← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) - ရွှယ်နင်ကို ချော့မြူရန် ခက်ခဲခြင်း

ရွှယ်နင်မှာ နဂိုကတည်းက ကိုယ်ပိုင်စည်းစိမ်ဟူ၍ များများစားစား မရှိခဲ့သဖြင့်၊ သခင်မကြီးရှဲ့၏ စေတနာကို သူမ ငြင်းပယ်မနေတော့ပေ။

ငွေပြားငါးရာဆိုတာ... သူမ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ရသည့် ငွေကြေးပမာဏပင်။ ဤကျောက်စိမ်းဖြူ ဗုဒ္ဓရုပ်ပွားတော်အတွက် သူမ အမှန်တကယ်ပင် ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ရခြင်း ဖြစ်၏။

သခင်မကြီးသည် မော့မော့ယဲ့ကို စေလွှတ်၍ ငွေစက္ကူများကို ရွှယ်နင်ဆီ ပေးအပ်ခဲ့ပြီး၊ ကျောက်စိမ်းဖြူ ဗုဒ္ဓရုပ်ပွားတော်သည် စုချင်း၏လက်မှတစ်ဆင့် မင်းသမီးရှို့နင်း၏ လက်ထဲ ကူးပြောင်းရောက်ရှိသွားခဲ့သည်။

ရွှယ်နင်သည် မင်းသမီးရှို့နင်းကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက်လှမ်းကြည့်လိုက်တဲ့အခါ ထိုမင်းသမီးက ကျောက်စိမ်းရုပ်ပွားတော်ကို ရင်ခွင်ထဲမှာ တယုတယပွေ့ပိုက်ထားရင်း လက်မှမချနိုင်အောင် ဖြစ်နေတာကို မြင်လိုက်ရသည်။

မင်းသမီးက ပြောလိုက်၏။

"စိတ်မပူပါနဲ့ အဘွားရဲ့... ထန်ထန် ဒီဗုဒ္ဓရုပ်ပွားတော်ကို သေသေချာချာ ဂရုစိုက်ပြီး ထိန်းသိမ်းထားပါ့မယ်"

ပြဇာတ်ကြီး ပြီးဆုံးသွားသည်နှင့်၊ ဒီနေ့ မိသားစုစားပွဲလည်း မသာယာတဲ့ အဆုံးသတ်ဖြင့် ပြီးဆုံးသွားခဲ့သည်။

တတိယအိမ်တော်ခွဲမှ လူများသည် သတိမေ့မြောသွားတဲ့ သခင်မတုန်းကို တွဲထူ၍ ခေါ်ဆောင်သွားကြပြီး၊ တတိယသခင်ကြီးလည်း မျက်နှာအပျက်ပျက်ဖြင့် ထွက်သွားခဲ့သည်။

ကိုယ်လုပ်တော်နျဲ့က သူမရဲ့ ကုလားထိုင်မှာ။ထိုင်နေရင်း၊ တစ်ခုခုကို တွေးနေသည့်အတိုင်း သူမရဲ့ မျက်ဝန်းများက သခင်မကျန်းဆီ ခဏခဏ ရောက်နေခဲ့သည်။

ရွှယ်နင်သည် ကိုယ်လုပ်တော်နျဲ့၏ တောက်ပနေတဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ သခင်မကြီးရှဲ့ကို ပြုစုလုပ်ကျွေးရန်အတွက် မအားမလပ်ဖြစ်ကာ ပင်ပန်းနွမ်းနယ်နေပုံရတဲ့ သခင်မကျန်းကို လှမ်းကြည့်မိရင်း စိတ်ထဲတွင် ခပ်တိုးတိုး သက်ပြင်းချမိပြန်သည်။

"ဆက်ကြည့်မနေနဲ့တော့... သွားကြစို့"

စုမန်က စိတ်လှုပ်ရှားစွာဖြင့် ရွှယ်နင်၏ လက်မောင်းကို ဆွဲကိုင်ရင်း ပြောလာသည်။

"ဒီနေ့ အဘွားက တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ။ အော်... ဒါနဲ့၊ ဒီနေ့မွန်းလွဲပိုင်းကျရင် ကိုယ်လုပ်တော်နျဲ့က သူ(မ)ရဲ့ အဆောင်မှာ သိုးသားကင်ကျွေးမလို့တဲ့ ငါတို့ကို ဖိတ်ထားတယ်။ လိုက်မလား နင်နင်..."

