← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း(၃၁) - လက်ဆောင်များ

သူမက ပြဿနာရှာနေတာ မဟုတ်ဘဲ သူ့ရင်ထဲမှာ သူမအပေါ် ခံစားချက် ရှိနေသေးလားဆိုတာပဲ မေးချင်တာလို့ ပြောခဲ့သည်။

သို့သော် ထိုအမျိုးသားက တုံ့ဆိုင်းခြင်းမရှိဘဲ ထရပ်လိုက်ပြီး ခံစားချက် ဆိုတဲ့ စကားလုံးကို တစ်ခွန်းမျှပင် ဟမလာခဲ့ပေ။ သူက အေးစက်စက်ဖြင့်သာ ပြောခဲ့သည်။

"မင်းကို ပေးထားတဲ့ ကတိအတိုင်း ငါ တည်ပါ့မယ်။ နောင်တစ်ချိန် သူ(မ) လီယွမ်ကို ပြောင်းလာတဲ့အခါကျရင် သွားပြီး မနှောင့်ယှက်နဲ့"

ထိုသို့ပြောပြီးနောက် သူက ချိုးရွှေဥယျာဉ်ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။

ထိုခဏ၌ သခင်မကျန်းသည် သူမရဲ့ နှလုံးသားတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ နင်းချေခံလိုက်ရသလို ခံစားသွားရသည်။

သူမ ဖျားနာသွားကာ လဝက်ကျော်ခန့် အိပ်ရာထဲလဲနေခဲ့ရသည်။ အမျိုးသမီးနျဲ့ကို တစ်ခေါက်ပြန်တွေ့ရချိန်တွင် အမျိုးသမီးနျဲ့က ရွှင်လန်းတောက်ပနေပြီး၊ သူမကိုယ်တိုင်ကတော့ ငါးနှစ်လောက် အိုမင်းရင့်ရော်သွားသလို ဖြစ်နေခဲ့သည်။

နောက်ပိုင်းကျ သူမ ထိုမကျေနပ်ချက်များကို တဖြည်းဖြည်း လက်လွှတ်လိုက်နိုင်ပြီး၊ အထိန်းတော်စုန့်လိုပဲ ထိုအမျိုးသားမှာ ကိုယ်လုပ်တော်အဖြစ် အမျိုးသမီးနျဲ့တစ်ဦးတည်းသာ ရှိခြင်းအပေါ် ကျေးဇူးတင်မိလာတော့သည်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုလျှင် သူက ချိုးရွှေဥယျာဉ်တွင် မကြာခဏ လာရောက်အိပ်စက်တတ်သေး၏။

သို့သော် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သူက ညတိုင်းကို အမျိုးသမီးနျဲ့၏ အဆောင်မှာပင် ကုန်ဆုံးခဲ့သည်။

"အင်း... အဲဒါတွေကို ငါ အကုန်သိပါတယ်။ အထိန်းတော်စုန့်... မစိုးရိမ်ပါနဲ့"

သခင်မကျန်း၏ နှလုံးသားမှာ ကြာမြင့်စွာကတည်းက အေးစက်ခဲ့ပြီ။ သူမက မချိပြုံး ပြုံးလိုက်ရင်း မတတ်သာသည့်လေသံဖြင့် ပြောလိုက်သည်။

"အထိန်းတော်ကြီး... ငါ့အတွက် စိတ်မပူပါနဲ့။ အခု ငါ့စိတ်ထဲမှာ ငါ့ကလေးနှစ်ယောက်ရဲ့ အိမ်ထောင်ရေးကိစ္စကိုပဲ အပြည့်အဝ အာရုံစိုက်ထားတာ။ ကိုယ်လုပ်တော်တစ်ယောက်ကို သွားပြီး အဖက်လုပ်နေဖို့ ငါ့မှာ ဘယ်လိုလုပ် အချိန်ရှိပါ့မလဲ"

