← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း(၂၆)- နင်နင်က မထိုက်တန်ပါဘူး

အဲ့ဒီစကားကို ကြားလိုက်ရတဲ့အခါ သခင်မကျန်းက ရွှယ်နင် ဆိုလိုတဲ့ အဓိပ္ပာယ်ကို ဘယ်လိုလုပ် နားမလည်ဘဲ ရှိပါ့မလဲ။

ဒါဟာ တစ်ယောက်‌‌ယောက်က ချောင်ရှီဇီနဲ့ ပူးပေါင်းပြီး ရွှယ်နင်ရဲ့ အိမ်ထောင်ရေးကို တိုက်ရိုက်ပစ်မှတ်ထားကာ ကြံစည်ထားတဲ့ လှည့်ကွက်တစ်ခုဆိုတာ သံသယဝင်စရာမလိုချေ။

သခင်မကျန်းသည် ပို၍ပင် ဒေါသထွက်လာပြီး သူမရဲ့ ဖြူဖွေးတဲ့ မျက်နှာက ဒေါသကြောင့် နီမြန်းလာတော့သည်။

"သူတို့က ဘယ်လိုတောင် သတ္တိရှိနေကြတာလဲ! တစ်ယောက်ယောက်က သမီးကို အကွက်ချဖို့ တကယ်ပဲ ကြံစည်ရဲတယ်ပေါ့!"

ရွှယ်နင်က နူးညံ့စွာ ပြုံးလိုက်ပြီး သူမ၏ လက်ကလေးဖြင့် သခင်မကျန်းရဲ့ အေးစက်နေတဲ့ လက်များကို ဆုပ်ကိုင်ကာ နှစ်သိမ့်လိုက်သည်။

"အမေ... ဒေါသကြောင့် ကျန်းမာရေး ထိခိုက်အောင် မလုပ်ပါနဲ့။ ကံကောင်းတာက အားနင် ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီနေ့ အားနင် အမေ့ကို သတိပေးချင်တာက... ဒီအထိန်းတော်ဟောက်က... အရင်တုန်းက အမေကိုယ်တိုင် ချီယွင်ဆောင်ကို လွှတ်ပေးခဲ့တဲ့သူဆိုတာပါ"

အိမ်တော်ကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့သည့် သခင်မကျန်းသည် ထိုစကားကို ကြားသည်နှင့် အရာအားလုံးကို သဘောပေါက်သွားသည်။

"ဒီစံအိမ်ကြီးက ငါထင်ထားသလိုမျိုး အေးချမ်းမနေဘူးပဲ"

ရွှယ်နင်က သတိပေးလိုက်၏။

"အားနင်က ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးပေမဲ့ အမေကတော့ ဝါရင့်ပြီး ကျွမ်းကျင်တဲ့သူပါ။ အခု အထိန်းတော်ဟောက်ရဲ့ စိတ်ထားက မဖြူစင်ဘူးဆိုတာ သိရပြီဆိုတော့ နောင်ကျရင် အမေ့ရဲ့ခြံဝင်းက ကိစ္စအားလုံးကို ပိုပြီး သတိထားစေချင်တယ်"

သူမက စကားပြောရင်း သူမရဲ့လက်ဖဝါးထဲမှာ ဝှက်ထားသည့် အနက်ရောင် ဆေးလုံးလေးကို ထုတ်ပြလိုက်သည်။

သခင်မကျန်းက ထိုဆေးလုံးကို ကြည့်လိုက်ပြီးနောက် ရွှယ်နင်၏ နုနယ်တဲ့ မျက်နှာလေးကို ကြည့်လိုက်သည်။

"ဒါက—"

"ဒါက ဒုတိယအဒေါ်က အမေ့အတွက်ဆိုပြီး ပို့ပေးတဲ့ အားဆေးပါ မေမေ။ ကျန့်ကော်ဘုရားကျောင်းကို မသွားခင်က အားနင် စံအိမ်အပြင်ဘက်က ဆေးဆိုင်မှာ သွားစုံစမ်းခဲ့တာပါ"

"ပြီးတော့ ဘာဖြစ်လဲ"

"တကယ်တော့ အဆင်ပြေပါတယ်"

