← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း(၃၂) - သူက ဘယ်တုန်းကမှ သူမကို ဂရုမစိုက်ခဲ့ဘူး

ဒါပေမဲ့လည်း စုမိုင်သည် အိမ်တော်ဟောင်းမှ ပြန်လာတာဖြစ်ပြီး ဒီလက်ဆောင်များကို သူမတစ်ဦးတည်းအတွက် သီးသန့်ဝယ်လာခဲ့ခြင်း မဟုတ်ပေ။ အဆောင်အသီးသီးရှိ သခင်မလေးများ အားလုံးလည်း တစ်ဘူးစီ ရရှိကြသဖြင့် လက်မခံဘဲ ငြင်းပယ်လိုက်လျှင် ရိုင်းပျရာ ရောက်လိမ့်မည်။ သူမက နူးညံ့တဲ့ အပြုံးတစ်ခုကို အားတင်းပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် တတိယအစ်ကို"

စုမိုင်သည် သူမရဲ့ အပြုံးကြောင့် ခဏလောက် မိန်းမောသွား၏။ သူက နှုတ်ခမ်းကို စေ့လိုက်ပြီး ပြန်‌ပြောလိုက်သည်။

"ကျေးဇူးတင်ဖို့ မလိုပါဘူး။ ညီမလေး သဘောကျရင်ပဲ ငါဝမ်းသာပါပြီ။ အကယ်၍ သုံးလို့အဆင်ပြေတယ်ဆိုရင် ငါ့ဆီမှာ... နောက်ထပ် ရှိသေးတယ်။ နောက်ကျရင် အကုန်လုံး ပို့ပေးလိုက်မယ်လေ"

အေးစက်တဲ့ လေပြင်းများ တဝေါဝေါ တိုက်ခတ်နေသဖြင့် ရွှယ်နင်သည် သူမရဲ့ တောက်ပတဲ့ မျက်ဝန်းနက်လေးများကို ပုတ်ခတ်ရင်း ထိုအမျိုးသား ဘာပြောနေလဲဆိုတာကို သဲသဲကွဲကွဲ မကြားလိုက်ရပေ။

စုမိုင်က အကြည့်ကို အောက်သို့ချလိုက်ပြီး—

"ဒါဆိုရင်... ညီမလေးအားနင်၊ တတိယအစ်ကို ပြန်တော့မယ်နော်။ စောစောနားပါဦး ညီမလေး"

ထိုသို့ပြောပြီးနောက် သူက ထွက်ပြေးသကဲ့သို့ပင် သူမရဲ့အမြင်အာရုံထဲမှ ချက်ချင်း လှည့်ထွက်ကွယ်ပျောက်သွားတော့သည်။

ပေါင်ချန်က စိတ်လှုပ်ရှားစွာဖြင့် အနား တိုးလာပြီး၊ မွှေးပျံ့တဲ့ လိမ်းဆေးများ ထည့်ထားသည့် ထိုလှပတဲ့ကြွေဘူးလေးကို လှမ်းကြည့်လိုက်သည်။ ဘူးပေါ်တွင် ရေးဆွဲထားသည့် အမြွှာကြာပန်းပုံစံ လက်ရာမှာ အလွန်ပင် လက်ရာမြောက်သည်။ သူမက ပြုံးကာ ပြောလိုက်၏။

"တတိယသခင်လေးက တကယ့်ကို အလိုက်သိတတ်တာပဲ၊ သခင်မလေးအတွက်ပါ လက်ဆောင်ယူလာပေးဖို့ သတိရတယ်နော်။ စတုတ္ထသခင်မလေးထက် အများကြီး သာပါတယ်။ အမေဝမ်းတစ်ခုတည်းက ထွက်လာကြတာချင်းတူတူ လူတွေကျမှ ဘာလို့ ဒီလောက်တောင် ကွာခြားရတာလဲ မသိဘူး"

