အခန်း ၃၀
Vol. 3 Ch. 30
အခန်း ၃၀ - အနီးစပ်ဆုံးဖြစ်ပြီး အဝေးကွာဆုံး ဇနီးမောင်နှံ
စုမန်နှင့် ရွှယ်နင်သည် တစ်နေ့ခင်းလုံး တိမ်လွှာဆောင်အတွင်း၌ ဆော့ကစားရင်း အချိန်ကုန်ခဲ့ကြသည်။
အရင်ဘဝတုန်းကတော့ ရွှယ်နင်ရဲ့ အတွေးအာရုံအားလုံးက စုကျန်းအပေါ်ပဲ ပုံအပ်ထားခဲ့သည်—သူမကို သူ ဘယ်လိုသတိထားမိအောင် လုပ်ရမလဲ၊ သူမကို သူ ဘယ်လိုသဘောကျလာအောင် လုပ်ရမလဲဆိုတာမျိုးကိုပဲ တွေးခဲ့မိသည်။
ထို့ကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို သူမက မီးဖိုချောင်ထဲတွင်သာ အချိန်ကုန်ခဲ့ပြီး၊ သူ့အတွက် စားစရာများ ပြင်ဆင်ပေးခြင်း သို့မဟုတ် သူ့ကျန်းမာရေးအတွက် အားရှိစေမည့် စွပ်ပြုတ်များကို အမြဲတမ်း ပြုတ်ပေးခြင်းများဖြင့်သာ အလုပ်ရှုပ်နေခဲ့သည်။
ရလဒ်အနေဖြင့် ညီအစ်မအားလုံးထဲတွင် သူမက စာအုပ်စာပေ ဖတ်တာအနည်းဆုံးသူ ဖြစ်ခဲ့သည်။
စုချင်းသည် အရင်က သူမကို 'စာမတတ်ပေမတတ် အသုံးမကျတဲ့သူ' ဟု ခေါ်ဆိုရတာကို အလွန်အမင်း သဘောကျသည်။
ထိုစကားကို ကြားရတိုင်း သူမရဲ့ စိတ်ထဲ နာကျင်ရသဖြင့် စုကျန်းဆီက နှစ်သိမ့်မှုများကို ရှာဖွေမိတတ်သည်။
သို့သော် မျှော်လင့်သမျှ အကြိမ်တိုင်းတွင် ထိုအမျိုးသားရဲ့ အေးစက် ချောမောသည့် မျက်နှာထားနှင့် နှိမ်ချဆက်ဆံမှုများကိုသာ ရရှိခဲ့သည်။
“မင်း စာအုပ်ပိုဖတ်ထားမယ်ဆိုရင် ဒီလိုမျိုး ကဲ့ရဲ့လှောင်ပြောင်တာ ခံရမှာ မဟုတ်ဘူး”
“စွပ်ပြုတ်တွေ ပြုတ်ဖို့ အချိန်ရှိနေရင် အဲဒီအချိန်တွေကို စာအုပ်ဖတ်တာမျိုးမှာ ဘာလို့ အသုံးမချတာလဲ?”
“မင်း ကိုယ်တိုင် ကြိုးစားအားထုတ်မှုမရှိလို့ အနှိမ်ခံရတာကို ငါ့ဆီလာပြီး ပြောနေတော့ ဘာထူးမှာလဲ? ငါက မင်းကိုယ်စား စာဖတ်ပေးရမှာလား?”
