့ တစ်ယောက်တည်းသမားက ငါတို့ ရှီဇီအစ်ကိုကြီးနဲ့ လက်ထပ်ဖို့ ဘယ်လိုများ မျှော်လင့်ရဲတာလဲ—"
စုချင်း၏ စကားများမှာ အလွန်ရိုင်းစိုင်းပြီး "မိဘမဲ့" ဆိုတဲ့ အသုံးအနှုန်းကြောင့် သခင်မကျန်း စိတ်မသက်မသာ ဖြစ်သွားရသည်။
သခင်မတုန်းကလည်း မျက်မှောင်ကြုတ်လိုက်ကာ စုချင်း ဆက်မပြောစေရန် သူမရဲ့ လက်ကို ဖိ၍ တားလိုက်သည်။
ရွှယ်နင်က လေးလေးနက်နက် ဆက်ပြောသည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အားနင်က အစ်ကိုကြီးရဲ့ ကယ်တင်တာကို ခံခဲ့ရပြီး ချီယွင်ဆောင်ကို ခေါ်လာတာကို လူအများကြီး မြင်ခဲ့ကြပါတယ်။ အဲဒီနေ့က ဒုတိယအစ်ကိုတောင် အားနင်ကို အဲဒီကိစ္စနဲ့ လှောင်ပြောင်ခဲ့သေးတယ်လေ။ အကယ်၍ အားနင်က အဲဒီအဖြစ်အပျက်ကြောင့် အစ်ကိုကြီးဆီမှာ ဖြူစင်မှုဆုံးရှုံးသွားပြီလို့ သတ်မှတ်မယ်ဆိုရင်၊ အားနင်က သူ့ကိုပဲ လက်ထပ်သင့်တာ မဟုတ်ဘူးလား"
သခင်မကျန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး စုမန်ကလည်း လိုက်၍ ရယ်လိုက်သည်။
"ဟုတ်သားပဲ! အဘွား... မန်မန်လည်း ညီမလေးအားနင် ပြောတာကို သဘောတူတယ်။ ရေထဲကျလို့ သိက္ခာကျတယ်ဆိုရင်တော့ အစ်ကိုကြီးကပဲ ပထမဆုံး တာဝန်ယူရမှာပေါ့!"
စုချင်း၏ မျက်နှာမှာ တစ်ချက်ထက်တစ်ချက် ပို၍ အကြည့်ရဆိုးလာကာ ဒေါသကြောင့် မည်းမှောင်နေတော့သည်။
သခင်မကျန်းက အခွင့်အရေးကို အရယူကာ အမြန်ဝင်ပြောလိုက်သည်။
"အမေ... မန်မန်ပြောတဲ့ စကားတွေက နည်းနည်းကြမ်းချင်ကြမ်းမယ်၊ ဒါပေမဲ့ အကျိုးအကြောင်းကတော့ မှန်နေတာပဲ။ နောက်ပြီး နင်နင်က အဲဒီယောကျ်ားနဲ့ နှစ်ယောက်တည်း ရှိနေခဲ့တာမှ မဟုတ်တာ။ ကျွန်မ ကြားတာတော့ အဲဒီအချိန်မှာ ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်၊ ကျန့်ကော်ဘုရားကျောင်းက ဆရာတော် မြောင်လင်တောင် ရှိနေတာပဲလေ။ သူ(မ)က ရေစိုသွားတာပဲရှိတာ— ဘယ်လိုလုပ်ပြီး သူ(မ)ရဲ့ ခန္ဓာကိုယ်ကို အကုန်မြင်နိုင်မှာလဲ။ ကျန်းအာ... မင်းလည်း ကျောင်းတော်မှာ ရှိနေတာပဲ။ အမှန်အတိုင်း ပြောပြလိုက်ပါဦး၊ ဟုတ်တယ်မလား"
ရွှယ်နင်သည် အသက်ကို ခပ်မှန်မှန်ရှူရင်း ခေါင်းကိုငုံ့ကာ ခန်းမအလယ်တွင် လိမ်လိမ်မာမာလေး ဒူးထောက်နေလိုက်သည်။
သူမက စုကျန်းကို တစ်ချက်ကလေးမျှ မော့မကြည့်ပေ။
ဒါပေမဲ့ စုကျန်းက သူမဘက်ကနေ သေချာပေါက် ကာကွယ်ပြောဆိုပေးမယ်ဆိုတာကို သူမ သိနေတယ်။ ဘာကြောင့်လဲဆိုတော့ တုန်းကျင်းမြို့လုံးမှာ သူမကို လက်မထပ်ချင်ဆုံးသူက သူပင်။
သူမ ထင်သည့်အတိုင်းပင်၊ မကြာမီမှာပင် စုကျန်းက တည်ငြိမ်တဲ့ လေသံဖြင့် စကားပြောလာသည်။
"ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ။ သူ(မ)ဘက်က ဘာအမှားအယွင်းမှ မရှိခဲ့သလို ရေထဲကျတာကလည်း မတော်တဆမှုတစ်ခုပဲ။ အဲဒီအချိန်တုန်းက ကျွန်တော် ရှိနေခဲ့သလို သူ(မ)ရဲ့ ခန္ဓာကိုယ်ကို မြင်တဲ့သူလည်း အများကြီး မရှိဘူး။ ပေါင်ချန်က သူ(မ)ကို အဝတ်လဲဖို့ တရားထိုင်ဆောင်ထဲကို အမြန်ခေါ်သွားခဲ့တာပါ။ ပြီးတော့မှ ကျွန်တော်နဲ့အတူ စံအိမ်ကို ပြန်လာခဲ့တာ"
