အခန်း ၂၉
Vol. 3 Ch. 29
အခန်း ၂၉ - တစ်သက်မှာ တစ်ယောက်၊ တစ်ဘဝမှာ တစ်ဦးတည်းသောချစ်သူ
သို့သော် ရွှယ်နင်က အတော်လေး ခေါင်းမာပြီး တိုက်ခတ်နေတဲ့ လေအေးကြီးထဲ ကိုယ်ကိုတိုးဝင်ကာ ခေါင်းငိုက်စိုက်လျက်သာ ဆက်လျှောက်နေခဲ့သည်။
"ညီမ အဆင်ပြေပါတယ်။ ပြန်ရောက်လို့ ခဏလောက် အိပ်လိုက်ရင် သက်သာသွားမှာပါ"
စုမန်လည်း သူမကို ထပ်ပြီး မဖျောင်းဖျနိုင်တော့သဖြင့် အနောက်မှသာ မတတ်သာဘဲ လိုက်ခဲ့ရတော့သည်။
"ဟေး... အားနင်၊ ငါ့ကိုလည်း စောင့်ပါဦးဟ"
ဆောင်းနှောင်းပိုင်းကာလသို့ ချဉ်းကပ်လာသည်နှင့်အမျှ တုန်းကျင်းမြို့၏ ရာသီဥတုမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုအေးစိမ့်လာခဲ့သည်။
ရွှယ်နင် တိမ်လွှာဆောင်သို့ ပြန်လည်ရောက်ရှိချိန်တွင် အမွှေးတိုင်တစ်တိုင်စာခန့်ပင် အချိန်ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ညီအစ်မနှစ်ယောက်သည် တစ်ကိုယ်လုံး လေနှင့်နှင်းဒဏ်ကြောင့် ဖြူဖွေးနေပြီး ဝတ်ဆင်ထားတဲ့ မြေခွေးသားမွှေးဝတ်ရုံများမှာလည်း စိုရွှဲနေခဲ့ပြီ။
အစေခံမလေး လင်တန်က နှုတ်ခမ်းလေးစူကာ မကျေမနပ် ရေရွတ်လိုက်သည်။
"သခင်မလေးက ဘယ်တော့မှ ခေါင်းစွပ်ဆောင်းရတာကို မကြိုက်ဘူး။ ကြည့်ပါဦး... ဆံပင်တွေအကုန် စိုကုန်ပြီ"
စုမန်ကတော့ ဖြူစင်စွာ တဟားဟား ရယ်မောလိုက်သည်။
"ငါက ကျန်းမာသန်စွမ်းပါတယ်ဟာ။ မီးလှုံလိုက်ရင် ခဏနေ အဆင်ပြေသွားမှာ"
ပေါင်ချန်နှင့် လင်တန်လည်း သူမတို့ သခင်မများ၏ ဝတ်စုံများကို အမွှေးတိုင်ဖိုပေါ်တွင် အခြောက်ခံပေးရန် အလျင်အမြန်ပင် ချွတ်ယူသွားကြပြီး၊ ရေနွေးကြမ်းနှင့် ဂျင်းရည်ပူပူတို့ကို အပြေးအလွှား ပြင်ဆင်ပေးကြသည်။
မီးသွေးဖိုကို မီးမွှေးလိုက်ပြီး အခန်းကြမ်းပြင်အောက်ရှိ အပူပေးစနစ်ကြောင့် တစ်ခန်းလုံးသည် မကြာမီအချိန်အတွင်းမှာပင် နွေဦးရာသီကဲ့သို့ နွေးထွေးအိစက်သွားသည်။
စုမန်သည် ရွှယ်နင်ကို တောင်ဘက်ပြတင်းပေါက်အောက်ရှိ ခုတင်နိမ့်လေးပေါ်တွင် ဆွဲထိုင်စေသည်။
သူမက မိခင်ဘက်မှ အဘိုးအဘွားများအိမ်မှ ပါလာတဲ့ ဆန်းပြားပြီး စိတ်ဝင်စားစရာကောင်းသည့် ပစ္စည်းအလှလေးများကို ရွှယ်နင်အား တစ်ခုချင်းစီ ထုတ်ပြနေခဲ့၏။
"ငါ့ရဲ့ ဝမ်းကွဲအစ်မက တကယ့်ကို ထူးခြားတဲ့သူပဲ
။ သူ(မ)မှာ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ အများကြီးရှိရုံတင်မကဘူး... 'အမျိုးသမီးတွေက အမျိုးသားတွေထက် နိမ့်ကျတယ်လို့ ဘယ်သူပြောလဲ' တို့၊ 'အမျိုးသမီးတွေကလည်း ကောင်းကင်တဝက်ကို ထမ်းထားနိုင်တာပဲ' တို့လို စကားမျိုးတွေကိုလည်း ပြောတတ်သေးတယ်။ သူ(မ)ရဲ့ စကားတွေအရဆိုရင် အမျိုးသမီးတွေက အမျိုးသားတွေနည်းတူ အောင်မြင်မှုတွေ ရနိုင်တယ်တဲ့"
ရွှယ်နင်လည်း ထိုမိန်းကလေးအပေါ် စိတ်ဝင်စားမှု မြင့်တက်လာသည်။
"သခင်မလေးကျန်းက အသက်ဘယ်လောက်ရှိပြီလဲ?"
"ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်ထဲ ရောက်တော့မယ်။ ငါ့ရဲ့ အစ်မကြီးနဲ့ အသက်ချင်း သိပ်မကွာဘူး"
ရွှယ်နင်က မေးလိုက်သည်။
"သူ(မ)မှာ စေ့စပ်ထားတာ ရှိလား။ ဒါမှမဟုတ် လက်ထပ်ပြီးပြီလား?"
စုမန်က သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်လျက်၊ သံလိုက်အိမ်မြှောင်နှင့် သစ်သားလေယာဉ်ပျံငယ်ဟု ခေါ်သော ပစ္စည်းလေးများကို ကစားနေသည်။
"မရှိသေးပါဘူး။ ငါ့အဘွားက သူ(မ)အတွက် သင့်တော်မယ့် အိမ်ထောင်ဖက်တွေ ရှာပေးခဲ့ဖူးပေမဲ့ သူ(မ)က သဘောမကျဘူးလေ။ သူ(မ)က 'တကယ်လို့ ကျွန်မကိုပဲ တစ်ဘဝလုံး ပုံအပ်ချစ်မယ့် ခင်ပွန်းသည်မျိုးကို မတွေ့ရင် ဘယ်တော့မှ အိမ်ထောင်မပြုရလည်း ဘာဖြစ်လဲ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တာပဲ' တဲ့။ ကြည့်စမ်း... ဘယ်လိုစကားမျိုးလဲလို့"
ထိုစကားကို ကြားလိုက်ရတဲ့အခါ ရွှယ်နင်သည် အတွေးနက်သွားဟန်ဖြင့် တိုးတိတ်စွာ ရေရွတ်မိသည်။
"တစ်သက်မှာ တစ်ယောက်၊ တစ်ဘဝမှာ တစ်ဦးတည်းသောချစ်သူ..."
စုမန်က တခစ်ခစ် ရယ်မောလိုက်သည်။
"ထူးဆန်းလိုက်တာနော်? တစ်သက်မှာ တစ်ယောက်၊ တစ်ဘဝမှာ တစ်ဦးတည်းသောချစ်သူ ရှိဖို့ဆိုတာ ဘယ်လိုမျိုး ကံကောင်းခြင်းမျိုးလဲ? ဒီအထက်တန်းလွှာ သခင်လေးတွေထဲမှာ ဘယ်သူကများ တန်းတူဇနီး၊ ကိုယ်လုပ်တော်တွေ မရှိဘဲ နေလို့လဲ? ဇနီးတစ်ယောက်တည်းပဲ ထားတဲ့ အမျိုးသားဆိုတာ ဖီးနစ်ငှက်ရဲ့ အမွှေးထက်တောင် ရှားသေးတယ်။ တကယ်လို့ သူ(မ)က သူ(မ)တစ်ယောက်တည်းကိုပဲ ချစ်ပြီး သူ(မ)တစ်ယောက်တည်းပဲ ယောက်ျားကို ရွေးချင်နေတယ်ဆိုရင်... ဒါက အပျိုကြီးဖြစ်ဖို့ စောင့်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား?"