အထိန်းတော်စုန့်က—

"ကံကောင်းတာက အဲ့ဒီကိုယ်လုပ်တော်နျဲ့က ကိုယ့်နေရာကိုယ်သိပြီး သခင်မကြီးရှေ့ကို အလွယ်တကူ ထွက်မလာတတ်တာပဲ။ သူ(မ)မှာ သားသမီးလည်း မထွန်းကားတော့ ကျွန်မတို့ ရှီဇီရဲ့ ရာထူးနေရာက စိတ်ချရတာပေါ့။ နယ်စားမင်းကလည်း ကျွန်မတို့ ရှီဇီကို အလေးထားတာပဲလေ"

သခင်မကျန်းက ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ လက်ညှိုးဖြင့် မျက်ဝန်းထောင့်မှ မျက်ရည်စများကို ညင်သာစွာ သုတ်လိုက်သည်။ သူမရဲ့ မျက်နှာထက်မှ အပြုံးဖျော့ဖျော့လေးက နှင်းမြူတစ်စကဲ့သို့ပင် ပေါ့ပါးလွန်းလှသည်။

"အထိန်းတော်ကြီး... သွားနားတော့လေ"

အထိန်းတော်စုန့်က ဂါရဝပြု၍ အခန်းပြင်သို့ ထွက်ခွာသွားပြီး တံခါးကိုပါ တစ်ခါတည်း ပိတ်ပေးခဲ့သည်။

သခင်မကျန်းသည် ခြောက်ကပ်နေတဲ့ အိပ်ခန်းကြီးကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြီး၊ ကုတင်ပေါ်သို့ တစ်ယောက်တည်း တက်၍ လှဲလိုက်တော့သည်။

...

စုမန်နှင့် လမ်းခွဲခဲ့ပြီးနောက် ရွှယ်နင်သည် ပေါင်ချန်ကို ခေါ်ကာ ချီယွင်ဆောင်သို့ ပြန်လာခဲ့သည်။

လမ်းမှာ သူမက စံအိမ်ကို အခုလေးတင် ပြန်ရောက်လာတဲ့ စုကျန်းနှင့် ထိပ်တိုက်တိုးလုနီးပါး ဖြစ်သွား၏။ ကံကောင်းထောက်မစွာဖြင့် သူမ ချက်ချင်း ရှောင်တိမ်းနိုင်ခဲ့ပြီး၊ အနီရောင်ဆေးသုတ်ထားတဲ့ တိုင်လုံးကြီးတစ်လုံး၏ နောက်ကွယ်တွင် ခပ်မြန်မြန် ပုန်းလိုက်သည်။

စင်္ကြံလမ်းထက်တွင် မင်းသမီးရှို့နင်းသည် လန်းဆန်းတက်ကြွစွာဖြင့် စုကျန်းကို ပြုံး၍ မေးနေသည်။

"ရှီဇီအစ်ကို... ကျွန်မအတွက် မုန့်တွေရောဟင်"

ထိုအမျိုးသား၏ အကြည့်တစ်ချက်အောက်တွင် မော့ပိုင်က မုန့်သေတ္တာကို အမြန်ကမ်းပေးလိုက်သည်။

"ဒါတွေက မင်းသမီးအတွက် အထူးတလည် ဝယ်လာခဲ့တာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါဦး"

မင်းသမီးရှို့နင်းက ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားပြီး ထိုအမျိုးသား၏ ဝတ်ရုံလက်ကို ဆွဲကိုင်ကာ အတူတူ ထွက်သွားကြသည်။

ရွှယ်နင်သည် လူအားလုံး ထွက်သွားတဲ့အထိ စောင့်ဆိုင်းပြီးမှသာ တိုင်လုံးကြီးနောက်မှ ထွက်လာခဲ့သည်။

ပေါင်ချန်က နှုတ်ခမ်းကို စူပြီး မကျေမနပ် ပြောလာသည်။

"သူ(မ)က မင်းသမီးတစ်ပါး ဖြစ်နေပြီးတော့ ရှီဇီဆီကနေ ပစ္စည်းတွေကို သူတောင်းစားတစ်ယောက်လို အမြဲတမ်း တောင်းနေတာပဲ"

ရွှယ်နင်က တခစ်ခစ် ရယ်မောလိုက်သော်လည်း၊ ရယ်မောပြီးနောက်တွင် သူမ စိတ်ထဲ၌ ဝမ်းနည်းမှုလေး ဖြတ်ပြေးသွားသည်။