/အဆင်ပြေပါတယ်/ဆိုသည့် ထိုစကားလုံးများက သခင်မကျန်း၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံကို မြည်ဟီးသွားစေသည်။

သူမကိုယ်တိုင် မြှောက်စားခဲ့တဲ့ အစေခံကြီးက သူမရဲ့ အဆောင်မှာပဲ နှစ်ပေါင်းများစွာ အသုံးတော်ခံခဲ့ပြီးမှ ရွှယ်နင်ဆီ စိတ်ချလက်ချ လွှတ်ပေးခဲ့တာ ဖြစ်သည်။

သို့သော်လည်း ထိုအမျိုးသမီးက ချောင်ရှီဇီနှင့် တိတ်တဆိတ် ပူးပေါင်းကာ သူမရဲ့ သခင်မလေးကိုတောင် ဆေးခတ်ရန် ကြံစည်ခဲ့သည်။

ဒီကိစ္စရဲ့ နောက်ကွယ်မှာ အရိပ်ထဲမှာနေပြီး အရာအားလုံးကို ကြိုးကိုင်နေတဲ့ အခြားလက်တစ်ဖက် သေချာပေါက် ရှိနေလိမ့်မယ်။

တစ်ယောက်ယောက်က သူမလို စံအိမ်သခင်မကိုတောင် ဘယ်လို ဒုက္ခပေးရမလဲဆိုတာကို ကြံစည်နေကြတာလည်း ဖြစ်နိုင်တယ်။

သခင်မကျန်း တွေးမိလေလေ ပို၍ စိမ့်တက်လာလေလေပင်။ တစ်ဖက်မှာလည်း သူမရဲ့ဘေးနားမှာ မတရားမှုများစွာကို ခါးစည်းခံခဲ့ရတဲ့ လိမ်မာတဲ့ ထိုမိန်းကလေးငယ်လေးကိုလည်း သနားမိသွားသည်။

ထောင်သောင်းမကသော စကားလုံးများက နောက်ဆုံးတွင် စကားတစ်ခွန်းအဖြစ်ပဲ ပြောင်းလဲသွားတော့သည်။

"သနားစရာကောင်းတဲ့ ကလေးရယ်..."

ရွှယ်နင်က သူမရဲ့တောက်ပတဲ့ မျက်ဝန်းလေးများကို ပင့်ကြည့်လိုက်သည်။

"နင်နင် အဆင်ပြေပါတယ်"

ရွှယ်နင်က ပိုအလိုက်သိလေလေ၊ သခင်မကျန်း၏ ရင်ထဲတွင် ပိုခံစားရလေလေပင်။

သူမက မျက်ရည်ဝဲကာ ထိုမိန်းကလေးငယ်ကို သူမရဲ့ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"နင်နင် ဘာမှမဖြစ်လို့ တော်သေးတာပေါ့။ မဟုတ်ရင် သမီးရဲ့ မွေးမိခင်ကို ဘယ်မျက်နှာနဲ့ သွားတွေ့ရပါ့မလဲ"

ရွှယ်နင်က နူးညံ့စွာ ပြုံးလိုက်သည်။

"အမေ ကျွန်မအပေါ် ဘယ်လောက်တောင် ကောင်းတယ်ဆိုတာ ကောင်းကင်ဘုံကနေ ကြည့်နေတဲ့ ကျွန်မရဲ့ မွေးမိခင်လည်း သေချာပေါက် မြင်နေမှာပါ"

သခင်မကျန်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်တဲ့အတိုင်း သူမရဲ့ မျက်ရည်များကို သုတ်လိုက်သည်။

"စုစံအိမ်မှာ ဆက်နေတာက သမီးအတွက် မကောင်းတော့ဘူး ထင်တယ်"

သူမက ရွှယ်နင်၏ ကြွေရုပ်လေးကဲ့သို့ ချောမောလှပတဲ့ မျက်နှာလေးကို မေတ္တာဖြင့် စိုက်ကြည့်ရင်း သက်ပြင်းသာသာ ချလိုက်သည်။

"အရင်တုန်းကတော့ သမီးက အရမ်းငယ်သေးတော့ အပြင်မှာ လွှတ်ထားဖို့ အမေ စိတ်မချခဲ့ဘူး။ အခုတော့ သမီးလည်း အရွယ်ရောက်လာပြီဆိုတော့ စိတ်မပူပါနဲ့... အမေ သမီးရဲ့ အိမ်ထောင်ရေးအတွက် အစောကြီးကတည်းက စီစဉ်ပေးပါ့မယ်။ အမှန်တော့ အမေ စဉ်းစားထားတာက... သမီး အရွယ်ရောက်လာရင် ကျန်းအာနဲ့ပဲ လက်ထပ်ပေးဖို့..."

