← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) - မိသားစု စားပွဲ

ယနေ့သည် တုန်းကျင်းမြို့တော်ရှိ နယ်စားမင်းအိမ်တော်တွင် နေထိုင်ကြသူ အားလုံး စုံစုံလင်လင် တက်ရောက်ကြသည့် မိသားစု စားပွဲ ဖြစ်သည်။

မျက်နှာသာပေးခံရသည့် အစေခံကြီးများကို ဖယ်လိုက်လျှင် လိုက်ကာအကွယ်တွင် နေရာယူထားကြတဲ့ သခင်များမှာ စားပွဲ သုံးလုံးစာမျှသာ ရှိ၏။

သခင်မကြီးရှဲ့သည် နယ်စားမင်းစု၊ စုရီလီ၊ စုကျန်းတို့နှင့်အတူ ထိုင်နေသည်။

မင်းသမီးရှို့နင်းကတော့ ယနေ့ပွဲ၏ အဓိက ဂုဏ်သရေရှိ ဧည့်သည်တော်ဖြစ်တာကြောင့် သခင်မကြီးရှဲ့က သူမရဲ့ ဘေးနားသို့ စောစောစီးစီးပင် ဆွဲခေါ်ကာ နေရာပေးထားခဲ့သည်။

အခြား အမျိုးသမီး မိသားစုဝင်များက သီးခြားစားပွဲနှစ်လုံးတွင် ခွဲထိုင်ကြသည်။

လျိုရှီ နှင့် သခင်မတုန်းသည် အခြား ယောင်းမများနှင့်အတူ တစ်ဝိုင်း တူတူထိုင်ကြ၏။

ပုံမှန်နှင့်မတူဘဲ ယနေ့တွင် ထူးထူးခြားခြား ပြင်ဆင်ခြယ်သထားတဲ့ ကိုယ်လုပ်တော်နျဲ့လည်း သခင်မတုန်း၏ ဘေးတွင် နှုတ်ခမ်းထောင့်၌ အပြုံးဖျော့ဖျော့လေး ပြုံးလျက် ထိုင်နေသည်။

နယ်စားမင်းအိမ်တော်ရဲ့ သခင်မလေးများက သီးသန့်တစ်ဝိုင်း ထိုင်ကြသည်။ စုရှီးနှင့် စုချင်းတို့မှာ ရင်းနှီးသူများပီပီ သဘာဝအတိုင်း အတူတူ ထိုင်ကြပြီး၊ ရွှယ်နင်က စုမန်၏ ဘေးတွင် နေရာယူလိုက်သည်။

စုမန်က ရွှယ်နင်၏ ဝတ်ရုံလက်ကို တိတ်တဆိတ် ဆွဲကိုင်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မင်းသမီးရှို့နင်းက ဒီနေ့ တော်တော်လေး လှလှပပ ပြင်ဆင်ထားတာပဲနော်"

ရွှယ်နင်က ပင်မစားပွဲဝိုင်းဆီ လှမ်းကြည့်လိုက်ပြီး မင်းသမီးရှို့နင်း၏ ထူထဲနက်မှောင်သည့်ဆံနွယ်များထက်တွင် မနေ့က သူမ လက်ဆောင်ပေးခဲ့သည့် ‘ကျောက်စိမ်းဖီးနစ်ရုပ်ရွှေဆံထိုး’ ကို ဆင်ယင်ထားတာကို အမှန်တကယ်ပင် မြင်လိုက်ရသည်။ ၎င်းမှာ မင်းသမီး၏ သွယ်လျချွန်ထက်တဲ့ မျက်နှာနှင့် လိုက်ဖက်လွန်းပြီး ထူးခြားတဲ့ ဆွဲဆောင်မှုတစ်မျိုးကို ပေးစွမ်းနေသည်။

ဒီဘဝမှာတော့ သူမက မင်းသမီးရှို့နင်းနဲ့ ဘယ်တော့မှ ရန်သူဖြစ်လာတော့မှာ မဟုတ်ဘူး။

အမုန်းမရှိတဲ့ အမြင်နဲ့ ကြည့်မည်ဆိုရင် မင်းသမီးရှို့နင်း ရုပ်ဆိုးသူတစ်ယောက် မဟုတ်ပေ။ ယုံကျိုးဒေသရှိ မင်းသားရီစံအိမ်တွင် နှစ်ရှည်လများ နေထိုင်ခဲ့ရသဖြင့် တုန်းကျင်းမြို့တော်ရှိ သခင်မလေးများနှင့် နှိုင်းယှဉ်လျှင် အသားအရေမှာ အနည်းငယ် ညိုရုံမျှသာ ရှိ၏။ဒါပေမဲ့လည်း မင်းသားအိမ်တော်က လာတဲ့ သခင်မလေးတစ်ဦးပီပီ သူမရဲ့ အမူအရာနှင့် အပြောအဆို ယဉ်ကျေးမှုများက အပြစ်ပြောစရာမရှိအောင် ပြည့်စုံသည်။