ရွှယ်နင်သည် သူမ၏လက်ထဲရှိ ပန်းထိုးထည်လေးကိုသာ အာရုံစိုက်ရင်း မျက်လွှာချထားလိုက်ပြီး အတော်ကြာအောင် နှုတ်ဆိတ်နေမိသည်။
စုမန်ကတော့ ဆက်ပြောနေဆဲပင်။
“အခုတော့ ငါ့အဘွားလည်း တကယ့်ကို စိုးရိမ်နေရပြီ။ နယ်စားမင်းအိမ်တော်ရဲ့ မိသားစုဝင်အဖြစ် တရားဝင်အသိအမှတ်ပြုပွဲ ကျင်းပတဲ့အခါကျရင် သူ(မ)လည်း တုန်ကျင်းမြို့က သခင်လေးတွေကို လာကြည့်ရင်း၊ ငါ့ဝမ်းကွဲအစ်မကိုပါ အရွေးခိုင်းဖို့ ခေါ်လာခဲ့မယ်တဲ့။ အကယ်၍ သင့်တော်တဲ့သူ တွေ့ရင် စုံစမ်းကြည့်ရမှာပေါ့။ ငါတို့ကမိန်းကလေးတွေ ဖြစ်ပြီးတော့မှ အိမ်ထောင်မပြုလို့ ဘယ်ဖြစ်ပါ့မလဲ? အဲဒါဆိုရင် လူထူးဆန်းကြီး ဖြစ်မသွားဘူးလား?”
ရွှယ်နင်က အလိုက်သင့်ပင် အင်းအဲလုပ်လိုက်သော်လည်း၊ စုမန်ပြောပြချက်အရ ဘယ်ရာကိုမှ ကြောက်ရွံ့ခြင်းမရှိတဲ့ ထိုကျန်းကျစ်ယွီအပေါ် စိတ်ထဲမှနေ၍ တိတ်တဆိတ် လေးစားမိသွားသည်။
သူမက အပြင်ထွက်ပြီး လူမှုရေးလုပ်လေ့မရှိသဖြင့် သူငယ်ချင်း အလွန်နည်းပါးသည်။ အကယ်၍ ထိုမိန်းကလေးနှင့် သိကျွမ်းခွင့်ရပြီး မိတ်ဆွေဖြစ်ခွင့်ရမယ်ဆိုရင် တကယ့်ကို ကောင်းလိမ့်မယ်။
စုမန်က လက်ကို ဝေ့ယမ်းလိုက်သည်။
“ထားလိုက်ပါတော့... ထားလိုက်ပါတော့။ ငါ မင်းသမီးရှို့နင်းကို ဘာလက်ဆောင်ပေးရမလဲဆိုတာပဲ အတူတူ စဉ်းစားပေးပါဦး”
ရွှယ်နင်က ခဏလောက် တွေးလိုက်ပြီးနောက် ပြုံးပြလိုက်သည်။
“မင်းသမီးရှို့နင်းအတွက် ပေးမယ့်လက်ဆောင်ကတော့ တော်ဝင်နန်းတွင်းကလူတွေ ငါတို့နယ်စားမင်းအိမ်တော်ကို အထင်မသေးရအောင် သဘာဝကျကျပဲ တန်ဖိုးရှိတဲ့အရာ ဖြစ်ရလိမ့်မယ်”
စုမန်က ချက်ချင်းပင် ထောက်ခံသည်။
“နင်ပြောတာ မှန်တယ်။ ဒါဆိုရင်တော့ ငါ့ရဲ့ အဖိုးတန်ဆုံး အသုံးအဆောင်ပစ္စည်းတွေအကုန် ထုတ်ပြီး သေသေချာချာ ရွေးရတော့မှာပဲ”
ထို့နောက် စုမန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဇဝေဇဝါမျက်နှာထားဖြင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေတဲ့ ရွှယ်နင်ကို စိုက်ကြည့်လိုက်သည်။
“ဒါနဲ့... အားနင်၊ နင်က ဘာဖြစ်လို့ မင်းသမီးရှို့နင်းကို ရုတ်တရက်ကြီး လက်ဆောင်ပေးဖို့ တွေးမိရတာလဲ?”