သူ့ရဲ့ အေးစက်နေတဲ့ အသံထဲတွင် ဘယ်လိုနှစ်သိမ့်မှု အရိပ်အယောင်မျှ မရှိခဲ့ချေ။ သူမ စာမဖတ်တာကပဲ ကြီးလေးတဲ့ ပြစ်မှုတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့နောက် စုကျန်းသည် မော့ပိုင်ကို စာအုပ်သေတ္တာအပြည့်ဖြင့် ချီယွင်ခြံဝင်းသို့ လွှတ်ခဲ့သည်—၎င်းတို့မှာ ကျမ်းစာများ၊ သမိုင်းမှတ်တမ်းများ၊ အတွေးအခေါ်ပညာရပ်များနှင့် ကဗျာလင်္ကာစုစည်းမှုများဖြစ်ရာ အမျိုးသားများ ဖတ်ရှုလေ့ရှိသော စာပေအမျိုးအစားများသာ ဖြစ်၏။
အတွင်းဆောင်ထဲမှာသာ ပိတ်လှောင်နေထိုင်ရတဲ့ မိန်းကလေးငယ်တစ်ဦးအနေဖြင့်၊ သေချာလမ်းညွှန်ပြသမည့် ဆရာသမားမရှိဘဲ အဲ့လိုစာအုပ်များကို ဖတ်ရှုရန် ဘယ်လိုမှ စိတ်မဝင်စားနိုင်ခဲ့ချေ။
အစပျိုးသည့်အနေဖြင့် ပုံပြင်စာအုပ်များကို ဖတ်ရန် ကြိုးစားသည့်အခါတွင်လည်း စုကျန်းက မျက်မှောင်ကြုတ်ကာ သူမကို ထပ်မံ၍ လှောင်ပြောင်ခဲ့ပြန်သည်။
နောက်ပိုင်းတွင် ယုံကျိုးရှိ အိမ်တော်ဟောင်းသို့ နှင်ထုတ်ခံခဲ့ရပြီး အဆုံးမရှိတဲ့ အားလပ်ချိန်များ ရရှိလာသည့်အခါမှသာ... သူမက စာဖတ်ရန် အခွင့်အရေးများစွာကို နောက်ဆုံး၌ ရှာဖွေတွေ့ရှိခဲ့တော့သည်။
သူမက 'စုန့်၏စာအုပ်' ကို စတင်ဖတ်ရှုခဲ့ပြီး ထိုအထဲမှ စာသားတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည် - “ပညာရှင်တစ်ဦး စွဲလန်းရူးသွပ်သွားလျှင် ဖွင့်ဟပြောဆို၍ ရနိုင်သေးသော်လည်း၊ အမျိုးသမီးတစ်ဦးသာ စွဲလန်းရူးသွပ်သွားပါက ဖွင့်ဟပြောဆို၍ မရနိုင်တော့ချေ”
ထို့အပြင် သူမက ဒီစာသားရဲ့ အဓိပ္ပာယ်ကိုလည်း အပြည့်အဝ သဘောပေါက်သွားခဲ့သည်။
"အမြင့်မားဆုံးနှင့် အတောက်ပဆုံးသောအရာမှာ နေနှင့်လဖြစ်ပြီး၊ အနီးစပ်ဆုံးဖြစ်သော်လည်း အဝေးကွာဆုံးသောအရာမှာ လင်နှင့်မယား ဖြစ်သည်"
ထို့ကြောင့် သူမ ပြန်လည်မွေးဖွားလာပြီးနောက် သူမရဲ့ ခွန်အားနှင့် စွမ်းအင်များကို မီးဖိုချောင်ထဲမှာလည်းကောင်း၊ အမျိုးသားများအပေါ်လည်းကောင်း မပုံအပ်တော့ပေ။
မကြာသေးခင်က သူမ စာဖတ်တဲ့အကြိမ်ရေ ပိုမိုများပြားလာခဲ့သည်။ သူမရဲ့ လက်မှုအပ်ချုပ်ထည် အလုပ်များ ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် 'သာ့ယုံပြည်နယ် မြေပုံမှတ်တမ်း' ကို ကောက်ကိုင်၍ ဖတ်ရှုလေ့ရှိသည်။