ထိုစကားကို ကြားရတဲ့အခါ ရွှယ်နင် အံ့သြခြင်း မရှိပေ။

ဒါပေမဲ့ သခင်မကျန်းရဲ့ သဘောတူညီချက်က ဘာများ အသုံးဝင်မှာလဲ။

စုကျန်းက သူမကို မချစ်ဘူး။ သူ့ကို လက်ထပ်ရတာက လျစ်လျူရှုခံရခြင်းနှင့် ဖိနပ်အဟောင်းတစ်ရံလိုမျိုး အပယ်ခံရတာကိုပဲ ကြုံတွေ့ရမယ်။

ထိုမီးလောင်မှုက သူမနှင့် သူ့ကြားရှိ သံယောဇဉ်အားလုံးကို ပြာဖြစ်အောင် လောင်ကျွမ်းစေခဲ့ပြီ မဟုတ်လား။

ဒီဘဝမှာတော့ သူမက စုကျန်းနဲ့ ဘယ်လိုမှ ထပ်ပြီးပတ်သက်ချင်စိတ် မရှိတော့ပေ။

ထိုအချိန်တွင် မိန်းကလေး၏ ရင်ထဲ၌ ခါးသီးတဲ့ ခံစားချက်တစ်ခု ပေါ်လာသော်လည်း သူမ၏ နှုတ်ခမ်းထက်က အပြုံးမှာ မပျက်ပြယ်သွားပေ။

"အမေ... ဒုက္ခမရှာပါနဲ့တော့။ နင်နင်က ကိုယ့်တန်ဖိုးကိုယ် သိပါတယ်။ အစ်ကိုကြီးလို လူမျိုးနဲ့ဆိုရင်... နင်နင်က မထိုက်တန်ပါဘူး"

သခင်မကျန်း၏ မျက်ဝန်းများမှာ တစ်ဖန် ပြန်လည်နီမြန်းလာပြန်သည်။ သူမက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ရွှယ်နင်ကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်သည်။

"မိန်းကလေးဆိုတာ တစ်နေ့တော့ အိမ်ထောင်ပြုရမှာပဲ။ ရွှမ်းယီနယ်စားမင်းစံအိမ်ကနေ ထွက်သွားတာက သမီးအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။ သမီးအပေါ် ကောင်းကောင်းဆက်ဆံမယ့် မိသားစုတစ်ခုခုနဲ့ ဆုံတွေ့ရရင် အမေ စိတ်အေးရပါပြီ"

...............

ချိုးရွှေဥယျာဉ်မှ ပြန်လာပြီး နောက်တစ်နေ့မှာပင် အထိန်းတော်ဟောက်ကို ချီယွင်ဆောင်မှ ဖယ်ရှားလိုက်ပြီး မီးဖိုချောင်တွင် သွားရောက်ကူညီရန် ပြောင်းရွှေ့လိုက်သည်။

သခင်မကျန်းက အထိန်းတော်ဟောက်ကို အပြစ်ပေးရန် ရည်ရွယ်ခဲ့သော်လည်း၊ ရွှယ်နင်က အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းခါပြကာ တားမြစ်ခဲ့ခြင်း ဖြစ်သည်။

နောက်တစ်နေ့ နံနက် အရုဏ်မတက်မီမှာပင် ရွှယ်နင်သည် ထုံးစံအတိုင်း စောစောထကာ သခင်မကြီးရှဲ့၏ အဆောင်သို့ သွားရောက် ဂါရဝပြုရန် ထွက်လာခဲ့သည်။