ရွှယ်နင်၏ လှုပ်ရှားမှုများ ခေတ္တမျှ ရပ်တန့်သွားပြီးမှ နက်နဲတဲ့ အဓိပ္ပာယ်များဖြင့် ပြုံးလိုက်၏ ။
“ဘာမှမဟုတ်ပါဘူး။ ညီမက ပေးချင်လို့ ပေးလိုက်တာပါ”
စုမန်ကတော့ တစ်ခုခု မူမမှန်သေးသလို ခံစားနေရဆဲပင်။
“အဲဒီ ကျောက်စိမ်းဖီးနစ် ရွှေဆံထိုးက နင့်ရဲ့ အရွယ်ရောက်ပွဲတုန်းက အစ်ကိုကြီး ပေးထားတဲ့ လက်ဆောင်လေ။ နင်က ဒါကို ရတနာတစ်ပါးလို အမြဲတန်ဖိုးထားခဲ့တာ မဟုတ်ဘူးလား? အခုကျမှ ဘာလို့ အဲဒီအတိုင်း လွယ်လွယ်လေး ပေးပစ်လိုက်ရတာလဲ?”
ရွှယ်နင်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲဖြစ်ပြီး နှုတ်ခမ်းထောင့်လေးတွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။
“အဲဒီဆံထိုးက မင်းသမီးရှို့နင်းနဲ့ ပိုပြီး လိုက်ဖက်လို့ပါ။ ညီမဆီမှာ သိမ်းထားလည်း ဘာမှ အသုံးမဝင်ပါဘူး”
ဘာပဲဖြစ်ဖြစ်... ဒီဘဝမှာ ထိုဆံထိုးကို သူမ ဘယ်တော့မှ ထပ်ပြီး ဆင်မြန်းတော့မှာ မဟုတ်ဘူး။
...
“အမေ... သမီး ဘာလုပ်ရမလဲဟင်?”
သခင်မတုန်း၏ ဝမ်ရှန့်ဆောင်အတွင်း၌ စုချင်းသည် ပူပြင်းလှတဲ့ အိုးကင်းပူပေါ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွန်အမင်း ဂနာမငြိမ် ဖြစ်နေသည်။
သခင်မတုန်းက တည်ငြိမ်စွာဖြင့် လက်ဖက်ရည် သောက်နေဆဲဖြစ်တာကို မြင်ရတဲ့အခါ သူမရဲ့စိတ်မှာ ပို၍ပင် အလောတကြီး ဖြစ်လာတော့၏။
“အမေကလည်း... ဒီလောက်အခြေအနေ ရောက်နေတာတောင် ဘာလို့ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နိုင်နေရတာလဲ?”
သခင်မတုန်းက သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“တကယ်တမ်းက ဘာကိစ္စမို့လို့လဲ? နင်က ဘာကိုမှ သေသေချာချာ ရှင်းရှင်းလင်းလင်းလည်း မပြောပြဘဲနဲ့... ဒီအတိုင်း စိုးရိမ်နေရုံနဲ့ ဘာထူးမှာလဲ?”
“သမီးက—”
စုချင်းသည် သူမ၏ လက်ထဲရှိ လက်ကိုင်ပဝါကို တင်းတင်းလိမ်ယှက်ရင်း သခင်မတုန်း၏ ဘေးတွင် သနားစရာမျက်နှာထားဖြင့် ထိုင်လိုက်သည်။
“ဒါတွေအကုန်လုံးက အဲဒီကောင်မလေး ရွှယ်နင်ကြောင့်ပဲပေါ့။ သူ(မ)ကြောင့် သမီးလည်း မင်းသမီးရှို့နင်းကို ဘာလက်ဆောင် ပေးရမှန်းမသိ ဖြစ်နေရပြီ!”
သခင်မတုန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"လက်ဆောင်ပေးတာတင်ပဲဟာ။ သူ(မ)က တော်ဝင်နန်းတွင်းမှာ မွေးလာတဲ့ မင်းသမီးပဲ၊ နင်မြင်ဖူးတာထက် ပိုပြီး အဖိုးတန်တဲ့အရာတွေကို အများကြီး မြင်ဖူးပြီးသား။ ရွှေဖြစ်ဖြစ်၊ ကျောက်စိမ်းဖြစ်ဖြစ်... နင့်ဆီမှာရှိတဲ့ အဖိုးတန်ဆုံးတစ်ခုကိုပဲ ရွေးပြီး ပေးလိုက်ရုံပေါ့"
စုချင်းက နှုတ်ခမ်းကို ကိုက်လိုက်ရင်း -
"ပြောရတာတော့ လွယ်တာပေါ့၊ ဒါပေမဲ့—"
သခင်မတုန်းက မျက်မှောင်ကြုတ်လိုက်သည်။
"တကယ်တမ်းက ဘာဖြစ်နေလို့လဲ?"