စုမန်က ထိုစာအုပ်ကို တစ်ချက်၊ နှစ်ချက် လှမ်းကြည့်လိုက်သည်။
"ဒီအရာမှာ ဘာတွေများ စိတ်ဝင်စားစရာ ရှိလို့လဲဟ? နင်ကတော့ ဒါကို တကယ့်ကို စွဲလမ်းနေတာပဲ"
ရွှယ်နင်က အသာလေး ပြုံးလိုက်သည်။
"ဒါက 'သာ့ယုံပြည် မြေပုံမှတ်တမ်း' လေ။ ဒီစာအုပ်ထဲမှာ ကွမ်းနျဲ့ရဲ့အဝင်အထွက် တောတောင်ရေမြေ ရှုခင်းတွေ၊ တစ်ပြည်လုံးမှာရှိတဲ့ မြစ်ချောင်းအကြောင်းတွေနဲ့ နာမည်ကျော် ယွဲ့ယန်မျှော်စင်ကြီးအကြောင်းကိုပါ သေသေချာချာ ရေးပြီးဖော်ပြထားတာ"
စုမန်က နှုတ်ခမ်းလေးစူလိုက်သည်။
"အဲဒါတွေက ဘာဖြစ်လဲ။ ငါတို့တွေက ဘယ်တော့မှ သွားကြည့်ခွင့်ရမှာမှ မဟုတ်တာ။ အိမ်ထောင်ပြုပြီးတာနဲ့ တစ်ဘဝလုံး အတွင်းဆောင်ထဲမှာပဲ ပိတ်မိပြီး၊ ခင်ပွန်းကို လုပ်ကျွေးပြုစုရင်း ကလေးထိန်းရင်းနဲ့ပဲ အချိန်ကုန်ရတော့မှာလေ”
ရွှယ်နင်၏ မျက်နှာပေါ်ရှိ အပြုံးများမှာ အနည်းငယ် မှေးမှိန်သွားသည်။
“အဲဒါလည်း ဟုတ်တာပါပဲ—”
ဒါပေမဲ့လည်း ဒီဘဝမှာတော့ သူမ ခရီးတွေထွက်ပြီး လောကကြီးကို ပတ်ကြည့်ချင်သေးတယ်။
အရင်ဘဝတုန်းကတော့ သူမရဲ့ ဘဝပထမတဝက်ကို စုကျန်းရဲ့ မင်ယွဲ့ဆောင်ထဲမှာပဲ ပိတ်လှောင်ဖြတ်သန်းခဲ့ရပြီး၊ ဘဝဒုတိယတဝက်ကိုတော့ ယုံကျိုးရှိ ပျက်စီးယိုယွင်းနေတဲ့ အိမ်ဟောင်းဝင်းလေးထဲမှာပဲ ကုန်ဆုံးခဲ့ရတယ်။ သူမရဲ့ဘဝတစ်ခုလုံးက ခြောက်သွေ့ညှိုးနွမ်းလွန်းပြီး ဘာအရသာမှ မရှိခဲ့ချေ။
စုမန်သည် သူမ၏ ပုခုံးပေါ်သို့ မှီချလိုက်ပြီး စာမျက်နှာအချို့ကို အတူတူ ဖတ်ရှုနေရင်းမှ တဖြည်းဖြည်းနှင့် ပျင်းရိငိုက်မြည်းလာသည်။
မွန်းလွဲပိုင်း တစ်ရေး အိပ်စက်ပြီးနောက်တွင်မူ စုမန်က ရွှယ်နင်ကို ချိုးရွှေဥယျာဉ်သို့ ညစာအတူသွားစားရန် ဇွတ်အတင်း ခေါ်တော့သည်။
ရွှယ်နင်သည် အိမ်ရှေ့ဝင်းကြီးဘက်သို့ သွားရောက်ကာ စုကျန်း၏ သွားလာလှုပ်ရှားမှုများကို စုံစမ်းရန် ပေါင်ချန်ကို တိတ်တဆိတ် စေလွှတ်လိုက်၏။ သူက အစိုးရကိစ္စရပ်များကြောင့် အိမ်တော် ပြန်မရောက်သေးဘူးဆိုတာ သိရပြီးမှသာ သူမက သွားရန် သဘောတူလိုက်သည်။