ရွှယ်နင်က မျက်မှောင်ကို အသာအယာကြုတ်လိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။

"ငါ နေလို့ သိပ်မကောင်းဘူး၊ ဒါကြောင့် မသွားတော့ဘူးနော်"

တစ်စုံတစ်ခုကို သတိရမိသွားဟန်ဖြင့် သူမက ထပ်ပြောလိုက်သည်။

"မန်မန်... နင် နင့်အမေဘေးမှာ အချိန်ပိုပေးပြီး နေသင့်တယ်နော်"

စုမန်က ဂရုမစိုက်သလို ရယ်မောလိုက်၏။

"ငါက ငါ့အမေနဲ့ နေ့တိုင်း အတူရှိနေတာပဲဟာကို။ ဒါက ကိုယ်လုပ်တော်ရဲ့ အဆောင်ကို တခါတလေသွားလည်တာပဲလေ။အဲဒီသိုးသားက အတော်လေး အရသာရှိတယ်လို့ ကြားတယ်။ အဖေကိုယ်တိုင် အနောက်မြောက်ပိုင်း မြက်ခင်းပြင်ကနေ လူလွှတ်ပြီး ဝယ်လာပေးတဲ့ သိုးတဲ့၊ ခုလေးတင်ပဲ လတ်လတ်ဆတ်ဆတ် သတ်ထားတာ"

အနောက်မြောက်ပိုင်းမှ ဝယ်ယူလာတဲ့ သိုးတစ်ကောင်ဖြစ်သော်လည်း၊ ပင်မဇနီး၏ အဆောင်တွင် မဟုတ်ဘဲ ကိုယ်လုပ်တော်တစ်ဦး၏ အဆောင်၌သာ ချက်ပြုတ်ကျွေးမွေးနေခြင်း ဖြစ်သည်။

သခင်မကျန်းသည် နယ်စားမင်းစုအတွက် သားသမီးများကို မွေးဖွားပေးခဲ့ပြီး၊ စံအိမ်တော်ကြီး၏ ဝေယျာဝစ္စများကိုလည်း နှစ်ပေါင်းများစွာ စီမံခန့်ခွဲပေးခဲ့ကာ၊ ယောက္ခမများကို လုပ်ကျွေးပြုစု၍ အစေခံများကိုလည်း စနစ်တကျ အုပ်ချုပ်ခဲ့သည်။ ဒီအရာအားလုံးကို သူမက လုံ့လဝီရိယရှိရှိဖြင့် ပင်ပန်းဆင်းရဲခံကာ လုပ်ဆောင်ပေးခဲ့သော်လည်း၊ အပြန်အလှန်အနေဖြင့် သူမ ရရှိခဲ့တာက ခင်ပွန်းသည်၏ ပစ်ပယ်ထားခြင်းသာ ဖြစ်သည်။

ရွှယ်နင်က နှုတ်ခမ်းကို စေ့လိုက်၏။

"ငါ မသွားတော့တာပဲ ကောင်းပါတယ်။ ဒီနေ့မွန်းလွဲပိုင်းကျရင် အခန်းထဲမှာပဲ စာဖတ်ပြီး အနားယူတော့မယ်"

စုမန်က နှမြောတသစွာဖြင့် သက်ပြင်းချလိုက်သည်။

"အားနင်ရယ်... နင် ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နောက်တစ်ခါ ဘယ်တော့မှ ထပ်ရမှာမဟုတ်ဘူးနော်။ ဆောင်းရာသီက သိုးသားစားဖို့ အကောင်းဆုံး အချိန်ပဲ၊ ခန္ဓာကိုယ်ကိုလည်း နွေးထွေးစေတယ်"

"ရပါတယ်... နောက်နောင် အခွင့်အရေးတွေ ရှိပါသေးတယ်"