ထပ်ပြီး ဖုံးကွယ်ထားလို့ မရတော့မှန်း သိလိုက်ရတဲ့အခါ စုချင်းလည်း အမှန်အတိုင်း ဝန်ခံရန်မှတစ်ပါး အခြားမရှိတော့ချေ။
"အရင်တုန်းက အဘွားနဲ့ သခင်မတို့ သမီးကို ပေးထားတဲ့ ပစ္စည်းတွေလေ... သမီး... သမီး အဲဒါတွေကိုအကုန် ပေါင်နှံပစ်လိုက်ပြီ"
သခင်မတုန်းရဲ့ မျက်နှာထားက ချက်ချင်းပင် ဒေါသတကြီး ပြောင်းလဲသွားတော့သည်။
"ဘာပြောတယ်?!"
စုချင်းသည် နှုတ်ခမ်းများ ဖြူလျော်သွားသည်အထိ တင်းတင်းကိုက်ထားရင်း မကျေမနပ် ညည်းတွားသည်။
"ပထမ သခင်မက ဒုတိယအိမ်တော်ကို သမီးတို့ထက် ပိုပြီး မျက်နှာသာပေးတာလေ။ အဖေကလည်း အမေနဲ့ သမီးကို ဘယ်တုန်းကမှ ဂရုမစိုက်ဘူး၊ ရသမျှ အသုံးအဆောင်တွေ၊ ဆုလာဘ်တွေကို အဲဒီကိုယ်လုပ်တော်တွေဆီပဲ အမြဲပေးနေတာ။ သမီး အပြင်ထွက်ပြီး ရတနာမဝယ်ရတာတောင် လအတော်ကြာနေပြီ။ ပြီးတော့ သမီး ငွေအလျင်စလို လိုနေတာနဲ့ အဖိုးတန်ပစ္စည်းနည်းနည်းလောက်ကို အပေါင်ဆိုင် သွားပို့လိုက်တာ"
သခင်မတုန်းသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ပြင်လုံး မှောင်မှိုင်းသွားတော့သည်။
"နင်... နင်... ဘာပစ္စည်းတွေကို သွားပေါင်လိုက်တာလဲ?"
"အခြားပစ္စည်းတွေကတော့ သိပ်အရေးမကြီးပါဘူး၊ ဒါပေမဲ့ အဲဒီ ကျောက်စိမ်းဖြူ ဗုဒ္ဓရုပ်ပွားတော်က မနှစ်က အဘွား သမီးကို ပေးထားတာမလို့—"
ထိုစကားကို ကြားလိုက်ရသည်နှင့် သခင်မတုန်းသည် ခေါင်းပင် မူးခနဲ ဖြစ်သွားပြီး အချိန်အတော်ကြာမှ စိတ်ကို ပြန်စုစည်းနိုင်တော့သည် ။
"နင်က အဘွားကြီး ပေးထားတဲ့ ပစ္စည်းကိုတောင် ပေါင်ရဲတယ်ပေါ့? နင်ကတော့ တကယ့်ကို မိုက်မဲတဲ့ မိန်းကလေးပဲ၊ စိတ်ရူးပေါက်နေတာလား?!"