သခင်မကျန်း၏ အဆောင်ဝင်းမှ ပြင်ဆင်ထားသည့် အစားအစာများမှာ ရွှမ်းယီနယ်စားမင်း အိမ်တော်တစ်ခုလုံးတွင် အရသာအရှိဆုံး ဖြစ်သည်။
သခင်မကျန်းသည် အရင်က 'ယောကျာ်းတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားချင်ရင် သူ့ရဲ့ ဝမ်းဗိုက်ကို အရင်ဖမ်းစားရမယ်' ဟု ပြောဖူး၏။
ဒါပေမဲ့လည်း အမှန်တရားကတော့ ဒီစကားဟာ လုံးဝမှားယွင်းကြောင်း သက်သေပြနေသည်။
သခင်မကျန်းသည် နယ်စားမင်း၏ နှလုံးသားကို မဖမ်းစားနိုင်ခဲ့သလို၊ ရွှယ်နင်သည်လည်း စုကျန်း၏ နှလုံးသားကို မပိုင်ဆိုင်နိုင်ခဲ့ချေ။
ယနေ့ နယ်စားမင်းသည် အိမ်တော်သို့ ပြန်ရောက်လာသည့်အခါ သခင်မကြီး၏ အဆောင်သို့ သွားရောက်ဂါရဝပြုခဲ့သော်လည်း၊ အဆုံး၌ ကိုယ်လုပ်တော်နျဲ့၏ အဆောင်ဆီသို့သာ ဦးတည်သွားခဲ့သည်။
သခင်မကျန်းသည် အပေါ်ယံတွင် ဘာမှမပြောပေမယ့် သူမရဲ့ မျက်ဝန်းထဲက ခြောက်ကပ်အထီးကျန်မှုကိုတော့ ဖုံးကွယ်ရန် မဖြစ်နိုင်ချေ။
အရင်ဘဝတုန်းကတော့ စုမန်လိုပဲ ရွှယ်နင်လည်း ငယ်ရွယ်လွန်းတာကြောင့် လူကြီးများကြားက အချစ်နှင့် အမုန်းတရားများကို နားမလည်နိုင်ခဲ့ပေ။
အခု သခင်မကျန်း၏ အတင်းအကျပ် လုပ်ယူထားရတဲ့ အပြုံးကို ကြည့်ရင်း ရွှယ်နင်သည် သက်ပြင်းချမိကာ ရင်ထဲတွင် နှမြောတသ နာကျင်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
“အမေ... သမီး ဘာသာ ခတ်စားပါ့မယ်”
ဝက်ပေါင်ခြောက်ဖြင့် ချက်ထားတဲ့ ဟင်းချိုပူပူလေးက အလွန်ပင် အရသာရှိသည်။
သို့သော်လည်း ရွှမ်းယီနယ်စားမင်းသည် ၎င်းကို တစ်ငုံမျှပင် လာရောက်မြည်းစမ်းရန် ငြင်းဆန်ခဲ့၏။
စုမန်က ဟင်းချိုကို အားရပါးရ တစ်ငုံသောက်လိုက်ပြီးနောက် ဇဝေဇဝါဖြင့် မေးမိသည်။
“ဟင်? အဖေက ဒီဟင်းချိုကို အကြိုက်ဆုံး မဟုတ်ဘူးလား? ဒီနေ့ ဘာလို့ မလာတာလဲ မသိဘူး”
ရွှယ်နင်က ဘေးဘက်ကို အသာလှမ်းကြည့်လိုက်တဲ့အခါ သခင်မကျန်း၏ မျက်နှာ ဖြူလျော်သွားတာကို အမှန်ပင် မြင်လိုက်ရသည်။ သခင်မကျန်းက ခဏလောက် ရပ်တန့်သွားပြီးမှ ပြောလိုက်သည်။
“နင့်အဖေက လုပ်စရာ ကိစ္စတွေရှိလို့ သခင်မကြီးဆီ သွားတာလေ။ ဒီလောက်ဆိုရင် သခင်မကြီးရဲ့ အဆောင်မှာပဲ ညစာစားလောက်ပြီပေါ့”
“ဒီလိုကိုး... ဒါဆိုရင်တော့ အဖေက အစားကောင်းနဲ့ လွဲသွားတာပဲ”