ရွှယ်နင်က သူမရဲ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်ထဲက ကြွေဘူးလေးကို ငေးကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"သူက ဘာကိစ္စပဲဖြစ်ဖြစ် အမြဲတမ်း အသေးစိတ် ဂရုစိုက်တတ်တဲ့သူပဲဟာ။ ငါ့ကို ဘယ်လိုလုပ် မေ့ထားပါ့မလဲ"

စုမိသားစုတစ်ခုလုံးတွင် သခင်မကျန်း၊ စုမန်နှင့် ပင်မအိမ်ခွဲမှ အခြားသူများကို ဖယ်လိုက်လျှင် စုမိုင်တစ်ဦးတည်းသာ သူမအပေါ် အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။

သူက သူမကို ညီမလေးတစ်ယောက်လိုမျိုး အမှန်တကယ် သဘောထားခဲ့ပုံရသည်။

သူကိုယ်တိုင်က သူ့ရဲ့ အစ်ကိုကြီးနှစ်ယောက်နှင့် ယှဉ်လျှင် ပြစရာဟူ၍ ဘာမျှမရှိဘဲ—စာပေတွင်လည်း မထူးချွန်၊ သိုင်းပညာတွင်လည်း မကျွမ်းကျင်သော်လည်း—သူ့စရိုက်က နူးညံ့သိမ်မွေ့ပြီး အခြားသူများကို ဘယ်တုန်းကမှ အေးစက်စက်၊ အထင်မြင်သေးတဲ့ အကြည့်များဖြင့် မကြည့်တတ်ပေ။

တစ်ခါတရံ သူမ ငိုနေတာကို မြင်လျှင် သကြားလုံးများနှင့် သစ်သီးခြောက်များကို ယူဆောင်လာပေးတတ်သေး၏။

သို့သော်လည်း စုချင်းက ပိုင်စိုးလိုစိတ် ပြင်းထန်ပြီး၊ သူမရဲ့ မောင်အရင်းက ရွှယ်နင်အပေါ် အခုလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို မနှစ်သက်တာကြောင့် ရွှယ်နင်နှင့် မကြာခဏ အော်ဟစ်ရန်ဖြစ်လေ့ရှိသည်။

နောက်ပိုင်းတွင် ကိစ္စအချို့ ဖြစ်ပျက်ခဲ့ပြီးနောက်... သူမနှင့် စုမိုင်လည်း တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။

အရင်ဘဝက သူမ စုကျန်းနှင့် လက်ထပ်ပြီးနောက်တွင် စုမိုင်သည် တုန်းကျင်းမြို့တော်မှ ထွက်ခွာကာ အခြားဒေသတစ်ခုတွင် အရာရှိအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့၏။

သူ တုန်းကျင်းကို ဘယ်အချိန် ပြန်ရောက်လာလဲဆိုတာကို သူမ မသိရတော့ပေ။ ဘာပဲဖြစ်ဖြစ် သူမ မကွယ်လွန်မီအချိန်အထိ သူ့သတင်းကို တစ်ခါမှ ထပ်မကြားရတော့ချေ။

သူက မြို့တော်နှင့် ဝေးရာတွင် အရာရှိလုပ်နေစဉ်အတွင်း သူချစ်ရတဲ့ အမျိုးသမီးနှင့် အိမ်ထောင်ပြုကာ သားသမီးများ ရရှိနေလောက်ပြီဟု သူမ တွေးမိသည်။

သူ့လို အကျင့်စရိုက်မျိုးနှင့်ဆိုလျှင် မိန်းမကောင်းတစ်ယောက်နှင့် ဆုံတွေ့ရန် ထိုက်တန်သည်။

ရွှယ်နင်သည် အတွင်းစိတ်ထဲမှ အတွေးများကို ရုပ်သိမ်းလိုက်၏။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း သူမရဲ့ကျန်းမာရေးက အမှန်တကယ်ပင် မကောင်းပေ။