သူမ၏ ရင်ထဲတွင် ခါးသီးမှုများ ရှိနေသော်လည်း ရွှယ်နင်သည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ခိုး၍ ချလိုက်မိသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင်လည်း ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ယှက်သန်းသွား၏။
စုကျန်း၏ စကားများကြောင့် အပြစ်ရှာရန် စောင့်နေသူများမှာ ဆွံ့အသွားကြရသည်။
သူမက မော့ကြည့်လိုက်ပြီး သခင်မကြီးရှဲ့အပေါ် သူမ၏ သစ္စာရှိမှုကို ပြသလိုက်သည်။
"ရွှယ်နင်က ဒီနယ်စားမင်းစံအိမ်မှာ နေသရွေ့ ဒီအိမ်သားတစ်ယောက်ပါပဲ။ အိမ်တော်ရဲ့ အကျိုးစီးပွားကိုပဲ စိတ်ရောကိုယ်ပါ အလေးထားမှာပါ။ အကယ်၍ သခင်မကြီးအနေနဲ့ စတုတ္ထအစ်မ ပြောသလို အားနင်ကို ချောင်ရှီဇီနဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် အားနင်ရဲ့ အသက်ကို ကယ်ခဲ့တဲ့သူနဲ့ဖြစ်ဖြစ် လက်ထပ်ပေးချင်တယ်ဆိုရင်လည်း အားနင်ကတော့ ဘာတစ်ခွန်းမှ မငြင်းဘဲ နာခံပါ့မယ်"
စုကျန်းသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ရွှယ်နင်၏ နှင်းလိုမျိုး ဖြူဖွေးနေတဲ့ မျက်နှာလေးကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှတော့ ဝင်မပြောပေ။
သခင်မကြီးရှဲ့သည် ကျေနပ်သွားပုံရကာ ခေါင်းငြိမ့်ပြလိုက်ပြီး ရွှယ်နင်ကို ထူပေးရန် လူတစ်ယောက်ကို ခိုင်းလိုက်သည်။
"မင်းရဲ့ ဆံပင်တွေ စိုနေတုန်းပဲ။ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်ရတာမလို့ အဆောင်ကို မြန်မြန်ပြန်ပြီး ရေချိုးသန့်စင်လိုက်တော့"
ရွှယ်နင်သည် ပခုံးပေါ်မှ ဝန်ထုပ်ကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ပြုံး၍ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်မကြီး"
ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များ ငြိမ်သက်သွားသော်လည်း စုချင်းကတော့ မကျေမနပ်ဖြစ်ကာ ဒေါသထွက်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။
ရွှယ်နင်သည် ပေါင်ချန်ကို ခေါ်၍ ဝမ်ရှိုခန်းမထဲမှ ထွက်လာခဲ့သည်။ သူမ နောက်ကွယ်တွင် အခန်းတွင်းမှ ပရိယာယ်များတဲ့ မျက်နှာများကို လိုက်ကာက ဖုံးကွယ်သွားသည့်အခါမှသာ သူမရဲ့ စိတ်နှင့် ကိုယ်က လွတ်လပ်ပေါ့ပါးသွားတော့သည်။
စင်္ကြံလမ်းပြင်ပတွင် နှင်းပွင့်များက ငှက်မွေးများကဲ့သို့ တဖွဲဖွဲ ကျဆင်းနေပြီး လေကလည်း အေးစက်စိမ့်ဝင်နေသည်။
မိန်းမပျိုလေးက ထူထဲတဲ့ မြေခွေးမွေး ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး လည်ပင်းတွင်လည်း နူးညံ့သည့် ရှဉ့်မွေး လည်ပတ်များကို ပတ်ထားကြသည်။
ရွှယ်နင်၏ လည်ပင်းတွင် နူးညံ့ဖွေးဥနေတဲ့ ယုန်မွေးလည်ပတ်လေးက သူမရဲ့ မေးစေ့လေးကို ဝန်းရံထားသည်။ ၎င်းက နှင်းကဲ့သို့ ဖြူဖွေးနေတဲ့ သူမရဲ့ အသားအရေကို ပို၍စိုပြေလှပစေပြီး သူမရဲ့ မျက်ဝန်းအိမ်များကလည်း မှောင်မိုက်နက်ရှိုင်းကာ တောက်ပနေသည်။
စုကျန်း မတ်တပ်ရပ်လိုက်တာကို မြင်တဲ့အခါ မင်းသမီး ရှို့နင်းကလည်း အမြန်လိုက်ထပြီး မျက်နှာလေး နီမြန်းကာ လှမ်းခေါ်လိုက်သည်။
"အစ်ကိုရှီဇီ... ညီမကို စောင့်ပါဦး"