စုမန်သည် ပင်ကိုယ်သဘာဝအရ ဘာမှမတွေးတတ်ဘဲ အေးဆေးလွန်းသူ ဖြစ်တာကြောင့် သူမမိခင်၏ ရင်ထဲက သောကများကို ရိပ်မိခြင်း မရှိချေ။
သို့သော် ရွှယ်နင်ကတော့ သခင်မကျန်း၏ မျက်ဝန်းထဲက မတတ်သာမှုများကို အထင်သား မြင်တွေ့လိုက်ရသည်။ သခင်မကျန်းလို အမျိုးသမီးတစ်ဦးတောင် ဒီလိုအခက်အခဲမျိုးနဲ့ ရင်ဆိုင်နေရတာလား။
သခင်မကျန်းသည် သူမရဲ့ သမီးနှစ်ယောက်ကို ချစ်မြတ်နိုးစွာဖြင့် စိုက်ကြည့်လိုက်သည်။ ခင်ပွန်းသည်ရဲ့အချစ်ကို မရရှိတော့သဖြင့် သူမရဲ့ရှိသမျှ ချစ်ခြင်းမေတ္တာအားလုံးကို သားသမီးများအပေါ်ပဲ။ပုံအောပေးဆပ်နိုင်တော့သည်။
“နင်တို့နှစ်ယောက်စလုံး များများစားကြစမ်းပါ။ ပိန်ညှောင်နေတာပဲ... ကြည့်ရတာ မျောက်ကလေးတွေကျနေတာပဲ”
စုမန်က နှုတ်ခမ်းလေးစူကာ -
“မပိန်ပါဘူးအမေရဲ့။ မန်မန့်မှာ အားတွေလည်း အပြည့်ရှိသလို အသားလည်း မနည်းပါဘူးနော်”
ရွှယ်နင်သည် ကိုယ်အလေးချိန် အလွယ်တကူ တက်လေ့မရှိသူဖြစ်ပြီး ဟင်းသီးဟင်းရွက် အစားအစာများကိုသာ ပိုမိုနှစ်သက်သူ ဖြစ်သည်။
ဒါကို မြင်တဲ့အခါ သခင်မကျန်းက သူမရဲ့ပန်းကန်ထဲ အသားဖတ်အချို့ကို ညှပ်ထည့်ပေးလိုက်ရင်း ပြောသည်။
“အပေါ့အငန်တွေချည်းပဲ အမြဲမစားနေနဲ့။ အသားလည်း များများစားဦး၊ နင်က ကြီးထွားတဲ့အရွယ်ပဲ ရှိသေးတယ်"
ရွှယ်နင်လည်း စိတ်ပါလက်ပါပင် မြိန်ရည်ယှက်ရည် စားသုံးလိုက်ပြီး၊ မျက်ဝန်းလေးများ လမင်းကွေးပုံစံ ဖြစ်သွားသည်အထိ ပြုံးလိုက်သည်။
“ဒီနေ့ အသားဟင်းက တကယ့်ကို အရသာရှိတာပဲနော်... ပင်စိမ်းနံ့သင်းသင်းလေးတောင် ရတယ်”
ရွှယ်နင်က ထိုအနံ့ကို မိသွားသဖြင့် သခင်မကျန်း အံ့အားသင့်သွားပြီး အဲ့ဒီနောက် ပြုံးကာ မေးလိုက်သည်။
“နှစ်စပိုင်းတုန်းက အမေက လူတွေကို ပင်စိမ်းစေ့တွေ ကြိတ်ပြီး အမှုန့်လုပ်ခိုင်းထားတာလေ။ ဆောင်းတွင်းကျရင် အသားကင်တဲ့အခါ အဲဒါလေး နည်းနည်း ဖြန်းပေးဖို့ပေါ့။ ဘယ်လိုလဲ? အရသာ အဆင်ပြေရဲ့လား?”
စုမန်ကတော့ အလွန်အမင်း အားရကျေနပ်စွာဖြင့် စားသောက်နေခဲ့၏။
“အရသာရှိလိုက်တာ... တကယ့်ကို ကောင်းတယ်! အမေချက်တာက အဒေါ်ကျိုး ချက်တာထက်တောင် ပိုပြီး ကောင်းသေးတယ်!”