သခင်မကြီးရှဲ့၏ ဘေးတွင် ထိုင်နေရင်း သူမရဲ့ ရယ်မောပုံနှင့် အမူအရာတိုင်းက စနစ်တကျ ရှိသည်။

တစ်ခါတရံ သူမက ဟာသများဖြင့် စနောက်ပြောဆိုလိုက်ရာ သခင်မကြီးနှင့် နယ်စားမင်းစုတို့ထံမှ နူးညံ့တဲ့ အပြုံးများကိုပင် ထွက်ပေါ်လာစေသည်။

ရွှယ်နင် စိတ်ထဲက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ အမှန်တော့ မင်းသမီးရှို့နင်းနဲ့ သူတို့ကပဲ တကယ့် မိသားစုအစစ်အမှန် ဖြစ်ကြတာ မဟုတ်လား။

ဘာပဲဖြစ်ဖြစ် နယ်စားမင်းစုက သူမလို မိဘမဲ့မိန်းကလေးတစ်ယောက်အပေါ် ဘယ်တုန်းကမှ ဂရုစိုက်ခဲ့ဖူးသူ မဟုတ်ပေ။ သူမ နယ်စားမင်းအိမ်တော်မှာ နေထိုင်ခဲ့တဲ့ နှစ်ကာလများအတွင်း သူက သူမကို တည့်တည့်တောင် မကြည့်ခဲ့ပေ။

ဒါပေမဲ့ အခု မင်းသမီးရှို့နင်းအပေါ် ထားရှိတဲ့ သူ့ရဲ့သဘောထားက လုံးဝ ကွာခြားလွန်းသည်။

အမှန်ပဲ... သူမက(ရှို့နင်း) သူကိုယ်တိုင် ရွေးချယ်ထားခဲ့တဲ့ ချွေးမလောင်း ဖြစ်နေတာကြောင့်ပင်—အရာရာတွင် ထူးချွန်ပြောင်မြောက်သည်။

စုမန်က နောက်ပြောင်ကျီစယ်သည့် လေသံဖြင့် မေးလိုက်၏။

"ဒီလို ကြည့်ရတာတော့ မင်းသမီးရှို့နင်းက ငါ့ရဲ့ အစ်ကိုကြီးနဲ့ တော်တော်လေး လိုက်ဖက်တာပဲနော်။ အားနင်ရော ဘယ်လိုထင်လဲ"

ရွှယ်နင်သည် အရင်ဘဝကလိုမျိုး မနာလိုဝန်တိုစိတ်များ လုံးဝမရှိတော့ဘဲ တည်ငြိမ်စွာပင် ကြည့်လိုက်ပြီး စိတ်ရင်းမှန်ဖြင့် ထောက်ခံလိုက်သည်။

"သူတို့က တကယ်ကို လိုက်ဖက်တဲ့ စုံတွဲပဲ"

ထိုအချိန်တွင် စုကျန်းသည် ဝိုင်နွေးနွေးတစ်ခွက်ကို တစ်ကျိုက်သောက်လိုက်ပြီး သူ့ရဲ့ နက်မှောင်တဲ့ မျက်ဝန်းများကို ပင့်ကြည့်လိုက်သည်။

သူ့အကြည့်မှာ လေထုထဲတွင် ရွှယ်နင်၏ အကြည့်နှင့် အမှတ်မထင် ဆုံစည်းသွားခဲ့၏။

ရွှယ်နင်က သူမ၏ အကြည့်များကို ချက်ချင်းပင် လွှဲလိုက်ပြီး စုမန်ဘက်သို့ လှည့်ကာ စကားဆက်ပြောနေလိုက်သည်။

စုကျန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသော်လည်း ရွှယ်နင်၏ ထိုအသေးအဖွဲ အမူအရာကို စိတ်ထဲ ထည့်မနေခဲ့ပေ။