ဒီဒုတိယမြောက်ဘဝမှာ သူမ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်က ငယ်ရွယ်နုပျိုနေသေးတယ်ဆိုပေမယ့် အေးစက်တဲ့ရေထဲ နှစ်ကြိမ်တိုင်တိုင် ကျဆင်းခဲ့တာက ဘယ်လောက်ပဲ သန်မာတဲ့သူဖြစ်ပါစေ ခံနိုင်ရည်ရှိဖို့ ခက်ခဲတယ် မဟုတ်လား။ သူမလို အားနည်းတဲ့ မိန်းကလေးတစ်ဦးအတွက် ဆိုဖွယ်ရာမရှိပြီ။

ရွှယ်နင်သည် ယုံကျိုးဒေသရှိ အိမ်တော်ဟောင်းတွင် နှစ်ရှည်လများ နာတာရှည်ရောဂါကို ခါးစည်းခံခဲ့ရသည့် နှစ်ကာလများကို ကွက်ကွက်ကွင်းကွင်း ပြန်အမှတ်ရမိပြီး၊ အရင်ဘဝက အမှားများကို ဘယ်တော့မှ ထပ်မံမကျူးလွန်မိစေရန် စိတ်ထဲကနေ ဆုံးဖြတ်ချက် ချထားသည်။

သူမသည် ဝတ်ရုံကို ကျစ်ကျစ်ပါအောင် ဆွဲခြုံလိုက်ပြီး လက်ထဲတွင် ကြွေဘူးလေးကို ကိုင်ဆောင်ထားဆဲဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။

စုကျန်း ပို့ထားတဲ့ လက်ဆောင်ဘူးက ၎င်း၏သခင်ကဲ့သို့ပင် အေးစက်ငြိမ်သက်စွာဖြင့် မူလနေရာ၌ပင် ရှိနေဆဲဖြစ်သည်။

အပြင်ပန်းကိစ္စများကို သိမ်းဆည်းပြီးနောက် ပေါင်ချန်အိပ်ခန်းထဲသို့ ဝင်လာချိန်တွင် သူမရဲ့ သခင်မလေးက ထိုလက်ဆောင်ဘူးကို ငေးကြည့်နေဆဲဖြစ်တာကို တွေ့လိုက်ရ၏။

"အတွင်းထဲမှာ ဘာပါလဲ သိချင်ရင်လည်း ဖွင့်ကြည့်လိုက်ပါလား သခင်မလေးရဲ့။ ရှီဇီက သခင်မလေးအတွက် ဘယ်လိုကောင်းတဲ့ ပစ္စည်းတွေ ပို့ပေးလိုက်လဲဆိုတာ ကြည့်ရအောင်လေ"

ရွှယ်နင်က နှုတ်ခမ်းကို အသာစေ့လိုက်ပြီး သူမ၏ သွယ်လျတဲ့ လက်ချောင်းလေးများဖြင့် ဘူးကို ဖွင့်လိုက်တဲ့အခါ အတွင်း၌ စီစီရီရီ ရှိနေတဲ့ ‘ဗာဒံစေ့မုန့်’ များကို တွေ့လိုက်ရသည်။

ပေါင်ချန် အံ့အားသင့်သွားပြီး ရွှယ်နင်ကို ကြည့်ကာ ချက်ချင်းပင် မျက်မှောင်ကြုတ်မိသွားတော့သည်။

ရွှယ်နင်က စုကျန်း ပို့သမျှအရာတိုင်းအပေါ် ဘယ်တုန်းကမှ မျှော်လင့်ချက်အမြင့်ကြီး မထားခဲ့ဖူးပေမယ့်၊ ဒီဗာဒံစေ့မုန့်ကို မြင်လိုက်ရချိန်တွင် သူမရဲ့ နှလုံးသားက မသိမသာ နစ်မွန်းသွားသည်။

သူမရဲ့ သခင်မလေး မျက်နှာ ဖြူဖျော့သွားတာကို ကြည့်ပြီး ပေါင်ချန် ခဏလောက် စကားလုံးများ ပျောက်ရှသွားခဲ့သည်။