ကလေးများ အားရပါးရ စားနေကြတာကို ကြည့်ပြီး သခင်မကျန်း ကျေနပ်ပီတိဖြစ်ကာ ပြုံးမိသွားသည်။
ရွှမ်းယီနယ်စားမင်းသည် သခင်မကျန်း၏ အဆောင်တွင် လာမအိပ်တာ နှစ်နှစ်နီးပါးပင် ရှိခဲ့ပြီ ဖြစ်၏။
ညစာစားပြီးနောက်တွင် သခင်မကျန်းသည် ရွှယ်နင်နှင့် စုမန်တို့ကို ခဏလောက် စကားပြောရန် ဆွဲထားပြီးမှသာ ပြန်ခွင့်ပြုလိုက်သည်။
ကလေးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျယ်ဝန်းတဲ့ အဆောင်ဝင်းကြီးတစ်ခုလုံးမှာ ခြောက်ကပ်အထီးကျန်သွားတော့၏။
ချိုးရွှေဉယျာဉ်သည် ရွှမ်းယီနယ်စားမင်း အိမ်တော်၏ ပင်မအဆောင်ဝင်းဖြစ်သည်။ သခင်မကြီးရှဲ့၏ အဆောင်မှလွဲလျှင် ဤနေရာက အကျယ်ဝန်းဆုံး မြေအဆောက်အအုံ ဖြစ်သည်။
ထုဆစ်မွမ်းမံထားသည့် ထုတ်တန်းများနှင့် ဆေးခြယ်ထားသော နံရံများဖြင့် ခမ်းနားထည်ဝါပြီး ဇိမ်ခံပစ္စည်းများ ပြည့်နှက်နေသော်လည်း၊ ယင်းအရာများကပင် နယ်စားမင်းကတော်တစ်ဦး၏ အထီးကျန်ဆန်မှုကို အခိုက်အတန့်အတွင်းမှာပင် အဆပေါင်းများစွာ ပိုမိုကြီးထွားသွားစေတော့သည်။
အတိတ်ကာလတုန်းကတော့ ရွှမ်းယီနယ်စားမင်းနှင့် သူမက အရမ်းချစ်ခင်စုံမက်ခဲ့ကြပြီး ခွဲခွာလို့ မရတဲ့ ဇနီးမောင်နှံများ ဖြစ်ခဲ့ဖူးသည်။ မဟုတ်ပါကလည်း သူတို့မှာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ရရှိလာစရာ အကြောင်းမရှိချေ။
နှမြောစရာကောင်းတာက ယောကျာ်းတစ်ယောက်ရဲ့ စစ်မှန်တဲ့ အချစ်ဆိုတာ အချိန်မရွေး ပြောင်းလဲသွားတတ်ခြင်းပင်။ နောက်ပိုင်းတွင် သူက ကိုယ်လုပ်တော်နျဲ့ကို ထပ်ယူခဲ့သည်။
အထိန်းတော်စုန့်သည် အစေခံမိန်းကလေးများကို အပြင်သို့ ထွက်သွားစေပြီးနောက်၊ ပြတင်းပေါက်ဘေးတွင် မှီထိုင်နေတဲ့ အမျိုးသမီးကို ကြည့်ကာ ရင်ထဲတွင် စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းမိသွားသည်။
“သခင်မ.. စောစောစီးစီးပဲ အနားယူတော့မလား?”
ထူထဲတဲ့ ဝတ်ရုံကြီးကို ပတ်ထားသည့် သခင်မကျန်းသည် ပြတင်းပေါက်အပြင်ဘက်က ဝဲကျနေတဲ့ ဖြူလွလွ နှင်းပွင့်လေးများကို ငေးမောကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။
“လီယွမ်ဘက်မှာ... အခြေအနေ ဘယ်လိုရှိလဲ?”