ရွှယ်နင်သည် နွေးထွေးတဲ့ အဆောင်ငယ်လေးမှ ထွက်ခွာ၍ စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာခဲ့ချိန်တွင်၊ မထွက်သွားသေးဘဲ ရှိနေတဲ့ စုကျန်းနှင့် မျှော်လင့်မထားဘဲ ထိပ်တိုက်တိုးမိသွားသည်။

အခြားသူအများစုမှာ ထွက်ခွာသွားကြပြီ ဖြစ်၏။ ထိုအမျိုးသားသည် တောက်ပတဲ့ အနီရောင်ဆေးသုတ်ထားသည့် တိုင်လုံးကြီးတစ်လုံး၏ ဘေးတွင် ရပ်နေခဲ့ပြီး၊ ထိုနေရာ၌ စောင့်ဆိုင်းနေခဲ့တာ အတော်ကြာပြီဖြစ်ပုံရသည်။

သူမက ခြေလှမ်းများကို ခဏလောက် ရပ်တန့်လိုက်ပြီး၊ သူ့ကို မမြင်ချင်ယောင်ဆောင်ကာ ရှေ့တည့်တည့်လျှောက်သွားရန် ပြင်လိုက်သော်လည်း၊ သူမ မျှော်လင့်မထားဘဲ ထိုအမျိုးသားက သူမကို ခပ်တိုးတိုး အသံဖြင့် လှမ်းခေါ်လိုက်သည်။

စုကျန်းက သူမကို အထက်အောက် အကဲခတ်ကြည့်ရှုလိုက်ရင်း မေးလိုက်သည်။

"မင်း ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ"

စုကျန်း သူမကို ဘာလို့ လှမ်းခေါ်တာလဲဆိုတာကို ရွှယ်နင် မသိပေ—ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတဲ့အရာတော့ ဖြစ်နိုင်မှာမဟုတ်ဘူး။

"အားနင် ခေါင်းနည်းနည်း ကိုက်နေလို့ပါ၊ ဒါကြောင့် စောစောပြန်ပြီး အနားယူချင်လို့"

"မင်းရဲ့ အအေးမိတဲ့ရောဂါက အခုထိ မပျောက်သေးဘူးလား"

စုကျန်းသည် အမျိုးသမီးများနှင့် ပတ်သက်လျှင် အနည်းငယ် အလုပ်ရှုပ်တတ်သည်ဟု ထင်ပုံရပြီး မျက်မှောင်ကြုတ်လိုက်သည်။

"သမားတော် ထပ်ပင့်ပေးဖို့ လိုသေးလား"

ရွှယ်နင်သည် မျက်နှာကို မော့ကာ သူမ၏ အေးစက်စက် အကြည့်များဖြင့် ဖျော့တော့စွာ ပြုံးလိုက်သည်။

"သမားတော်ကို ဒုက္ခမပေးပါနဲ့တော့။ နောက်ထပ် ရက်နည်းနည်းလောက် အနားယူလိုက်ရင် သက်သာသွားမှာပါ"

သူမ၏ ဂရုမစိုက်ဟန် အပြုံးကို မြင်လိုက်ရတဲ့အခါ စုကျန်းသည် သူ့ဝတ်ရုံလက်အင်္ကျီထဲမှ ‘သန္တာကျောက် ပန်းပွင့်ပုံစံ ဆံထိုး’ တစ်ချောင်းကို ထုတ်ယူလိုက်သည်။

"ဒါက မင်းအတွက်"

ရွှယ်နင်က မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်မိ၏။ ဘာကြောင့်လဲဆိုတော့ ထိုဆံထိုးက မင်းသမီးရှို့နင်း၏ ဆံကေသာအဆင်တန်ဆာကို ပြုလုပ်ရာမှ ကြွင်းကျန်ရစ်တဲ့ လက်ကျန်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သူမ ချက်ချင်း ရိပ်မိလိုက်တာကြောင့်ပင်...။

စုကျန်းသည် သူမ၏ အနည်းငယ် တုံ့ဆိုင်းသွားတဲ့ အမူအရာကို သတိပြုမိလိုက်ပြီး သူ့စိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ စိတ်တိုဒေါသထွက်မှုတစ်ခုက လှိုင်းထလာခဲ့သည်။