ပုံမှန်ဆိုလျှင် ပျော်ပျော်နေတတ်တဲ့ ချစ်စရာ အစေခံမလေးက အခု သက်ပြင်းကြီးတစ်ချက်ကို ချလိုက်ပြီး၊ စိတ်ပျက်အားလျော့မှုများဖြင့် ညည်းတွားလိုက်သည်။

"ရှီဇီကတော့ တကယ်ပါပဲ... ဒီလောက်နှစ်တွေအကြာကြီးထိ သခင်မလေးက ဗာဒံစေ့နဲ့ မတည့်ဘူးဆိုတာကို သူ အခုထိ မသိသေးဘူးလား။ သခင်မလေးက ဗာဒံစေ့စားမိရင် တစ်ကိုယ်လုံး အင်ပြင်တွေ ထွက်လာတတ်တာကို..."

ရွှယ်နင်က ပြုံးလိုက်သော်လည်း သူမရဲ့ မျက်ဝန်းများက အနည်းငယ် နီမြန်းလာခဲ့သည်။ စိတ်ထဲရှိ ခံစားချက်များကို ဘယ်လိုစကားလုံးနဲ့မှ ဖော်ပြရန် ခက်ခဲလှသည်။

သူမက သူမရဲ့နှလုံးသားတစ်ခုလုံး ပိုပြီးအေးစက်လာတာကိုပဲ ခံစားနေရတယ်။

ဒါပေမဲ့လည်း တစ်ဖက်မှာ ဒါက အရမ်း သဘာဝကျတယ်လို့ သူမ တွေးမိပြန်သည်။

ဘာလို့လဲဆိုတော့... ဒီလူက စုကျန်း ဖြစ်နေတာကြောင့်ပင်။

သူမအပေါ် ဘယ်တုန်းကမှ စိတ်ရင်းနဲ့ ဂရုမစိုက်ခဲ့ဖူးသလို၊ အာရုံလည်း မစိုက်ခဲ့ဖူးတဲ့ စုကျန်း..။

ရွှယ်နင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်လှမ်း၍ ထိုမုန့်ဘူးကို ပြန်ပိတ်လိုက်သည်။

"ပေါင်ချန်... ဒါကို အောက်ယူသွားပြီး တခြားအစေခံမလေးတွေကို ဝေကျွေးလိုက်ပါ"

ပေါင်ချန်က သူမရဲ့သခင်မလေးကို ရင်နာစွာဖြင့် ကြည့်ရင်း ဂရုတစိုက် မေးလိုက်သည်။

"သခင်မလေး... အဆင်ပြေရဲ့လားဟင်"

ရွှယ်နင်က ခေါင်းယမ်းပြလိုက်ပြီး မျက်ခုံးနှစ်ခုကြားကို လက်ချောင်းများဖြင့် ဖိနှိပ်ရင်း ပြောလိုက်သည်။

"ငါ အဆင်ပြေပါတယ်။ နည်းနည်း ပင်ပန်းလို့ရယ် ခေါင်းကိုက်နေလို့ရယ်ပါ"

ပေါင်ချန်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။

"မီးဖိုပေါ်က ဆေးက မကြာခင် ကျိုလို့ပြီးတော့မှာပါ။ ကျေးဇူးပြုပြီး ခဏလေးပဲ သည်းခံပြီး စောင့်ပေးပါဦး သခင်မလေး"

ရွှယ်နင်က လေသံမျှဖြင့်သာ ပြန်ထူးလိုက်ပြီး၊ ပြတင်းပေါက်ဘေးရှိ ခုတင်နိမ့်လေးပေါ်တွင် မှီထိုင်ရင်း စာအုပ်တစ်အုပ်ကို အသာအယာကောက်ကိုင်ကာ စိတ်လွတ်ကိုယ်လွတ် လှန်လှောဖတ်ရှုနေခဲ့သည်။