အထိန်းတော်စုန့်က ပြန်ဖြေသည်။
“အားရွှန့် ပြန်လာပြီး သတင်းပို့တာတော့... နယ်စားမင်းနဲ့ ကိုယ်လုပ်တော်နျဲ့တို့ အိပ်ဆောင်ဝင်သွားကြပြီလို့ ပြောပါတယ်”
သခင်မကျန်းသည် မျက်ဝန်းများကို မှိတ်ထားလိုက်ပြီး သူမရဲ့ ထူထဲနက်မှောင်သည့် မျက်တောင်ရှည်ကြီးများက တုန်ရီနေသည်။
“ကောင်းပြီ... အထိန်းတော်ကြီးလည်း သွားပြီး အနားယူတော့”
အထိန်းတော်စုန့်၏ ရင်ထဲ၌ စူးခနဲ နာကျင်သွားရသော်လည်း အတင်းအကျပ် ပြုံးကာ နှစ်သိမ့်လိုက်သည်။
“သခင်မရယ်... ဒီအိမ်တော်ကို လက်ထပ်ဝင်လာခဲ့တာလည်း နှစ်ပေါင်းများစွာ ရှိနေပြီပဲ။ ကျွန်မတို့တွေဘက်ကပဲ စိတ်လျှော့ပြီး လက်ခံလိုက်တာ ပိုကောင်းပါတယ်။ လောကမှာ မိန်းမတွေအများကြီးနဲ့ ကိုယ်လုပ်တော်တွေ မရှိတဲ့ ယောကျာ်းလို့မှ မရှိတာ။ နယ်စားမင်းရဲ့ ပင်ကိုယ်စိတ်သဘောထားကိုလည်း သခင်မ အသိဆုံးပဲမဟုတ်လား။ အခုထိ သူ့ဘေးမှာ ကိုယ်လုပ်တော်နျဲ့ တစ်ယောက်တည်းပဲ ရှိသေးတာကပဲ အခြားယောကျာ်းတွေနဲ့ယှဉ်ရင် အများကြီး တော်ပါသေးတယ်"
သခင်မကျန်း ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
သူမရဲ့ နှလုံးသားတစ်ခုလုံးကို လက်ဝါးကြီးတစ်ဖက်က တင်းတင်းဆုပ်ကိုင် ညှစ်ခြေထားသလို ခံစားနေရ၏။
သူမ ရွှမ်းယီနယ်စားမင်း အိမ်တော်ကို လက်ထပ်ဝင်ရောက်လာခဲ့တာ အနှစ်နှစ်ဆယ်ကျော်ပင် ရှိခဲ့ပြီဖြစ်ပြီး အသက်ဆယ့်ခြောက်နှစ်အရွယ်ကတည်းက သူ့ဇနီးဖြစ်လာခဲ့တာ ဖြစ်သည်။
သူမရဲ့လက်ကို တွဲပြီး တစ်သက်လုံး အတူတူ အိုမင်းသွားမယ်လို့ သူ တစ်ချိန်က စိတ်ရင်းနဲ့ ကတိပေးခဲ့တယ်။
ဒါပေမဲ့ အဆုံးသတ်မှာတော့ သူမ ရရှိခဲ့တာ သူ့ရဲ့ ကတိစကားများ တစ်လှမ်းချင်း ဆုတ်ခွာသွားခြင်းပင်။
ကိုယ်လုပ်တော်နျဲ့ အိမ်တော် ဝင်ရောက်လာတဲ့ ညတုန်းက... သူ သူမရဲ့အခန်းထဲမှာ ထိုင်ပြီး ဒီကိစ္စကို ဆွေးနွေးခဲ့စဉ်က၊ သူ့မျက်ဝန်းများထဲတွင် အရင်က တစ်ခါမှ မမြင်ဖူးတဲ့ စိမ်းကားမှုနှင့် အေးစက်မှုများ ပြည့်နှက်နေခဲ့သည်။
“ငါ မင်းကို ကတိပေးတယ်။ မိန်းကလေးနျဲ့ အိမ်တော်ကို ရောက်လာပြီးရင် ဘယ်တော့မှ ကလေး ရလာစေမှာ မဟုတ်ဘူး။ သူ(မ)ကိုခေါ်တယ်ဆိုတာက သူ(မ)အတွက် ခိုလှုံဖို့ အရိပ်အာဝါသနဲ့ လုံခြုံမှုပေးချင်လို့ပဲ။ မင်း အမေ့ရှေ့မှာ ငိုယိုပြီး ပြဿနာရှာရင်း ငါ့ကို အရှက်ခွဲဖို့ မလိုဘူး”