စင်္ကြံရှည်ကြီး၏ အကွေ့တစ်ခုသို့ ရောက်သောအခါ၊ စုရှီးနှင့် စုချင်း ညီအစ်မနှစ်ဦးနှင့် ထိပ်တိုက် တိုးလေတော့သည်။

"အိုး.. ဒါ ရွှယ်နင် မဟုတ်လား"

စုရှီးက ရွှယ်နင်ကို ပြုံးရင်း လှမ်းခေါ်လိုက်သည်။

"ဒီနေ့လည်း စောလှချည်လား၊ အဘွားဆီမှာ မျက်နှာလိုမျက်နှာရ သွားလုပ်မလို့လား"

ရွှယ်နင်က လိမ်မာစွာဖြင့် ခေါင်းငုံ့ထားပြီး ပြန်ပြောလိုက်သည်။

"အစ်မကြီးကလည်း နောက်နေပြန်ပြီ။ ကျွန်မက သခင်မကြီးနဲ့ အချိန်ပိုကုန်ဆုံးချင်လို့ပါ"

စုချင်းက နှာခေါင်းတစ်ချက် ရှုံ့ကာ လှောင်ရယ်လိုက်သည်။

"နင့်လို မြေခွေးမမျိုးက ဘာတွေ ကြံစည်နေသလဲဆိုတာ ငါတို့ မသိဘူးများ မှတ်နေလား"

ရွှယ်နင်က သူမရဲ့ လှပလွန်းတဲ့ ဗာဒံစေ့ပုံစံ မျက်ဝန်းနက်နက်လေးများကို ပင့်ကြည့်လိုက်သည်။

ထိုမျက်ဝန်းများသည် အမျိုးသားများကိုသာမက၊ ငယ်စဉ်ကတည်းက ရွှယ်နင်ကို အထင်သေးလာခဲ့သည့် စုရှီးကိုပင် ရင်ခုန်သွားစေလောက်အောင် ဆွဲဆောင်မှုရှိသည်။

"ဒါဆို ပြောပါဦး စတုတ္ထအစ်မ... ကျွန်မက ဘာတွေ ကြံစည်နေလို့လဲ"

စုချင်းက ရွှယ်နင်ရဲ့ မျက်နှာကို မြင်ရသည်နှင့် ဒေါသတကြီးဖြင့် အံကြိတ်ကာ အော်ပြောလိုက်သည်။

"နင်ကတော့ ယောကျာ်းတွေကို ဖြားယောင်းဖို့ပဲ စဉ်းစားနေမှာပေါ့!"

ရွှယ်နင်က အပြစ်ကင်းစင်တဲ့ အမူအရာဖြင့်—

"စတုတ္ထအစ်မရဲ့ စိတ်ထဲမှာ တစ်နေ့ကုန် ယောကျာ်းတွေကို ဖြားယောင်းဖို့ပဲ တွေးနေတာလား။ ကျွန်မတို့ မောင်နှမတွေ အတူတူ စာသင်နိုင်အောင် အဘွားက မိသားစုကျောင်းကို တည်ထောင်ပေးခဲ့တာ မဟုတ်လား။ အစ်မက အကျင့်စာရိတ္တ၊ တရားမျှတမှုနဲ့ အရှက်အကြောက်တရားတွေကို မသင်ယူခဲ့ဘူးလား။ ဘယ်လိုဖြစ်လို့ ယောကျာ်းတွေကို ဖြားယောင်းတဲ့ အတတ်ကိုပဲ တတ်မြောက်လာရတာလဲ"

စုချင်းက အလွန်အမင်း ဒေါသထွက်သွားသည်။

"ငါက နင့်အကြောင်းကို ပြောနေတာလေ!"

ရွှယ်နင်က ပို၍ပင် ဇဝေဇဝါဖြစ်သွားတဲ့ အမူအရာဖြင့်—

"စတုတ္ထအစ်မရဲ့ ဘယ်ဘက်မျက်လုံးက မြင်လိုက်တာလဲ။ ပြီးတော့ ကျွန်မက ဘယ်သူ့ကို ဖြားယောင်းမိလို့လဲ။ အစ်မမှာ သေချာတဲ့ အထောက်အထားရှိရင် ကျွန်မကို အခုချက်ချင်း အဘွားဆီ ခေါ်သွားပြီး အပြစ်ပေးဖို့ တောင်းဆိုလို့ရပါတယ်"

"နင်... နင်..."

