← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈ - လမ်းခွဲ

မင်းသမီး ရှို့နင်းက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"လောင်ဖူးရန်... ညီမလေးအားနင်က တကယ်ကို အလိုက်သိတတ်တာပဲ"

ရှဲ့နင်းထန် သဘောကျသွားတာကို မြင်တဲ့အခါ သခင်မကြီးရှဲ့လည်း ပြုံးမိသွားသည်။ တစ်ဆက်တည်းမှာပင် ရွှယ်နင်အတွက် မကြာခင် ကျင်းပတော့မယ့် မိသားစုဝင်အဖြစ် တရားဝင်အသိအမှတ်ပြုပွဲအကြောင်းကိုလည်း တွေးမိသွား၏။

ရှဲ့နင်းထန် တုန်းကျင်းသို့ ရောက်ရှိပြီး နယ်စားမင်းအိမ်တော်သို့ ပြောင်းရွှေ့လာချိန်တွင် သခင်မကျန်း၏ မွေးနေ့ပွဲနှင့် ကွက်တိတိုးနေခဲ့သဖြင့် လူတိုင်းက ဒီမိန်းကလေးကို သတိမထားမိဘဲ ကျော်သွားခဲ့ကြသည်။ အကယ်၍ ဒီနေ့ ရွှယ်နင်က စကားစမဖော်ခဲ့လျှင် ဤမိန်းကလေးက သူမရဲ့မွေးရပ်မြေကနေ နယ်စားမင်းအိမ်တော်ကို ရောက်ရှိလာခဲ့တာ ကြိုဆိုပွဲလေးတစ်ခုပင် မရှိခဲ့ကြောင်းကို သခင်မကြီးကိုယ်တိုင်ပင် မေ့နေတော့မှာ ဖြစ်သည်။ ထိုမိန်းကလေးရဲ့စိတ်ထဲမှာ ဘယ်လောက်တောင် နာကျင်နစ်နာမှုတွေ ရှိနေရှာမလဲ။

သခင်မကြီးရှဲ့သည် မင်းသမီး ရှို့နင်းကို သူမ၏ဘေးတွင် ထိုင်ရန် အမြန်ခေါ်လိုက်ပြီး၊ နီမြန်းနေတဲ့ ပါးပြင်လေးကို သာသာယာယာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

"ဒါဆိုရင်တော့... ငါတို့ ထန်ထန်လေးအတွက် ကြိုဆိုပွဲလေးတစ်ခု အရင်ကျင်းပပေးရမှာပေါ့။ အပြင်လူတွေကို ဖိတ်နေဖို့ မလိုပါဘူး၊ ငါတို့ မိသားစုဝင်တွေတင် စုံစုံလင်လင် ဆုံကြပြီး ပျော်ပျော်ပါးပါး စားကြသောက်ကြတာပေါ့"

သခင်မကျန်းကလည်း ပြုံးကာ ပြောလိုက်သည်။

"သခင်မကြီး ပြောတာ မှန်ပါတယ်။ ဒါ ကျွန်မရဲ့ ပေါ့ဆမှုကြောင့်ပါ။ မနက်ဖြန်ကျရင် ဘယ်လိုလဲဟင်?"

မိသားစုဝင်အဖြစ် တရားဝင်အသိအမှတ်ပြုပွဲကြီး ကျင်းပရန် ငါးရက်၊ ခြောက်ရက်ခန့်သာ လိုတော့သဖြင့် ဒီကြိုဆိုပွဲကို အကြီးအကျယ် လုပ်နေရန် မလိုပေ။ ဒီလို မိသားစုတွင်း ပွဲလမ်းသဘင်မျိုးကို စီမံခန့်ခွဲရတာက သူမအတွက်တော့ အသေးအဖွဲပင်။

သခင်မကြီးရှဲ့က ခေါင်းညိတ်လိုက်ပြီး အခန်းထဲရှိ လူအားလုံးကို လှည့်၍ ပြောလိုက်သည်။

"နင်တို့ကျတော့ နယ်စားမင်းအိမ်တော်က ဂုဏ်သရေရှိ သခင်လေးတွေ၊ သခင်မလေးတွေလို့သာ ခေါ်နေကြတာ... အားနင်လောက်တောင် အလိုက်မသိကြဘူး"

သခင်မကြီးရှဲ့၏ စကားလုံးများက ရွှယ်နင်ကို သူမတို့ရဲ့ မိသားစုဝင်တစ်ယောက်လို သဘောမထားကြောင်း ပေါ်လွင်နေသည်။