သို့သော် သူမ၏ စိတ်ဓာတ်များက အမှန်တကယ်ပင် ကျဆင်းနေပြီး နဖူးပြင်မှာလည်း အဖျားရှိန်ကြောင့် ပူနွေးနေခဲ့ရာ ခဏမျှ ဖတ်ရှုပြီးနောက်တွင်မူ စတင်၍ ငိုက်မျဉ်းလာတော့သည်။

ပေါင်ချန် ဆေးပန်းကန်ကို သယ်ဆောင်၍ ဝင်လာချိန်၌ သူမရဲ့ သခင်မလေးက ဘယ်အချိန်ကတည်းက အိပ်ပျော်သွားမှန်းမသိ ဖြစ်နေတာကို အဝေးမှလှမ်း၍ သတိပြုမိလိုက်သည်။ သူမ၏ မိုးမခရွက်သဏ္ဌာန် မျက်ခုံးအစုံမှာ ကျစ်ကျစ်ပါအောင် တွန့်ချိုးနေပြီး၊ ဖြူဖျော့တဲ့ ချယ်ရီနှုတ်ခမ်းလွှာလေးများမှာလည်း တစ်စုံတစ်ခုကို ခပ်တိုးတိုး ရေရွတ်နေကာ မျက်နှာထက်တွင်လည်း နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

ပေါင်ချန်သည် ခြေလှမ်းများကို သွက်လိုက်ပြီး အနားသို့ လျှောက်လှမ်းသွားကာ သူမ၏ ပုခုံးကို ညင်သာစွာ လှုပ်နှိုးလိုက်သည်။

အိပ်မက်ဆိုးတစ်ခုအတွင်း ပိတ်မိနေတဲ့ ရွှယ်နင်သည် ရုန်းကန်၍ မျက်ဝန်းများကို ဖွင့်ကြည့်လိုက်တဲ့အခါ၊ ရွှန်းစိုနေသည့် ဗာဒံစေ့ပုံစံ မျက်ဝန်းများတွင် ဝေဝါးမှုများနှင့် ပြည့်နှက်နေခဲ့သည်။

ပေါင်ချန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"သခင်မလေး... အိပ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီလား။ အခုတလော သခင်မလေး ဘာလို့ အိပ်မက်ဆိုးတွေ ဒီလောက်တောင် ခဏခဏ မက်နေရတာလဲမသိဘူး"

ရွှယ်နင်သည် အိပ်မက်ထဲက အဖြစ်အပျက်များကို ပြန်သတိရသွား၏။ ၎င်းတို့မှာ... သူတို့နှစ်ယောက် လက်ထပ်ပြီးနောက်ပိုင်း နှစ်ကာလများစွာအတွင်း စုကျန်းက သူမအပေါ် အေးစက်စက် ဆက်ဆံခဲ့သမျှ အရာအားလုံးပင်။

ဘာကြောင့်မှန်းမသိ... အိပ်မက်ထဲတွင် သူက နတ်ဆိုးတစ်ပါးနှင့် ပိုတူလာခဲ့သည်။

သူက မင်းသမီးရှို့နင်းရဲ့ ရှေ့မှာတင် သူမကို လည်ပင်းညှစ်သတ်ဖို့အတွက် အရမ်း စိတ်အားထက်သန်နေပုံရသည်။

သူမက သူ သူမအပေါ် ဒီလောက်အထိ မုန်းတီးရလောက်အောင် သူမမှာ ဘာအမှား‌တွေ ရှိခဲ့လို့လဲဟု အတင်းအကျပ် မေးမြန်းခဲ့သည်။