"အားနင်... နင် ဘာကို ကြည့်နေတာလဲ"

စုမန်က ရွှယ်နင်ကို တိုးတိုးလေး မေးလိုက်ရင်း၊ သူမ၏ မျက်ဝန်းများကလည်း အခြားစားပွဲဝိုင်းနှစ်လုံးဆီသို့ ရံဖန်ရံခါ ရောက်သွားတတ်သည်။

"အော်... ဒီနေ့ ကိုယ်လုပ်တော်နျဲ့လည်း ရောက်နေတာပဲ"

နယ်စားမင်းအိမ်တော်ရှိ အမျိုးသားအားလုံးနီးပါးတွင် ကိုယ်လုပ်တော်များ ရှိကြသော်လည်း၊ နယ်စားမင်းစုက ကိုယ်လုပ်တော်နျဲ့ တစ်ဦးတည်းကိုသာ ယူထားခဲ့ခြင်း ဖြစ်သည်။

ရွှယ်နင်သည် သူမရဲ့ အကြည့်ကို တစ်ဖန် ပြန်ပင့်တင်လိုက်ပြီး၊ ကိုယ်လုပ်တော်နျဲ့ရဲ့ ပုံစံအပေါ် အကြည့်ရောက်သွားသည်။

ကိုယ်လုပ်တော်နျဲ့ကို အလွန်အမင်း ထူးခြားလှပသည့် မိန်းမလှလေးတစ်ဦးဟု ပြောလျှင် လွန်လိမ့်မည်။ သူမရဲ့ ရုပ်ရည်က သခင်မကျန်း၏ သုံးပုံတစ်ပုံမျှပင် မရှိချေ။ သို့သော်လည်း သူမရဲ့ အသားအရေက ကျောက်စိမ်းလို ချောမွေ့အိစက်နေပြီး၊ ခါးသိမ်သိမ်လေးမှာ မိုးမခကိုင်းကဲ့သို့ နွဲ့နှောင်းကာ၊ ရိုးရှင်းတဲ့ ဝတ်ဆင်မှုများက သူမကို ပေါ့ပါးနူးညံ့သော အသွင်ကို ဆောင်စေသည်။ သူမရဲ့ ဖြူဖွေးတဲ့ မျက်နှာထက်တွင် အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့ အပြုံးလေးတစ်ခု ရှိနေတတ်ပြီး၊ နှုတ်ခမ်းထောင့်စွန်းများက ဘယ်တော့မှ တွဲကျမသွားဘဲ နွေးထွေးတဲ့ နွေဦးရာသီကဲ့သို့ နူးညံ့ညင်သာသည်။

သူမနှင့် နှိုင်းယှဉ်လျှင် အခြား ကိုယ်လုပ်တော်များက အလိုအလျောက် အရောင်မှိန်ဖျော့သွားကြ၏။

ရွှယ်နင် ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် အခုအချိန်အထိ စုကျန်းကို ဘယ်လိုရှောင်ရမလဲဆိုတဲ့ အချက်ကိုပဲ အာရုံစိုက်နေခဲ့တာကြောင့် အခုမှသာ အရင်ဘဝက ကိုယ်လုပ်တော်နျဲ့၏ အကြောင်းကို ပြန်သတိရတော့သည်။

သခင်မကျန်း ပြင်းထန်စွာ ဖျားနာခဲ့တဲ့ ထိုနှစ်က ကိုယ်လုပ်တော်နျဲ့ ကုတင်ဘေးတွင် အမြဲမပြတ် ရှိနေကာ ပြုစုပေးခဲ့ဖူးသည်။

သခင်မကျန်း ကွယ်လွန်သွားပြီးနောက်တွင် နယ်စားမင်းစုသည် သူမကို ပင်မဇနီးအဖြစ် မြှောက်စားခဲ့ပြီး ရွှမ်းယီနယ်စားမင်းစံအိမ်၏ အိမ်ရှင်မ ဖြစ်လာစေခဲ့သည်။

ချွေးမတစ်ယောက်အနေဖြင့် ရွှယ်နင်က သူမရဲ့လက်အောက်မှာ တာဝန်ကျေပွန်စွာ လုပ်ဆောင်ခဲ့ရဖူးပြီး၊ သူမရဲ့ တင်းကျပ်တဲ့ စည်းကမ်းများ၊ အဆုံးအမများအောက်တွင် မကြာခဏဆိုသလို နှိပ်စက်ခံခဲ့ရသည်။ အခုမြင်တွေ့နေရတဲ့ နူးညံ့သိမ်မွေ့တဲ့ အမူအရာမျိုးက ထိုအချိန်တုန်းက အစအနပင် မရှိခဲ့ချေ။