ရွှယ်နင်က အဲ့ဒီစကားကို ကြားလိုက်ရပေမယ့် မကြားချင်ယောင်ဆောင်ကာ အေးဆေးပင် နေလိုက်သည်။

သခင်မကြီးရှဲ့လည်း သူမ ပြောမိသွားတဲ့ စကားကို ချက်ချင်းပင် ရိပ်မိသွားသော်လည်း၊ ရွှယ်နင်ကို စိတ်ထဲ၌ သိပ်ပြီး အလေးမထားပေ။

ဘာပဲဖြစ်ဖြစ် မိန်းကလေးဆိုတာ နောင်တစ်ချိန်မှာ အခြားအိမ်ကို လက်ထပ်သွားကြရမယ့်သူတွေ မဟုတ်ဘူးလား။ နယ်စားမင်းအိမ်တော်က သူမကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာကို သိတတ်လျှင်ပင် ကျေးဇူးတင်လှပါပြီ။

"ကဲ... အားလုံးပဲ ပြန်ကြတော့"

သခင်မကြီးရှဲ့သည် မာမားယဲ့၏ လက်မောင်းကို အားပြုကာ မတ်တပ်ထရပ်လိုက်သည်။

အောက်တွင် ထိုင်နေကြတဲ့ သခင်မလေးများနှင့် သခင်လေးများကလည်း လိုက်ပြီး မတ်တပ်ရပ်ကြ၏။

မင်းသမီး ရှို့နင်းသည် မြင့်မြတ်တဲ့ အဆင့်အတန်းရှိသူ ဖြစ်သဖြင့် စုမန်၊ စုရှီးနှင့် အခြား ညီအစ်မများ၏ စိတ်အားထက်သန်စွာ ဝိုင်းဝန်းဂရုစိုက်ခြင်းကို ခံနေရသည်။ စုချင်းတစ်ယောက်သာ ထိုအထဲတွင် မပါဝင်ချေ။

သို့သော် ယနေ့တွင် စုချင်း၏ အမူအရာမှာ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေသည်။ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လက်ချောင်းများကိုလည်း ဂနာမငြိမ်စွာ လိမ်ယှက်နေကာ တစ်စုံတစ်ခုကို ပြောချင်သော်လည်း ဖွင့်ဟရန် တွန့်ဆုတ်နေပုံရသည်။

ရွှယ်နင်သည် အဝေးမှနေ၍ စုချင်း၏ ဖြူဖျော့နေသော မျက်နှာကို လှမ်းကြည့်ရင်း၊ နှုတ်ခမ်းထောင့်လေးများက မသိမသာ တွန့်ကွေးသွားတော့သည်။

...

သခင်မကြီးက လူစုခွဲရန် ပြောလိုက်သည်နှင့် ရွှယ်နင်က ချက်ချင်းပင် လှည့်ထွက်လာခဲ့သည်။

စုမန်က အနောက်ကနေ အပြေးအလွှား လိုက်လာပြီး သူမရဲ့ လက်မောင်းကို ဆွဲကိုင်လိုက်ရာ၊ သူမ၏ နုနယ်တဲ့ မျက်နှာလေးက အခန်းတွင်းမှ အပူရှိန်ကြောင့် နီမြန်းနေဆဲပင် ဖြစ်သည်။

အပြင်ဘက်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင်သူတို့နှစ်ယောက်လုံး အရိုးထဲထိ အေးစိမ့်သွားကြပြီး၊ အသက်ရှူလိုက်တိုင်း လေထဲတွင် ဖြူလွလွ မြူခိုးငွေ့များအဖြစ် ပြောင်းလဲသွားသည်။

စုမန်သည် မနေ့က သူမရဲ့ မိခင်ဘက်မှ အဘိုးအဘွားများအိမ်သို့ သွားရောက်လည်ပတ်နေခဲ့သဖြင့် အိမ်တော်တွင် မရှိခဲ့ချေ။ သူမ ပြန်ရောက်ရောက်ချင်းမှာပင် ကျန့်ကော်ဘုရားကျောင်း၌ ရွှယ်နင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကို ကြားသိလိုက်ရသဖြင့် စိုးရိမ်စိတ်နှင့် ဒေါသတို့ တပြိုင်နက်တည်း ဖြစ်ပေါ်ကာ မနက်စောစောကတည်းက စကားပြောရန် အခွင့်အရေး ချောင်းနေခဲ့ခြင်း ဖြစ်သည်။