တစ်ချိန်က သူမကိုယ်တိုင်လည်း မင်းသမီးရှို့နင်းထက်တောင် ပိုပြီး သူတောင်းစားနှင့် တူခဲ့ဖူးတယ် မဟုတ်လား။

အနည်းဆုံးတော့ မင်းသမီးရှို့နင်းက စုကျန်းဆီကနေ သူမ လိုချင်သမျှ အရာအားလုံးကို ရရှိနိုင်တယ်။

ဒါပေမဲ့ သူမကျတော့ရော.. လူပြက်တစ်ယောက်သက်သက်ပဲ။

"တော်တော့... ငါတို့တွေ မင်းသမီးရဲ့ ကိစ္စတွေကို အတင်းမပြောသင့်ပါဘူး။ မြန်မြန် ပြန်ကြရအောင်"

ပေါင်ချန်က နှုတ်ခမ်းကို စေ့လိုက်ရင်း—

"ကျွန်မက သူ(မ)ရဲ့ ဘဝင်မြင့်တဲ့ အမူအရာကို ကြည့်မရရုံတင်ပါ။ သူ(မ)က သခင်မလေးရဲ့ ရှေ့တင်မှာ ရှီဇီက သူ(မ)အပေါ် ဘယ်လောက်တောင် အလိုလိုက်တယ်ဆိုတာကို တမင်သက်သက် ကြွားပြနေသလိုပဲ"

ရွှယ်နင်က ခပ်ဖွဖွ ရယ်မောလိုက်၏။

"သူ(မ) တမင်သက်သက် လုပ်တာပဲဖြစ်ဖြစ်၊ မလုပ်တာပဲဖြစ်ဖြစ် ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ပြန်ပြီး အိပ်ကြရအောင်"

သခင်မနှင့် အစေခံသည် လမ်းကွေ့တစ်ခုမှတစ်ဆင့် ချီယွင်ဆောင်သို့ ပြန်လာခဲ့ကြသော်လည်း၊ မမျှော်လင့်ဘဲ အဝတ်အစားနက် ဝတ်ဆင်ထားတဲ့ မော့ပိုင်သည် အဆောင်အဝတွင် ရပ်နေတာကို တွေ့လိုက်ရသဖြင့် ရွှယ်နင် အံ့အားသင့်ကာ ခြေလှမ်းများ ရပ်တန့်သွားသည်။

သူ့သခင်လိုပဲ မော့ပိုင်ကလည်း ရွှယ်နင်အပေါ် စိတ်ရှည်လေ့မရှိပေ။ သူက လက်ထဲတွင် ကိုင်ထားတဲ့မုန့်ဘူးကို သူမဆီ ကမ်းပေးလိုက်သည်။

"ဒါက ကျွန်တော့်သခင်က သခင်မလေးရွှယ်အတွက် ပေးလိုက်တဲ့ လက်ဆောင်ပါ"

စုကျန်း ဘာတွေ ကြံစည်နေလဲဆိုတာကို ရွှယ်နင် မသိတာ‌ကြောင့် ထိုဘူးကို လှမ်းယူရန် တွန့်ဆုတ်နေမိသည်။

မော့ပိုင်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုဘူးကို ပေါင်ချန်၏ ရင်ခွင်ထဲ အတင်းထိုးထည့်ပေးလိုက်တော့သည်။

ပေါင်ချန်က ပါးစပ်အဟောင်းသားဖြင့်—

"ဟင်.. ဘာလဲ—"

မော့ပိုင်က ကြင်နာစွာဖြင့် ရှင်းပြလိုက်သည်။

"ကျန့်ကော်ဘုရားကျောင်းမှာ ရှီဇီက သခင်မလေးရွှယ်ကို ငိုအောင်လုပ်မိခဲ့လို့၊ ဒါက ရှီဇီရဲ့ တောင်းပန်တဲ့ လက်ဆောင်ပါ"

ရွှယ်နင်ရဲ့ တင်းမာနေတဲ့ နှလုံးသားမှာ ရုတ်တရက် လျော့ကျသွားပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် ယဉ်ကျေးတဲ့ အပြုံးလေးတစ်ခု ပေါ်လာသည်။