ကိုယ်လုပ်တော်နျဲ့ကို နယ်စားမင်းစံအိမ်သို့ စတင်ခေါ်ဆောင်လာစဉ်က သူမမှာ ဘယ်တော့မှ သားသမီး ထွန်းကားနိုင်မည်မဟုတ်ဟု ပြောခဲ့ကြသော်လည်း၊ သခင်မကျန်း မကွယ်လွန်ခင်မှာပင် ကိုယ်လုပ်တော်နျဲ့၏ သားလေးကို မွေးဖွားနိုင်ခဲ့သည်။ ထိုအချိန်က နယ်စားမင်းစုကိုယ်တိုင် မွေးခန်းအပြင်ဘက်မှာ တစ်ရက်နှင့်တစ်ညလုံး အိပ်ရေးအပျက်ခံ စောင့်ဆိုင်းခဲ့ပြီး ထိုကလေးကို စုကျောက်ဟု ကိုယ်တိုင် အမည်ပေးခဲ့သည်။

ထိုအချိန်မှစ၍ ကိုယ်လုပ်တော်နျဲ့သည် သူမရဲ့သားအရင်းကို ပံ့ပိုးကူညီရန်အတွက်သာ သူမရဲ့ အင်အားရှိသမျှကို စိုက်ထုတ်ခဲ့သည်။

နောက်ကွယ်တွင် သူမက ရှီဇီစုကျန်းကို ဒုက္ခပေးရန်အတွက် ယုတ်မာကောက်ကျစ်တဲ့ အကွက်ပေါင်းများစွာကို မရေမတွက်နိုင်အောင် ကြံစည်ခဲ့ဖူးသည်။

ရှီဇီတစ်ဦးအနေဖြင့် စုကျန်းသည် တစ်ခါတရံ သူမရဲ့ လက်လှမ်းမမီတဲ့နေရာ၌ ရှိနေတတ်သဖြင့်၊ သူမက သူမ၏ လှည့်ကွက်များကို ရွှယ်နင်ဆီ လွှဲပြောင်း၍ ပစ်မှတ်ထားခဲ့သည်။

စုကျန်းက သူမအပေါ် လုံးဝ ဂရုမစိုက်ခဲ့တာကြောင့်ပဲ ဖြစ်လိမ့်မယ်။ မဟုတ်ရင် သူမက ကိုယ်လုပ်တော်နျဲ့ရဲ့ ထောင်ချောက်တွေထဲ ဘယ်လောက်တောင် သက်ဆင်းသွားခဲ့ရမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ချေ။

ကိုယ်လုပ်တော်နျဲ့က သူမအပေါ် ရက်စက်ခဲ့ပုံများနှင့် သခင်မကျန်းအပေါ် သစ္စာဖောက်ခဲ့ပုံများကို တွေးမိလိုက်ချိန်တွင် ရွှယ်နင်၏ မျက်နှာအမူအရာ အေးစက်သွားတော့သည်။

သူမက တိတ်ဆိတ်စွာဖြင့် ကြက်စွပ်ပြုတ်တစ်ခွက်ကို သောက်လိုက်ပြီး သစ်အယ်သီးမုန့်အချို့ကို မြည်းစမ်းနေလိုက်သည်။

သခင်မကြီးရှဲ့လည်း စားသောက်ပြီးလုနီးပါး ဖြစ်နေချေပြီ။

ရွှယ်နင်လည်း ဆက်မစားတော့ဘဲ အလိုက်သိစွာဖြင့် တူကို ပြန်ချထားလိုက်သည်။

အားလုံးက စားသောက်ပြီးနောက် ခဏလောက် ထိုင်နားရန်အတွက် နွေးထွေးတဲ့ အဆောင်ငယ်ဆီသို့ ရွှေ့ပြောင်းခဲ့ကြသည်။

ထို့နောက်တွင် မျိုးဆက်သစ်လူငယ်များက သူတို့ ပြင်ဆင်လာတဲ့ လက်ဆောင်များကို တစ်ဦးပြီးတစ်ဦး ထုတ်ယူကာ၊ သခင်မကြီးရှဲ့၏ ရှေ့တွင် မင်းသမီးရှို့နင်းကို အမြင့်ဆုံး ဂါရဝတရားများဖြင့် ပေးအပ်ကြတော့သည်။