အဘွားဖြစ်သူက လူစုခွဲရန် ပြောလိုက်သည်နှင့် သူမက ရွှယ်နင်ကို ဘေးသို့ အလျင်အမြန် ဆွဲခေါ်သွားတော့သည်။

"ငါ အစ်ကိုကြီးကို နင့်နောက်က လိုက်ခဲ့ဖို့ ပြောသားပဲ၊ နင်ကမှ နားမထောင်တာ။ အရင်နှစ်တွေက အစ်ကိုကြီး ကာကွယ်ပေးတုန်းက ဘယ်သူက နင့်ကို ဒုက္ခပေးရဲလို့လဲ?"

"ညီမ အဆင်ပြေနေတာပဲ မဟုတ်လား?"

"နင်ကတော့ ခေါင်းမာနေတုန်းပဲ။ ကံကောင်းလို့ ဘာမှမဖြစ်သွားတာ၊ တကယ်လို့ တစ်ခုခုဖြစ်သွားရင် နင် ဘာလုပ်မလဲ?"

"ဘာလုပ်ရမှာလဲ... သူ့ကိုပဲ လက်ထပ်လိုက်ရုံပေါ့"

စုမန်က သူမကို စိတ်ဆိုးမာန်ဆိုးဖြင့် စိုက်ကြည့်လိုက်သည်။ ရွှယ်နင် စိတ်ပါလက်ပါ ပြောနေတာ မဟုတ်ဘူးဆိုတာ သူမ ကောင်းကောင်းသိတယ်။

"အဲဒီ သခင်လေးချောင်က လူကောင်းမဟုတ်ဘူး။ သူ့ရဲ့ ခြံဝင်းမှာ ကိုယ်လုပ်တော်တွေ၊ အစေခံမိန်းကလေးတွေ မရေမတွက်နိုင်အောင် ရှိတဲ့အပြင် အပြင်က ပြည့်တန်ဆာအိမ်တွေကိုလည်း ခဏခဏ သွားတတ်တာ။ ဘယ်နှယောက်တောင် ရှိနေပြီလဲ မသိဘူး။ တုန်းကျင်းမြို့က ဂုဏ်သရေရှိ သခင်မလေးတွေထဲက ဘယ်သူမှ သူ့ကို လက်မထပ်ချင်ကြဘူးလို့ ငါ ကြားတယ်။ သူ့အမေကလည်း သမီးကောင်းရတနာတစ်ယောက်ကို သူ့ဆီ ဘယ်လိုလှည့်စားပြီး အပိုင်ကြံရမလဲဆိုတာပဲ တွေးပြီး စိတ်ပူနေရတာ။ အဲဒီလို မိသားစုမျိုးထဲ လက်ထပ်ဝင်သွားရင် ဘာကောင်းတာ ရှိမှာလဲ?"

ရွှယ်နင်ကတော့ စုကျန်းကို လက်ထပ်ရတာထက်စာရင် ထိုအခြေအနေက ပိုမဆိုးနိုင်ပါဘူးဟု စိတ်ထဲက တွေးနေမိသည်။

လောကမှာရှိတဲ့ ယောကျာ်းအများစုက စိတ်ပြောင်းလွယ်တတ်ကြပြီး သူမက အိမ်ထောင်ရေးအပေါ် စိတ်ကုန်ခမ်းနေခဲ့တာ ကြာပြီဖြစ်သည်။

သူမက စစ်မှန်တဲ့ မေတ္တာ သို့မဟုတ် ချစ်ခြင်းတရားကို မတောင်းတတော့ပေ။

သူမ သိကျွမ်းနားလည်ပြီး သူမအပေါ် ရိုသေလေးစားကာ ကြင်ကြင်နာနာ ဆက်ဆံမည့်သူတစ်ဦးကိုသာ လက်ထပ်ရန် မျှော်လင့်တော့သည်။

သခင်မကျန်းလိုမျိုးပဲ... လင်မယားကြား အပေါ်ယံ မျက်နှာပန်းလှရုံဖြင့်တင် သူမအတွက် လုံလောက်ပြီ။

အခုအချိန်မှာ သူမရဲ့ အကြီးမားဆုံး အိပ်မက်က အမြန်ဆုံး လက်ထပ်ပြီး ရွှမ်းယီနယ်စားမင်း အိမ်တော်ကနေ ထွက်ခွာကာ စုကျန်းနှင့် ဝေးရာတွင် နေထိုင်ရန်သာ ဖြစ်သည်။