"ဘာလဲ... မင်း မကြိုက်လို့လား"

ရွှယ်နင်က ထိုအမျိုးသား၏ နက်မှောင်စူးရှတဲ့ ဖီးနစ်မျက်ဝန်းအစုံကို ရှောင်လွှဲလိုက်ပြီး လိမ္မာယဉ်ကျေးတဲ့ပုံစံဖြင့် ခေါင်းယမ်းပြကာ ပြန်ဖြေလိုက်သည်။

"မဟုတ်ပါဘူး"

သူမရဲ့အသံက ဥဒေါင်းငှက်ငယ်လေးတစ်ကောင်၏ တွန်ကျူးသံကဲ့သို့ နားဝင်ချိုပြီး နို့စို့ကလေးငယ်တစ်ဦး၏ ချိုသာမှုမျိုးလည်း စွဲကျန်နေခဲ့သည်။ စုကျန်းက သူမကို လေးနက်စွာ စိုက်ကြည့်ရင်း ထပ်မေးသည်။

"ဒါဆိုရင် မင်း ဘာလို့ ဒါကို လက်မခံတာလဲ"

ရွှယ်နင်သည် စိတ်လှုပ်ရှားစွာဖြင့် သူမရဲ့ အကြည့်များကို အောက်ချလိုက်ပြီး သာမန်အကြောင်းပြချက်တစ်ခုကိုသာ ပေးလိုက်သည်။

"အားနင်မှာ ဆံထိုးတွေ အများကြီး ရှိနေပြီမလို့ပါ။ ဒါက အားနင်အတွက် လုံလောက်နေပါပြီ"

စုကျန်းက သူမကို အထက်စီးဆန်တဲ့ လေသံဖြင့် တစ်ချက်ဝေ့ကြည့်ရင်း ပြောလိုက်သည်။

"အမျိုးသမီးတစ်ယောက်အတွက် ရတနာအဆင်တန်ဆာဆိုတာ ဘယ်လောက်ပဲရှိရှိ များတယ်လို့ မရှိဘူး"

ရွှယ်နင်သည် ခဏလောက် ဆွံ့အသွားပြီး၊ သူမရဲ့ နီမြန်းတဲ့ နှုတ်ခမ်းလွှာများမှာ အနည်းငယ် ခပ်ဟဟပွင့်သွားခဲ့သည်။ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှသာ၊ သူမရဲ့ကြည်လင်တောက်ပတဲ့ မျက်ဝန်းများကို ပင့်တင်၍ ထိုအမျိုးသား၏ ခန့်ညားတဲ့ မျက်နှာကို စိုက်ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ဒါပေမဲ့ အားနင်က အခု အရွယ်ရောက်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ အစ်ကိုကြီးစုက အားနင်နဲ့ သွေးသားမတော်စပ်တဲ့ အမျိုးသားတစ်ယောက်ဖြစ်တဲ့အတွက်၊ ဒီလိုမျိုး ရတနာအဆင်တန်ဆာတွေကို အားနင်ကို ပေးဖို့ဆိုတာ မသင့်တော်တော့ပါဘူး"

ဒါဟာ ရွှယ်နင်ရဲ့ပါးစပ်ကနေ ဒီလိုစည်းကမ်းကြီးမားတဲ့ စကားလုံးမျိုးကို စုကျန်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ငယ်ငယ်ကတည်းက သူ့နောက်ကို တကောက်ကောက်လိုက်ကာ၊ ကြီးလာရင် သူ့ကို ဇနီးအဖြစ် လက်ထပ်ယူမယ်လို့ အမြဲတမ်း ပြောဆိုခဲ့ဖူးတဲ့ မိန်းမလေးငယ်လေးက—အခုတော့ သူ့အပေါ် အကွာအဝေးတစ်ခု ထားရှိရန်နှင့် ကျင့်ဝတ်စည်းကမ်းများကို စောင့်ထိန်းရန် လိုအပ်ကြောင်းကို အမှန်တကယ်ပင် နားလည်နေပြီ။