အိပ်မက်ထဲတွင် ထိုအမျိုးသားရဲ့ မျက်နှာက ရက်စက်ယုတ်မာမှုများကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ပြီး၊ သူ့ရဲ့လက်ဖဝါးကြီးများဖြင့် သူမ၏လည်ပင်းကို ကျစ်ကျစ်ပါအောင် ညှစ်ထားရင်း— "မင်း... ရှို့နင်းကို မထိခိုက်စေခဲ့သင့်ဘူး၊ ငါ့ရဲ့ အမေကိုလည်း မနာကျင်စေခဲ့သင့်ဘူး!" ဟု နှလုံးသားမရှိသလို ရက်စက်စွာ ပြောဆိုခဲ့သည်။

အိပ်မက်ထဲမှ လန့်နိုးလာချိန်တွင် ရွှယ်နင်သည် တုန်တုန်ရင်ရင် ဖြစ်သွားပြီး၊ သူမ၏ လက်ဖဝါးငယ်လေးဖြင့် လည်ပင်းကို အသာအယာ အုပ်ကိုင်ရင်း နီမြန်းနေတဲ့ မျက်ဝန်းများကို ပင့်ကြည့်လိုက်သည်။

"ဆေးက အဆင်သင့်ဖြစ်ပြီလား"

ပေါင်ချန်၏ ရင်ခုန်သံမှာ တဒိန်းဒိန်း ဖြစ်သွားပြီး ကမန်းကတန်းပင် ဆေးပန်းကန်ကို လှမ်းပေးလိုက်သည်။

ရွှယ်နင်သည် မည်းနက်၍ ခါးသက်တဲ့ ဆေးရည်များကို လှမ်းယူလိုက်ပြီး၊ ၎င်းမှာ ဘယ်လောက်ပဲ ခါးနေပါစေ ဂရုမစိုက်တော့ဘဲ ခေါင်းကိုမော့ကာ တစ်ကျိုက်တည်းဖြင့် အကုန်မော့ချလိုက်တော့သည်။

ပေါင်ချန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စကားလှမ်းပြောရန် ပြင်လိုက်သည်။

"သခင်မလေး... အဲဒါ ခါး—"

သို့သော် ရွှယ်နင်က အကုန်သောက်ပြီးသွားပြီ ဖြစ်ပြီး လက်ကိုင်ပုဝါဖြင့် နှုတ်ခမ်းထောင့်ကို ခပ်ဖွဖွ သုတ်လိုက်သည်။

"ငါ အိပ်တော့မယ်။ နင်လည်း သွားနားတော့လေ"

ပေါင်ချန်သည် ရင်ထဲတွင် လေးလံမှုကို ခံစားရရင်း ထိုမိန်းကလေးကို ကုတင်ပေါ် တွဲခေါ်၍ လှဲလျောင်းစေခဲ့သည်။

ရွှယ်နင်သည် ခပ်မြန်မြန်ပင် အိပ်ပျော်သွားခဲ့သော်လည်း၊ မကြာမီမှာပင် အိပ်မက်ယောင်၍ စကားများကို ထပ်မံရေရွတ်ပြန်သည်။

ပေါင်ချန်သည် ကုတင်ဘေးတွင် အတော်ကြာအောင် စောင့်ကြပ်ပေးနေခဲ့ပြီး၊ ကုတင်ပေါ်ရှိလူက အိပ်မောကျကာ ငြိမ်သက်သွားမှသာ သူမအခန်းသို့ ပြန်နားတော့သည်။

...

နောက်တစ်နေ့၊ မိသားစု စားပွဲတွင် ဖြစ်သည်။

ရွှယ်နင်သည် တစ်နေ့ခင်းလုံးကို ချီယွင်ဆောင်တွင် စိတ်လွတ်ကိုယ်လွတ်ဖြင့် အိပ်စက်ရင်း ကုန်ဆုံးစေခဲ့ပြီးမှသာ ကျန်းမာရေးက အနည်းငယ် သက်သာလာသလို ခံစားရတော့သည်။