ဝဲကျနေသော နှင်းမှုန်များကြားတွင် စုမန်က တတွတ်တွတ် ဆက်ပြောနေဆဲပင် -

"ဒါကြောင့်... ဒါက တကယ့်ကို ဗုဒ္ဓရဲ့ စောင့်ရှောက်မှုပဲ။ တစ်ယောက်ယောက်က နင့်ကို ကယ်လိုက်တယ်လို့ ငါ ကြားတယ်? ယောကျာ်းတစ်ယောက်လား?"

ရွှယ်နင်က - "အင်း" ဟု ပြန်ဖြေလိုက်သည်။

စုမန်က ထပ်မေးသည်။

"နင် သူ့ကို သိလား?"

မလိုအပ်တဲ့ ပြဿနာများကို ရှောင်ရှားရန်အတွက် ရွှယ်နင်က ခေါင်းခါပြလိုက်သည်။

စုမန်က အစ်မကြီးတစ်ယောက်လို လေသံဖြင့် ပြောလိုက်သည်။

"နောက်တစ်ကြိမ် ဆုံခွင့်ရရင်တော့ သူ့ကို သေချာ ကျေးဇူးတင်ရမယ်နော်"

ရွှယ်နင်က အလိုက်သင့်ပင် -

"တတိယအစ်မ စိတ်မပူပါနဲ့၊ ညီမ နားလည်ပါတယ်။ တကယ်လို့ အဲဒီသခင်လေးနဲ့ ဆုံဖြစ်ရင် ကျေးဇူးတုံ့ပြန်ဖို့အတွက် တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု သေချာပြင်ဆင်သွားပါ့မယ်"

"နင်ကတော့လေ—"

စုမန်သည် တတိယမြောက် မွေးဖွားသူဖြစ်ပြီး စုချင်းထက် ရက်အနည်းငယ်မျှသာ အသက်ကြီးသော်လည်း ရွှယ်နင်၏ရှေ့တွင် အစ်မကြီးအဖြစ် သရုပ်ဆောင်ရတာကို အလွန်အမင်း သဘောကျသူ ဖြစ်သည်။

"အိုး... ဟုတ်သားပဲ!"

သူမက ရုတ်တရက် ရေရွတ်လိုက်မိ၏။

ရွှယ်နင်က အမြန်ပင် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ တတိယအစ်မ?"

ရွှယ်နင် စိုးရိမ်သွားတာကို မြင်တဲ့အခါ စုမန်က ရုတ်တရက် ရယ်မောလိုက်ပြီး သူမရဲ့ မျက်ဝန်းများက တောက်ပလာကာ ပြောပြသည်။

"ဒီနေ့ ငါ သတင်းတစ်ခု ကြားတယ်ဟ။ သခင်လေးချောင်က မြို့ဝန်ရုံးအချုပ်ထဲမှာ အဖမ်းခံထားရပြီး မနေ့ညကမှ သူ့အဖေ သခင်ကြီးက လာပြီး အာမခံနဲ့ ထုတ်သွားတာတဲ့။ ပြီးတော့ မိသားစုစည်းကမ်းအရ အပြင်းအထန် အပြစ်ပေးခံရလို့ အခု အိပ်ရာထဲကနေ အပြင်မထွက်နိုင်တာ အနည်းဆုံး နှစ်ဝက် (ခြောက်လ) လောက် ကြာလိမ့်မယ်တဲ့"

ရွှယ်နင်က မျက်တောင်ခတ်ရင်း ဇဝေဇဝါမျက်နှာထားဖြင့် -

"ဒါက ခိုးမှုသက်သက်ပဲဥစ္စာ။ သခင်ကြီးက ဒီလောက်အထိ ဒေါသထွက်ပါ့မလား?"