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ရွှယ်နင်၏ ‘ဆုတ်ကိုင်ရန်အတွက် နောက်ဆုတ်ပြခြင်း’ ဟူသော လှည့်ကွက်ကို စိတ်ထဲ၌ လုံးဝ အရေးမစိုက်ပေ။

"မင်း မလိုချင်ရင်လည်း နေပေါ့"

ရွှယ်နင်က နဂိုကတည်းက သူ့လက်ဆောင်ကို လက်ခံရန် စိတ်ကူးမရှိခဲ့ပေ။

"အစ်ကိုကြီးမှာ အခြားပြောစရာ ရှိသေးလို့လားဟင်။ မရှိတော့ဘူးဆိုရင်တော့ အားနင် အခန်းကို ပြန်ပါတော့မယ်"

သူမက ဒီလိုပြောလိုက်ပေမယ့် စုကျန်းရဲ့ တုံ့ပြန်မှုကို စောင့်မနေတော့ဘဲ၊ ချက်ချင်းပင် လှည့်ထွက်ကာ ထိုနေရာမှ ထွက်သွားခဲ့သည်။

ထိုမိန်းကလေးငယ်၏ အလောတကြီး ထွက်ခွာသွားတဲ့ နောက်ကျောပြင်ကို ကြည့်ရင်း စုကျန်းက စိတ်ပျက်သလို ရယ်ချင်သလို ဖြစ်သွားသည်။ သူက စိတ်တိုတိုဖြင့်ပင် ထိုဆံထိုးကို သူ့ဝတ်ရုံလက်အင်္ကျီထဲ ပြန်ထည့်လိုက်သည်။

မနေ့ကတင် သူက သူမကို စွပ်ပြုတ်တစ်ခွက် ပြင်ဆင်ပေးဖို့ ပြောခဲ့ပေမယ့် ဒီနေ့အထိတောင် အရိပ်အယောင် မတွေ့ရသေးချေ။

သူမက သူ့အပေါ် အေးစက်စက် ဆက်ဆံနေဆဲ ဖြစ်ပုံရ၏။

သူမက လွန်ခဲ့တဲ့တစ်ခေါက် ‘ကျန့်ကော်ဘုရားကျောင်း’ မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး စိတ်ဆိုးနေတုန်း ဖြစ်နိုင်တယ်။

ထိုနေ့က မိန်းကလေးငယ်၏ မျက်ရည်များကို တွေးမိလိုက်တဲ့အခါ စုကျန်းသည် စိတ်တိုသလိုလို၊ ရယ်ချင်သလိုလို ခံစားလိုက်ရသည်။

သူမက အမှန်တကယ်ပဲ ချော့မြူရ ခက်ခဲလွန်းတာလား။

သူမ သူ့အပေါ် ဒီလိုမျိုး တင်းခံနေတဲ့ အခြေအနေကို ဘယ်လောက်အထိ ကြာအောင် ဆက်ထိန်းထားနိုင်မလဲဆိုတာကို သူ စောင့်ကြည့်ဦးမယ်။

လေပြင်းများနှင့် ဆီးနှင်းများကြားမှ မော့ပိုင်သည် အဝေးမှ လျှောက်လှမ်းလာခဲ့ပြီး၊ ဝေးကွာတဲ့ နေရာမှ ရွှယ်နင်နှင့် သူမရဲ့ အစေခံမလေးကို တစ်ချက် လှမ်းမျှော်ကြည့်လိုက်သည်။

"ရှီဇီ... ကွင်းဆက်လူသတ်မှုမှာ နောက်ထပ် သားကောင်တစ်ယောက် ထပ်တိုးလာပြန်ပါပြီ"

စုကျန်းက သူ၏ အေးစက်စက် ဖီးနစ်မျက်ဝန်းများကို ကျဉ်းမြောင်းကာ အမိန့်ပေးလိုက်သည်။

"တရားရေးဝန်ကြီးဌာနကို သွားမယ်"

............