ဆေးသောက်ပြီးနောက်တွင် သူမရဲ့ စိတ်အာရုံများက သိသိသာသာ ကြည်လင်လာခဲ့သည်။

နယ်စားမင်းစုနှင့် စုကျန်းတို့ စံအိမ်ကို အတူတူ ပြန်ရောက်လာကြပြီဟု သိရတဲ့အခါ၊ သူမက အိပ်ရာမှထကာ ပေါင်ချန်ကို အဝတ်အစားလဲလှယ်ရန်နှင့် ပြင်ဆင်ခြယ်သရန်အတွက် ကူညီခိုင်းလိုက်သည်။

ဒါပေမဲ့လည်း အခုတလော ဆေးဝါးများကို ဆက်တိုက်သောက်နေရတာကြောင့်၊ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လောက်ပဲ အမွှေးနံ့သာများ ဆောင်ထားပါစေ ခါးသက်တဲ့ ဆေးနံ့များကတော့ စွဲကျန်နေဆဲပင်။

ပေါင်ချန်၏ မျက်နှာထက်တွင် ရင်နာမှုများ ပြည့်နှက်နေသော်လည်း ရွှယ်နင်ကတော့ ယဉ်ပါးနေခဲ့ပြီ ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ယုံကျိုးဒေသရှိ အိမ်တော်ဟောင်းမှာ ရှိစဉ်ကတည်းက ဒီလို ခါးသက်တဲ့ ဆေးဝါးများကို သူမ မရေမတွက်နိုင်အောင် သောက်သုံးခဲ့ရတယ်။

သူမက ပြုံးလိုက်ပြီး အစေခံမလေး၏ ပါးပြင်ကို အသာလေး ဆွဲဆိတ်ကာ ပြောလိုက်သည်။

"ငါကိုယ်တိုင်တောင် မငိုတာကို၊နင်က ဘာလို့ ငိုတော့မယ့် မျက်နှာပေး ဖြစ်နေတာလဲ"

ပေါင်ချန်က နှုတ်ခမ်းလေးကို ဆူလိုက်သည်။ သခင်မလေးက ဘာမှမပြောဘဲ ပြုံးနေတာကြောင့်ပဲ သူမကို ကြည့်ရတာ ပိုပြီးသနားစရာကောင်းနေတာလေ။

"ကျွန်မက သခင်မလေးရဲ့ ဘဝက အရမ်းခါးလွန်းတယ်လို့ ခံစားရလို့ပါ။ သောက်နေရတဲ့ ဆေးတွေလိုပဲ ခါးလိုက်တာ..."

အရင်ဘဝက ယုံကျိုးဒေသရှိ အိမ်တော်ဟောင်းတွင် ရှိစဉ်က ပြောခဲ့ဖူးတဲ့ စကားလုံးများအတိုင်း ထပ်တူထွက်လာသဖြင့် ရွှယ်နင် ခဏလောက် ငေးမှိုင်သွားသည်။

သူမသည် ပေါင်ချန်၏ နုပျိုပြီး ဖောင်းအိနေတဲ့ ပါးပြင်လေးကို စိုက်ကြည့်ရင်း—

"သနားစရာ ဘာရှိလို့လဲ။ နင်တို့ သခင်မလေးက အခုအချိန်မှာ ဘယ်တုန်းကထက်မဆို ပိုပြီး ပျော်နေတာပါ"

စုကျန်းနဲ့ လက်ထပ်ရတာကပဲ တကယ့် ဒုက္ခဆင်းရဲစစ်စစ် ဖြစ်လိမ့်မယ်။

သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ချက်ပေါ်လာပြီးနောက်၊ ပေါင်ချန်၏ ပါးပြင်ကို လွှတ်လိုက်ပြီး လက်ထဲတွင် နွေးထွေးတဲ့ ရေနွေးအိတ်လေးကို ပွေ့ပိုက်ကာ အပြင်သို့ လှမ်းထွက်ခဲ့သည်။

သူမ နင်ယွင်ခန်းမသို့ ရောက်ရှိသွားချိန်တွင် လူအားလုံးနီးပါး စုံလင်စွာ ရောက်ရှိနေကြပြီ ဖြစ်သည်။

All Chapters