"ဒါကြောင့်မို့လို့ကိုး။ လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

မော့ပိုင် မျက်မှောင်ကြုတ်မိသွားပြန်သည်။ မကြာသေးခင်ကစပြီး သခင်မလေးရွှယ်က ပိုထူးဆန်းလာတယ်လို့ သူ ခံစားနေရတယ်။

အရင်တုန်းကဆိုရင် ရှီဇီ‌ဆီက လက်ဆောင်ကို မြင်တာနဲ့ သူမက အရမ်းဝမ်းသာအားရဖြစ်ပြီး။ရင်ခုန်စိတ်လှုပ်ရှားနေတတ်တာ မဟုတ်လား။

အခု သူမရဲ့ ဖြူဖွေးနုနယ်တဲ့မျက်နှာပေါ်မှာ အံ့ဩစရာကောင်းလောက်အောင်ပင် တည်ငြိမ်မှုများသာ စိုးမိုးနေခဲ့သည်။

သူမသည် ထိုလက်ဆောင်ဘူးကို ကိုယ်တိုင်လှမ်းမယူဘဲ ပေါင်ချန်ကိုသာ သယ်ခိုင်းခဲ့သည်။

သူမက တည်ငြိမ်တဲ့ မျက်နှာထားဖြင့် မော့ပိုင်၏ ဘေးမှ ဖြတ်ကျော်ကာ ချီယွင်ဆောင်အတွင်းသို့ ဝင်သွားတော့သည်။

မင်ယွဲ့ဆောင်သို့ ပြန်လည်သတင်းပို့ချိန်တွင် မော့ပိုင်က ရွှယ်နင်၏ အေးစက်စက် အမူအရာအကြောင်းကို စုကျန်းအား ထည့်သွင်းပြောပြခဲ့သည်။

စုကျန်းက နန်းတွင်းစာရွက်စာတမ်းများကို စစ်ဆေးနေပြီး ခေါင်းကိုပင် မော့မကြည့်ဘဲ ပြောလိုက်သည်။

"မိန်းမငယ်လေးတွေရဲ့ ကစားကွက်တစ်ခုပဲဟာ၊ စိတ်ထဲ ထည့်မနေနဲ့"

တရားရေးဝန်ကြီးဌာနတွင် အခုတလော အမှုအခင်းများစွာ ရှိနေပြီး၊ လက်ရှိတွင်လည်း သူက ကွင်းဆက်လူသတ်သမားတစ်ဦးနှင့် ပတ်သက်သည့် အမှုကြီးတစ်မှုကို ကိုင်တွယ်နေရသဖြင့် အတွင်းဆောင်ရှိ မိန်းကလေးငယ်တစ်ဦး၏ စိတ်ကူးများကို အာရုံစိုက်နေရန် အချိန်မရှိပေ။

မော့ပိုင်သည် ရွှယ်နင်၏ အေးစက်စက် ဗာဒံစေ့ပုံစံ မျက်ဝန်းများကို ပြန်အမှတ်ရကာ အနည်းငယ် အံ့အားသင့်သွားပြီး ထပ်ပြောလိုက်သည်။

"ရှီဇီ... ဒီနောက်ပိုင်း မင်ယွဲ့ဆောင်က ပိုပြီး ခြောက်ကပ်သွားသလိုပဲနော်"

စုကျန်းသည် အမှုတွဲဖိုင်ကို အနည်းငယ် လှန်လှောကြည့်ပြီးမှ နောက်ဆုံးတွင် ခေါင်းမော့လာကာ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

မော့ပိုင်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"သခင်မလေးရွှယ်က မင်ယွဲ့ဆောင်ကို မလာတာ တော်တော်ကြာပြီလို့ ထင်လို့ပါ"

စုကျန်းက ဂရုမစိုက်ဟန်ဖြင့်—

"သူ(မ)။လုပ်ပေးတတ်တဲ့ အရာတွေကလည်း ထူးထူးခြားခြား ရှိတာ မဟုတ်ပါဘူး။ ဒီနောက်ပိုင်း သူ(မ)က အဲဒါတွေကို ချိုးရွှေဥယျာဉ်ဆီပဲ ပို့နေတယ်လို့ ငါ ကြားတယ်"