စုမန်က ခေါင်းခါပြလိုက်သည်။

"ငါလည်း သေသေချာချာတော့ မသိဘူး၊ သူများပြောတာ ကြားရုံတင်ပဲ။ ဒါပေမဲ့ သူကတော့ ထိုက်တန်တဲ့ အပြစ်ကို ခံရတာပါပဲ။ တော်ပြီ တော်ပြီ... သူ့အကြောင်း မပြောကြစို့နဲ့—သူ့နာမည် ပြောရတာကိုက ကံဆိုးစရာကြီး"

ရွှယ်နင်သည် မျက်မှောင်ကြုတ်လိုက်ပြီး အရင်ဘဝက ကိစ္စရပ်ကို ပြန်အမှတ်ရသွားသည်။ အရင်ဘဝတုန်းက သူမနဲ့ချောင်ကျင်တို့ အိပ်ရာထဲမှာ အတူတူ မိသွားခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာပင် ချောင်ကျင်က ရုတ်တရက် ရေနစ်သေဆုံးသွားခဲ့သည်။

ထိုအချိန်က သူမကိုယ်တိုင်လည်း စိတ်သောကများတဲ့ အခြေအနေ ရောက်နေခဲ့တာကြောင့် အခြားသူများ၏ အကြောင်းကို စိတ်မဝင်စားနိုင်ခဲ့ပေ။

စုကျန်းကိုယ်တိုင် ချောင်ကျင်၏ ရုပ်အလောင်းကို စစ်ဆေးခဲ့ပြီး သူက အရက်အလွန်အကျွံ မူးကာ ပျန့်မြစ်ထဲသို့ မတော်တဆ ပြုတ်ကျသွားတာဖြစ်တယ်လို့ ကောက်ချက်ချခဲ့သည်ဟု ပေါင်ချန် ပြောပြချက်အရ သိခဲ့ရသည်။

ထိုဘဝတုန်းက သူမ အလွန်အမင်း ထိတ်လန့်လွန်းတာကြောင့် နေ့ရက်များစွာတိုင်အောင် အိပ်မပျော်နိုင်ခဲ့ဘဲ စိတ်ဝိညာဉ်တစ်ခုလုံးလည်း ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။

ထို့အပြင် စုကျန်းကလည်း သူမကို အမြဲတမ်း အေးစက်စက် မျက်နှာထားဖြင့်သာ စိုက်ကြည့်လေ့ရှိပြီး နှစ်သိမ့်စကားတစ်လုံးတောင် မပြောခဲ့ချေ။

နှလုံးသားတစ်ခုလုံး ကြေမွပျက်စီးသွားခဲ့ရသဖြင့် သူမသည် နှစ်ဝက်ကျော်တိုင်အောင် ဖျားနာကာ အခန်းအပြင်သို့ပင် မထွက်ဘဲ ပုန်းအောင်းနေခဲ့ရသည်။

ကျိချင်းနယ်စားမင်း အိမ်တော်၏ အရေးကိစ္စများကိုလည်း သူမ ဘယ်တုန်းကမှ စုံစမ်းမေးမြန်းခြင်း မရှိခဲ့ပေ။

နောက်ပိုင်းတွင် ချောင်မိသားစုသည် တုန်းကျင်းမြို့မှ ပြောင်းရွှေ့သွားခဲ့ကြပြီး၊ အဆုံး၌ သူမလည်း တုန်းကျင်းမြို့မှ ထွက်ခွာခဲ့ရသည်။

ဒါက တကယ်ပဲ ကျန့်ကော်ဘုရားကျောင်းတော်က ဗုဒ္ဓနဲ့ နဲ့ သူမရဲ့ ကွယ်လွန်သူ မိဘဘိုးဘွားများက ကာကွယ်စောင့်ရှောက်ပေးခဲ့တာကြောင့်လား?

စုကျန်းက သူမအတွက် ကလဲ့စားချေပေးခဲ့တာတော့ လုံးဝ ဖြစ်နိုင်စရာမရှိဘူး မဟုတ်လား?

ဒီလို တွေးလိုက်မိသည်နှင့် သူမ မရည်ရွယ်ဘဲ ခပ်ယဲ့ယဲ့လေး ရယ်မောလိုက်သည်။

"နင်က ဘာလို့ ရယ်နေတာလဲ?"