ချီယွင်ဆောင်သို့ ပြန်ရောက်ခါနီးမှသာ ရွှယ်နင်၏ တင်းမာနေတဲ့ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် ပြေလျော့သွားခဲ့ပြီး၊ ရင်ထဲတွင် ပျံ့နှံ့နေသည့် နာကျင်မှုများကလည်း တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

စုကျန်းနဲ့ ပတ်သက်မိတဲ့ အကြိမ်တိုင်းမှာ သူမ အတိုင်းထက်အလွန် စိုးရိမ်ထိတ်လန့်မှုကို ခံစားရလေ့ရှိသည်။

သူမရဲ့ ဘဝတစ်ဝက်စာလောက်အထိ ခြောက်လှန့်ပါလာခဲ့တဲ့ ထိုမလုံခြုံမှုနှင့် တင်းမာမှုများ ပြန်လည်မွေးဖွားလာခဲ့ပြီးနောက်တွင်ပင် လျော့ပါးမသွားခဲ့ချေ။

သူမက သူ့အနား ရှိနေရတာကိုပဲ ကြောက်ရွံ့လာခဲ့မိတယ်။ သူ့ရှေ့မှာ မတ်တတ်ရပ်နေရုံမျှဖြင့်ပင် သူမ မသေဆုံးခင်က ခန္ဓာကိုယ် အသားအရေများ မီးလောင်ကျွမ်းခံခဲ့ရတဲ့ ခံစားချက်—ထိုမခံမရပ်နိုင်အောင် ပြင်းထန်တဲ့ ဝေဒနာနှင့် နှလုံးသားကို ဆွဲဆုတ်ထားသကဲ့သို့ နာကျင်ရသည့် ညှဉ်းပန်းနှိပ်စက်မှုများကို ပြန်အမှတ်ရစေသည်။

"သခင်မလေးက တကယ့်ကို အမြော်အမြင်ရှိတာပဲနော်!"

ပေါင်ချန်က ပြန်လာသည့် လမ်းတစ်လျှောက်လုံးတွင် မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာလျက် စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောလာခဲ့သည်။

"မင်းသမီးရှို့နင်းက အဲဒီကျောက်စိမ်းဖြူ ဗုဒ္ဓရုပ်ပွားတော်ကို သေချာပေါက် လိုချင်လိမ့်မယ်ဆိုတာ သခင်မလေး ဘယ်လိုလုပ်ပြီး ကြိုသိနေတာလဲ"

ရွှယ်နင်၏ မျက်ဝန်းများက အနည်းငယ် ကွေးညွတ်သွားသည်။

"သူ(မ)က မလိုချင်ဘူးဆိုရင်တောင်၊ အဲဒါကို

သူ(မ)ဘာသာ အစပျိုးပြီး တောင်းဆိုလာအောင် ငါ ဖန်တီးမှာပေါ့"

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပင် သူမက ပေါင်ချန်ကို စေလွှတ်၍ မင်းသမီးရှို့နင်း၏ ရှေ့တွင် ထိုကျောက်စိမ်းဖြူ ဗုဒ္ဓရုပ်ပွားတော်က စုချင်း၏ လက်ထဲမှာ ရှိနေကြောင်းကို တမင်သက်သက် သတင်းလွှင့်ခိုင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ထိုဗုဒ္ဓရုပ်ပွားတော်က အလွန်တန်ခိုးကြီးမားပြီး အစွမ်းထက်ကြောင်းကိုလည်း ချဲ့ထွင်၍ ပြောဆိုခိုင်းခဲ့သေး၏။

သူမက မင်းသမီးရှို့နင်းရဲ့ အကြောင်းကို ကောင်းကောင်း နားလည်တယ်။ ငယ်ငယ်ကတည်းက အလိုလိုက် အကြိုက်ဆောင်ခံခဲ့ရတာကြောင့် အာဏာရှင်ဆန်ဆန် ဗိုလ်ကျလိုတဲ့ စိတ်ဓာတ်မျိုး ရှိသည်။ သူမ အထူးတလည် နှစ်သက်တဲ့အရာ မဟုတ်လည်း၊ ၎င်းက အဖိုးတန်ပြီး ထူးခြားနေသရွေ့—အထူးသဖြင့် သခင်မကြီးရှဲ့က မြတ်နိုးတန်ဖိုးထားတဲ့အရာ ဖြစ်နေလျှင်—သူမက သေချာပေါက် လုယူလိမ့်မည်။