စုချင်း၏ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ရွှယ်နင်၏ တုံ့ပြန်မှုကြောင့် စကားပင် ဆက်မပြောနိုင်တော့ပေ။

အရင်တုန်းကဆိုရင် အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ်နှင့် ဘာမှပြန်မပြောတတ်တဲ့ ဒီမိန်းကလေးက အခုနောက်ပိုင်း ပိုပြီး ရဲတင်းလာတယ်လို့ သူမ ခံစားနေရတယ်။

"တော်ကြတော့... ငါတို့အားလုံးက မိသားစုတစ်ခုတည်းက ညီအစ်မတွေပဲဟာ။ ဒီလိုမျိုး စကားများနေတာ ဘယ်ကြည့်ကောင်းပါ့မလဲ"

စုရှီးက ကြားထဲမှ ဝင်ဖျန်ဖြေပေးလိုက်သည်။ လုမျိုးနွယ်စုကြီးတစ်ခုဖြစ်တဲ့ လုမိသားစုနဲ့ လက်ထပ်ဖို့အတွက် သတ်မှတ်ခံထားရတဲ့သူဖြစ်လို့ သူမက ရွှယ်နင်အပေါ်မှာ အရင်ကထက် အနည်းငယ် ပို၍ ယဉ်ကျေးပြရမည် ဖြစ်သည်။

"ညီမလေးအားနင်... ငါတို့အတူတူ လမ်းလျှောက်သွားကြမလား"

စုချင်းက ဒေါသများ တနုံ့နုံ့ ဖြစ်နေသော်လည်း စကားဖြင့်သာ ရန်လုပ်နိုင်သဖြင့် အလွန်ပင် အားမလိုအားမရ ဖြစ်နေသည်။

သူမရဲ့ တစ်ခုတည်းသော နောင်တက ကျန့်ကော်ဘုရားကျောင်း ခရီးစဉ်မှာ ရွှယ်နင်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ကြံစည်မှု မအောင်မြင်ခဲ့ခြင်းပင်။

ထို့အပြင် သူမရဲ့ လူယုံဖြစ်တဲ့ အထိန်းတော်ဟောက်ပါ ဖယ်ရှားခံလိုက်ရသဖြင့် ရွှယ်နင်ကို ပို၍ပင် မုန်းတီးသွားတော့သည်။

ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။ သူမက စုချင်းကို ထပ်မံ၍ စနောက်ရန် ပြင်လိုက်စဉ်မှာပင်၊ အဝေးမှ လျှောက်လာနေတဲ့ စုကျန်းနှင့် အခြားစုမောင်နှမများကို လှမ်းမြင်လိုက်ရသည်။

"မလိုပါဘူး"

သူမရဲ့ အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ခွေးနှင့် ဆော့ကစားလိုစိတ် မရှိတော့သကဲ့သို့ သူမက ပေါင်ချန်ကို ခေါ်ကာ ဝမ်ရှိုဆောင်ဆီသို့ ချက်ချင်းပင် လှည့်ထွက်လာခဲ့သည်။

"အစ်မကြီး ကြည့်စမ်းပါဦး... သူ(မ)က ဘယ်လောက်တောင် ဘဝင်မြင့်နေသလဲဆိုတာ!"

စုချင်းက သူမရဲ့ နှုတ်ခမ်းကို ကိုက်ရင်း မကျေမနပ် ညည်းညူလိုက်သည်။

"သူ(မ)က ဘာအခွင့်အရေးရှိလို့လဲ။ သူ(မ)က ဒီနယ်စားမင်းစံအိမ်ရဲ့ တကယ့် သခင်မလေးလည်း မဟုတ်ဘဲနဲ့!"