စုချင်းက သခင်မတုန်း အသက်ရှူဝေဒနာ သက်သာစေရန် သူမ၏ ရင်ဘတ်ကို အမြန်ပင် အသာအယာ ပုတ်ပေးလိုက်သည်။
"သမီးက တမင်လုပ်တာ မဟုတ်ပါဘူး... ပြီးခဲ့တဲ့အကြိမ်တုန်းက အဲဒီဆေးကို ဝယ်လိုက်ရတာ... ငွေတွေ အများကြီး ကုန်သွားလို့ပါ... အမေ... သမီးအတွက် နည်းလမ်းလေး တစ်ခုခု စဉ်းစားပေးပါဦး။ အခု သမီးဆီမှာ တင့်တင့်တယ်တယ် ပေးစရာ လက်ဆောင် လုံးဝမရှိတော့ဘူး။ အမေ့မှာ မိဘပေးတဲ့ အမွေတွေနဲ့ ကိုယ်ပိုင်ဘဏ္ဍာတွေ ရှိတယ်မဟုတ်လားဟင်? သမီးကို အဖိုးတန်တာလေး တစ်ခုလောက်ပဲ ပေးပါဦး"
သခင်မတုန်းက ဒေါသထွက်လွန်းသဖြင့် ရင်ထဲ၊ အသည်းထဲ၊ အဆုတ်ထဲအထိပင် အောင့်တက်လာသည်။ သူမရဲ့ အဆင့်အတန်းက နိမ့်ကျပြီး မိသားစုနောက်ခံကလည်း ယောင်းမ၊ ခဲအိုများထဲတွင် အနိမ့်ကျဆုံး ဖြစ်သည်။
သူမရဲ့ တင်တောင်းပစ္စည်းများမှာ သခင်မကျန်း သို့မဟုတ် လျိုရှီတို့နှင့် ယှဉ်လျှင် သဘာဝအတိုင်းပင် များပြားလှပခြင်း မရှိချေ။ သူမဆီမှာ ဘယ်လိုလုပ် အဖိုးတန်ပစ္စည်းကောင်းတွေ ရှိနိုင်ပါ့မလဲ။ လူတောတိုးရုံ တင့်တယ်လှပတဲ့ ရှေးဟောင်းပန်းချီကား တစ်ချပ်၊ နှစ်ချပ်ပဲ ရှိလိမ့်မယ်။
ဒါပေမဲ့လည်း ဒါက သူမရဲ့ ကိုယ်တိုင်မွေးထားတဲ့ သမီးအရင်း ဖြစ်နေပြန်တော့၊ အခြားသခင်မလေးများရဲ့ ရှေ့မှာ သူမရဲ့သမီးကို မျက်နှာငယ် အရှက်ရစေ၍ မဖြစ်နိုင်ချေ။
“ကဲ... တော်တော့၊ ငိုချင်ယောင် ဆောင်မနေနဲ့တော့”
သူမသည် စုချင်း ငြိမ်သက်သွားစေရန် လက်ဖြင့် အသာရိုက်လိုက်သည်။
“နင့်အမေ့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ဆီ သွားပြီး ပစ္စည်းတစ်ခုခု သွားရွေးလိုက်တော့။ ဒါပေမဲ့ တစ်ခုတော့ အမြဲမှတ်ထား အဘွားကြီးရဲ့ ကျောက်စိမ်းဖြူ ဗုဒ္ဓရုပ်ပွားတော်ကိုတော့ အမြန်ဆုံး ပြန်ရွေးရမယ်။ အဲဒီပစ္စည်းက အဘွားကြီးအတွက် အရမ်းအရေးကြီးတယ်။ မနှစ်က အဘွားကြီး နေမကောင်းဖြစ်တုန်းက နင်က တစ်လလုံးလုံး အနီးကပ် ပြုစုပေးခဲ့လို့၊ နောက်ပြီး နယ်စားမင်းကလည်း နင်က အဘွားကြီးရဲ့ ကံကြမ္မာဆိုးတွေကို ကိုယ်စားခံယူပေးပြီး ကျန်းမာရေး ပြန်ကောင်းအောင် လုပ်ပေးခဲ့တာလို့ ပြောခဲ့လို့သာ... အဘွားကြီးက ဒါကို နင့်ကို ပေးခဲ့တာ”
စုချင်းက မချိတင်ကဲမျက်နှာထားဖြင့် ပြောလိုက်သည်။
“သမီး နားလည်ပါတယ် အမေ။ ဒီနေ့တော့ အချိန်နှောင်းသွားပြီမလို့... နောက်ရက်အနည်းငယ်အတွင်း သမီး အဲဒီပစ္စည်းတွေကို အပြတ်သွားရွေးပါ့မယ်”
သခင်မတုန်းလည်း ဒီကိစ္စကို ကြီးမားတဲ့ ပြဿနာတစ်ခုဟု မယူဆမိချေ။
“ကဲ... သွား၊ ပစ္စည်းအချို့ သွားရွေးလိုက်တော့”
စုချင်းသည် အရိုအသေပြုလိုက်ပြီးနောက် သူမ၏ အစေခံမလေးကို ခေါ်ကာ သခင်မတုန်း၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ရှိရာသို့ အလျင်အမြန်ပင် ထွက်သွားတော့သည်။
…