ထိုအခါမှ မော့ပိုင် သဘောပေါက်သွားတော့သည်။ သခင်မလေးရွှယ်က ရှီဇီအပေါ် စိတ်ကုန်သွားခြင်း မဟုတ်ဘဲ နည်းဗျူဟာ ပြောင်းလဲလိုက်ခြင်းသာ ဖြစ်ပြီး၊ သူမရဲ့ ကြိုးစားအားထုတ်မှုများကို သခင်မကျန်းဆီ လွှဲပြောင်းလိုက်တာ ဖြစ်လိမ့်မည်။

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာ ရှီဇီက နန်းတွင်းရေးရာများဖြင့် အမှန်တကယ် အလုပ်ရှုပ်နေပြီး ချိုးရွှေဥယျာဉ်သို့ပင် သွားရောက်ရန် အချိန်မရှိပေ။

ဒါကြောင့် သခင်မလေးရွှယ်ရဲ့ ကြိုးစားမှုများက အခုတစ်ကြိမ်လည်း အချည်းနှီး ဖြစ်ဦးမယ်လို့ သူ။ထင်တယ်။

သို့သော် စုကျန်းက အဲ့လိုမျိုး ပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ ရွှယ်နင် တစ်ချိန်က ပြုတ်ပေးဖူးတဲ့ စွပ်ပြုတ်ရဲ့ အရသာကို တမ်းတမိသွားသည်။

နောက်ဆုံးစာမျက်နှာကို ဖတ်ရှုပြီးနောက် သူ့ရဲ့ အေးစက်စက် ဖီးနစ်မျက်ဝန်းများက မော့ပိုင်ဆီ ကျရောက်သွားသည်။

"မနက်ဖြန်ကျရင် ချီယွင်ဆောင်ကို လူလွှတ်ပြီး သူ(မ)ကို သစ်တော်သီးစွပ်ပြုတ် တစ်ခွက် ပြင်ဆင်ခိုင်းလိုက်"

မော့ပိုင်က ကမန်းကတန်းပင် ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့ပါ"

...

သစ်တော်သားစားပွဲခုံထက်တွင် ပန်းပုလက်ရာများဖြင့် မွမ်းမံထားသော စန္ဒကူးသစ်သား လက်ဆောင်ဘူးတတစ်လုံး ရှိနေသည်။

ရွှယ်နင်သည် ထိုဘူးကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သော်လည်း ဖွင့်မကြည့်ခဲ့ပေ။

လိုက်ကာအပြင်ဘက်တွင်မူ လေများ တဝေါဝေါ တိုက်ခတ်နေပြီး နှင်းပွင့်များလည်း ကျလာနေသည်။

ပေါင်ချန်သည် သူမရဲ့အဝတ်အစားများပေါ်မှ နှင်းများကို ခါချလိုက်ပြီး တံခါးဝတွင် ရပ်ကာ မေးလိုက်သည်။

"သခင်မလေး... တတိယသခင်လေးက အဆောင်တံခါးဝမှာ ရောက်နေပါတယ်။ သခင်မလေးအတွက် ပေးစရာရှိလို့တဲ့။ သခင်မလေး သူ့ကို တွေ့ချင်ရဲ့လားဟင်"

ရွှယ်နင်သည် အစပိုင်းတွင် ငြင်းပယ်ရန် ရည်ရွယ်ခဲ့သော်လည်း၊ အခန်းတွင်း၌ စုကျန်း ပို့ထားတဲ့ လက်ဆောင်ရှိနေတာကြောင့် စိတ်မွန်းကြပ်သလို ခံစားနေရသဖြင့် ပြန်ပြောလိုက်သည်။

"ငါ အခုသွားလိုက်မယ်"

သူမ အပြင်ဘက် ခြေလှမ်းလှမ်းလိုက်ချိန်တွင် စုမိုင်က စင်္ကြံရှည်ကြီးအောက်တွင် မတ်တပ်ရပ်နေပြီ ဖြစ်၏။