စုရှီးက အေးစက်စက် အမူအရာဖြင့် ပြုံးလိုက်ပြီး—

"သူ(မ)က နယ်စားမင်းစံအိမ်ရဲ့ တကယ့် သခင်မလေး မဟုတ်ပေမဲ့ စစ်သည်တော်မိသားစုက ကျန်ရစ်ခဲ့တဲ့ မိဘမဲ့ကလေးပဲ။ အဘွားက ဒီလို တန်ဖိုးရှိတဲ့ သားကောင်ကို လွယ်လွယ်နဲ့ လက်လွှတ်မယ့်ပုံ မပေါ်ဘူး"

စုချင်းက နှာခေါင်းရှုံ့လိုက်သည်။

"သူ(မ)က ဘာများ တန်ဖိုးရှိလို့လဲ"

စုရှီးက ထူးခြားတဲ့ အပြုံးဖြင့်—

"ညီမလေး... နင် မသိသေးဘူးလား"

စုချင်းက စိတ်ပျက်လက်ပျက်ဖြင့်—

"ဘာကို သိရမှာလဲ"

သူမက ပြည့်တန်ဆာအိမ်မှ ဆေးများ တိတ်တဆိတ် ဝယ်ခိုင်းရန်၊ ရွှယ်နင်ကို ဆေးခတ်ရန်နှင့် ရွှယ်နင် ခြေချော်လဲအောင် ကြံစည်ရန်အတွက်သာ အချိန်ကုန်နေခဲ့သဖြင့် အခြားကိစ္စများကို အာရုံမစိုက်နိုင်ခဲ့ပေ။

မနေ့က ကျန့်ကော်ဘုရားကျောင်းမှာ အစီအစဉ် ပျက်သွားပြီးကတည်းက သူမ ဒေါသထွက်လွန်းလို့ တစ်ညလုံး အိပ်မပျော်ဘဲ ချောင်ကျင်ရဲ အသုံးမကျမှုကိုပဲ ကျိန်ဆဲနေခဲ့တာ။

သူမရဲ့ စိတ်ထဲမှာ အခြေအနေကို ဘယ်လို ပြောင်းပြန်လှန်ရမလဲဆိုသည့် အတွေးများဖြင့်သာ ပြည့်နှက်နေသည်။

စုရှီးက လှောင်ပြောင်သည့် လေသံဖြင့်—

"သခင်မကျန်းက အခုတလော ရွှယ်နင်ရဲ့ ‘အသိအမှတ်ပြုပွဲ’ အတွက် အလုပ်ရှုပ်နေတာ။ တုန်းကျင်းမြို့တော်မှာရှိတဲ့ အရာရှိကြီးတွေ၊ အထက်တန်းလွှာတွေနဲ့ ဝန်ကြီးတွေရဲ့ ဇနီးမယားတွေ၊ သားသမီးတွေ အကုန်လုံးကို ဖိတ်စာတွေ ပို့နေပြီ။ ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကို နင် အခုထိ မသိသေးဘူးလား"

ညီအစ်မများထဲတွင် စုရှီးက အကြီးဆုံး ဖြစ်သော်လည်း သူမရဲ့ အိမ်ထောင်ရေးက ယခုထက်ထိ မပြတ်သားသေးပေ။

ထို့ကြောင့် သူမ စိတ်ထဲတွင် မကျေနပ်ချက်များ ရှိနေတာ အဆန်းမဟုတ်ပေ။

အထူးသဖြင့် ရွှယ်နင်ရဲ့ပွဲကို အခုလိုမျိုး ခမ်းခမ်းနားနား ကျင်းပပေးနေခြင်းအပေါ်တွင် ဖြစ်သည်။

သခင်မကျန်းက ရွှယ်နင်အပေါ် အလွန်အမင်း မျက်နှာသာပေးနေခြင်းက စုရှီးကို ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ စုချင်းကဲ့သို့ပင် သူမလည်း ရွှယ်နင် အရှက်ရတာကိုပဲ မြင်ချင်ပြီး၊ ရွှယ်နင် ကောင်းစားသွားမှာကို လုံးဝ မလိုလားပေ။

"ဒီနေ့ မနက်အစောကြီးမှာ အမေ ပြောပြတာ ကြားလိုက်ရတယ်... သခင်မကျန်းက ရွှယ်နင်အတွက်ဆိုပြီး ပညာရှိအမတ်ကြီး ဝေ့ရဲ့ ဇနီး သခင်မလင်ကိုတောင် စံအိမ်ကို ဖိတ်ထားတယ်။”

All Chapters