စူမန်က သူမရဲ့ လက်ကလေးကို ရွှယ်နင်၏ မျက်နှာရှေ့တွင် ဝေ့ယမ်းလျက် မေးလိုက်သည်။

ရွှယ်နင်သည် အတွေးကမ္ဘာမှ သတိပြန်ဝင်လာပြီး ဖွဖွလေး ပြုံးကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ ညီမတို့ အတူတူ ပြန်ကြစို့"

စုမန်က သဘောကျသွားသည်။

"အတော်ပဲ... မင်းသမီး ရှို့နင်းအတွက် ပေးရမယ့် လက်ဆောင်ကို ငါ့ကို ကူပြီး စဉ်းစားပေးဦး"

ညီအစ်မနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် လက်ချင်းချိတ်လျက် စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းခဲ့ကြသည်။

လေနှင့် နှင်းဒဏ်မှာ အလွန်အမင်း ပြင်းထန်တဲ့အတွက် ထူထဲလှသည့် မြေခွေးသားမွှေး ခေါင်းစွပ်ကပင် အအေးဒဏ်ကို အပြည့်အဝ မကာကွယ်နိုင်တော့ချေ။

စုမန်သည် ဖြတ်လမ်းတစ်ခုဖြစ်သည့် လမင်းတံခါးဝမှတစ်ဆင့် မင်ယွဲ့ဆောင် တည်ရှိရာ‌ နေရာဘက်သို့ လမ်းဖြတ်ကာ ဆွဲခေါ်သွားတော့သည်။

ရွှယ်နင်က အဲ့ဒီဘက်ကို မသွားချင်ပေ။ မင်ယွဲ့ခြံဝင်းနှင့် နီးကပ်လာသည်နှင့်အမျှ သူမရဲ့ ခြေလှမ်းများက တန့်သွားတော့သည်။

သူမက လမ်းကို ပို၍ ပတ်ရပါစေ၊ နှင်းဒဏ်ကို ပို၍ ခံရပါစေဦးတော့... စုကျန်းရဲ့ နေရာနှင့် နီးကပ်တဲ့အရပ်ကို မသွားချင်ဘူး။

ထို့အပြင် အရင်ဘဝတုန်းက သူမက သူမရဲ့ ဘဝတစ်ဝက်နီးပါးကို ဒီမင်ယွဲ့ခြံဝင်းထဲမှာပဲ အချိန်ဖြုန်းပြီး အိုမင်းရင့်ရော်ခဲ့ရတယ် မဟုတ်လား။

စုကျန်းနှင့် လက်ထပ်ပြီးနောက် သူမက ဒီမြင့်မားတဲ့ မျှော်စင်ဆောင်တွင်သာ ပိတ်လှောင်ခံထားရပြီး၊ နေ့ရက် ညဉ့်တာများစွာကို အိမ်သို့ ခဲယဉ်းစွာ ပြန်လာတတ်သည့် လင်ယောက်ျားကို မျှော်လင့်ရင်း တစ်ယောက်တည်း ဖြတ်သန်းခဲ့ရသည်။

လင်မယားကြား ရံဖန်ရံခါရှိတတ်တဲ့ ပတ်သက်မှု အနည်းငယ်မှာပင် သူမအတွက်တော့ မချိမဆံ့ နာကျင်ရတဲ့ အခိုက်အတန့်များသာ ဖြစ်ခဲ့သည်။

ပြီးတော့ သူမရဲ့ဗိုက်ထဲမှာပဲ သေဆုံးသွားခဲ့တဲ့ မမွေးဖွားလိုက်ရတဲ့ရင်သွေးလေး... အဲ့ဒီကလေးလည်း ဒီမင်ယွဲ့ခြံဝင်းထဲမှာပဲ အသက်ပျောက်ခဲ့ရတယ်။

ဘဝနှစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း ဤအကြောင်းကို တွေးမိရုံမျှဖြင့်ပင် သူမရဲ့ နှလုံးသားမှာ ဓားဖြင့် မွှန်းနေသကဲ့သို့ နာကျင်နေရဆဲပင်။

ရွှယ်နင်သည် မည်သည့်နွေးထွေးမှုမျှ မရှိဘဲ ခြောက်ကပ်အေးစိမ့်လှသော ထိုနေရာဆီ ဘယ်တော့မှ ပြန်မသွားချင်တော့ပေ—အခွင့်အရေး ရသရွေ့ ထိုနေရာနှင့် တစ်လှမ်းမျှပင် မနီးစပ်ချင်တော့ဘူး။

စုမန်က ဇဝေဇဝါမျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။

"နင့်ရဲ့ အစ်ကိုကြီး ဝင်းတံခါးရှေ့ကနေ ဖြတ်သွားရင် ပိုပြီး မမြန်ဘူးလား? လေနဲ့ နှင်းတွေက ဒီလောက်အထိ ထူထပ်နေတာ၊ ပြီးတော့ နင်က ရေထဲကျထားတာဆိုတော့ အအေးမိမသွားအောင် သတိထားဦးလေ"

All Chapters