စုမိသားစုက သခင်လေးများအားလုံး ချောမောခန့်ညားကြတာချည်းပင်။

စုကျန်းသည် အထူးခြားဆုံးနှင့် အထွန်းတောက်ဆုံး ဖြစ်သော်လည်း၊ တတိယအိမ်တော်ခွဲမှ စုမိုင်သည်လည်း ကြည်လင်တဲ့ မျက်ဝန်းများနှင့် သန့်ရှင်းသပ်ရပ်တဲ့ ရုပ်ရည်ရှိကာ အချိုးအစားကျနသူ ဖြစ်သည်။

ဒါပေမဲ့လည်း သူ့ဆီမှာ စုကျန်းလိုမျိုး လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါမျိုး မရှိသလို စုယွီကဲ့သို့သော ဂုဏ်ဒြပ်မျိုးလည်း မရှိသဖြင့်၊ ဒီစံအိမ်ကြီးအတွင်းမှာ မထင်မရှားနှင့် လူရိပ်လူယောင်မျှသာ ဖြစ်နေတတ်သည်။

သို့သော် ဒီနေ့မှာတော့ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် ကျော့ရှင်းစွာ ရပ်နေတဲ့ သူ့ရဲ့ပုံစံက ယဉ်ကျေးသိမ်မွေ့သည့် ပညာရှိလူငယ်တစ်ဦးနှင့် တူသည်။

"ညလည်း တော်တော်မှောင်နေပြီကို။ တတိယအစ်ကို... အားနင်ဆီ ဘာကိစ္စရှိလို့လဲဟင်"

စုမိုင်သည် ရွှယ်နင်၏ အကြည့်ကို ရှောင်လွှဲရင်း ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။

သူက ဝတ်ရုံလက်အတွင်းမှ ကြွေဘူးလေးတစ်ခုကို ထုတ်ယူကာ သူမဆီ ကမ်းပေးလိုက်သည်။

"ဒါက ယုံကျိုးကနေ ငါ ယူလာခဲ့တဲ့ အမွှေးနံ့သာလိမ်းဆေးပါ။ ဆောင်းတွင်းမှာ ဒါကို လက်မှာ လိမ်းပေးရင် အမျိုးသမီးတွေရဲ့ အသားအရေကို နူးညံ့ချောမွေ့စေတယ်လို့ ပြောကြတယ်"

သူ့လေသံက နူးညံ့ပြီး စကားအဆုံးတွင် ပြုံးယောင်သန်းနေတဲ့ မျက်ဝန်းများကို ပင့်ကြည့်လိုက်သည်။

သူက စုမိသားစုဝင် အမျိုးသားများထဲတွင် အနူးညံ့ဆုံးသူဖြစ်ပြီး သူ၏ ရုပ်ရည်သွင်ပြင်က စုကျန်းနှင့် စုယွီတို့လို ထက်မြက်စူးရှမှုမျိုး မရှိပေ။

"စံအိမ်ထဲက သခင်မလေးတွေ အားလုံးအတွက် တစ်ဘူးစီ ယူလာပေးတာပါ။ ညီမလေးအားနင်လည်း စမ်းလိမ်းကြည့်ပါဦး"

ရွှယ်နင်သည် စုမိုင်၏ လက်ဖဝါးပေါ်မှ ကြွေဘူးလေးကို လှမ်းယူလိုက်သည်။

စုမိုင်သည် ထိုမိန်းကလေး၏ နွေးထွေးနုနယ်တဲ့ လက်ချောင်းထိပ်လေးများက သူ့လက်ဖဝါးကို အသာအယာ ထိတွေ့သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့စိတ်ထဲမှာ အနည်းငယ် တုန်လှုပ်သွားသည်။

ဒါပေမဲ့ရွှယ်နင်ကတော့ ထိုအမျိုးသားရဲ့ စိတ်ကူးယဉ် အတွေးစများနှင့် သူ့နားရွက်ဖျားများ နီမြန်းသွားတာကို လုံးဝ သတိမထားမိခဲ့ပေ။

ဒီနေ့ ဘယ်လေတိုက်လို့ လူတိုင်းက သူမကို လက်ဆောင်ပေးဖို့ လာနေကြတာလဲ?

All Chapters