စုကျန်း ပေးတဲ့ လက်ဆောင်က မြို့တော်တွင် ခေတ်အစားဆုံးဖြစ်သည့် ‘သန္တာကျောက် ဆံကေသာအဆင်တန်ဆာ’ တစ်စုံ ဖြစ်ပြီး—၎င်းမှာ ပင်လယ်ရပ်ခြားမှ လာသည့် ရှားပါးပစ္စည်းဖြစ်သဖြင့် တန်ဖိုးမဖြတ်နိုင်ဘဲ ရရှိရန်လည်း အလွန်ပင် ခက်ခဲသည်။

မင်းသမီးရှို့နင်းသည် အလွန်ပင် ကျေနပ်အားရသွားပုံရပြီး သူမရဲ့တောက်ပနေတဲ့ မျက်ဝန်းများက ထိုအမျိုးသား၏ ခန့်ညားတဲ့ မျက်နှာဆီ ကျရောက်သွားတတ်သည်။

"ဒါကို ရှီဇီအစ်ကို ကိုယ်တိုင် ကျွန်မအတွက် ဝယ်ပေးခဲ့တာလားဟင်"

ထိုအမျိုးသားက အေးစက်စက်ဖြင့်ပင်— "အင်း" ဟု ပြန်ဖြေသည်။

မင်းသမီးရှို့နင်းက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"ဒါကို ရဖို့ အရမ်းခက်တယ်လို့ ကြားဖူးတယ်။ ထန်ထန် တကယ်ပဲ သဘောကျပါတယ်။ ကျေးဇူးတင်ပါတယ် ရှီဇီအစ်ကိုကြီး"

စုကျန်းက ဘာအမူအရာမှ မပြဘဲ အေးစက်တည်ငြိမ်စွာရှိနေသည်။

"မင်း သဘောကျရင် ပြီးတာပါပဲ"

အဲ့လိုဆိုပေမယ့် သခင်မကြီးရှဲ့နှင့် သခင်မကျန်းတို့က မင်းသမီးရှို့နင်းအပေါ် ထားရှိတဲ့ စုကျန်း၏ အလိုက်သိတတ်မှုကို ချီးမွမ်း၍ မဆုံး ဖြစ်နေကြသည်။

"ဒီပစ္စည်းကို ရဖို့အတွက် အနည်းဆုံး တစ်လလောက် အချိန်ယူခဲ့ရမှာ သေချာတယ်!"

စုမန်၏ မျက်ဝန်းများလည်း တောက်ပသွားပြီး သူမက ခပ်တိုးတိုး မကျေမနပ် ညည်းညူလိုက်သည်။

"ဟွန်း... အစ်ကိုကြီးက ငါတို့ကိုကျတော့ သတိတောင်မရဘူး၊ သူ့ရဲ့ဇနီးလောင်းကိုပဲ ဂရုစိုက်နေတော့တာ။ သူတို့ လက်ထပ်ပြီးသွားရင်တော့ ငါတို့လို ညီမတွေကို မေ့သွားတော့မှာ သေချာတယ်!"

ရွှယ်နင်သည် အကြည့်ကို အောက်ချလျက် တိတ်တဆိတ် ထိုင်နေခဲ့ပြီး၊ ထိုသန္တာကျောက် ဆံကေသာအဆင်တန်ဆာကိုလည်း စိတ်မဝင်စားသလို စားပွဲထိပ်တွင် ထိုင်နေတဲ့ စုကျန်းကိုလည်း အာရုံမထားပေ။

အဲ့ဒါက ဆံပင်အဆင်တန်ဆာ တစ်စုံပဲမလား—သူမကိုယ်တိုင်ကလည်း အလှအပပြင်ဆင်ခြယ်သတာကို ဘယ်တုန်းကမှ ဝါသနာမပါခဲ့ချေ။