ဒါ့အပြင် အရင်ဘဝကတည်းက စုချင်းသည် ထိုကျောက်စိမ်းဖြူ ဗုဒ္ဓရုပ်ပွားတော်ကို ငွေကြေးအတွက် အပေါင်ဆိုင်တွင် ပေါင်နှံထားခဲ့တာ ကြာပြီဖြစ်ကြောင်း သူမ သိထားပြီးသား ဖြစ်သည်။

နှမြောစရာကောင်းတာက... ထိုအချိန်တုန်းက သူမ စိတ်ပျော့ခဲ့မိခြင်းပင်။ ထိုအကြောင်းကို သိရှိသွားခဲ့ပြီးနောက်တွင်ပင် စုချင်း၏ အနူးအညွတ်တောင်းပန်မှုများကြောင့် သူမက ဒီကိစ္စကို ဖော်ထုတ်ခဲ့ခြင်း မရှိခဲ့ချေ။

ဒါပေမဲ့လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် စုချင်းက သူမအပေါ် ပြင်းထန်တဲ့ ဒုက္ခတစ်ခုကို ပစ်ချခဲ့ပြီး၊ ရွှယ်နင်က ထိုကျောက်စိမ်းရုပ်ပွားတော်ကို ခိုးယူကာ ငွေကြေးအတွက် ပေါင်နှံခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲအပြစ်ပုံချခဲ့သည်။

ထိုအပြစ်ကြောင့် သခင်မကြီးရှဲ့က သူမကို ဘိုးဘွားခန်းမတွင် လဝက်ခန့် ဒူးထောက်ရန် အပြစ်ပေးခဲ့သည်။ သူမ ပြန်ထွက်လာချိန်တွင် သူမ၏ ဒူးနှစ်ဖက်စလုံးမှာ ထုံကျင်ကိုက်ခဲနေခဲ့၏။

ထိုအချိန်မှစပြီး သူမ၏ ခြေထောက်များနှင့် ဒူးဆစ်များမှာ အလွန်ပင် အားနည်းသွားခဲ့ရသည်။

ဆောင်းရာသီ ရောက်တိုင်းလည်း အဆစ်အမြစ်များက အရိုးထဲအထိ ကိုက်ခဲနာကျင်တတ်ပြီး၊ လမ်းလျှောက်တဲ့ အမူအရာလည်း အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့သည်။

စုကျန်းသည် နဂိုကတည်းက သူမကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့သလို၊ ထိုအဖြစ်အပျက်ပြီးနောက်တွင် သူမအပေါ် ပို၍ပင် စက်ဆုပ်ရွံရှာသွားခဲ့တော့သည်။

ကုတင်ပေါ်တွင် ရှိနေသည့် အချိန်မျိုးမှာတောင် သူက သူမရဲ့ ဒူးနှစ်ဖက်ကို အထက်သို့ မြှင့်တင်ထားတတ်ပြီး၊ သူမရဲ့ခြေဖဝါးများကို စိုက်ကြည့်ကာ သူမ၏ ခြေထော့နဲ့ထော့နဲ့ ဖြစ်နေပုံကို ကဲ့ရဲ့လှောင်ပြောင်လေ့ရှိသည်။

ထိုနာကျင်ဖွယ် အတိတ်ဆိုးများကို ပြန်အမှတ်ရမိတိုင်း ရွှယ်နင်၏ ရင်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရပြန်သည်။

ကံကောင်းတာက... ဒီဘဝမှာ သူမက ဘေးဒုက္ခတွေကို ကြိုတင်ရှောင်ရှားနိုင်ခဲ့ပြီး၊ လမ်းမှားလည်း လျှောက်လှမ်းမိခြင်း မရှိတော့ချေ။

သူမက အနာဂတ်မှာ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ပဲ လက်ထပ်နိုင်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားတယ်။

All Chapters