ဒီနေ့ သူမ လာရောက်ရတာက ဖြစ်ပျက်လာမယ့် ပြဇာတ်ကို ထိုင်ကြည့်ရန်အတွက်သာ ဖြစ်၏။

စုယွီက စိမ်းပြာရောင် ကြွေထည်ပစ္စည်းတစ်ခုကို ပေးအပ်ပြီး၊ စုမိုင်က ယုံကျိုးဒေသရှိ အိမ်တော်ဟောင်းမှ ယူဆောင်လာတဲ့ မွှေးပျံ့သည့် လိမ်းဆေးဘူးကို ပေးအပ်ကာ၊ စုရှီးက တိမ်တိုက်ပုံစံ ရွှေရည်စိမ် ‘ပေါင်ရှန်း အမွှေးတိုင်ထွန်းအိုး’ ကို ပေးအပ်ပြီး၊ စုယင်ကတော့ နန်းတော်မှ ချီးမြှင့်ထားတဲ့ နှစ်တစ်ရာသက်တမ်းရှိ ဂျင်ဆင်းကို ပေးလိုက်သည်။

ထို့နောက်တွင် စုချင်း၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

စုချင်းသည် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် အားလုံးရဲ့ အကြည့်များအောက်တွင် မတ်တတ်ရပ်လိုက်၏။ သူမရဲ့ အစေခံမလေးထံမှ ပန်းချီလိပ်ကို လှမ်းယူလိုက်ရင်း ပြုံးကာ ပြောလိုက်သည်။

"မင်းသမီး သဘောကျပါ့မလားတော့ မသိဘူး၊ ဒါပေမဲ့ ဒီပန်းချီကားက ယုံကျိုးဒေသရဲ့ ရှုခင်းတွေကို ရေးဆွဲထားတဲ့ ဆရာကြီးဆုန့်ရဲ့ ကိုယ်ပိုင်လက်ရာစစ်စစ်ပါ"

ဆရာကြီးဆုန့်၏ ပန်းချီကားများမှာ အလွန်ပင် ရှားပါးသည်—လက်ရှိ ဧကရာဇ်ကိုယ်တိုင်ပင်လျှင် ဆရာကြီးဆုန့်၏ မူရင်းလက်ရာများကို ကြည့်ရှုရန်အတွက် သာမန်လူပုံစံဖြင့် သူ့ရဲ့ သက်ကယ်မိုးအိမ်လေးဆီသို့ တကူးတက သွားရောက်ခဲ့ဖူးသည်။

မင်းသမီးရှို့နင်းသည် ပန်းချီလိပ်ကို လှမ်းယူလိုက်ပြီး ပန်းချီကားထက်ရှိ စုတ်ချက်များကို တစ်ချက် ဝေ့ကြည့်လိုက်၏။

သူမက ဒီပန်းချီကားကို မနှစ်သက်လို့ မဟုတ်ဘဲ သူမရဲ့ စိတ်ထဲမှာ စုချင်း၏ လက်ထဲမှာ ရှိနေတဲ့ အခြားအရာတစ်ခုကိုသာ ရည်ရွယ်ထားတာ ဖြစ်သည်။

ဒီကြိုဆိုပွဲ ဂုဏ်ပြုစားပွဲက အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်—သူမက ထိုအရာကို လိုချင်နေပြီး၊ စုချင်းကလည်း သူမကို မပေးဘဲ မနေနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

သူမက သူမရဲ့ မျက်နှာငယ်လေးကို သခင်မကြီးရှဲ့ဘက်သို့ လှည့်လိုက်ပြီး ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်သည်။

"သခင်မကြီးရှဲ့... စတုတ္ထညီမလေးရဲ့ လက်ထဲမှာ သခင်မကြီးကိုယ်တိုင် လက်ဆောင်ပေးထားတဲ့ ‘ကျောက်စိမ်းဖြူ ဗုဒ္ဓရုပ်ပွားတော်’ တစ်ဆူ ရှိတယ်လို့ ကြားဖူးပါတယ်။ ထန်ထန် တစ်ခါမှ မမြင်ဖူးလို့ တကူးတက ကြည့်ချင်မိလို့ပါ"

စုချင်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားပြီး၊ သူမရဲ့လက်ဖဝါးနှစ်ခုကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။

ရွှယ်နင်ကတော့ ဘေးလူကဲ့သို့ သီးခြားရပ်တည်ရင်း စုချင်း၏ မျက်နှာအမူအရာက ဖြူဖျော့ရာမှ ပြာနှမ်းသွားသည်အထိ ပြောင်းလဲသွားပုံကို အေးဆေးတည်ငြိမ်စွာ အကဲခတ်ကြည့်ရှုနေပြီး၊ သူမ၏ မျက်ဝန်းထောင့်စွန်းများတွင်လည်း လှောင်ပြုံးဖျော့ဖျော့လေး တစ်ချက် ထင်ဟပ်နေခဲ့သည်။

All Chapters